• +95 (0)9 425 705 270
  • info@cdes.org.mm

''ဆွေးနွေးမှုက တိုးတက်မှုမရှိသေးဘူးဆိုရင် အင်န်စီအေ စာချုပ်က ပြန်ပြီးပျက်ပြယ်သွားမယ့်သဘောရှိပါတယ်''− ဗိုလ်ချုပ်ကြီးယွက်ဆစ်

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းနှင့် လွန်ခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သည့် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲ အခြေအနေတို့ကို ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)၏ ဥက္ကဌဗိုလ်ချုပ်ကြီးယွက်ဆစ်ကို မြန်မာတိုင်း(မ်)မှနိုင်ငံရေးသတင်းထောက်ချုပ် အိအိတိုးလွင်နှင့် သတင်းထောက် ချမ်းသာတို့က အောက်တိုဘာ ၂ဝ ရက်က ရန်ကုန်မြို့ ချက်ထရီရမ်ဟိုတယ်တွင် သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။

Q-နေပြည်တော် တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ?

ကျွန်တော့်အနေနဲ့တော့ သိပ်ပြီးတော့ ကြည့်လို့ မလှဘူးလို့မြင်ပါတယ်။ ဒါက အပြန်အလှန်ဆွေးနွေးတယ်ဆိုတဲ့သဘော သိပ်ပြီးတော့ မသက်ရောက်ဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က မိန့်ခွန်းပြောပြီးတော့ အစည်းအဝေးထဲက ထွက်သွားတယ်။ သဘောကတော့ ငါပြောသလိုလုပ်ဆိုတဲ့ ပုံစံမျိုး သက်ရောက်နေတယ်။ အမြင်တော့ မလှဘူး။


Q-ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့်တွေ့ဖြစ်ခဲ့တယ်ဆိုတော့ ဘာတွေများ အဓိကဆွေးနွေးဖြစ်ခဲ့လဲ?

အမှန်တော့ တွေ့ဆုံမှုက အပြန်အလှန်ရင်းနှီးမှုရအောင်၊ ယုံကြည်မှုရအောင် တွေ့ဆုံခဲ့တာပါ။ နိုင်ငံရေးပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ခြင်းမရှိပါဘူး။


Q-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းထဲမှာRCSSအနေနဲ့ သတ်မှတ်နယ်မြေကျော်လွန်ပြီး နယ်မြေတည်ဆောက်မှုတွေရှိတယ်။ အင်န်စီအေ(တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်)ကို တစ်လွဲမသုံးဖို့၊ တိုင်းရင်းသားတွေကာကွယ်ဖို့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုပြီး သတိပေးခဲ့တယ်။ ဒီပြောဆိုချက်အပေါ် ဘာမှတ်ချက်ပေးချင်လဲ?


သက်ဆိုင်မှု မရှိဘူးလို့မြင်ပါတယ်။ ရှမ်းပြည်တပ်မတော်အနေနဲ့ ရှမ်းပြည်နယ်အတွင်း ကျွန်တော်တို့နယ်မြေအတွင်းမှာပဲ လှုပ်ရှားနေတာပါ။ အခုချိန်အထိ ဗမာပြည်ထဲကို ကျွန်တော်တို့ဆင်းလာတာမရှိပါဘူး။ ကရင်နီ ပြည်နယ်ထဲ ရောက်သွားတာလည်း မရှိပါဘူး။ ကချင်ပြည်နယ်ထဲ လှုပ်ရှားတာလည်း မရှိပါဘူး။ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးကတည်းက ကျွန်တော်တို့လှုပ်ရှားခွင်မှာပဲနေမယ်ဆိုတာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကျွန်တော်တို့နယ်မြေထဲမှာပဲ လှုပ်ရှားတာပါ။


Q-အင်န်စီအေဖြစ်လာဖို့ အစိုးရနဲ့ တိုင်းရင်းသားတွေစပြီး ဆွေးနွေးချိန်က တိုင်းရင်းသားတွေရဲ့အမြင့်ဆုံးရည်မှန်းချက်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပေါ့။လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုရဲ့အနေအထားက ၂၁ ရာစုပင်လုံညီလာခံတွေကျင်းပပြီးတော့ အဲဒီကရတဲ့ရလဒ်တွေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိကသွားတဲ့ အနေအထားတွေ့ရတယ်။ ဒါက တိုင်းရင်းသားတွေ ရည်မှန်းချက်နဲ့ ကိုက်ညီရဲ့လား?


လက်ရှိအစိုးရက ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ တံခါးဖွင့်ပေးလိုက်တယ်လို့ ကျွန်တော်မြင်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း နိုင်ငံရေးမှာ အဓိကကျတဲ့ ပုဂ္ဂိုလ်ပါ။ တိုင်းပြည်အတွင်းမှာ အုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲလိုသူပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေလိုပဲ အခြေခံဥပဒေကို ပြုပြင်ချင်တယ်။ ပြောင်းလဲချင်တယ်ဆိုတာ အတူတူပါပဲ။ အကယ်၍သာ ၂ဝဝ၈ အခြေခံဥပဒေကို ပြုပြင်နိုင်ခြင်းမရှိရင် ပြည့်ဝတဲ့ ဒီမိုကရေစီ ရရှိမှာမဟုတ်ပါဘူး။ အခုချိန်အထိ တပ်မတော်က လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိနေသေးတယ်။တပ်မတော်က နိုင်ငံရေးပိုင်းမှာ ပါဝင်ပတ်သက်နေတယ်။ ဒါကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ လုပ်ဆောင်ချက်တိုင်းကို အပြည့်အဝ မလုပ်ဆောင်နိုင်ပါဘူး။ အမှန်ဆိုရင် ကျွန်တော်တို့တိုင်းရင်းသားတွေဟာ ၂ဝဝ၈ အခြေခံဥပဒေကို ပြုပြင်ပြီးတော့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးနေကြတာပါ။ တပ်မတော်အနေနဲ့က ၂ဝဝ၈ အခြေခံဥပဒေကို တစ်ဖက်သတ်စွဲကိုင်ပြီး ဆွေးနွေးမယ်ဆိုရင် ကျွန်တော်တို့အခက်အခဲရှိပါတယ်။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကိုတကယ်ဖော်ဆောင်လိုတဲ့ဆန္ဒရှိရဲ့လားဆိုတာ မေးခွန်းတစ်ခုပေါ်လာပါတယ်။ အင်န်စီအေမှာ မပါတဲ့က@တွေကို ဘာကြောင့်ဆွေးနွေးပွဲတွေမှာ ဆွေးနွေးနေရသလဲဆိုတာ မေးစရာပါ။စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ အားလုံးက ဆင်းရဲမွဲတေခဲ့တာ၊ ပြည်သူတွေ ဒုက္ခရောက်ခဲ့ရတာကို လက်ခံရမှာပါ။ တပ်မတော်အနေနဲ့လည်း ပြည်သူလူထု အနာဂတ်ကို ရှေးရှုပြီး တိုင်းပြည်အုပ်ချုပ်ရေး၊ ပြုပြင်ပြောင်းလဲရေးတွေမှာ မေတ္တာရှိဖို့ လိုပါတယ်။ အပြန်အလှန်လက်ခံကြဖို့ လိုပါတယ်။ သူများအပြစ်ချည်း လိုက်ကြည့်နေဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း သုံးသပ်ကြည့်ဖို့လိုပါတယ်။


Q-အင်န်စီအေစာချုပ်အပိုဒ်၂၂ အပိုဒ်ခွဲ (ဃ) မှာ ပြည်ထောင်စု ညီလာခံကထွက်လာတဲ့ ဆုံးဖြတ်ချက်အပေါ်အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တခြားဥပဒေတွေကို ပြင်ဆင်တာတွေ၊ ဖျက်သိမ်းတာတွေ လုပ်ခွင့်ရှိတယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီဆိုတာ ပါနေတယ်။ ကာကွယ်ရေး ဦးစီးချုပ်က သူ့ရဲ့မိန့်ခွန်းမှာ လုပ်ထုံးလုပ်နည်းဆိုတာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ အတိုင်းပြင်ရမယ်လို့ ပြောသွားတယ်။ ၂ဝ၂ဝမှာ အခြေခံမူတွေရတယ်ဆိုရင်တောင် အခြေခံဥပဒေပြင်ဆင်ဖို့ ဖြစ်နိုင်ပါ့မလား။ ပြင်ဆင်ရေးကို အင်န်စီအေလမ်းကြောင်းအတိုင်းသွားနေတာ ဖြစ်နိုင်ခြေကောရှိရဲ့လား။ အချိန်ဖြုန်းသလိုများ ဖြစ်နေသလား။RCSSအနေနဲ့ ဘယ်လိုမြင်လဲ?


လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဥပဒေတွေကိုပြုပြင်ရမယ်ဆိုတာကတော့ လွှတ်တော်ထဲမှာ သွားလုပ်ရမယ့် အလုပ်ပါ။ ကျွန်တော်တို့က လွှတ်တော်ထဲမှာမရှိဘူး။ ဥပဒေပြင်တဲ့လွှတ်တော်အခန်းကဏ္ဍမှာ ကျွန်တော်တို့ မပါဘူး။ ဒါဆိုရင်ကျွန်တော်တို့ ဘယ်လိုပြုပြင်ကြမလဲ။ဒါကြောင့်မို့လို့ အင်န်စီအေထိုးထားကြတဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့နိုင်ငံရေးပါတီတွေအားလုံးပါတဲ့ စုပေါင်းပြီးတော့ လွှတ်တော်ပြင်ပမှာ ဆွေးနွေးကြမယ်။ ရလာတဲ့ဆွေးနွေးမှုရလဒ်တွေကို ပြည်ထောင်စုသဘောတူစာချုပ်အနေနဲ့ လွှတ်တော်က အတည်ပြုပေးရတာပါ။ ဒါက အင်န်စီအေရဲ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုကဏ္ဍ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လမ်းကြောင်းတစ်ခုပါ။အခုအခြေအနေက ဆွေးနွေးမှုတွေက တိုးတက်မှုမရှိသေးဘူးဖြစ်နေပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ နိုင်ငံရေးဆွေးနွေးမှုတွေကနေ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအခြေအနေမျိုးတွေ မရောက်နိုင်သေးဘူးဖြစ်နေပါတယ်။ ကာချုပ်အနေနဲ့ မိန့်ခွန်းပြောတဲ့နေရာမှာ ၂ဝ၂ဝ မှာ ပြီးအောင်လုပ်ဆောင်မယ်ဆိုတော့ ကျွန်တော့်အနေနဲ့ အချက်နှစ်ချက်ကို မြင်မိပါတယ်။အကယ်၍ ဆွေးနွေးမှုက တိုးတက်မှုမရှိသေးဘူးဆိုရင် အင်န်စီအေစာချုပ်က ပြန်ပြီးပျက်ပြယ်သွားမယ့်သဘောရှိပါတယ်။ အင်န်စီအေနည်းလမ်းအတိုင်း ကျွန်တော်တို့လျှောက်နိုင်မှာမဟုတ်တော့ပါဘူး။ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်လို့ရမှာမဟုတ်ဘူး။ ကျွန်တော်တို့အပြန်အလှန် တိုက်ခိုက်ကြရမယ့် သဘောသက်ရောက်ပါတယ်။


Q-ဘယ်လိုပုံစံမျိုးဖြစ်စေချင်တာလဲ?


အမှန်ဆိုရင် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာလက်မှတ်ထိုးထားတဲ့ အင်န်စီအေပေါ်မှာပဲ အားလုံးစုစည်းပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့လိုပါတယ်။ အင်န်စီအေထဲမှာ သဘောတူခဲ့ကြတဲ့အတိုင်း ဖက်ဒရယ်ဒီမိုကရေစီကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ တပ်မတော်က ခွဲမထွက်ရဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကိုလာဆွေးနွေးတယ်ဆိုတဲ့နေရာမှာ ခွဲမထွက်ရဆိုတာက အင်န်စီအေထဲမှာလည်းမပါဘူး။ ဒါက ဖက်ဒရယ်နဲ့လည်း ကိုက်ညီမှုမရှိပါဘူး။ဖက်ဒရယ်ဆိုတာက မခွဲထွက်ချင်အောင် အကာအကွယ်ပေးထားတဲ့ မူဖြစ်ပါတယ်။ ခွဲထွက်ရမယ်၊ ခွဲမထွက်ရဘူးဆိုတာ စက္ကူပေါ်ရေးထားဖို့မလိုပါဘူး။ အုပ်ချုပ်မှုပိုင်းနဲ့ဆိုင်ပါတယ်။ အကယ်၍ တိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာ တရားမျှတမှုမရှိဘူးဆိုရင်လည်း မခွဲထွက်ပါနဲ့ဆိုလည်း ခွဲထွက်ကြမှာပါ။ ရှမ်းပြည်အနေနဲ့ လာပြီးဆွေးနွေးတဲ့ နေရာမှာ ကျွန်တော်ဟာ ခွဲထွက်မယ်ဆိုပြီး လာဆွေးနွေးတာ မဟုတ်ဘူး။ခွဲထွက်ခွင့်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးရတော့ ကျွန်တော်တို့ကို ခွဲထွက်အောင်လုပ်နေသလားလို့ မေးခွန်းဖြစ်လာပါတယ်။ အမှန်ဆိုရင် ဒီကိစ္စဟာ ကျွန်တော်တို့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်လို့မရပါဘူး။ ဒီလိုမျိုးဆက်သွားမယ်ဆိုရင် ရှေ့ဆက်သွားမယ့် ဖက်ဒရယ်မူရေးဆွဲရေးကို ထိခိုက်နိုင်ပါတယ်။ တပ်မတော်ဘက်က ကျွန်တော်တို့ကို ခွဲမထွက်ရဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ဆက်ဆွေးနွေးမယ်ဆိုရင် ရှေ့ဆက်ဖို့တော်တော်လေးခက်ခဲမှာပါ။


Q-ခွဲမထွက်ခွင့်ကိစ္စက ဘာလို့အရမ်း ထိလွယ်ရှလွယ် ဖြစ်နေရတာလဲ?


ဒီစကားရပ်က နိုင်ငံရေးနဲ့ပတ်သက်ပါတယ်။ သမိုင်းနဲ့လည်း ပတ်သက်ပါတယ်။ ပင်လုံစာချုပ်အရဖြစ်ပေါ်လာတဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာ နောင် ၁ဝ နှစ်ရှိရင် ရှမ်းပြည်ဟာ ခွဲထွက်ခွင့်ရှိတယ်ဆိုတာ ရှိခဲ့ပါတယ်။ ဒီနေ့ နိုင်ငံရေးဆွေးနွေးနေတဲ့ အခင်းအကျင်းမှာ ၁၉၄၇ ပင်လုံနဲ့ပတ်သက်လို့ ကျွန်တော်တို့ အစဖော်ပြီးဆွေးနွေးနေတာမရှိခဲ့ပါဘူး။ဘယ်လိုပူးပေါင်းပြီးတော့ ကောင်းအောင် နေထိုင်ကြမလဲဆိုတာအတွက် ဆွေးနွေးနေတာပါ။ အကယ်၍ ခွဲထွက်ခွင့်၊ ခွဲမထွက်ခွင့်ကိစ္စကို ကျွန်တော်တို့လာပြီးဆွေးနွေးချင်တယ်ဆိုရင် ၁၉၄၇ ခုနှစ်က သဘောတူစာချုပ်တွေအထိ သွားပြီး ဆွေးနွေးဖို့ လိုနေပါပြီ။ အဲဒါဆိုရင် ဒီနိုင်ငံရေးပြဿနာတွေက ပိုပြီး ရှုပ်ထွေးလာမှာပါ။အမှန်က ခွဲထွက်ခွင့်၊ ခွဲမထွက်ခွင့်ဆိုတာက ဆွေးနွေး နေစရာ မလိုတော့ဘူး။ အာမခံဖို့လိုတယ်။ လက်မှတ်ထိုးကြရ မယ်ဆိုတာတွေက ဆွေးနွေးနေစရာအချက်တွေမဟုတ်ပါဘူး။ အာမခံချက်ဆိုတာ အုပ်ချုပ်တဲ့သူ၊ ခေါင်းဆောင်တဲ့သူအပေါ်မှာပဲမူတည်ပါတယ်။ သူ(အုပ်ချုပ်သူ)ဟာ ဘယ်လောက်အထိ နိုင်ငံတော်ကို ခေါင်းဆောင်နိုင်မယ်၊ အုပ်ချုပ်နိုင်မယ်ဆိုတာအပေါ်မူတည်ပါတယ်။ အကယ်၍ တန်းတူညီမျှမှုတွေရှိမယ်၊ တရားမျှတမှုတွေရှိမယ်ဆိုရင် ခွဲထွက်ခိုင်းရင်တောင် ဘယ်သူမှ ခွဲထွက်ချင်မှာမဟုတ်ပါဘူး။ ဖိစီးမှုတွေနဲ့ အုပ်ချုပ်မယ်၊ တရားမျှတမှုလည်း မရှိဘူးဆိုရင်တော့ မခွဲထွက်ခွင့်ကိစ္စကို စာအုပ် ၁ဝ အုပ်ရေးပြီး လက်မှတ်ထိုးထားရင်တောင် ကျွန်တော်တို့ ခွဲထွက်ကြမှာပါ။


Q-လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ စဉ်းစားထားတဲ့ နည်းလမ်းတွေရှိလား။RCSS တစ်ဖွဲ့တည်းအနေနဲ့ စဉ်းစားချက်တွေ ရှိမယ်ဆိုရင် ဘာဖြစ်မလဲ?


အချက်တစ်ချက်ပါပဲ။ ခွဲထွက်ခွင့်၊ ခွဲမထွက်ခွင့်ဆိုတာက Option (ရွေးချယ်မှု) တစ်ခုအနေနဲ့ လာပြီးဆွေးနွေးစရာမလိုပါဘူး။ အကယ်၍သာ ဒီအချက်ကို အတင်းအဓမ္မဆက်ဆွေးနွေးရမယ်ဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒထောက်ခံမှုကို ကောက်ယူဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ RCSS တစ်ဖွဲ့တည်းအနေနဲ့ ခွဲမထွက်ခွင့်၊ ခွဲထွက်ခွင့်ကိစ္စကို ဆုံးဖြတ်လို့မရပါဘူး။ ကျွန်တော်တို့RCSSအနေနဲ့ တစ်ခုတည်းသော တပ်မတော်ကိစ္စလိုမျိုး စစ်ရေးစစ်ရာ ကိစ္စတွေကိုသာ ဆုံးဖြတ်ရင် ဆုံးဖြတ်နိုင်ပါတယ်။ဒါပေမဲ့ ဒီတစ်ခုတည်းသော တပ်မတော်ဆိုတဲ့အချက်ပေါ်မှာ ကျွန်တော်တို့ ဘယ်လောက်အထိလက်ခံနိုင်မလဲဆိုတာကို ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေအနေ၊ ဆုံးဖြတ်ချက်တွေ၊ သဘောတူညီချက်တွေကို လေ့လာဖို့တော့ လိုပါတယ်။ နိုင်ငံရေးသဘောတူချက်တွေ၊ ဆုံးဖြတ်ချက်တွေကိုကြည့်ပြီး အဲဒါတွေအပေါ်မှာ ဘယ်လောက်အထိအကောင်အထည်ဖော်နိုင်လဲဆိုတာအထိပါ စောင့်ကြည့်ဖို့ လိုပါတယ်။


Q-ခွဲမထွက်ရဆိုတဲ့အချက်ကို တိုင်းရင်းသားတွေက ကတိမပေးခဲ့ဘူးဆိုရင် တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ အချက်အပေါ်မှာ အဟန့်အတားဖြစ်လာနိုင်လား။ တပ်မတော်ဘက်က လက်မခံရင် ဘာဆက်ဖြစ်လာနိုင်သလဲ?


အကယ်၍သာ ခွဲမထွက်ရကိစ္စကို ခုတုံးလုပ်ပြီး ဆွေးနွေးဖို့လုပ်မယ်ဆိုရင် ဆွေးနွေးလို့ရမှာ မဟုတ်တော့ပါဘူး။ စောစောကပြောသလို ပြည်သူလူထုရဲ့ ဆန္ဒခံယူရရမယ့်အနေအထားဖြစ်လာမှာပါ။ ပြည်သူလူထုနဲ့ ဆွေးနွေးကြမလားဆိုတာ တောင်းဆိုရမှာပါ။ ကျွန်တော်တစ်ဦးတစ်ယောက်တည်း အမြင်ကတော့ ပြည်သူလူထုကိုယ်စား ဆုံးဖြတ်ချက်ပေးနိုင်မှာ မဟုတ်ပါဘူး။ တပ်မတော်အနေနဲ့လည်း မြန်မာပြည်သူလူထု အားလုံးရဲ့ ကိုယ်စားမပြုနိုင်ပါဘူး။ဒါကြောင့်မို့လို့ ပြည်သူအားလုံးကို ကိုယ်စားပြုဖို့ ဆန္ဒခံယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့တပ်မတော်ရဲ့စိုးရိမ်ချက်ဟာ ပြည်သူလူထုရဲ့စိုးရိမ်ချက်အဖြစ် ကိုယ်စားပြုမှုရှိဖို့ လိုအပ်ပါတယ်။


Q-ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ တစ်ခုတည်းသောတပ်မတော်ထားရှိရေးကိစ္စကို တိုင်းရင်းသားတွေဘက်က လက်ခံခဲ့တယ်လို့ သိရတယ်။ ဘယ်လိုမျိုးလက်ခံခဲ့လဲဆိုတာ ရှင်းပြပေးပါလား?


ကျွန်တော်တို့ ရပ်တည်ချက်ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အခြေအနေတွေက တူညီမှုမရှိဘူး။ ရှမ်းပြည်အနေနဲ့က ပင်လုံသဘောတူညီချက်ရှိခဲ့တယ်။ ပင်လုံသဘောတူညီချက်အပေါ်မှာပဲ ကျွန်တော်တို့ ရပ်တည်ပါတယ်။ တချို့ကလည်း ၁၉၄၇ပင်လုံသဘောတူညီချက်ထဲမှာ ပါဝင်ဆွေးနွေးနိုင်ခဲ့ခြင်း မရှိဘူး။ အဲဒါကြောင့်မို့လည်း သူတို့ရဲ့အခြေအနေကလည်း တစ်မျိုးဖြစ်ခဲ့ပါတယ်။


Q-တစ်ခုတည်းသောတပ်မတော်ထားရှိရေးသဘောတူခဲ့တဲ့အထဲမှာRCSS အနေနဲ့ ပါခဲ့သလား?


အင်န်စီအေလက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက လာပြီးတက်ရောက်သူတွေဟာ အဲဒီလိုသဘောတူခဲ့ကြတာ မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ International Practice (နိုင်ငံတကာကျင့်သုံးမှုပုံစံ)အနေနဲ့ရော တပ်မတော်တစ်ခုတည်းရှိရမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတာ ဆက်ပြီးဆွေးနွေးရမှာပါ။


Q-တစ်ခုတည်းသော တပ်မတော်ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်တွေကို ရည်ညွှန်းပြီး ပြောရရင် ပြည်နယ်ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားတွေ အချိုးကျပါဝင်ဖို့ကိစ္စတွေ၊ အလှည့်ကျစစ်ဦးစီးချုပ်ရှိရမယ်ဆိုတဲ့ တိုင်းရင်းသားတွေ တောင်းဆိုချက်ကို လက်ခံမယ့်ပုံမပေါ်ဘူး။ တကယ်တမ်း ဒီကိစ္စကို ဆွေးနွေးမယ်ဆို ဘယ်လိုအချက်တွေကို အဓိကထားပြီးဆွေးနွေးဖို့ရှိလဲ?


နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပြောင်းလဲမယ်ဆိုရင် လုံခြုံရေးကဏ္ဍမှာ တပ်မတော်ကိုလည်း ပြောင်းလဲဖို့လိုပါတယ်။ ပြည်သူတွေလက်ခံတဲ့ တပ်မတော်ဖြစ်အောင်၊ ပြည်သူကရွေးကောက်ထားတဲ့ အစိုးရလက်အောက်က တပ်မတော်ဖြစ်အောင် ပြောင်းလဲပစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတပ်တွေအနေနဲ့ ပြည်နယ်တွေရဲ့ လုံခြုံရေးကို ဘယ်လိုယူရမလဲ။ပြည်နယ်တွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း အပြန်အလှန် ဆွေးနွေးဖို့လိုပါတယ်။DDR(လက်နက်ဖြုတ်သိမ်းရေး) ကိစ္စမှာလည်း တစ်ဖက်ကပဲ ဖိပြီးဆုံးဖြတ်ရမှာမဟုတ်ပါဘူး။ အပြန်အလှန်ဆွေးနွေးပြီး လုပ်ဆောင်ရမယ့်ကဏ္ဍတစ်ခုပါ။ ပြန်လည်ပေါင်းစည်းရေဏ္ဍဆိုရင်လည်း ဘယ်လိုအခန်ဏ္ဍမှာ ပေါင်းစည်းကြမယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေကို ဘယ်လိုနေရာချထားမလဲဆိုတာ ဆွေးနွေးညှိနှိုင်းရမှာပါ။ ပြန်လည်ပေါင်းစည်းရေးဆိုတာ ခင်ဗျားတို့လက်နက်ချပြီး ကျုပ်တို့ အောက်မှာ လာနေဆိုတာမျိုး မဟုတ်ဘူး။


Q-အင်န်စီအေ လက်မှတ်ထိုးတဲ့အတွက် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေကြားမှာ သဘောထားကွဲလွဲမှု၊ ဝေဖန်မှုတွေခံခဲ့ရတယ်။ ဒါပေမဲ့ အင်န်အယ်လ်ဒီအစိုးရလက်ထက်အထိRCSS က တစိုက်မတ်မတ်ပါလာခဲ့တယ်။ အင်န်စီအေထိုးပြီး သုံးနှစ်ကြာတဲ့အချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတဲ့အချိန်မှာRCSSအနေနဲ့ လက်မှတ်ထိုးမိခဲ့တဲ့အတွက် နောင်တရမိလား။တစ်ဆက်တည်းမေးချင်တာက သမ္မတဦးသိန်းစိန်လက်ထက်မှာငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဘာတွေအဓိက ကွာခြားမှုရှိလဲ။ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှုကရော အရင်အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက် ဘာတွေများအဓိက ကွာခြားသွားလဲ?


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လမ်းဖွင့်ပေးတဲ့အတွက် သမ္မတဦးသိန်းစိန်အစိုးရကို ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ ဂုဏ်ယူပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးတဲ့အဖွဲ့ချင်း ရင်းနှီးမှုရှိတယ်။ ဆွေးနွေးရတာလွယ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်တို့ကိုယ်တိုင်က အပစ်ရပ်စဲချင်လို့လားတော့ မသိပါဘူး။ အင်န်အယ်လ်ဒီအစိုးရအပေါ်မှာလည်း ကျွန်တော်တို့နားလည်ပါတယ်။ တပ်မတော်ကလည်း ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိနေတယ်။ အင်န်အယ်လ်ဒီအစိုးရဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကောင်းကောင်းမွန်မွန်လုပ်လို့ မရဘူးဖြစ်နေတယ်။သမ္မတဦးသိန်းစိန်လက်ထက်က ဝန်ကြီးဦးအောင်မင်းနဲ့ စတွေ့တော့ ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ တပ်မတော်က ပြည်သူလူထုက ရွေးကောက်တဲ့အစိုးရအောက်မှာ ရှိသလားလို့ မေးခဲ့ဘူးပါတယ်။ ဦးအောင်မင်းဖြေပေးခဲ့ပါတယ်။ တပ်မတော်ဆိုတာကတော့ သမ္မတရဲ့အမိန့်ကို နာခံပါတယ်လို့ပဲ ဖြေခဲ့ပါတယ်။ တပ်မတော်က အစိုးရရဲ့လက်အောက်မှာလို့တော့ မဖြေခဲ့ဘူး။ အပစ်အခတ်ရပ်စဲရေးစပြီးဆွေးနွေးကတည်းက ဒီပြဿနာကို ကျွန်တော်တို့နားလည်ပါတယ်။ တပ်မတော်နဲ့ ရင်ဆိုင်မှုတွေရှိမယ်။ အခက်အခဲတွေ ဖြစ်လိမ့်မယ်ဆိုတာအရင်ကတည်းက ကျွန်တော်တို့နားလည်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်က သူတို့ရဲ့ထိုင်ခုံကို လွှဲပြောင်းမပေးချင်ဘူး။


Q-လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေ၊RCSS ရဲ့ နယ်မြေမှာ လက်တွေ့ဖြစ်နေတဲ့ အခြေအနေတွေအပေါ်မူတည်ပြီး လူထုကို ဘယ်လိုသတင်းစကားပါးချင်လဲ?


ပြည်သူလူထုကို ပေးချင်တဲ့ Message (သတင်းစကား) သုံးခုရှိပါတယ်။ တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေအားလုံးဟာ ပြည်သူလူထုနဲ့ သက်ဆိုင်တယ်။ ပြည်သူလူထုအပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေကလည်း တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေအားလုံးကို လေ့လာနေဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆိုတဲ့နေရာမှ လူထုဟာ အကြောက်တရားနဲ့ နေမယ်။ အဲဒီလို ဘဝတုံးသွားကြမယ်ဆိုရင် ရှေ့ဆက်ဒုက္ခရောက်သွားကြရမယ့်သူတွေက ပြည်သူလူထုပဲဖြစ်ပါတယ်။


အချက်နှစ်က နိုင်ငံရေးအခင်းအကျင်းထဲမှာရှိတယ်။ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ အားလုံးကို လေ့လာဖို့လိုပါတယ်။ အခုအချိန်မှာ နိုင်ငံရေးပါတီတွေက အများကြီးပဲ။ ပြည်သူလူထုတွေအနေနဲ့ပါတီတွေရဲ့ မဲဆွယ်မှုတွေ အားလုံးကို နားထောင်ရမယ်။ နိုင်ငံရေးသမားတွေက စကားပြောကောင်းတယ်။ လက်တွေ့အကောင်အထည်ဖော်တာတော့ ကျွန်တော်မပြောအပ်ပါဘူး။ဘယ်နိုင်ငံရေးပါတီက ပြည်သူအတွက် အထောက်အကူပြုတယ်။ လူထုကိုယ်စားပြုတယ်ဆိုတာလေ့လာပြီး ပြည်သူလူထုမဲဆန္ဒပေးကြပါ။ ကိုယ့်မဲဆန္ဒနယ်ကိုလည်း တန်ဖိုးမထားဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးမထားတတ်ဘူးဆိုရင် ပြည့်တန်ဆာတစ်ယောက်လိုကိုယ့်ကိုယ်ကိုယ် ရောင်းစားလိုက်သလိုပါပဲ။ သူများကလည်း ကျွန်တော်တို့ကို လိမ်လည်လိမ့်မယ်။ ဘယ်သူမှ မဲဆွယ်စည်းရုံးနေဖို့ မလိုပါဘူး။ ပြည်သူလူထုတွေ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါ။


သုံးအချက်က တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက အင်မတန်မှလျော့နည်းနေပါတယ်။ ဒါဘယ်သူ့ကြောင့်လဲ။ ဘယ်အခြေအနေတွေကြောင့်လဲဆိုတာ လူထုက နားလည်ဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံရေးခေါင်းဆောင်တွေက မစည်းလုံးကြဘူး။ မညီညွတ်ကြဘူး။ ခေါင်းဆောင်တွေအကြားမှာ အချင်းချင်းပြဿနာဖြစ်နေတာကြောင့် တိုင်းပြည်တိုးတက်အောင် အကျိုးဆောင်မပေးနိုင်သလိုဖြစ်နေတာပါ။ တိုင်းပြည်ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ရင် စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ခေါင်းဆောင်တွေက အမြင်သဘောထားမကြီးဘူးဆိုရင်လည်း တိုင်းပြည်ကို ဦးဆောင်နိုင်မှာမဟုတ်ပါဘူး။ခေါင်းဆောင်တွေဟာ တရားမျှတမှု မရှိဘူး၊ ကိုယ့်ချင်းစာတရားမရှိဘူးဆိုရင် မတိုးတက်ဘူး။ တိုင်းပြည်ခေါင်းဆောင်တွေက သဘောထားကြီးကြီးထားကြပါ။ 


Credit - Myanmar Times

Share:

Tags: ''ဆွေးနွေးမှုက,တိုးတက်မှုမရှိသေးဘူးဆိုရင်,အင်န်စီအေ,စာချုပ်က,ပြန်ပြီးပျက်ပြယ်သွားမယ့်သဘောရှိပါတယ်''−,ဗိုလ်ချုပ်ကြီးယွက်ဆစ်

Author : Administrator
Comments
Leave a Comment