• +95 (0)9 425 705 270
  • info@cdes.org.mm

JMC အဆင့်ဆင့်မှ အတွင်းရေးမှူးများ အစည်းအဝေး ကျင်းပ။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်မှ အတွင်းရေးမှူးများသည် ၂၀၁၈ ခုနှစ်၊ မေလ ၇ ရက်တွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ JMC ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို အသေးစိတ် ဆွေးနွေးညှိနှိုင်းလျက် ရှိပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အသီးသီးမှ အတွင်းရေးမှူးများ ပါဝင် တက်ရောက်လျက်ရှိပါသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် အတွင်းရေးမှူး နှစ်ဦး ပါဝင်ဖွဲ့စည်းထားပြီး အတွင်းရေးမှူး (၁) အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်က တာဝန်ယူပြီး အတွင်းရေးမှူး (၂) အဖြစ် အစိုးရကိုယ်စားလှယ်က တာဝန်ယူ ဆောင်ရွက်ပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) များကို ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းထားပါသည်။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) များကို ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့တို့တွင် ဖွဲ့စည်းထားရှိပါသည်။

ယနေ့ ကျင်းပသည့် အစည်းအဝေးမှာ JMC အဆင့်ဆင့်မှ အတွင်းရေးမှူးများ၏ ပထမဆုံးအကြိမ် စုံညီအစည်းအဝေးဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ အောင်မြင်မှုနှင့် အခက်အခဲများ၊ ရုံးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာ JMC အလိုက် အသေးစိတ် ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။

Share:

Tags: JMC,အဆင့်ဆင့်မှ,အတွင်းရေးမှူးများ,အစည်းအဝေး,ကျင်းပ။

Author : Administrator
Comments
Leave a Comment