• +95 (0)9 425 705 270
  • info@cdes.org.mm

“KNU ရဲ့ အသံတိတ် အာဏာသိမ်းမှုနဲ့ ငြိမ်းချမ်းရေး အယောင်ဆောင် လောက်ကောင်များ”

၁။ KNU နဲ့ RCSS ဘာကြောင့် Peace Process က ထွက်သွားလဲ? 
အခြေခံအကြောင်းရင်း (၂) ချက်ရှိတယ်။
ပထမအချက်က တပ်ချုပ်က ရွှေစံအိမ် မိန့်ခွန်းမှာ ပြောထားတာရှိတယ်။ ၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးပြတ်အောင်လုပ်ဖို့ သန္နိဌာန် ချထားတယ်။ အဲ့ဒီ သန္နိဌာန်အတိုင်းပဲ ဖြစ်မြောက်အောင် ဆောင်ရွက်ပြီး တိုင်းရင်း သားပြည်သူလူထုတွေ လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်ဝယ် အရောက် အပ်နှင်းမယ် ဆိုပြီး ပြောထားတယ်။

အဲဒီတော့ ၂၀၂၀ မတိုင်ခင် တပ်ဖက်က ဘာတွေ အတင်းတွန်းမလဲ၊ ဘာတွေဖိအားပေးမလဲ?
ဖြစ်နိုင်တာက တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ ခေါင်းစဉ်နဲ့ DDR လုပ်လာမလားဆိုပြီး လန့်သွား ကြောက်သွား ပုံရတယ်။
နောက် ဒုတိယအချက်က တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ ‘လက်နက်ကိုင်၊ ငြိမ်းချမ်းရေးလုပ်၊ နိုင်ငံရေးဆွေးနွေး၊ စီးပွားရေးလုပ်၊ နိုင်ငံတကာ အကူအညီယူ’ ဆိုတဲ့ ရွှေရောင်နေ့ရက်တွေ ကုန်ဆုံးချိန် နီးလာပြီလားဆိုပြီး သို့လောသို့လော ထင်မြင်ချက်တွေနဲ့ စိုးရိမ်မှုတွေ၊ မယုံကြည်မှုတွေ ဖြစ်လာတယ်။

အဲဒါတွေကြောင့် သူတို့ ဆုံးဖြတ်ရတော့မယ်။ ရှေ့ဆက်မလား၊ ရပ်မလား၊ အချိန်ဆွဲမလား?
ရှေ့မလျှောက်တော့ဘဲ ခဏဘေးထွက်ပြီး အချိန်ဆွဲမယ့် ဗျူဟာကို သုံးနေပုံရတယ်။ အကြောင်းပြချက်တွေက အဖြူတွေ သင်ပေးထားတဲ့ Common Vision, Shared Value ဆိုတာတွေပဲ။

၂။ KNU ထဲမှာ အသံတိတ် အာဏာသိမ်းလိုက်ပြီ။ 
ဘယ်သူတွေ အသိမ်းခံလိုက်ရတာလဲ?
ဥက္ကဌ မူတူးစေးဖိုးနဲ့ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း 
ဘယ်သူတွေက သိမ်းလိုက်တာလဲ?
စောထူးထူးလေး၊ တာဒိုမူး၊ တာမူးလာနဲ့ ဘောကျော်ဟဲ အုပ်စု။
အရင်က စောထူးထူးလေး၊ တာဒိုမူး၊ တာမူးလာ အုပ်စုက နော်စီဖိုးရာစိန် အုပ်စုကို ရွေးကောက်ပွဲမှာ ပထုတ် လိုက်တယ်။ အခု ဒီ (၂)စု ပေါင်းပြီး ပြန်ပေါင်းထုတ်နေပြီ။

ဘာဖြစ်လို့ ပေါင်းနိုင်သွားလဲ? 
နောက်ကွယ်မှာ ဟန်ညောင်ဝေ (EBO) ရှိတယ်လေ။ သူ့က ကြိုးကိုင်နေတာ။ အားလုံးသိတဲ့အတိုင်း ဟန်ညောင်ဝေ ဆိုတာ ဘင်္ဂလီအရေး လော်ဘီ အကြီးအကျယ်လုပ်နေတဲ့သူလေ။ အခု သူ့ကို အလှူရှင်တွေက သိပ်မပေးကြတော့ ညစ်တွန်းတွန်းပြီး ငြိမ်းချမ်းရေးဘက်လှည့်၊ အချိုအချောင် တိုက်ကွက်တွေဖော်၊ KNU ကို အသုံးချ၊ ခေါင်းမာတွေကို စည်းရုံးပြီး ဒီကစားကွက်ကို ဖော်ခဲ့တာပဲ။ ထူးထူးလေးဆိုတာ ဟန်ညောင်ဝေ ပေးစာကမ်းစာ စားနေရတဲ့သူ။ တာဒိုမူးဆိုတာ ထူးထူးလေးရဲ့ လက်ဝေခံ တပည့်အရင်း။ တာဒိုမူးက ကရင်နိုင်ငံရေးမှာ ဘာအစဉ်အလာမှ မရှိ။ CSO နဲ့ ဒုက္ခသည်တွေကို ထမင်းအိုး လုပ်စားလာပြီး သူတို့မဲနဲ့ အတွင်းရေးမှူးချုပ် ဖြစ်လာတာ။ နိုင်ငံရေးမသိ၊ စစ်ရေးလည်း နားမလည်၊ သူသိတာက သူ့ဆရာကြီးတွေ သင်ပေးသမျှ ကစားကွက်နဲ့ လူမျိုးရေးလိုလို၊ နိုင်ငံချစ်သလိုလိုနဲ့ တကယ်က သူ့အတွက် အာဏာရရှိရေးပဲ ဖြစ်တယ်။ အကုန်လုံးကို နင်းတက်ပြီး ဘောကျော်ဟဲကို မဟာမိတ်လုပ်၊ မူတူးနဲ့ ကွယ်ထူးကို ဖြုတ်ချပြီး အာဏာ သိမ်းလိုက်ပြီ။

၃။ RCSS ဘယ်လဲ?
RCSS က ရွှေစံအိမ်ပွဲ မလာခင်ကတည်းက KNU နဲ့ ပေါင်းပြီး ဗျူဟာတွေထုတ်၊ ဥာဏ်နီဥာဏ်နက်တွေ ဆင်၊ အရင်က သျှမ်းမူကို ပြန်အသက်သွင်းနေချင်တဲ့ပုံပဲ။ အခုထိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ညှိမရသေးတဲ့ ခွဲမထွက်ရကိစ္စကို အကြောင်းပြချက် မျိုးစုံနဲ့ ကနေ့အထိ ညှိမရသေးဘူး။ ဟိုတနေ့ကလည်း သူတို့ ထုတ်တဲ့ ကြေညာချက်မှာ NCA မှာ ခွဲမထွက်ရ မပါလို့ဆိုပြီး ပြောနေတယ်။ ဘေးလွယ်အိတ်လုပ်လိုက်၊ ဂဏန်းလို ကန့်လန့် တိုက်လိုက်နဲ့ သူတို့ သွားနေတဲ့လမ်းကြောင်း၊ လုပ်နေတဲ့ လုပ်ရပ်တွေက သူတို့ အကျိုးအတွက်ပဲ လုပ်နေတယ် ဆိုတာကို ပြည်သူတွေ အသိဆုံးပါပဲ။ ငြိမ်းချမ်းရေး မရမှ၊ လက်နက် ကိုင်ထားမှ သူ့တို့ သြဇာ သူတို့ဒေသမှာ သက်ရောက်မယ်လို့ ယူဆတုန်းပဲ။ အခုထိ ဗိုလ်အောင်ဒင်လို သေနတ်ဗိုလ်လုပ်ချင်တုန်း။ အနာရှိ စပ်ကြ။

၎။ ရှေ့ဆက်ဘာတွေဖြစ်လာမလဲ?
ကရင်ပြည်နယ်မှာ စစ်ပွဲတွေ ပြန်ဖြစ်မယ်။ ပြန်ဖြစ်ရင် NLD အစိုးရနဲ့ စစ်တပ် နာမည်ပျက်မယ်။ သျှမ်းဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်လာမယ်။ အစိုးရနဲ့ တပ်အပေါ် နိုင်ငံတကာ စွပ်စွဲမှု၊ ဖိအားပေးမှုတွေ မြင့်လာမယ်။ ဒါသူတို့အကွက်။ မြန်မာပြည် မငြိမ်းချမ်းရင် ဘယ်သူတွေ အကျိုးရှိမလဲ။ ဟန်ညောင်ဝေ၊ ထူးထူးလေးနဲ့ တာဒိုမူးတို့က ကရင့် အာဇာနည်ကြီးတွေ၊ သူရဲကောင်းကြီးတွေ ဖြစ်လာမယ်။ ပြီးရင် မျောက်ပြဆန်တောင်းအုံးမယ်။ ပိုင်လိုက်လေခြင်း။

၅။ နောက်ဆုံး ဆုံးရှုံးရမှာကတော့ အဓိက ကရင်တိုင်းရင်းသား၊ သျှမ်းတိုင်းရင်းသား ပြည်သူတွေပဲလေ။ တိုင်းပြည် မငြိမ်းချမ်းလို့ ဆယ်စုနှစ် များစွာ ကြိတ်မှိတ်ခံနေရတဲ့ တိုင်းရင်းသားပြည်သူတွေ အခုလည်း ဒီပုတ်ထဲက ဒီပဲ ဘာမှမထူးခြားနား၊ တိုင်းပြည် နာလိုက်လေခြင်း။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး လောက်ကောင်တွေ တိုင်းပြည်ကို ကိုင်လှုပ်တော့မယ်။ ပြည်သူများ သတိရှိကြကုန်လော့။

Credit - Soe Naing

#YawMinGyi #နိုင်ငံရေးကဏ္ဍ #ငြိမ်းချမ်းရေး

Share:

Tags: “KNU,ရဲ့,အသံတိတ်,အာဏာသိမ်းမှုနဲ့,ငြိမ်းချမ်းရေး,အယောင်ဆောင်,လောက်ကောင်များ”

Author : Administrator
Comments
Leave a Comment