• +95 (0)9 425 705 270
  • info@cdes.org.mm

NCA နှစ်နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန် မြောက်ပိုင်း မဟာမိတ်ခုနစ်ဖွဲ့နှင့် UNFC အဖွဲ့တို့အား ဖိတ်ကြားမည်။

အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည့် NCA စာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန် မြောက်ပိုင်း မဟာမိတ် ခုနစ်ဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များအား ဖိတ်ကြားမည်ဟု ပအိုဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Ladies News သို့ ပြောကြားသည်။
 
အတိုင်းပင်ခံရုံး ၀န်ကြီးဌာနနှင့် ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ ပါဝင် သည့် ပူးတွဲ ကျင်ပရေး ကော်မတီက ဖိတ်မှာဖြစ်ပြီး ဖိတ်ကြားဖြစ်မည် ဆိုပါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပူးတွဲကျင်းပရေး ကော်မတီ ကိုယ်စား ဖိတ်စာထုတ်မှာ ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
 
`ချင်းမိုင်လေးဖွဲ့ (UNFC) ရှိတယ်၊ နောက် မြောက်ပိုင်းခုနစ်ဖွဲ့ ရှိတယ်၊ အစိုးရရဲ့ ဖိတ်ကြားစာရင်းထဲမှာ ထည့်ထားတာ တွေ့ရတယ်။ ကျွန်တော်တို့လည်း သဘောတူတယ်။ အစိုးရ ကျင်းပရေးကော်မတီ ရှိတယ်၊ အတိုင်းပင်ခံရုံး ၀န်ကြီးဌာနနဲ့ PC နဲ့ ပူးပေါင်းပြီး ဆောင်ရွက် ပါတယ်။ အထူးသဖြင့်တော့ ဖိတ်ကြားတာကတော့ ကျင်းပရေး ကော်မတီထဲမှာ ပူးတွဲပါပေမယ့် တကယ် ဖိတ်မယ်ဆိုရင်တော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်က ပူးတွဲကျင်းပရေး ကော်မတီ ကိုယ်စား ဖိတ်စာထုတ်မှာ ဖြစ်ပါတယ်။ ဖိတ်စာလည်း ဒီနေ့လောက်မှ ထွက်ဖြစ်မယ်၊ သို့သော်လည်း ကြိုတင်ပြင်ဆင်ဖို့ လိုတဲ့ဟာတွေကို ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ပို့ထားတာ ရှိပါတယ်` ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
 
မြောက်ပိုင်းခုနစ်ဖွဲ့မှ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) ၏ ပြောရေးဆိုခွင့် ဗိုလ်မှူးတာဖုန်းကတော့ အစိုးရအနေဖြင့် ၄င်းတို့ မြောက်ပိုင်း ခုနစ်ဖွဲ့အား တစ်ဖွဲ့ချင်းစီ ဖိတ်ကြားမည်ဆိုပါက တက်ရောက်မည် မဟုတ်ပဲ ၄င်းတို့ ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ (FPNCC) အနေဖြင့် ဖိတ်ကြား မည်ဆိုပါက တက်ရောက်မည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချထားသည်ဟု The Ladies News သို့ ပြောကြားသည်။
 
`ကျွန်တော်တို့မှ ဆုံးဖြတ်တစ်ခုရှိတာက FPNCC ကော်မတီအနေနဲ့ ဖိတ်မယ်ဆိုရင် တက်မယ်ဆိုပြီး အစည်းအဝေးမှာ ဆုံးဖြတ်ထားတာ ရှိပါတယ်။ ကျွန်တော်တို့ ကော်မတီအနေနဲ့ ဖိတ်မယ်၊ နောက်ပြီး ဆွေးနွေးတင်ပြခွင့်တွေ ပေးမယ်ဆိုရင် တက်ဖို့ ဆုံးဖြတ်ချက် ရှိထား ပါတယ်` ဟု ၄င်းကပြောကြားသည်။
 
သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ ကရင့်အကျိုးပြု တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။
 
အောင်ရဲနောင်
The Ladies News
Share:

Tags: NCA,နှစ်နှစ်ပြည့်,အခမ်းအနားသို့,တက်ရောက်ရန်,မြောက်ပိုင်း,မဟာမိတ်ခုနစ်ဖွဲ့နှင့်,UNFC,အဖွဲ့တို့အား,ဖိတ်ကြားမည်။

Author : Administrator
Comments
Leave a Comment