• +95 (0)9 425 705 270
  • info@cdes.org.mm

ညနေပိုင်းအစည်းအဝေး တပ်ချုပ်နှင့် ဒုတပ်ချုပ်မတတ်ရောက်ခြင်းကို အားမလို အားမရဖြစ်မိ

နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ကျင်းပနေသော အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည့် သုံးပွင့်ဆိုင် ထိပ်သီးခေါင်းဆောင်များတွေ့ဆုံ ဆွေးနွေးမှုကို အားရသော်လည်း ညနေပိုင်း အစည်းအဝေးသို့ တပ်မတော် ကွာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော် ကွာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်နိုင်ခြင်း မရှိသည့်အပေါ် အားမလိုအားမရ ဖြစ်မိကြောင်း ချင်းအမျိုးသားတပ်ဦးဒုဥက္ကဌ ဒေါက်တာ ဆလှိုင်းလျံမှုန်းဆာခေါင်းက ပြောဆိုသည်။

 နေပြည်တော်တွင် ပြုလုပ်လျက်ရှိသော အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့် အစည်းအဝေးနှင့် ပတ်သက်၍ အောက်တိုဘာ ၁၅ ရက်ညနေပိုင်းက Horizon Lake View ဟိုတယ်၌ မီဒီယာများသို့ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အားမရဖြစ်မိ

‘ ဒီနေ့ ဆွေးနွေးမှုကတော့ ညနေပိုင်းအထိ အင်မတန်ကောင်းမွန်ပါတယ်။ မနက်ပိုင်းမှာတော့ ဖွင့်ပွဲဖြစ်တယ်။ NCA စာချုပ်ချုပ်ဆိုတဲ့နှစ်ပတ်လည်လည်း ဖြစ်တယ်။ မိန့်ခွန်းတွေတော့ ပြောကြားတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော်တယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောတေယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် စောမူတူးစေးဖိုးက ပြောတယ်။ ညနေပိုင်းမှာ ပြန်ထိုင်တဲ့အခါကျတော့ တိုင်းရင်းသားလက်နက်ကိုက် အဖွဲ့အစည်းတွေက အားမလိုအားမရဖြစ်မိတဲ့ အကြောင်းတစ်ခုတော့ ရှိတယ်။ အဲဒါ ကျွန်တော်တို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတပ်ချုပ်ကြီးနှစ်ဦးစလုံးက ညနေပိုင်း မတက်ပါဘူး။ တပ်မတော် အရာရှိကြီး သုံးဦးတော့တက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တက် ပါတယ်။ ဝန်ကြီးတွေ တက်ပါတယ် ’ ဟု ဒေါက်တာ ဆိလိုင်းလျံမှုန်းဆာခေါင်းက ပြောဆိုသည်။

အဆိုပါအစိုးရတပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည့် သုံးပွင့်ဆိုင်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တက်ရောက်မည်ဖြစ်သောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအနေဖြင့် ဥက္ကဌ များကိုယ်တိုင်တက်ရောက်ခဲ့ခြင်းဖြစ်ပြီး တက်မတော် ကာကွယ်ရေးဦးစီးချုပ်အား ညနေပိုင်းဆွေးနွေးမှုများအထိ ပါဝင်စေလိုကြောင်း ၎င်းက ပြောဆိုသည်။

‘ကျွန်တော်တို့ ဝမ်းနည်းမိတာက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယဦးစီးချုပ် ညနေပိုင်းအစည်းအဝေးမထိုင်ပေးဖြစ်တာကိုတော့ အင်မတန်ဝမ်းနည်းပါတယ်။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပွဲမှာ တက်ချုပ်ကြီးကိုယ်တိုင်တက်မယ်ဆိုလို့ ကျွန်တော်တို့ EAO က လက်မှတ်ထိုး ထားတဲ့ အဖွဲ့က ဥက္ကဌတွေ အားလုံးလာတာဖြစ်ပါတယ်။ အခုတက်လာတဲ့သူတွေအားလုံးက ဥက္ကဌတွေချည်းပဲ။ အဲဒီအပေါ်မှာတော့ တပ်ချုပ်ကြီးလည်းတက်မယ်။ သူတက်ပါတယ်။ တစ်ပိုင်းတစ်စ တက်ပါတယ်။ ဖွင့်ပွဲမှာလည်း ပြောပါတယ်။ သို့်သော် တကယ် ဆွေးနွေးတဲ့အချိန်ထိတော့ ပါစေချင်တယ်’ ဟု ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက ပြောဆိုသည်။

ယနေ့ ဆွေးနွေးပွဲတွင် အစီအစဉ်ငါးခုကို အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ပြီး အောက်တိုဘာ ၁၆ ရက် (ယနေ့) တွင်လည်း အရေးကြီးကိစ္စနှစ်ခုကို ဆွေးနွေးမည် ဖြစ်သဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား တက်ရောက်စေလိုကြောင်း ၎င်းကပြောဆိုသည်။

‘ ဘာကြောင့် မတက်ဖြစ်သလဲ ဆိုတဲ့အကြောင်းပြချက်ကိုတော့ ကျွန်တော်လည်း မသိပါဘူး။ မနက်ဖြန် ဆွေးနွေးတဲ့နေရာမှာလည်း အရေးကြီးတဲ့ ကဏ္ဍနှစ်ခုက ကျန်နေသေးတဲ့အပေါ်မှာ တက်ပေးလိုက်ရင်တော့ အင်မတန်မှ ကောင်းမယ်လို့ ကျွန်တော်ကတော့ မေတ္တာရပ်ခံချင်ပါတယ်။ အခင်းအကျင်းကတော့ တော်တော်ကောင်းတယ်။ ညနေပိုင်း တွေးနွေးပွဲက နှစ်ဖက်စလုံးက ပွင့်ပွင့်လင်းလင်းရှိတယ်။ မျှမျှတတရှိတယ်။ ညနေပိုင်းဆွေးနွေးပွဲကို အင်မတန်မှ အားရတယ်။ ယခင်ကျင်းပနေတဲ့ UPDJC နဲ့လည်းမတူဘူး။ လုပ်ငန်းကော်မတီနဲ့လည်း မတူဘူး။ တကယ့် ခေါင်းဆောင်ကြီးတွေ၊ ပုံမှန်အားဖြင့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဆိုရင် ခါတိုင်းအစည်းအဝေးမှာ စကားသိပ်ပြောတဲ့သူ မဟုတ်ဘူး။ ဒီနေ့ အစည်းအဝေးမှာဆို သူတော်တော်လေး ဆွေးနွေးပါတယ်။

‘ ဒေါ်အောင်ဆန်းစုကြည်လည်း အများကြီး ဆွေးနွေးတယ်။ အဲဒီအတွက် အင်မတန်မှ အားရတယ်လို့ ပြောချင်ပါတယ် ’ ဟု ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက ပြောဆိုပါသည်။

တစ်ဆို့မှုများ

          ယနေ့ ဆုံးဖြတ်ချက်ထဲတွင်လည်း အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုအနေဖြင့် တစ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် (၁၀ + ၁၀) ဟူ၍ ယခုကဲ့သို့ ထိပ်သီးဆွေးနွေးပွဲကိင်းပရခြင်းဖြစ်ပြီး EAO အဖွဲ့များ အနေဖြင့် NCA စာချုပ်ပါအတိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်ဆောင်ရွက်နေခြင်း ဖြစ်သောကြောင့် NCA စာချုပ်တွင်ပါသည့် JMC ကိုပိုမိုအားကောင်းအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အရေးကြီးတာ

        ‘ အခုဆွေးနွေးနေတဲ့ နိုင်ငံရေးဆွေနွေးပွဲတွေက လူထုတွေ့ဆုံပွဲတို့၊ အမျိုးသားအဆင့် တွေ့ဆုံပွဲတို့က တက်လာတဲ့ အဆိုပြုလွှာကို ဆောင်ရွက်တာဖြစ်တယ်။ အခုဆွေးနွေးတဲ့အထဲမှာ နောက်ထပ်တစ်ခု အရေးကြီးတာက အခုလို ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပြီးမှ ထိပ်သီးတွေက ချပေးတဲ့၊ အပေါ်က နေချပေးတဲ့ Top Down ပုံစံကို ပိုပြီးကျင့်သုံးမယ်။ နို့မို့ဆို အောက်ခြေက တက်လာတဲ့ဟာတွေက လုပ်ငန်းကော်မတီမှာသော်လည်းကောင်း၊ UPDJC မှာသော်လည်းကောင်း အားလုံးကိုင်တွယ်လို့ မပြီးနိုင်ဘူး။ အပေါ်ကနေ ဒီလောက်တော့ ကိုင်တယ်လို့ မပြီးနိုင်ဘူး။ အပေါ်ကနေ ဒီလောက် ဒီလောက်တော့ ကိုင်တွယ်နိုင်တဲ့ဟာ ဖြစ်တယ်။ တိုင်းပြည်အတွက် လက်ရှိ လိုအပ်ချက်က ဒါတွေဖြစ်တယ်။ ဦးစားပေးက ဒါတွေဖြစ်တယ်ဆိုတာကို ထိပ်ပိုင်းခေါင်းဆောင်တွေက ဆုံးဖြတ်ပြီးချပေးနိုင်ရင် ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်က ပိုပြီးအောင်မြင်မှာ ဖြစ်ပါတယ်။ ဒါ့အတွက်ကြောင့် ဒီနေ့ဆုံးဖြတ်တဲ့အထဲမှာတော့ Top Down နဲ့ Bottom out ကိုပေါင်းစပ်ပြီး လုပ်မယ်ဆိုတာ အင်မတန်မှ အရေးကြီးတာ ဖြစ်ပါတယ်’ ဟု ဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်း က ပြေဆိုသည်။
-

Interview     : Dr. Lian H. Sakhong

By             : မင်းမင်းထွန်း (စံတော်ချိန် နေ့စဉ်သတင်းစာ ခေါင်းစီးပိုင်းမှ စာမျက်နှာ-၃)

Place          : Nay Pyi Taw

Date          : အောက်တိုဘာ ၁၅၊ ၂၀၁၈

Share:

Tags: ညနေပိုင်းအစည်းအဝေး,တပ်ချုပ်နှင့်,ဒုတပ်ချုပ်မတတ်ရောက်ခြင်းကို,အားမလို,အားမရဖြစ်မိ

Author : Administrator
Comments
Leave a Comment