• +95 (0)9 425 705 270
  • info@cdes.org.mm

NCA-S EAO UPDJC ၏ (၂၆) ကြိမ်မြောက် အစည်းအဝေး။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲပူးတွဲကော်မတီ (NCA-S EAO UPDJC) ၏ (၂၆) ကြိမ်မြောက် အစည်းအဝေး
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် - ချင်းမိုင် [Zawgyi]
---------------------------------------------------------------------------
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပြည်ထောင်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (NCA-S EAO UPDJC) ၏ (၂၆) ကြိမ်မြောက် အစည်းအဝေး ကို စက်တင်ဘာလ ၆ ရက်မှ ၇ ရက်နေ့အထိ NCA-S EAO PPST အစည်းအဝေးနှင့် ပြိုင်တူ ချင်းမိုင်တွင် ပြုလုပ်လျက်ရှိပါသည်။ အစည်းဝေးတွင် သဘာပတိများအဖြစ် NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၊ UPDJC ဒုတိယဥက္ကဌ ဒေါက်တာလျန်မှုန်ဆာခေါင်း၊ NCA-S EAO UPDJC ညှိနှိုင်းရေးမှူး ရဲဘော်မျိုးဝင်းတို့မှ ဆောင်ရွက်ပြီး NCA-S EAO UPDJC အဖွဲ့ဝင်များ စုံလင်စွာတက်ရောက်ကြပါသည်။ အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း ကအဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ တတိယအကြိမ်အစည်းဝေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများကိစ္စ၊ Centre for Humanitarian Dialogue (HD) မှ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် နှင့် စပ်လျဉ်း၍ တင်ပြခြင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အပေါ် NCA-S EAO UPDJC အတွင်းပြန်လည်သုံးသပ်ခြင်း၊ NCA-S EAO UPDJC ၏အစီရင်ခံစာ ၊ NCA နှစ်ပတ်လည်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသုံးသပ်ခြင်းများပြုလုပ်မည်ဖြစ်သည်။
NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း က “ အစိုးရက လာမည့် ၂၀၁၉အထိ ၂၁ရာစု ပင်လုံကို (၃)ကြိမ် ကျင်းပပြီး အဓိက ကျတဲ့ ဖက်ဒရယ်မူကို ချမှတ်နိုင်ဖို့ သဘောထားရှိတာကို အားလုံးသိပြီးဖြစ်ပါတယ်။ ဒါကို ပြီးခဲ့တဲ့ ၂၁ရာစု ပင်လုံ တတိယအစည်း အဝေးရဲ့ သဘောထားထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တယ်။ ဒီကိစ္စ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကို ဒီအစည်းအဝေးကနေ သုံးသပ်ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ မူဘောင်အရ ညီလာခံကို တစ်နှစ်မှာ နှစ်ကြိမ် ကျင်းပရမယ်ဆိုပေမယ့် လက်တွေ့အခြေအနေ အခင်းအကျင်းပေါ်မူတည်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။” “NCA စာချုပ်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုတဲ့အတိုင်းပဲ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အဆင့်ဆင့်မှာ အားလုံးပါဝင်ဖို့ လိုအပ်ပါတယ်။ အားလုံးပါဝင်တဲ့ အခင်းအကျင်း အနေအထား ဖန်တီးပေးဖို့လိုပါတယ်။ အားလုံးပါမှပဲ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ချောချောမောမော ရောက်ရှိ နိုင်မှာဖြစ်ပါတယ်။” ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

(၂၆)ကြိမ်မြောက် NCA-S EAO UPDJC အစည်းအဝေးတွင် ပြောကြားသည့် NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ အဖွင့်နှုတ်ခွန်းဆက်စကား
ရက်စွဲ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၆)ရက် ချင်းမိုင်မြို့
လေးစားအပ်ပါသော (၂၆)ကြိမ်မြောက် NCA-S EAO UPDJC အစည်းအဝေးသို့ တက်ရောက် လာကြတဲ့ NCA-S EAO UPDJC အဖွဲ့ဝင် ကိုယ်စားလှယ်တော်ကြီးများ၊ အထောက်အကူပြုအဖွဲ့များနဲ့ ရုံးအဖွဲ့သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ၊ မိုင်ဆုန်ခလို့ NCA-S EAO UPDJC ကိုယ်စား နှုတ်ခွန်းဆက်သအပ်ပါတယ်။
၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပပြီးစီးတာဟာ အခုဆိုရင် နှစ်လနီးပါးရှိပါပြီ၊ ဒီအတော အတွင်းမှာ အဖွဲ့အစည်းအားလုံးက ညီလာခံကရရှိလာခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) ပါ သဘောတူညီချက် (၁၄)ချက်နဲ့ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် တဖွဲ့ချင်းအလိုက် ပြန်လည်သုံးသပ် ပြီးခဲ့ကြပြီလို့ ယုံကြည်ပါတယ်။ မိမိတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိရှိကြပြီလို့ မြင်ပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေအတွက် ဘယ်အရာတွေ ပြင်ဆင်ထားရမယ်၊ ဘာမူဝါဒတွေ ချမှတ်လုပ်ဆောင် ရမယ်ဆို တာ အဖွဲ့အစည်းတိုင်းက ဆောင်ရွက်ခဲ့ပြီးခဲ့ပြီလို့ ယုံကြည်ပါတယ်။
ပြီးခဲ့တဲ့ UPDJC စုံညီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်းကို ဒီလ ဒုတိယပတ်မှာ ကျင်းပဖို့ ရှိပါတယ်။ ဒီစုံညီမူဘောင်သုံးသပ်ခြင်းဆွေးနွေးပွဲကို မသွားခင် ကျနော်တို့ EAO UPDJC ကြားမှာ သေသေချာချာ ပြင်ဆင်ထားဖို့လိုပါတယ်။ ခိုင်မာတဲ့ မူချထားဖို့ လိုပါတယ်။ အစိုးရနဲ့ မူဘောင်သုံးသပ်ခြင်း ပြုလုပ်တဲ့အခါမှာ NCA လက်မှတ်မထိုးသေးတဲ့ ညီနောင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတွေရဲ့ အခန်းကဏ္ဍတွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။ 
ဇူလိုင်လ ၁၃ရက်နေ့ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ PPST တွေ့ဆုံခဲ့စဉ်က ထိပ်သီးခေါင်းဆောင်တွေ အလွတ်သဘောတွေ့ဆုံခြင်းကို မူအားဖြင့် သဘောတူညီခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ် သက်လို့ ကျနော်တို့ ခေါင်းဆောင်ကြီးတွေအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ကြိုတင် ပြုလုပ်ထားရမှာဖြစ်ပါ တယ်။
အစိုးရက လာမည့် ၂၀၁၉အထိ ၂၁ရာစု ပင်လုံကို (၃)ကြိမ် ကျင်းပပြီး အဓိက ကျတဲ့ ဖက်ဒရယ်မူကို ချမှတ်နိုင်ဖို့ သဘောထားရှိတာကို အားလုံးသိပြီးဖြစ်ပါတယ်။ ဒါကို ပြီးခဲ့တဲ့ ၂၁ရာစု ပင်လုံ တတိယအစည်း အဝေးရဲ့ သဘောထားထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တယ်။ ဒီကိစ္စ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကို ဒီအစည်းအဝေးကနေ သုံးသပ်ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ ညီလာခံကို တစ်နှစ်မှာ နှစ်ကြိမ် ကျင်းပရမယ်ဆိုပေမယ့် လက်တွေ့အခြေအနေ အခင်းအကျင်းပေါ်မူတည်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကိုယ့်ဖက်က အဆင်သင့်မဖြစ်ဘဲ Process ဆက်သွားရေးကိုသာ အရင်ကလို လုပ်ဆောင်မယ်ဆိုရင် ကျနော် တို့အတွက် ကောင်းကျိုးဖြစ်ဖို့ထက် ဆိုးကျိုးဖြစ်ဖို့ ဖြစ်နိုင်ချေပိုများတယ်လို့ မြင်ပါတယ်။
NCA စာချုပ်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုတဲ့အတိုင်းပဲ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အဆင့်ဆင့်မှာ အားလုံးပါဝင်ဖို့ လိုအပ်ပါတယ်။ အားလုံးပါဝင်တဲ့ အခင်းအကျင်း အနေအထား ဖန်တီးပေးဖို့လိုပါတယ်။ အားလုံးပါမှပဲ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ချောချောမောမော ရောက်ရှိ နိုင်မှာဖြစ်ပါတယ်။ 
NCA စာချုပ် လက်မှတ်ရေးထိုးခဲ့တာ ရှေ့လ (၁၅) ရက်နေ့ဆိုရင် သုံးနှစ်တင်းတင်းပြည့်မှာဖြစ်ပါတယ်၊ ဒီသုံးနှစ်တာကာလအတွင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့နဲ့ ပတ်သက်လို့ ကျနော် တို့တတွေ အတွေ့အကြုံ အများကြီးရရှိခဲ့ပါပြီ။ သင်ခန်းစာတွေ ကောင်းကာင်းရရှိခဲ့ပါပြီ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အလုပ်ရုံဆွေးနွေးပွဲတွေ ထိုက်သင့်သလောက် လုပ်ခဲ့ပါပြီ၊ နိုင်ငံခြား လေ့လာရေး ခရီးစဉ်တွေကိုလည်း သွားရောက်ခဲ့တာတွေ အခေါက်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ဒါကြောင့်ရှေ့ခရီးအတွက် ဘာတွေ ဆောင်ရွက်ထားသင့်တယ်။ ပြင်ဆင်ထားသင့်တယ်၊ ဘယ်လို ဆွေးနွေးမှုနည်းဗျူဟာတွေနဲ့ လာမည့် ဆွေးနွေးပွဲတွေမှာ ဝင်ရောက်ဆွေးနွေးမယ် ဆိုတာတွေလည်း ကျနော်တို့အားလုံး သိရှိခဲ့ပါပြီလို့ ယုံကြည်ပါတယ်။ 
မနှစ်ကမှာ NCA လက်မှတ်ရေုးထိုးခြင်း နှစ်နှစ်ပြည့် အခမ်းအနားကို ခမ်းနားစွာ ကျင်းပခဲ့လို့ ဒီနှစ်မှာ လည်း သုံးနှစ်ပြည့် အခမ်းအနား ကျင်းပသင့်၊ မကျင်းပသင့်ဆိုတာကို ကျနော်တို့အကြား ဆွေးနွေးပြီး PPSTကို တင်ပြသင့်တယ်လို့ မြင်ပါတယ်။
တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အားလုံးနဲ့ လက်တွဲပူးပေါင်းပြီး အားသွန်ခွန်စိုက် ဇွဲ၊လုံ့လ၊ ဝိရိယ မလျှော့ဘဲ မဆုတ်မနစ် ကြိုးပမ်း တည်ဆောက်ကြပါလို့ နှိုးဆော် တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

Share:

Tags: NCA-S,EAO,UPDJC,၏,(၂၆),ကြိမ်မြောက်,အစည်းအဝေး။

Author : Administrator
Comments
Leave a Comment