• +95 (0)9 425 705 270
  • info@cdes.org.mm

တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်းမှ ကြီးမှူးသော ဖက်ဒရယ်သင်တန်းဖွင့်ပွဲ ကျင်းပ

တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (Centre for Development and Ethnic Studies - CDES) မှ ကြီးမှူးဖွင့်လှစ်သော “Saturday School on Federalism” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရန်ကင်းစင်တာရှိ CDES ရုံး၌ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်ဟု သိရသည်။

''Saturday school ဆိုတာကတော့ အားလုံးတော်တော်များများ ရုံးပိတ်ရက်ဖြစ်မယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်က ဒီရက်မှာ ကိုယ်ရေးကိုယ်တာအတွက်မဟုတ်ဘဲ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုတဲ့ ပညာရေး ဟောပြောပွဲ၊ ဆွေးနွေးပွဲ လုပ်ရအောင်ဆိုပြီး ကျွန်တော်တို့ ဒီသင်တန်းကို လုပ်ရခြင်း ဖြစ်ပါတယ်'' ဟု CDES မှ သုတေသနဒါရိုက်တာနှင့် သင်တန်းဆရာ ဒေါက်တာမိုးစက်(စ်)က ပြောသည်။

အဆိုပါ “Saturday School on Federalism” သင်တန်းသည် CDES မှ ဖွင့်လှစ်သည့် အပတ်စဉ် (၃) ဖြစ်ပြီး စက်တင်ဘာ ၉ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အပတ်စဉ် စနေနေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ သင်တန်းဆရာ /ဆရာမများဖြစ်ကြသော ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း(UPDJC အတွင်းရေးမှူးအဖွဲ့ဝင်)၊ မိုင် ဂရေ့(စ်)ငွန်ဇတီာလ်၊ ငွန်လျန်ဆန် (ခ) ဆလိုင်းအာဆန်၊ ဒေါက်တာမိုးစက်(စ်) နှင့် ထောင်ထာလျန်းတို့က ဖက်ဒရယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို သင်ကြားပေးသွားမည်ဟု သိရသည်။

''ဘာကြောင့် ဒီသင်တန်း ပေါ်လာရသလဲဆိုတော့ အနာဂတ်မှာ ဒီလူတွေက ခေါင်းဆောင်တွေ ဖြစ်လာမယ့် သူတွေပါ။ မြန်မာပြည်ကို ခေါင်းဆောင်ရမယ့်သူတွေ၊ ဒီလူတွေက သူတို့ရဲ့ နေရာဒေသမှာ ငြိမ်းချမ်းဖို့ အနာဂတ် ၂၁ ပင်လုံပဲဖြစ်ဖြစ် တခြားနည်းလမ်းပဲဖြစ်ဖြစ် တစ်ဖက်တစ်လမ်းက ပါဝင်ချင်တဲ့သူတွေလို့ ကျွန်တော်တို့ ကောက်ချက်ချပါတယ်"ဟု ဒေါက်တာမိုးစက်(စ်)က ပြောသည်။

ယခုသင်တန်းသို့ အနယ်နယ်အရပ်ရပ်ရှိ အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား/သူ ၂၅ ဦး တက်ရောက်လျက် ရှိသည်။

“ဖက်ဒရယ်က အခုချိန်မှာ မဖြစ်လာသေးပေမယ့် အနာဂတ်မှာ ဖြစ်ပေါ်လာမှာမို့ သိထားသင့်တယ်။ ဖက်ဒရယ်အကြောင်းကို သိလည်းသိချင်တာမို့ ပြီးတော့ သင်တန်းက တစ်ပတ်မှာ စနေနေ့တစ်ရက်ပဲ တက်ရမှာမို့ လာတက်ဖြစ်တာပါ” ဟု ယင်းသင်တန်းမှ သင်တန်းသားတစ်ဦးက ပြောသည်။

တိုင်းရင်းသားလူမျိုးများရေးရာဖွံ့ဖြိုးရေးနှင့်သုတေသနအသင်း (CDES) သည် ၂၀၁၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ သည်။ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မြှင့်တင်ရန်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အသိပညာနှင့် ကျင့်သုံးမှုများကို မြှင့်တင်ရန်၊ တရာဥပဒေစိုးမိုးရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာများကို မြှင့်တင်ရန်၊ မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးကို အထောက်အကူဖြစ်စေရန် ဖက်ဒရယ်မူဘောင်အတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို မြှင့်တင်နိုင်ရေးအတွက် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၏ ချိတ်ဆက်မှုကွန်ရက်များကို စုစည်းဖြန့်ကျက်ရန်၊ အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၏ ချိတ်ဆက်မှုကွန်ရက်များကို စုစည်းပြီး ဖက်ဒရယ်မူဘောင်အတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်များကို မြှင့်တင်ရင်း မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းစေရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။

သတင်း - အောင်ထူးနိုင်

ပြည်သူ့ဘဝဂျာနယ် အတွဲ(၁) ၊ အမှတ် (၃၇) စက်တင်ဘာ (၁၂)

Share:

Tags: တိုင်းရင်းသားလူမျိုးရေးရာ,ဖွံ့ဖြိုးရေးနှင့်,သုတေသနအသင်းမှ,ကြီးမှူးသော,ဖက်ဒရယ်သင်တန်းဖွင့်ပွဲ,ကျင်းပ

Author : Administrator
Comments
Leave a Comment