• +95 (0)9 425 705 270
  • info@cdes.org.mm

၁၂၊ စက်တင်ဘာလ ၂၀၁၈ ရက်နေ့ထုတ် Eleven Daily သတင်းစာတွင် ပါရှိသည့် ငြိမ်းချမ်းရေးဖိုရမ်

ပြည်ထောင်စုတစ်ခုလုံး၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကိုမကြည့်ဘဲ နယ်မြေတစ်ခု၊ လူမျိုးတစ်မျိုး၊ အဖွဲ့အစည်းတစ်ရပ်ကိုကြည့်မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ကြုံတွေ့နေရသော အကျပ်အတည်းများအား ကျော်ဖြတ်ရန်ခက်ခဲမည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ သတိပေး

-

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ပြည်ထောင်စုတစ်ခုလုံး၏ အကျိုးစီးပွားနှင့်ဂုဏ်သိက္ခာကို မကြည့်ဘဲ နယ်မြေတစ်ခု၊ လူမျိုးတစ်ခု၊ အဖွဲ့အစည်းတစ်ရပ်ကို ကြည့်မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသော အကျပ်အတည်းများအား ကျော်ဖြတ်ရန် ခက်ခဲမည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတိပေးပြောကြားသည်။


ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill  ဟိုတယ်တွင် နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်း၌ တိုင်းရင်းသား လူမျိုးရေးရာဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CEDS) မှ ပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်တွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထိုသို့ သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။


“အကျပ်အတည်းတွေ ရှိတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီအကျပ်အတည်းတွေက အပျက်အစီးတော့ မဟုတ်ဘူး။ နိုင်ငံတကာ အတွေ့အကြုံကို ကြည့်လို့ရှိရင် နိုင်ငံတကာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားလုံးက အမြဲတမ်း အကျပ်အတည်း ရှိပါတယ်။ လွယ်လွယ်နဲ့တော့ မရဘူး။ ချောချောမွေ့မွေ့တော့ မဖြစ်ဘူး။ သို့သော် အကျပ်အတည်းကြားထဲက ညှိနှိုင်းဆောင်ရွက်ပြီးတော့ ပြည်ထောင်စုတစ်ခုလုံးရဲ့ အကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာကို ကြည့်လို့ရှိရင်တော့ ဝိုင်းလုပ်ကြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုတစ်ခုလုံးရဲ့ အကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာကို မကြည့်ဘူး။ နယ်မြေတစ်ခုကို ကြည့်မယ်။ လူမျိုးတစ်မျိုး ကိုကြည့်မယ်။ အဖွဲ့အစည်းတစ်ရပ်ကို ကြည့်မယ်။ အစုအဖွဲ့ လူပုဂ္ဂိုလ်တစ်စုကို ကြည့်မယ်ဆိုရင်တော့ ဒီအကျပ်အတည်း ကျော်ဖို့ခက်မယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်း အရဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစုအဖွဲ့များအကြား NCA အပေါ် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်နေပြီး ထိုသို့သော အခြေအနေများကြောင့်လည်း အခက်အခဲ အကျပ်အတည်းများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။


ယခင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် အစိုးကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက NCA စာချုပ်ကို ရေးဆွဲခဲ့ကြပြီး ထိုသို့ ရေးဆွဲရာတွင် NCA စာချုပ်ပါ အချက်များအား အဓိပ္ပာယ်ဖွင့်ဆိုမည့် အဓိပ္ပာယ်ဖွင့်ဆိုချက်စာအုပ်ကိုပါ တစ်ပါတည်း ရေးဆွဲခဲ့ကြသော်လည်း နောက်ဆုံးတွင်မူ NCA စာချုပ်ကိုသာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်စာအုပ်မှာ မပြီးပြတ်ခဲ့သည့်အတွက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“အဲဒီလက်မှတ်မထိုးနိုင်တဲ့ပြဿနာက  ဘာဖြစ်လာသလဲဆိုတော့ အစိုးရသစ်လက်ထက်မှာ အခင်းအကျင်း အသစ်မှာ လိုရာဆွဲ အဓိပ္ပာယ်ဖော်ဆောင်ကြတဲ့အခါကျတော့ NCAကို အရေခြုံတယ်လို့ ပြောတဲ့လူ ပြောတယ်။ NCA ကို လက်နက်သဖွယ် အသုံးပြုတယ်လို့ ပြောတဲ့လူက ပြောတယ်။ NCA ဟာ နိုင်ငံရေး ထောင်ချောက်ပဲ ပြောတဲ့လူက ပြောတယ်။ NCA လမ်းကြောင်းက သုံးလို့မရတော့ ဘူးလို့ ပြောတဲ့လူက ပြောတယ်။တစ်ချိန် တည်းမှာ NCA ကို အခိုင်အမာ ရပ်တည်ရမယ်။ NCA လမ်းကြောင်းအတိုင်း လိုက်ရမယ်။ NCA ကို မဖြစ်မနေ အကောင်အထည်ဖော်ရမယ် ပြောတဲ့အင်အားစုက ပြောတယ်။ အဲဒါတွေအားလုံးက NCA အဓိပ္ပာယ်ဖွင့်ဆို ချက်အပေါ်ကို သဘောတူညီချက် မရထားလို့ ဖြစ်ပါတယ်။ အဲဒါဟာ ကျွန်တော်တို့ အားနည်းချက်ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်မှာ အပြီးသတ်မဆောင်ရွက်နိုင်လို့ပဲ ဖြစ်ပါတယ်။ NCA စာချုပ် အမြန်ပြီး ပြတ်အောင်ဆောင်ရွက်ရေး၊ နိုင်ငံရေးဆွေး နွေးပွဲအတွက် လမ်းဖွင့်နိုင်တဲ့ စာချုပ်တစ်ရပ် အချိန်လုပြီးတော့ အကောင်အထည်ဖော်ရတဲ့အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်က အားနည်းသွားတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။


NCA စာချုပ်အရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်သည့်အတွက် စာချုပ်၏ အာဏာသက်ရောက်မှုမှာ တစ်နိုင်ငံလုံးဖြစ်ကြောင်း၊ ပြည်ထောင်စုတစ်ခုလုံးဖြစ်ကြောင်း၊ အဆိုပါ စာချုပ်ကို အားလုံးလိုက်နာကြမည်ဆိုပါက ပြည်ထောင်စုတစ်ခုလုံး အပစ်အခတ် ရပ်စဲရေး အကျုံးဝင်သွားမည်ဖြစ်ကာ ထိုသို့အကျုံးဝင်နိုင်ရေးအတွက် အားလုံးက ကြိုးစားကြရမည်ဖြစ်သည်ဟု ၎င်းက တိုက်တွန်းပြောကြားသည်။


ထို့ပြင် ငြိမ်းချမ်းရေးနှင့်အပစ်အခတ် ရပ်စဲရေးသည် မတူညီကြောင်း၊ ငြိမ်းချမ်းရေးကို လိုချင်လွန်းသည့်အတွက် အဓိပ္ပာယ် ဖော်ကြသည့်အခါ အပစ်အခတ်ရပ်စဲရေး အဆင့်ကိုပင် ငြိမ်းချမ်းရေးဟု ပြောဆိုအသိအမှတ်ပြုမှုများ ရှိလာကာ အဆိုပါအချက်သည် အလွန်ပင်လွဲမှားကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်အောင် လမ်းဖွင့်ပေးသော အပေါက်ဝတစ်ခုသာဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်းပြောကြားသည်။


“ဘာငြိမ်းချမ်းရေးမှ မရှိပါဘူး။ ငြိမ်းချမ်းရေးတွေ ဘယ်မှာရှိသလဲဆိုတော့ နိုင်ငံရေးသဘောတူညီချက်ရမှ ငြိမ်းချမ်းရေးရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ သဘောတူချက်နိုင်ငံရေးအရ သဘောတူစာချုပ်ကို လက်မှတ်ထိုးတဲ့အချိန်မှာ ငြိမ်းချမ်းရေး စရပြီလို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို ကွဲဖို့လိုပါတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။


ပြည်သူလူထု၊ တိုင်းရင်းသားအားလုံး၊ နိုင်ငံတကာနှင့်ဒေသတွင်းက မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးရရှိမှ ဖြစ်မည်ဆိုသည်ကို သိနေသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အမြတ်ထုတ်ခြင်း၊ အခွင့်ကောင်းယူခြင်းများရှိနိုင်ပြီး ထိုသို့ဆောင်ရွက်မှုကြောင့် အဖွဲ့အစည်းတစ်ခု၊ ဒေသတစ်ခုသည် အခြေအနေကောင်းများ ရရှိနိုင်သော်လည်း ပြည်ထောင်စုတစ်ခုလုံး ငြိမ်းချမ်းရေးရရှိရန်အတွက်မူ လွန်စွာအလုပ်လုပ်၍ ကြိုးစားတည်ဆောက်ရမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။


“ဒါကြောင့် ချုပ်လိုက်လို့ရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အင်္ဂလိပ်လို့ ပြောရင်တော့ Break Down ပေါ့။ ကျိုးပဲ့ပျက်စီးသွားတဲ့ အဆင့်တော့ မရောက်ပါဘူး။ ငြိမ်းချမ်းရေးရထားကြီးက ဆက်သွားနေတယ်။ တစ်ခါတလေ နှေးချင်နှေးမယ်။ ငြိမ်းချမ်းရေး သင်္ဘောကြီးက ဆက်သွားနေတယ်။ ရေတော့ မမြုပ်ဘူး။ တိုင်းပြည်မှာ ငြိမ်းချမ်းရေး ပျက်စီးပြီဆိုရင် ဘာမှ မရှိတော့ဘူး။ ကျွန်တော်တို့က ကျိုးပေါက်တယ်။ ပျက်စီးတယ်။ လုံးဝပြန်ပြီးတော့ အစကောက်လို့ မရအောင် ပြိုလဲသွားတာ မဟုတ်သေးဘူး။ စိတ်ပျက်ခြင်း၊ အားငယ်ခြင်း၊ အားလျှော့ခြင်း မရှိကြဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။          


Credit - Eleven 

Share:

Tags: ၁၂၊,စက်တင်ဘာလ,2018,ရက်နေ့ထုတ်,Eleven,Daily,သတင်းစာတွင်,ပါရှိသည့်,ငြိမ်းချမ်းရေးဖိုရမ်

Author : Administrator
Comments
Leave a Comment