• +95 (0)9 425 705 270
  • info@cdes.org.mm

PPST အဖွဲ့ဝင် ရဲဘော်သံခဲ Interview

လာမဲ့အလွတ်သဘောဆွေးနွေးပွဲမှာ အခုဖြစ်နေတဲ့ အကြပ်အတည်းကို တကယ်ကို တိုင်းပြည်အတွက် ရှေးရှုပြီးတော့ မူပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ကြေကြေလည်လည် ဆက်ပြီး ဆွေးနွေးနိုင်မှသာလျှင် တတိယပင်လုံ ညီလာခံ ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ပြောလို့ရနိုင်မယ်ဟု PPST အဖွဲ့ဝင် ရဲဘော်သံခဲ ပြောကြား
*********************************
ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ မေလ (၉) ရက်မှ (၁၁) ရက်နေ့အထိ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ (၁၉) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အ ဖွဲ့ (PPST) အစည်း အဝေးအပြီးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌ ရဲဘော်သံခဲ က အထက်ဖော်ပြပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ရဲဘော်သံခဲက “နိုင်ငံရေးဆွေးနွေးပွဲတွေက ရပ်တန့်ထား လို့တော့ မဖြစ်ဘူး။ ဒါကြောင့်မို့လို့ ဒီဆွေးနွေးပွဲတွေကို ဆက် လက်ဆွေးနွေးဖို့လိုတယ်။ ညီလာခံ သတ်မှတ်ထားတာ မေလနောက် ဆုံးပတ်မှာ ကျင်းပနိုင်ဖို့ ကြိုးပမ်းမယ်လို့ သတ်မှတ်ထားပေမဲ့ အချိန်က လည်းနီးကပ်နေပြီ။ နောက်ပြီးတော့ တစ်ဘက်နဲ့ တစ်ဘက် ကြားမှာ NCA ပေါ်ကနေ ပေါ်ထွက်လာတဲ့ အမျိုးသားအ ဆင့်နိုင်ငံရေးဆွေးနွေး ပွဲတို့၊ နောက်တစ်ခုက လူထုတွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်တွေ ဒီလိုဟာတွေမှာ တစ်ဘက်နဲ့ တစ်ဘက် အမြင်မတူမှုတွေကြောင့်မို့ တချို့အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေဟာ မလုပ်ဖြစ်တာတွေ ရှိတယ်။ တချို့ လူထုတွေ့ဆုံပွဲတွေဟာ ပိတ်ပင်ခံထားရတာတွေ ရှိတယ်။ ဒါတွေကို ဆက်ပြီးတော့ နှစ်ဘက်ကြားမှာ နားလည်မှုရယူဖို့ နှစ်ဘက်ကြားမှာ တကယ်ကို ယုံကြည်မှုရှိရှိနဲ့ အလုပ်လုပ်နိုင်ဖို့လိုတယ် လို့ ယူဆတယ်။ ကျွန်တော်တို့ အခုလိုပြောနေတာက NCA ကို ခိုင်မာစေချင်တာလဲ ပါတယ်။ NCA ဟာ ဆုံမှတ်တစ်ခုဖြစ်တယ်။ အားလုံးအတွက် စဉ်ဆက်မပြတ်တွေ့ဆုံနိုင်တဲ့ နေရာတစ်ခုလဲ ဖြစ်နေတာတော့ အမှန်ပဲ။ ဒီအပေါ်မှာ ဆက်ပြီးတော့ ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင်တော့ ငြိမ်းချမ်းရေးဖြစ် စဉ်ဟာ ထင်သလောက် မတိုးတက်နိုင်ဘူးဆိုတာ ယူဆလို့ရတဲ့အတွက် ဒါတွေကို ဆက်လက်ဆွေးနွေးဖို့လိုတယ်။” ဟု ထပ်မံ ပြောကြားခဲ့ပါ တယ်။ 
EAO တွေဘက်က ငြိမ်းချမ်းရေးညီလာခံကို ဖြစ်မြောက်စေချင်ကြောင်းနဲ့ အဓိပ္ပါယ်ရှိရှိ ပြည့်ပြည့်၀၀ နိုင်ငံရေးကို အဖြေထွက်နိုင်ဖို့လိုကြောင်း လည်း ရဲဘော်သံခဲက ယခုလိုဆိုသွားခဲ့ပါတယ်။ 
“ကျွန်တော်တို့အားလုံးက မျှော်လင့်တာက ငြိမ်းချမ်းရေးညီလာခံကို ဖြစ်မြောက်စေချင်တယ်။ ဒီငြိမ်းချမ်းရေးညီလာခံဖြစ်မြောက်ဖို့အတွက် အစိုးရမှာလည်းတာဝန်ရှိတယ်။ တပ်မတော်မှာလည်း တာဝန်ရှိတယ်။ ကျွန်တော်တို့ EAO တွေဘက်မှာလည်း တာဝန်ရှိတယ်။ ဒါပေမဲ့ ဒါတွေကို အဓိပ္ပါယ်ရှိရှိ ပြည့်ပြည့်၀၀ နိုင်ငံရေးကို အဖြေထွက်နိုင်ဖို့ လိုတယ်။ တိုင်းပြည်အတွက် လိုအပ်တဲ့ အနှစ်သာရရှိရှိ နိုင်ငံရေးရ လဒ်ကောင်းတွေ ထွက်ဖို့ ကျွန်တော့်တို့ လိုတယ်။”
ယခု (၁၉) ကြိမ်မြောက် PPST အစည်းအဝေးမှာ NCA-S EAO ရဲ့ နိုင်ငံရေးကဏ္ဍဆိုင်ရာအလွတ်သဘောဆွေးနွေးရေးအဖွဲ့ဝင်အရေအတွက်ကို (၇) ဦးကနေ (၉) ဦးအထိ ထပ်တိုးပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ် အဖွဲ့ခေါင်းဆောင်၊ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးအား ခန့်အပ်တာဝန်ပေးမှု ကို ဆုံးဖြတ်ချက်ချမှတ်ပေးခဲ့ပါတယ်။

Share:

Tags: PPST,အဖွဲ့ဝင်,ရဲဘော်သံခဲ,Interview

Author : Administrator
Comments
Leave a Comment