• +95 (0)9 425 705 270
  • info@cdes.org.mm

NCA ၂ နှစ်ပြည့် အခမ်းအနား ကျင်းပမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနား ကို လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ နိုင်ငံတော်အဆင့် ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတော် အကြီးအကဲတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေ တက်ရောက်မယ်လို့ သိရပါတယ်။

အခမ်းအနားနဲ့ပတ်သက်ပြီး အသေးစိတ်ကို မနက်ဖြန်မှာ အစိုးရ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။ "မနှစ်ကထက်တော့ နည်းနည်းအချိန်ပိုယူမယ့်သဘောရှိတယ်၊ မနှစ်ကခေါင်းဆောင်တွေ မအားလို့ နေ့တဝက် လုပ်တယ်၊ ကျနော်တို့က နေပြည်တော်ကို ဒီနေ့ရောက်မယ်၊ မနက်ဖြန်မှ အစိုးရကျင်းပရေးနဲ့ ညှိနှိုင်းရမယ် ဆိုတော့ အသေးစိတ်ကတော့ မသိသေးဘူးခင်ဗျ၊ အဲ့ပွဲအတွက် အစိုးရပိုင်းကတော ဒီကနေ့ သူတို့ဝန်ကြီး ဌာနတွေအချင်းချင်း ညှိနှိုင်းပွဲကျင်းပတယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မူဝါဒချပေးပြီးတော့ လမ်းညွှန်လိုက်ပြီ ဆိုတော့ အားလုံးဝိုင်းလုပ်နေကြတာပေါ့"

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အနည်းငယ် သွေးအေးသွားပေ မယ့် ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကနေ ခေါင်းဆောင်တွေအားလုံး ပါဝင်ဆွေးနွေးသွားမယ်ဆိုရင် ပြန်ပြီး အားကောင်းလာနိုင်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် အရေးမှာ နိုင်ငံတကာရဲ့ ဖိအားကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဘက် မလှည့်နိုင်တာဖြစ်ပြီး ၂နှစ်ပြည့် အခမ်းအနားကနေ ငြိမ်းချမ်းရေးလမ်းစဉ်ကို ရှေ့ဆက်လို့ ရပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

တတိယအကြိမ်မြောက်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမကျင်းပခင် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာဖို့ မျှော်လင့်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး ABSDF စတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၈ဖွဲ့ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့က အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးလက်မှတ် ရေးထိုး ထားတာ ဖြစ်ပါတယ်။

Share:

Tags: NCA,၂,နှစ်ပြည့်,အခမ်းအနား,ကျင်းပမည်

Author : Administrator
Comments
Leave a Comment