• +95 (0)9 425 705 270
  • info@cdes.org.mm

ဝ နှင့် မိုင်းလားတပ်ဖွဲ့ နှစ်ခု အန်စီအေကို လက်ခံလိုက်ပြီဟု ငြိမ်းချမ်းရေးကော်မရှင် ပြော။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ မိုင်းလားတပ်ဖွဲ့တို့ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အန်စီအေကို လက်ခံလိုက်ပြီလို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ အကူအညီပေးမှုနဲ့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အလွတ်သဘော ဆွေးနွေးချက်တွေအရပေါ့ဗျာ။ သူတို့ နှစ်ဖွဲ့စလုံးက အန်စီအေကို လက်ခံလိုက်ပါပြီ။ လက်မှတ်ထိုးဖို့အတွက်တော့ ဆက်ပြီး ဆွေးနွေးကြရဦးမှာပေါ့။”

ဝ တပ်ဖွဲ့ ဦးဆောင်နေတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ အန်စီအေစာချုပ်မှာ ပါဝင် လက်မှတ်ထိုးလာကြဖို့ ငြိမ်းချမ်းရေးကော်မရှင်က ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

မိုင်းလားတပ်ဖွဲ့ ပြောခွင့်ရ ဦးကြည်မြင့်ကလည်း သူတို့အနေနဲ့ အန်စီအေကို ဆန့်ကျင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ အန်စီအေကို ဆန့်ကျင်တာ မရှိပါဘူး။ ဒါပေမယ့် မပြည့်စုံလို့  နည်းနည်း လိုသေးတယ်ဆိုတဲ့ ပြည့်စုံအောင် ဆွေးနွေးမယ်ဆိုတာပါ။ အန်စီအေကို ကျနော်တို့ မဆန့်ကျင်ပါဘူး။”

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တို့အနေနဲ့ အန်စီအေကို လက်မခံဘဲ အန်စီအေ ပြင်ပလမ်းကိုသွားမယ်လို့ မနှစ်က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြားမှာ တရုတ်အထူးကိုယ်စားလှယ်  မစ္စတာ စွန်းကော်ရှန်းက ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒုတိယပင်လုံညီလာခံကို မြောက်ပိုင်းတပ်ဖွဲ့ ကိုယ်စားလှယ်တွေ တက်နိုင်ခဲ့တာဟာလည်း သူ့ရဲ့ ညှိနှိုင်းပေးမှုကြောင့် ဖြစ်ပါတယ်။

 

source - http://burmese.dvb.no/archives/258581

Share:

Tags: ဝ,နှင့်,မိုင်းလားတပ်ဖွဲ့,နှစ်ခု,အန်စီအေကို,လက်ခံလိုက်ပြီဟု,ငြိမ်းချမ်းရေးကော်မရှင်,ပြော။

Author : Administrator
Comments
Leave a Comment