• +95 (0)9 425 705 270
  • info@cdes.org.mm

ရခိုင်အမျိုးသားကောင်စီ လက်မှတ်ထိုးတော့မည်ဖြစ်၍ NCA ထိုးမည့်အဖွဲ့ သုံးဖွဲ့ဖြစ်လာ။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ရခိုင်အမျိုးသားကောင်စီ (ANC)က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင်ပါဝင်ရန် ဆုံးဖြတ်ခဲ့၍ ဖေဖော်ဝါရီ ၁၃ ရက်၌ NCA လက်မှတ်ထိုးမည့် အဖွဲ့သုံးဖွဲ့ ရှိလာမည်ဟု အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စား လှယ်များက ပြောကြားသည်။

မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့် UNFC အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပလျက်ရှိရာ အစည်းအဝေး ဒုတိယနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၁ ရက်တွင် ANC က NCA ၌ပါဝင်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း NMSPမှ နိုင်အောင်မငေးက ပြော သည်။

နိုင်အောင်မငေးသည် UNFC၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိ နှိုင်းရေး   ကိုယ်စားလှယ်အဖွဲ့ (DPN) ဒုတိယအဖွဲ့ခေါင်းဆောင် လည်းဖြစ်သည်။

ANC အဖွဲ့ပါ NCA ရေးထိုးမည်ဖြစ်၍ ဖေဖော်ဝါရီ ၁၃ ရက် တွင် ပြုလုပ်မည့် လက်မှတ်ထိုးပွဲ အစီအစဉ်များကို အသေးစိတ်ပြန် လည်ညှိနှိုင်းရမည်ဟု နိုင်အောင် မငေးက ဆိုသည်။

‘‘သူတို့လည်း ကျွန်တော်တို့ နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ NCA ကို ထိုးကြမယ်ဆိုတော့ ဝမ်းသာစရာပေါ့။ ရက်တွေ ရွှေ့ စရာမလိုဘူး။ အစီအစဉ်လည်း အရင်အတိုင်းပဲ’’ဟု ၎င်းက ပြော သည်။

NCA လက်မှတ်ထိုးရန် ဆုံး ဖြတ်ခြင်းနှင့်ပတ်သက်၍ မေးမြန်းရန် ANC အထွေထွေအတွင်းရေး မှူးနှင့် UNFC ဗဟိုအလုပ်အမှု ဆောင် ဦးထွန်းဇော်ထံ ဆက်သွယ်ရာ အဆက်အသွယ်မရရှိပေ။

ANC အဖွဲ့ NCA လက်မှတ် ရေးထိုးမည်ဆိုသည့် အကြောင်း ကြားမှုကို ရရှိကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင် ဇော်ဦး (ငြိမ်း)က အတည်ပြု သည်။

KNPP က NCA တွင် ပါဝင်ရန် အဆင်သင့်မဖြစ်သေးဟုဆို

ထို့အပြင် ကျန်ရှိနေသည့် UNFC အဖွဲ့ဝင် ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) ထံကလည်း ဆက်သွယ်မှုရရှိ ကြောင်း ၎င်းက ဆိုသည်။

‘‘KNPP က သူတို့လည်း ဆက်သွယ်ပါတယ်။ သူတို့အဆင် သင့်မဖြစ်သေးလို့ပါတဲ့။ သူတို့ကို နားလည်ပေးပါတဲ့။ အဆင်သင့် ဖြစ်တယ်ဆို ဒီဖေဖော်ဝါရီလထဲ မှာ သူတို့ ထပ်ဆက်သွယ်ပါမယ် တဲ့။ သူတို့မှာလည်း ထိုးဖို့မူတော့ ရှိပါတယ်တဲ့’’ဟု ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦး (ငြိမ်း)က ပြော သည်။

KNPP အဖွဲ့ NCA ထိုးရန် အဆင့်သင့်မဖြစ်သေးခြင်းသည် ၂၀၁၇ ဒီဇင်ဘာက KNPP ရဲဘော်သုံးဦးနှင့် အရပ်သားတစ်ဦး သေဆုံးသည့်ဖြစ်စဉ်နှင့်ပတ်သက် ကြောင်း နိုင်အောင်မငေးက ဆို သည်။

‘‘ရဲဘော်သုံးယောက်နဲ့ အ ရပ်သားတစ်ယောက် သတ်ဖြတ် ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပွင့်လင်း မြင်သာမှုမရှိသေးဘူးပေါ့။ အဲဒါ ကို သူတို့ တောင်းဆိုနေရင်းဆို တော့၊ ဒါအတွက် အဆင်သင့် မဖြစ်သေးဘူး။ အကယ်၍များပွင့်လင်းမြင်သာမှုဖြစ်လာမယ်ဆို ရင် သူတို့ NCA လမ်းကြောင်း လိုက်ပါမယ်လို့ပဲ ကျွန်တော်တို့ UNFC မှာ ဆန္ဒပြုထားတယ်’’ဟု နိုင်အောင်မငေးက ဆိုသည်။

တပ်မတော် ယာဉ်တန်းကို တားဆီးခြင်းနှင့် ပတ်သက်၍ ကယားပြည်နယ် လွိုင်ကော်မြို့ နှင့် ခုနစ်မိုင်အကွာရှိ KNPP ကင်းစခန်းမှ ရဲဘော်များကို ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)လက်အောက်ခံတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် ၎င်းတို့သည် ဒီဇင်ဘာ ၂၀ ရက်တွင် သေဆုံး ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ KNPP က ၎င်းတို့ တပ်ဖွဲ့ ဝင်များကို ဒကစ (လွိုင်ကော်) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ် ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး ဒကစ (လွိုင်ကော်)ကမူ အပြန်အ လှန်ပစ်ခတ်မှုဖြစ်ပွား၍ KNPP တပ်ဖွဲ့ဝင်များ သေဆုံးခြင်းဖြစ် ကြောင်း ရှင်းလင်းထားသည်။ ယင်းဖြစ်စဉ်ကို တပ်မတော်စုံစမ်း စစ်ဆေးရေးခုံအဖွဲ့က စစ်ဆေး နေသော်လည်း စစ်ဆေးမှုရလဒ် ကို တစ်လခွဲကျော်ကြာသည်အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

KNPP အဖွဲ့ NCA လက် မှတ်ထိုးနိုင်ရေး ဆွေးနွေးရန် ဖေဖော်ဝါရီအတွင်းပင် ဆက်သွယ်ဆောင်ရွက်လာနိုင်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ဆိုသည်။ UNFC တွင် အဖွဲ့ဝင်လေးဖွဲ့ရှိရာ သုံးဖွဲ့က NCA လက်မှတ်ထိုးရန်ဆုံးဖြတ်ခဲ့၍ KNPP တစ်ဖွဲ့တည်းသာလက်မှတ်ထိုးရန် ကျန် ရှိတော့သည်။

NCA လက်မှတ်ထိုးမည့် မွန်နှင့် လားဟူအဖွဲ့တို့ကို မတရားအသင်းမှပယ်ဖျက်

တစ်ဖက်တွင်လည်း အစိုးရ က NCA လက်မှတ်ရေးထိုးတော့ မည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အ စည်းအရုံး (LDU) တို့ကို မတရား အသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်၌ အမိန့် ကြော်ငြာစာထုတ်ပြန်ခဲ့သည်။ ထို့ အပြင် NMSP နှင့် LDU တို့သည် အ ကြမ်းဖက်သူများမဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။

NCA စာချုပ်အရ လက်မှတ် ထိုးသည့် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် သတ်မှတ် ထားခြင်းမှ ပယ်ဖျက်ပေးရမည် ဖြစ်သည်။

‘‘အခု ဒါကို တရားဝင်ထုတ် တဲ့အတွက်ကြောင့် ပြည်သူတွေ တစ်ရပ်လုံး ကျွန်တော်တို့ရဲ့ အ ရင်ကထက်စာရင် ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင် ရွက်နိုင်တာပေါ့’’ဟု နိုင်အောင် မငေးက ဆိုသည်။

ထို့အပြင် နိုင်ငံတကာအဖွဲ့ အစည်းများ၊ အလှူရှင်နိုင်ငံများ အပါအဝင် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့်လည်း ပွင့်လင်းစွာ ဆက်သွယ်ဆောင်ရွက်နိုင်တော့ မည်ဟု ၎င်းက ပြောသည်။

NCA တွင် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လွှတ်တော်၊ တပ်မတော် ခေါင်းဆောင်အားလုံး  လက်မှတ် ထိုးမည်

NCA လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်၌ ကျင်းပ မည်ဖြစ်ရာ အစိုးရဘက်မှ နိုင်ငံ တော်သမ္မတအပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ခေါင်း ဆောင်အားလုံး ပါဝင်လက်မှတ် ထိုးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က အတည်ပြုသည်။

‘‘နိုင်ငံတော်သမ္မတရော၊ အတိုင်ပင်ခံရော၊  ဒုသမ္မတ  နှစ် ယောက်ရော၊ လွှတ်တော်ဥက္ကဋ္ဌ  နှစ်ယောက်ရော၊ တပ်က တပ်ချုပ်၊ ဒုချုပ် အကုန်ထိုးပါမယ်’’ဟု ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က ပြောသည်။

ယခုလက်မှတ်ထိုးပွဲသို့ ယခင်အစိုးရလက်ထက်က NCA ဖြစ်ပေါ်လာရေး ညှိနှိုင်းဆောင် ရွက်ခဲ့သည့် ခေါင်းဆောင်ကိုယ် စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပအသိသက်သေများအား ဖိတ် ကြားထားကြောင်း သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

ယခု NCA လက်မှတ်ထိုးပွဲ သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ လုပ်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုး ရလက်ထက် ပထမဆုံးအကြိမ် ဖြစ်သည်။

ယခင် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ အောက်တိုဘာ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ NCA လက်မှတ်ရေးထိုးခဲ့ရာ ယခု သုံးဖွဲ့တိုးလာ၍ စုစုပေါင်း လက် မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ဖြစ် လာမည်ဖြစ်သည်။


Source - http://www.7daydaily.com/story/120148


Share:

Tags: ရခိုင်အမျိုးသားကောင်စီ,လက်မှတ်ထိုးတော့မည်ဖြစ်၍,NCA,ထိုးမည့်အဖွဲ့,သုံးဖွဲ့ဖြစ်လာ။

Author : Administrator
Comments
Leave a Comment