• +95 (0)9 425 705 270
  • info@cdes.org.mm

(PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် Interview။

၂၀၁၉မှာ တိကျတဲ့ ဖက်ဒရယ်အခြေခံမူ လက်ဝယ်ရရှိမှသာ 
မူနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ပြုပြင်ဖော်ဆာင်နိုင်မယ်

----- ----- ---- ---- -----

နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့်နိုင်ငံရေးအသိုင်းအဝိုင်းက ငြိမ်းချမ်းရေး
ဖြစ်စဉ်အား တိုးတက်မှုမရှိ နှောင့်နှေးနေသည်ဟု ဝေဖန်နေကြသည်။ 
တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကအကောင်အထည်ဖေါ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံကို ၆လ 
တစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားသော်လည်း လက်တွေ့တွင် ကျင်းပ
နိုင်ခြင်းမရှိပေ။

မြေပြင်အခြေအနေတွင်လည်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ထိုသို့သောအခြေအနေများနှင့်ပတ်သက်ပြီး NCA တွင် 
လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကို The Ladies News က 
ဆက်သွယ်မေးမြန်းထားပါသည်။

မေး - လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ကို နှောင့်နှေးနေတယ်၊ ရှေ့ မရောက်ဘူးဆိုပြီး ဝေဖန်နေတယ်ခင်ဗျ.........

ဖြေ - မှန်ပါတယ်။ နှောင့်နှေးတယ်ဆိုတာက ကျွန်တော်တို့ကိုယ်တိုင်လည်း ဝန်ခံပါတယ်။ ဘာကြောင့်လည်းဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါနေတဲ့ တာဝန်ရှိတဲ့နေတဲ့ အဖက်ဖက်က တာဝန်ရှိတယ်လို့ပြောနိုင်တာပေါ့။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံက ကျွန်တော်တို့သတ်မှတ်ထားတာက ၆လလျင်တစ်ကြိမ်၊ အနည်းဆုံးတစ်နှစ်လျင် ၂ကြိမ် ယေဘူယျပေါ့လေ။ 
အခုက တစ်နှစ်လျင် ၁ကြိမ်အနိုင်နိုင်ကျင်းပနေရတော့ တာဝန်ရှိတဲ့သူ 
အားလုံးမှာတော့ နှေးတယ်ဆိုတာ ဝန်ခံရမှာပေါ့။

မေး - အခုလိုနှောင့်နှေးနေရတဲ့အကြောင်းအရင်းက ဘာကြောင့်များလည်း..

ဖြေ - ကျွန်တော်သိတာ အဓိကက သုံးလေးခု လောက်ဖြစ်နေတယ်။ တစ်ခုတည်းမဟုတ်ဘူး။ ရှင်းရှင်းဝန်ခံရမယ်ဆိုရင်တော့ တပ်မတော်အစုအဖွဲ့ ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာထားတဲ့ နည်းဗျူဟာပေါ့ဗျာ။ 
အဲဒါလည်းပဲ တချို့နေရာတွေမှာနည်းနည်းအခက်အခဲရှိတယ်။တစ်ပြိုက်နက်တည်းမှာပဲ ကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကိုယ်၌မှာလည်းပဲ တာဝန်ရှိတယ်ဗျ။နှောင့်နှေးတဲ့ဟာလေ။
မလိုလားအပ်ဘဲနဲ့ review တို့ နောက်ပြီးတော့ မလိုလားအပ်ဘဲနဲ့ အချိန်ညှိနှိုင်းလို့မရတာတို့ ၊မလိုလားအပ်ဘဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲများမကျင်းပနိုင်တာ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမပြုလုပ်နိုင်တာ၊ အဲဒါတွေက အားလုံးမှာတာဝန်ရှိတယ်ဗျ။
ဘက်တစ်ဘက်တည်းမဟုတ်ဘဲနဲ့ အစိုးရဘက်ရော တပ်မတော်ဘက်ရော ကျွန်တော်တို့ EAO ဘက်ရော အားလုံးပူးပေါင်းဆောင်ရွက်မှရမယ့်ကိစ္စတွေမှာ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ဗျာ။
ဘယ်ဘက်ကိုမှ အပြစ်မတင်ဘဲ ပြောရရင်တော့ အားလုံးမှာတာဝန်ရှိတဲ့ 
ကိစ္စမျိုးတွေဖြစ်လာတယ်။ဖြစ်လာတဲ့အခါကျတော့ အဲဒီလိုအကြောင်းပြချက် တွေနဲ့ ပြသာနာတွေနဲ့ သူ့ဘက် ကိုယ့်ဘက်၊ သူ့ကိစ္စမပြီးလို့ ကိုယ့်ကိစ္စမပြီးလို့ ဆိုတဲ့ဟာတွေနဲ့ ကျနော်တို့က NCA အကောင်အထည်ဖေါ်တဲ့ လုပ်ငန်းစဉ်အပါအဝင်ပေါ့။
ငြိမ်းချမ်းရေးလုပ်ငန်းတွေဟာ အခုတစ်နှစ်ပေါ့ အချိန်ပုပ်သွားတယ်၊ ၆လနဲ့ ဆက်လုပ်ရမယ့်ဟာကအခု တစ်နှစ်ဖြစ်သွားတယ်။တစ်နှစ်မှာလည်းပဲ ထိထိရောက်ရောက်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် NCA အကောင်ထည်ဖေါ်တဲ့ လုပ်ငန်းစဉ်ဆက်သွားနိုင်ဖို့ ကတော့ လက်ရှိကြိုးပမ်းနေတဲ့အချိန်ပေါ့ဗျာ။

မေး - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတာနဲ့ပတ်သက်ပြီး အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ ကြားမှာ သဘောထားကွဲလွဲမှုတွေရှိနေတယ် လို့ ပြောဆိုနေကြတယ်ခင်ဗျ

ဖြေ- ကျွန်တော်ထင်တာတော့ သဘောထား ကွဲလွဲတာမဟုတ်ဘူးဗျ။ သဘောထားကွဲလွဲတာ မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ မူလကတည်းက NCA ကို ကျွန်တော်တို့ မူကြမ်းရေးကတည်းကိုက တိုင်တိုင်ပင်ပင်နဲ့လုပ်ခဲ့တာ ၂နှစ်ကြာတယ်။ 
အဲဒီမှာ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကျင်းပ ခြင်းဆိုတာရှိတယ်။ ပုံစံအမျိုးနဲ့ အဆင့်ဆင့်ကျင်းပမယ်။ ပြီးတဲ့အခါကျတော့ အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲကိုတက်လှမ်းမယ်၊ စသည်ဖြင့် အဲဒါတွေက သူ့အချိန်သူ့ကာလနဲ့ ရှိခဲ့ပါတယ်။ 
၂၀၁၅ အောက်တိုဘာ ၁၅ လက်မှတ်ထိုးပြီး နောက်မှာ ၂၀၁၅ နှစ်ကုန် ၂၀၁၆ဆိုရင် KNU တို့ပြီးပြီ။၂၀၁၆ ထဲမှာ ကျွန်တော်တို့လည်း ကြိုးပမ်းကြတယ်။ ၂၀၁၇ မှာ ကျွန်တော်တို့ PNLO ကလည်းဆောင်ရွက်နိုင်တယ်။
နောက်ပြီး ချင်းအဖွဲ့ကလည်းဆောင်ရွက်နိုင်တယ်။ မိမိတို့ရဲ့ပင်ကိုယ်ကြိုးပမ်းမှုနဲ့လည်းဆိုင်တယ်။ 
ဥပမာ မွန်၊ မွန်က ဖေဖေါ်ဝါရီ ၁၃ရက်နေ့မှာ လက်မှတ်ထိုးတယ်။ ကျွန်တော်တို့ထက် ၂နှစ်နောက်ကျတယ်။ ၂နှစ်နောက်ကျပြီးထိုးတဲ့ မွန်က အခြေနေအရပ်ရပ်ကိုသုံးသပ်ပြီးတော့ အခွင့်အလမ်းကိုလက်မလွတ်ဘဲနဲ့ အခုဆိုရင် မွန်အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲ တရားဝင်ဖွဲ့လိုက်ပြီ။ နိုင်ငံရေးလမ်းကြောင်းပေါ်ကိုတက်လှမ်းလာ နိုင်တဲ့အခြေအနေဖြစ်သွားတယ်။ 
ဒါကြောင့် ဆန္ဒရှိလားမရှိလားဆိုတာလည်းမူတည်တယ်။ ၂နှစ်ကျော်ကြာခဲ့တဲ့အဖွဲ့တချို့ကမလုပ်နိုင်သေးဘူး။ အခုလပိုင်းပဲရှိသေးတဲ့ လက်မှတ်ထိုးတဲ့အဖွဲ့ကလုပ်နိုင်တယ်။ အဲဒါကို နှိုင်းယှဉ်ကြည့်လို့ရှိရင်တော့ တာဝန်ရှိမှုကတော့ အားလုံးမှာရှိတယ်ဆိုတဲ့သဘောပေါ့ဗျာ။ ဒါပေမယ့် ကာယကံရှင်မှာလည်းပိုပြီးတော့ တာဝန်ရှိမလားပေါ့။ ကျွန်တော် အဲလိုသုံးသပ်တယ်။

မေး - အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဖော်ဆောင်တဲ့နေရာမှာ တပ်မတော်နဲ့ ထိတွေ့ ဆောင်ရွက်မှုများတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုနည်းတယ်ဆိုပြီးဝေဖန်မှုတွေလည်းရှိနေတယ်..

ဖြေ - ဟုတ်ပါတယ်။ အဲဒါလည်းပဲ မှန်သင့်သလောက်မှန်ပါတယ်။ဘာကြောင့်လည်းဆိုတော့ လောလောဆယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ မြန်မာပြည်ရဲ့နိုင်ငံရေးသမိုင်းအစဉ်အလာအရလည်းကောင်း တပ်မတော်က တော့သူ့အနေအထားမှာသူကအခိုင်အမာရှိနေတယ်။ သူ့အနေအထားမှာ သူရဲ့ political power ပေါ့။ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်အဆင့်တစ်ခုမှာ သူကရှိနေတဲ့အခါကျတော့ လက်ရှိရွေးကောက်ပွဲနိုင်တဲ့ NLD အစိုးရအနေနဲ့ တိုင်းပြည်ကိုအုပ်ချုပ်ပြီးတော့ စီမံခန့်ခွဲဖို့ဆိုတဲ့နေရာမှာ သူ့ ဆီမှာ သူရဲ့ mandate က ရာခိုင်နှုန်းပြည့်တယ်လို့မပြောနိုင်ဘူး။
ဒါကြောင့် တပ်မတော်နဲ့ ညှိနှိုင်းပြီးခရီးဆက်နိုင်မှသာလျင် တိုင်းပြည်အုပ် ချုပ်ပြီး သူ့ mandate ကိုပို့ဆောင်နိုင်မှာ။ 
ဒါကြောင့် ဦးစားပေးအနေနဲ့ တပ်မတော်နဲ့အပြန်အလှန်ညှိနှိုင်းပြီးတော့ ရှေ့ခရီးဆက်နိုင်အောင်၊ ဒါကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ထူးခြားတဲ့ သဘာဝအရ လုပ်ရတယ်လို့ ကျွန်တော်မြင်တယ်။
သို့သော် တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ရှိရင်တော့ တိုင်းရင်းသားတွေကို အားပြုရမယ်ဆိုတာလည်းမှန်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေအထဲမှာလည်းပဲ လက်ရှိ NLD အစိုးရနဲ့ ဒီမိုကရေစီလမ်းကြောင်းအရပေါ့ဗျာ။ ပူးပေါင်းဆောင်ရွက်ဖို့ ယုံယုံကြည်ကြည်အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားတဲ့အဖွဲ့ရှိသလို ရွေးကောက်ပွဲက ၅နှစ်တစ်ကြိမ်၊ အဲဒီမှာ ပါတီက ပြောင်းလဲနေတယ်။ အစိုးရပြောင်းလဲနေတယ်။ အစဉ်အလာအားဖြင့် အခိုင်အမာရှိတဲ့ တပ်မတော်နဲ့ပဲ အဆင်ပြေအောင်လုပ်ရမယ်ဆိုပြီး စဉ်းစားတဲ့ တိုင်းရင်းသားအဖွဲ့ကလည်းရှိတယ်ဗျ။ 
အဲဒီလိုရှိတဲ့အဖွဲ့တွေက လက်ရှိအစိုးရနဲ့ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ 
နည်းနည်းအား ပျော့တာရှိတာပေါ့။ ဒါကြောင့် အားလုံးကတော့ သုံးပွင့်ဆိုင် သုံးဦးသုံးဖလှယ်တာဝန်ရှိတဲ့ ကိစ္စ ဖြစ်ပါတယ်။ 
တိုင်းရင်းသားတွေရော လက်ရှိ အစိုးရရော တပ်မတော် သုံးဦးသုံးဖလှယ်ရှိတဲ့ အခါကျတော့ အဲဒီသုံးဦးသုံးဖလှယ် ကျကျနန ထိုင်ဆွေးနွေးပြီးတော့ ညှိနှိုင်းနိုင်တဲ့ အရည်အချင်းအပြင်အဆင်ကလည်းအားနည်းတယ်။ 
ရှိတာက UPDJC ရှိတယ်၊ သုံးပွင့်ဆိုင်သဘော JICM ရှိတယ်၊ သုံးပွင့်ဆိုင်သဘော သို့သော် အဲဒီလို သုံးပွင့်ဆိုင်သဘောဆောင်တဲ့ ညှိနှိုင်းနိုင်တဲ့နေရာတွေကလည်း ခဏခဏ ဆုံတွေ့ခွင့် မရှိဘူးဗျ။ 
အဲဒီအပေါ်မှာ ကျွန်တော်တို့ပြန်သုံးသပ်ပြီးတော့ လက်ရှိမြန်မာပြည်ရဲ့ အနာဂတ်ကို ပုံဖေါ်နိုင်မယ့် အစိုးရရယ် တပ်မတော်ရယ် တိုင်းရင်းသားအဖွဲ့တွေ မကြာခဏ ဆုံတွေ့နိုင် မယ့် platform တစ်ခုပေါ့၊ နိုင်ငံရေးကိစ္စ၊ တိုင်းရေးပြည်ရေးကိစ္စတွေညှိနှိုင်းနိုင်မယ့် platform တစ်ခုကတော့ သွက်သွက်လက်လက်ဖေါ်နိုင်ဖို့ လိုမယ်ဗျ။
အဲဒါဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့လုပ်ငန်းစဉ်ရော အဆင့်အလိုက်အဆင်ပြေသွားမယ်လို့ ကျွန်တော် ယူဆတယ်ဗျ။

မေး - ပြီးခဲ့တဲ့လပိုင်းက လမ်းဖေါက်လုပ်တာကို အကြောင်းပြုပြီး တပ်မတော်နဲ့ KNU ကြားစစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တော့ ။ အခုလက်ရှိမှာ NCA မှာလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ တပ်မတော်ကြား ဆက်ဆံရေးက ဘယ်လို အနေအထားမျိုးရှိလည်းခင်ဗျ .....

ဖြေ - တချို့နေရာတွေကြတော့ တပ်မတော်ကလည်း သူရဲ့အနာဂတ်နိုင်ငံရေးမျှော်မှန်းချက် ရှိရင်လည်းရှိမှာပေါ့ဗျာ။
အဲဒီအပေါ်မှာလည်းပဲ သူတို့ လှုပ်ရှားမှုတချို့ရှိတာကိုး၊ သို့သော်လည်းပဲ ကျွန်တော်တို့ NCA လမ်းကြောင်းကို လျှောက်လား၊ မလျှောက်ဘူးလား နောက်ပြီးတော့ NCA လမ်းပြ မြေပုံအတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံကို ပုံမှန်မခေါ်ဘူးလား၊ ခေါ်မလား၊ ငြိမ်းချမ်းရေးညီလာခံမှာလည်း ရလဒ်ကောင်းတွေထွက်အောင် ကျွန်တော်တို့ မပါဘူးလား၊ ပါမလား။ အဲဒီမေးခွန်းတွေတော့ရှိတာပေါ့။ 
ရှိတဲ့အခါကျတော့ လောလောဆယ်တော့ NCA မှာပါတဲ့ လမ်းပြမြေပုံအတိုင်း ဆက်သွားဖို့ လမ်းပြမြေပုံကို အကောင်အထည်ဖေါ်ဖို့ တပ်မတော်ကတော့ ဟန့် တားတာ ကျွန်တော်မတွေ့ဘူး။
သို့သော်လည်းပဲ အဲဒီလမ်းပြမြေပုံအတိုင်းသွားမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွေမှာ ထွက်လာမယ့် ရလဒ်တွေကတော့ ညှိနှိုင်းရမှာပေါ့။ ကျွန်တော်တို့လိုချင်တဲ့ ရလဒ်အတိုင်းကတော့ တပ်မတော်ကတော့ လက်ခံမှာတော့မဟုတ်ဘူး။ အပေးအယူလုပ်ပြီး ညှိနှိုင်းခြင်းအားဖြင့် ကျွန်တော်တို့ က ဒီနိုင်ငံရေးဆွေးနွေးပွဲကို အသက်ပါပါပေါ့ဗျာ သရုပ်ဖေါ်သွားနိုင်ဖို့တော့ လိုတယ်။ 
အဲဒီအခြေအနေကို နှောင့်နှေးနေရင်တော့ အောက်ခြေမှာ အသေးအဖွဲတွေ့ထိမှုလေးတွေဘာလေးတွေ ပြသာနာလေးတွေတော့ တောက်လျှောက်ရှိနေနိုင်တယ်ဗျ။ 
အဲဒါလည်း တစ်ပါတီချင်း တစ်ဖွဲ့ ချင်းကို မူတည်တယ်လို့ ကျွန်တော်ယူဆပါ တယ်။

မေး - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်နဲ့ ဆက်ဆံရေးကကျတော့ ဘယ်လိုအခြေအနေများရှိပါသလည်း ခင်ဗျ .....

ဖြေ - ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အကြီးအကဲတွေကတော့ တိုင်ပြည်ရဲ့ အနာဂတ်ရေး တိုင်းပြည်ရဲ့သာယာဝပြောရေး၊ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုရှိနေတယ်လို့ ကျွန်တော်ယူဆတယ်ဗျ။ သို့သော်လည်းပဲ ရှေ့ခရီးဆက်ရမယ့်ကိစ္စမှာ သို့တည်းမဟုတ် ကျွန်တော်တို့ အသေးစိတ်ပေါ့ဗျာ၊ အကောင်အထည်ဖေါ်တဲ့ ကိစ္စတွေမှာကျတော့ ကွဲလွဲမှုရှိကောင်းရှိနိုင်တာပေါ့။ 
ဒါပေမယ့် ယေဘူယျအားဖြင့်ခြုံကြည့်ရင်တော့ တိုင်းပြည်တစ်ခုလုံးရဲ့ နိုင်ငံတကာအရေးအခင်း သို့တည်း မဟုတ် ပြည်တွင်းအရေးအခင်း၊ အမျိုးသား ဂုဏ်သိက္ခာ၊ တိုင်းပြည်ဂုဏ်သိက္ခာအပေါ်မှာတော့ ပူးပေါင်းဆောင်ရွက်နေတယ်လို့တော့ ကျွန်တော်ယူဆတယ်။

မေး - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ရဲ့ ဆက်ဆံရေးကကျတော့ ကောင်းတယ်လို့ ယူဆလို့ရမလားဗျ ...

ဖြေ - ကျွန်တော်မြင်တာတော့ သူကဏ္ဍနဲ့သူပေါ့။ တိုင်းပြည် ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီးတော့ ကောင်းတယ်။ ပြည်တွင်းမှာ အသေးစိတ်လုပ်ရမယ့်ကိစ္စတွေမှာတော့ ညှိနှိုင်းဖို့လိုမယ်။ 
ဥပမာ စစ်ရေး ပဋိပက္ခတွေဖြစ်နေတဲ့နေရာက စစ်ရှိုန်တွေဘာတွေလျှောဖို့ဆိုတဲ့ကိစ္စမျိုးကျတော့ ဒါ ညှိနှိုင်းဖို့လိုမယ်။ 
ညှိနှိုင်းဖို့လိုတဲ့အပိုင်းက အတွင်းစည်းဖြစ်ပြီးတော့ အပြင်စည်းမှာကျတော့ ပူးပေါင်းဆောင်ရွက်မယ်။ ကျွန်တော် အဲဒီလို ယူဆတယ်။

မေး - ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကကျတော့ မေလထဲမှာလုပ်မယ့် ငြိမ်းချမ်း ရေးညီလာခံကို ဘယ်လိုအကျိုးသက်ရောက်မှုရှိ နိုင်မလည်း ခင်ဗျ

ဖြေ - ကျွန်တော်ထင်တာကတော့ ၂၁-ပင်လုံနဲ့ တော့ တိုက်ရိုက်မဆိုင်ဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ ဖြစ်ပွားနေတဲ့ ကာယကံရှင်အဖွဲ့အစည်းတွေက ၂၁-ပင်လုံနဲ့ပတ်သက်ပြီးတော့ တရားဝင် mandate ပေါ့ဗျာ၊ တရားဝင်ပါဝင် တက်ရောက်ဖို့ လမ်းကြောင်းကမပွင့်သေးဘူး။
ဥပမာ NCA လက်မှတ်ထိုးထားခြင်းမရှိသေးဘူး။ နောက်ပြီးတော့ bilateral လို့ခေါ်တဲ့ နှစ်ဦးနှစ်ဖက် ရရှိထားတဲ့အချက်တွေကလည်းအားနည်းနေသေးတယ်။ 
အဲဒီလိုရှိနေတော့ လက်ရှိ ၂၁- ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက NCA ကပေါက်ဖွားလာတဲ့ ညီလာခံဖြစ်တဲ့အတွက် NCA ကျောရိုးပေါ်မှာပဲ ကျွန်တော်တို့က လျှောက်လှမ်းရမှာဖြစ်တယ်။
ပဋိပက္ခဖြစ်တဲ့ဒေသမှာရှိတဲ့ လက်ရှိအဖွဲ့အစည်းတွေက NCA ကျောရိုးပေါ်မှာ NCA ဝင်ရိုးပေါ်မှာ ပါဝင်ပတ်သက်လည်ပတ်မှုက မရှိသေးဘူးဖြစ်နေတယ်။ ဖြစ်နေတော့ အဲဒီပဋိပက္ခတွေကြောင့် NCA အကောင်ထည်ဖေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလို ကိစ္စမျိုးမှာ တိုက်ရိုက်တော့ သက်ရောက်မှုမရှိဘူးလို့ ကျွန်တော်ယူဆတယ်။

မေး - ဒါဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံး အပေါ်မှာတော့ ဘယ်လို 
အဟန့်အတားဖြစ်စေလည်း ခင်ဗျ .....

ဖြေ - တိုက်ပွဲဖြစ်နေတာကတော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် မဖြစ်သင့်တဲ့ ကိစ္စပေါ့ဗျာ။ မဖြစ်သင့်တဲ့ကိစ္စဖြစ်တဲ့အတွက် နှစ်ဖက်စလုံးကတော့ စဉ်စားဖို့လိုတယ်။
တပ်မတော်ကလည်းစဉ်းစားရမယ်။ ကာယကံရှင်အဖွဲ့အစည်းကလည်းစဉ်းစားရမယ်။ 
ဘာဖြစ်လည်း ဆိုတော့ ကျွန်တော်သိသလောက် ကာယကံရှင်အဖွဲ့အစည်းဖြစ်တဲ့ KIO ကို ၂၀၁၅ ခု အောက်တိုဘာ ၁၅မှာ NCA လက် မှတ်ထိုးဖိုးအတွက် ဖိတ်စာကို အဲဒီအချိန်တုန်း က သမ္မတဦးသိန်းစိန်က ပေးပို့ခဲ့ပါတယ်။ အဲဒီတုန်းက တပ်ပေါင်းစု (UNFC) မှာလည်း သူတို့ က ခေါင်းဆောင်ဖြစ်တယ်။ အဲဒီဖိတ်စာက အခုအချိန်ထိ ကျွန်တော်သိသလောက်ပြန်ရုတ်သိမ်း တာမရှိသေးပါဘူး။ ဖိတ်စာကို မဖိတ်တော့ဘူး။ ဖိတ်ထားတာရုတ်သိမ်ပြီလို့လည်း ပြောသံမကြားဘူး။
ဒါကြောင့် ဖိတ်စာက အခုအချိန်အထိ အသက်ရှင်နေသေးတယ်လို့ယူဆပါတယ်။ NCA ဝင်ရောက်လက်မှတ်ထိုးဖို့ ဖိတ်စာကို အခုအချိန်အထိ နောက်ထပ်တက်တဲ့ အစိုးရသစ်ကလည်း ကန့်ကွက်တာတို့ ရုတ်သိမ်းတာတို့ မရှိတဲ့အတွက် ဒီဖိတ်စာက အသက်ဝင်နေသေးတယ်။
ဒါကြောင့် တပ်မတော်နဲ့ ပဋိပက္ခဖြစ်တဲ့ အဖွဲ့အစည်းအနေနဲ့လည်း ဒီဖိတ် စာတွေကိုကိုင်ပြီးတော့ အခွင့်အလမ်းတွေရှိနေသေးတယ်ဆိုရင် ညှိနှိုင်းပြီးတော့ လုပ်သင့်တာ လုပ်မယ်ဆိုရင်တော့ ဒီပဋိပက္ခတွေက အများကြီးလျှော့သွားနိုင်တယ်လို့ ကျွန်တော်ယူဆပါတယ်။

မေး - ၂၀၁၈နှစ်ကုန် သို့မဟုတ် ၂၀၁၉ အတွင်းမှာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ အခြေခံမူတွေကို ၂၁-ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကနေ ချမှတ်မယ်ဆိုတဲ့ ဗိုလ်မှူးကြီးတို့ရဲ့ မျှော်မှန်းချက်ကရော ခင်ဗျ....

ဖြေ - အဲဒါက ကျွန်တော်တို့လွန်ခဲ့ ဧပြီလ ၂၀နဲ့ ၂၁မှာပြုလုပ်တဲ့ နိုင်ငံရေး ကဏ္ဍ အလွတ်သ ဘော ဆွေးနွေးပွဲပေါ့ဗျာ။ အဲဒီအလွတ်သဘော ဆွေးနွေးပွဲမှာ ဒီအချက်ကိုပဲ ကျွန်တော်တို့ ဇောင်းပေးခဲ့ပါတယ်။
၂၁-ရာစုပင်လုံအစည်း အဝေးလည်းခေါ်ရမယ်။ ဒါပေမယ့်အစည်းအဝေးပဲဖြစ်ပြီးတော့ ရလဒ်မထွက်ရင်လည်း မကောင်းဘူး။ ဒါကြောင့် ရလဒ် ဆိုတာကလည်း ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူရလဒ်ပဲ ဖြစ်ရမယ်။ 
ဒါကြောင့်အဲဒီရလဒ်တွေ မထွက်ဘဲနဲ့ ညီလာခံခေါ်တာလည်းအဆင်မပြေသလို ရလဒ်တွေကို ကြိုတင်ပြီးတော့ သဘောတူညှိနှိုင်းထားတာမလုပ်ဘူးဆိုရင်လည်း ညီလာခံကျမှ ဆွေးနွေးချိန်နည်းတဲ့အတွက် ကျွန်တော်တို့က အခက်အခဲဖြစ်မှာ။
ဒါကြောင့် ဒီတစ်ခါ တော့ ရလဒ်တွေကို ကြိုတင်ညှိနှိုင်းပြီးတော့ ကျကျနန သဘာတူထားပြီးတော့မှ တရားဝင်ဖြစ်တဲ့ ၂၁- ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အတည်ပြုလိုက်နိုင်ရင်တော့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူတွေက ထပ်ပြီးတော့ အများကြီးထပ်ရလာနိုင်ပါတယ်။ 
ဒါကြောင့် နောက်ထပ်တစ်ကြိမ် သို့တည်းမဟုတ် နှစ်ကြိမ်လောက်ကျင်းပတဲ့နေရာမှာ ၂၀၁၉ မှာ တော့ ဖက်ဒရယ်အခြေခံမူတွေအတိအကျ လက် ဝယ်ရရှိမှသာလျင် ဒီမူတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေတစ်ရပ်ကို ပြုပြင်ပြောင်းလဲ ဖေါ် ဆောင်ရမှာဖြစ်ပါတယ်။ 
လက်ရှိအုပ်ချုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ဖက်ဒရယ်အခြေခံမူတွေနဲ့ ဆန့်ကျင်ကွဲလွဲတာတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဆင်နိုင်ဖို့အခွင့်အလမ်းကတော့ အဲဒီ ဖက်ဒရယ်အခြေခံမူတွေကို တရားဝင်လွှတ်တော်ကပြဌာန်းပေးနိုင်ရင်တော့ ကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်။
ဒါကြောင့် လွှတ်တော်က တရားဝင်ပြဌာန်းပေးနိုင်ဖို့အတွက် ပြည်ထောင်စုသဘောတူစာချုပ်ဆိုတာကို ကျွန်တော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကနေရလာတဲ့ ရလဒ်တွေနဲ့ ချုပ်ဆိုရမှာဖြစ်ပါတယ်။ 
ဒါကြောင့် အချိန်က သိပ်မကျန်တော့ဘူးဆိုတော့ ၂၀၁၈ တစ်နှစ်ရှိမယ်၊ ၂၀၁၉ နှစ်လယ်လောက်ပေါ့ဗျာ၊ နှစ်ဝက်လောက်ရှိမယ်။ အဲဒီအချိန်ကြားမှာ ကျွန်တော်တို့က တိတိကျကျ ဖက်ဒရယ်အခြေခံမူတွေလက်ဝယ်ရှိမှသာလျင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ရှေ့ရေးအတွက် ပိုပြီးတော့ ကောင်းမွန်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ထိုအတူပဲ ၂၀၂၀ရွေးကောက်ပွဲရဲ့ ပုံသဏ္ဍာန်နဲ့ ရွေးကောက်ပွဲရဲ့အလားအလာကိုလည်း သွားပြီးတော့ လွမ်းမိုးနိုင်မယ်လို့ ကျွန်တော်ယူဆပါတယ်။


အောင်ရဲနောင်
The Ladies News

Share:

Tags: (PNLO),နာယက,ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့်,Interview။

Author : Administrator
Comments
Leave a Comment