• +95 (0)9 425 705 270
  • info@cdes.org.mm

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း နှင့် တွေ့ဆုံမေးမြန်းခြင်း။

အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေ၊ ကြုံတွေ့ နေရ သည့်အခက်အခဲများ၊ တစ်နှစ်ကျော်ကြာသည်အထိ  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ တတိယ အကြိမ် အစည်းအဝေး မကျင်းပနိုင်သေးသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍  ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း နှင့်  တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။ 

မေး။ ။ လက်ရှိ အစိုးရနဲ့ အပစ်ရပ်ရှစ်ဖွဲ့ကြားမှာ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေကို ရှင်း ပြပေးပါဦး။ ဘယ်လို အခြေအနေ ရောက်နေပြီလဲ။

ဖြေ။ ။ ကျွန်တော်တို့ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အခုတော့ ၁၀ ဖွဲ့ရှိပြီ။ ၁၀ ဖွဲ့နဲ့ အစိုးရကြားမှာ လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်ကို ကြည့်မယ်ဆိုရင်တော့ တစ်ဖက်မှာ အခက်အခဲတွေရှိတယ်။ တစ်ဆို့မှုတွေရှိတယ်။ အဲဒီ့အခက်အခဲ ၊ တစ်ဆို့မှုတွေကို ကျွန်တော်တို့ ဘယ်လို ကျော် လွှားပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အမြန်ဆုံး ကျွန်တော်တို့ ပြန်ကျင်းပနိုင်မလဲ ဆိုတဲ့ နည်း လမ်း ကိုရှာနေတယ်။

မေး။    ။ ဘယ်လို အခက်အခဲတွေက ညီလာခံကျင်းပဖို့ ခက်နေတာလဲ။

ဖြေ။     ။ တစ်ဆို့မှုကတော့ အားလုံးသိတဲ့အတိုင်းပေါ့။ ၂၀၁၇ မေလမှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ဒုတိယအကြိမ် အစည်းအဝေးမှာ ကျွန်တော်တို့ ညှိလို့မရတဲ့ အချက်ရှိတယ်။ အဲဒီ့ ညှိလို့မရတဲ့အချက်ဆိုတာကတော့ package တွေလို့ခေါ်တဲ့ အထုပ်လိုက် အပေးအယူလုပ်တဲ့ဟာလေ။ ကျွန် တော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် အခြေခံမူက တစ်ဖက်။ တပ်မတော်က ဒီအချက်တွေကို ပေးမယ်။ ဒါပေမယ့် အာမခံချက်ရှိဖို့အတွက် ပြည်ထောင်စုထဲက မခွဲထွက်ရ၊ နိုင်ငံတော်၏ အစိတ်အပိုင်း ဟူသမျှသည် မည်သည့် အခါမျှ ခွဲထွက်ခြင်းမရှိစေရဆိုတဲ့ ဟာကို အပေးအယူ တစ်ခုအနေနဲ့ ကျွန်တော်တို့ကို အပေးအယူလုပ်ခဲ့တာဖြစ်တယ်။ အဲဒီ့အပေါ်မှာ အဆင်မပြေဘူး။ ညီလာခံကျင်းပပြီးတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေး ဆွေးနွေးမှုတစ်ခုလုံးကို ကျွန်တော်တို့ review လုပ်လိုက်တယ်။ နှစ်ဘက်စလုံးမှာ လုပ်တယ်ပေါ့နော်။ နှစ်ဘက်စလုံးမှာ လုပ်တဲ့အပေါ်မှာ မှာကျွန်တော်တို့ တိုင်းရင်းသားဘက်က တောင်းဆိုတဲ့ ဖက်ဒရယ် principle များဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ၊တန်းတူရေး တို့ ဖက်ဒရယ် priciple တို့ကို အပြည့်အဝမရနိုင်တဲ့အခါကျတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အကပိုင်း (၁) အဖြစ် လက်မှတ်ရေးတိုးထားကြတဲ့ ၃၇ ချက်ကို သူတို့က အားမလို အားမရ ဖြစ်ကြတယ်။ အဲဒီ့အပေါ်မှာလည်း ဝေဖန်မှုတွေ အမျိုးမျိုး ထွက်လာတာပေါ့။ ဒီလိုနဲ့ ကျွန် တော် တို့ ပြန်လည်သုံးသပ်မှု လုပ်ရင်း၊ လုပ်ရင်းနဲ့ အခုထိ တစ်နှစ်ကြာသွားတယ်။ ကျွန်တော်တို့ အနေနဲ့က NCA စာချုပ်အပေါ် မှာ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆောင် ရွက်မယ် ဆိုတာ အားလုံးက သဘောတူတယ်။ ပြီးတော့ NCA စာချုပ်ကို အခြေခံပြီးတော့ ဆောင်ရွက်နေတဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပမယ်ဆိုတာလည်း အားလုံးက သဘောတူတယ်။ ဒါပေမယ့် အဲဒီ့အတိုင်း ကျွန်တော်တို့ ဆောင်ရွက်တဲ့ အခါကျတော့ ခုနက ကျွန်တော်တို့ တွေးနေတဲ့ အမျိုးအသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲမှာ ကျွန်တော်တို့ အခက်အခဲတွေ့လာတယ်။ ဥပမာ ရခိုင် ALP က အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကျင်း ပလို့မရဘူး။ RCSS က ကျင်းပခွင့်ရတယ်။ ဒါပေမယ့် နေရာနဲ့ ကျင်းပတဲ့ ပုံစံတွေ ဆွေးနွေးရင်းနဲ့ အခက်အခဲတွေ တွေ့သွားတယ်။ ဥပမာအားဖြင့် အစိုးရနှင့် RCSS နှစ်ဘက်စလုံးသဘောတူထားတာက လင်းခေးမှာ ကျင်းပမယ် လို့ သဘော တူတယ်။ လူထုတွေ့ဆုံဆွေးနွေးပွဲ RCSS ကနေရာ (၂၀) မှာ ကျင်းပချင်တယ်။ (၁၄) နေရာမှာ ကျင်းပပြီးပြီ။ ဒါပေမယ့် ဆက်ပြီးတော့ ကျင်းပမယ့် တောင်ကြီးမြို့လို ကြီးကျယ်တဲ့နေရာတွေမှာ ဆက်လုပ်ဖို့ လုပ်ရင်းနဲ့ တပ်မတော်က လာတားတယ်။ အဲဒီ့တော့ သူတို့ ဆက်လုပ်လို့က မရဘူး။ အဲ့လိုနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပဖို့မရဘူး။ အဲတော့ ဘာဖြစ်သွားလဲဆိုတော့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် မှာ သဘောတူထားတဲ့ အတိုင်း ကျွန်တော်တို့ အလုပ်လုပ်လို့မရဘူး ဖြစ်သွားတယ်။ အခက်အခဲရှိသွားတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပလို့မရဘူး။ လူထုတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပလို့မရဘူး။ စသည်အားဖြင့် အခက်အခဲ တွေရှိလာတယ်။ ဒီအခက်အခဲကို ကျွန်တော်တို့ အနေနဲ့ ကျော်လွှားဖို့ ကြိုးစား တယ်။ ဒီနေရာမှာ ကျော်လွှားဖို့ ကြိုးစားတော့ ဟုတ်ပြီ ဒါဆိုရင် ဒီတစ်ပွဲစာအတွက် လာမယ့် ညီလာခံအထိ ကျွန်တော်တို့ လူထုတွေ့ဆုံပွဲ နဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မကျင်းပတော့ဘဲနဲ့ ပြီးခဲ့တဲ့ ညီလာခံမှာ ကျန်တဲ့ လက်ကျန်ခေါင်းစဉ်တွေကို ကျွန်တော်တို့ ဆွေးနွေးမယ်။ အဲ့လိုဆွေးနွေးနိုင်ဖို့ အလွတ်သဘော အစည်းအဝေးတွေ ကျင်းပမယ်ဆိုပြီးတော့   နှစ်ဘက်စလုံးက သဘောတူထားတယ်။ အလွတ်သဘော ဆွေးနွေး ပွဲဆိုတာက နံပတ်တစ် လွတ်လွတ်လပ်လပ်ဆွေးနွေးဖို့ ၊နံပတ်နှစ်ကတော့ တကယ့် တရားဝင် ဆွေးနွေးပွဲကို အထောက်အကူ ပြုဖို့အတွက် ကြိုးပမ်းပြီးတော့ နည်းလမ်းရှာဖို့ပေါ့။  ဒီနေရာမှာ အလွတ်သဘော ဆွေးနွေးပွဲ ရလဒ်ဆိုတော့ ပြည် သူလူထုကိုတော့ ရှင်းရှင်းလင်းလင်းတင်ပြချင်တာက  အလွတ် သဘော ဆွေးနွေးပွဲမှာ သဘောထားစုစည်း ချက် လေး လုပ်လို့ရတယ်။ ဆုံးဖြတ်ချက်ချလို့မရဘူး။ အဲဒီ့ သဘောထားစုစည်းချက်ကို အစိုးရဘက်က လည်း သူတို့ ထိပ်သီးတွေကို တင်ပြ မယ်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့  PPST ကို ပြန်လည် တင်ပြမယ်။ ပြီးလို့ရှိရင် ပြိုင်တူ ဆွေးနွေးရင်းနဲ့  ညီလာခံကို ဇွန်လ ၃၀ ရက်နေ့မှာ စတင်ကျင်းပနိုင်ဖို့ ကျွန်တော် တို့ ကြိုးစားနေပါတယ်။

မေး။ ။ တစ်နှစ်ကြာ အခက်အခဲဖြစ်နေတာက ဒီအကြောင်းအရာတွေ အပြင် အခြားရှိနိုင်သေးလား။

ဖြေ။ ။ အများကြီး ရှိနိုင်တယ်။ ကျွန်တော်က ဒီပြဿနာ တွေကို တင်ပြမယ်ဆိုရင်တော့ ဒါ မပြီးနိုင်တဲ့ ပြဿနာတွေ ဖြစ်တယ်။ နှစ်ပေါင်း ၇၀ ပြည်တွင်းစစ်ဖြစ်တယ်။ အဲဒီ့အထဲမှာ နာကြည်းမှုတွေရှိတယ်။ ၀မ်းနည်းမှုတွေရှိတယ်။ တစ်ယောက်ထိခိုက်မှု၊ အခြားတစ်ဖက်က ထိခိုက်မှု၊နစ်နာမှုတွေ ရှိတယ်။ ဒါတွေကို ပြန်ပြန်ဖော်မယ်ဆိုရင်တော့ ဒါတွေကမပြီးနိုင်တဲ့ ဇာတ်လမ်းတွေဖြစ်တယ်။ဆိုတော့ ကျွန်တော့် အနေနဲ့ကတော့ အတိတ်ကိုမေ့ဖို့တော့မဟုတ်ဘူး။ သင်ခန်းစာတွေယူရမယ်။ ပစ္စုပာန်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကျွန်တော်တို့ သုံးသပ်ပြီးတော့ အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်သင့် တယ်။ အဲဒီလိုပဲ မြင်ပါတယ်။ ဒီအချိန်မှာ တပ်မတော်ဘက်ကမှားလို့၊ အစိုးရ ဘက်ကမှားလို့ တိုင်းရင်းသား ဘက်က မှားလို့ အချင်းချင်း အပြစ်တင်ရမယ့် ကိစ္စမဟုတ်ဘူး။ အပြစ်တင်ရမယ့် အချိန်လည်းမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းပြည်ရဲ့ ပြဿနာက အင်မတန်မှာ နက်ရှိုင်းတဲ့ ပြဿနာ ဖြစ်တယ်။ အင်မတန်မှ ခက်ခဲတဲ့ ပြဿနာ ဖြစ်တယ်။ ဆိုတော့ ဒီအခက်အခဲ၊ ဒီပြဿနာတွေ ကြားကနေပြီးတော့ ကျွန်တော်တို့ ကြိုး စားပြီးတော့ နည်းလမ်းရှာဖို့သာဖြစ်တယ်။ 

မေး။    ။ ဒီပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ဘာတွေလုပ်သင့်သလဲ။

ဖြေ။     ။  ဒီ အခက်အခဲနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။တစ်ခုတော့ ကျွန်တော်တို့ လုပ်သင့်တယ်လို့ ထင်တာက NCA စာချုပ်ကို ကျွန်တော်တို့ ချုပ်ဆိုပြီးတော့ NCA စာချုပ်ဆိုတာ သမ္မတဦးသိန်းစိန်လက်ထက်မှာ လက်မှတ် ထိုးတာ ဖြစ်တယ်။     အစိုးရ အပြောင်းအလဲ ကာလမှာ ကျွန်တော်တို့က လုပ်ဆောင်ချက်တွေက အရင်အစိုးရ လုပ်ဆောင်ချက်နဲ့ အခုအစိုးရ လုပ်ဆောင်ချက်နဲ့က ဆက်စပ်မှု မရှိခဲ့ဘူး။ ဒါကပထမ ပြဿနာဖြစ်တယ်။ ဒုတိယပြဿနာက ကျနော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုပုံစံ Design နှင့် ပတ်သက်တယ်။ နဂိုကတည်းက ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်ကို design လုပ်တာပုံစံနှစ်မျိုး၊ နည်းနှစ်နည်းကို ပေါင်းစပ်လိုက်တာဖြစ်တယ်။ ပုံစံနှစ်ခုကို ပေါင်းစပ်လိုက်တာ ဖြစ်တော့ အဲဒီ့ပုံစံနှစ်ခုဆိုတဲ့ အထဲမှာ နံပတ်တစ်ကတော့ အောက်ခြေကနေ တဆင့် တဖြည်းဖြည်းတက်လာတဲ့ ချဉ်းကပ်ပုံမျိုး။ အဲဒီ့အထဲမှာ ကျွန်တော်တို့ အောက်ခြေဆိုတဲ့ နေရာမှာ လူထုရဲ့ အသံတွေ ပါအောင် လူထုအမြင်တွေ ပါအောင် ကျွန်တော်တို့ လုပ်ဆောင်တဲ့ နည်းဖြစ်တယ်။ အဲဒါတော့ ဘာလဲဆိုတော့ အခု ကျွန်တော်တို့ လူထုတွေ့ဆုံပွဲတွေလုပ်တယ်။ ပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တယ်။ ပြီးတော့အဲဒါကနေ တဆင့် ပြီး တဆင့် တက်လာတယ်။ UPDJC အစည်းအဝေး၊ UPDJC ကနေ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အဲဒီ့လို  အောက်ခြေကနေ တက်လာ တာဖြစ်တယ်။ နောက်ပုံစံတစ်ခု၊ ဒါမှမဟုတ် နည်းတခုက ကျွန်တော်တို့ top down လို့ ခေါ်တဲ့ အပေါ်ကနေ ဆုံးဖြတ်ပေးမယ့် ယန္တရား တစ်ခုလည်း ကျွန်တော်တို့ ဖန်တီးထားပါတယ်။ အဲဒီ့ ယန္တရားက JICM လို့ခေါ်တဲ့ အစည်း အဝေးဖြစ်ပါတယ်။ အဲဒီ့မှာ တကယ့် ထိပ်သီးတွေ ပါပါတယ်။ ဆိုတော့ အဲဒီ့ JICM ရဲ့ လုပ်ဆောင်မှုဟာ အမှန်တကယ်က နှစ်ခုရှိ တယ်။ တစ်ခုက အောက်ခြေကနေ တက်လာတဲ့ ဆွေးနွေးမှု အဆင့်ဆင့်မှာ ကြုံတွေ့နေတဲ့ အခက်အခဲ ၊ တစ် ဆို့မှု၊ ကျွန်တော်တို့ ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဖြစ်တယ်။ဖြေရှင်းပေးရမယ့် ယန္တရား ဖြစ်တယ်။ နောက်ပြီးလို့ရှိရင်အဲဒီ့ JICM က အမြင့်ဆုံးဖြစ်နေတဲ့အတွက် နိုင်ငံရေး ဦးဆောင်မှုပိုင်းမှာလည်းပဲ deadlock ဖြေရှင်းရေးအပြင်၊ deadlock ဖြေရှင်းရေးဆိုတာ ရှင်းရှင်းပြောရရင် အဖြေရှာတာပဲလေ။ ဘယ်လိုအဖြေရှာမလဲ ဘယ်လို လုပ်မလဲဆိုတဲ့ အပိုင်းကို နည်းနည်း လုပ်ပေးဖို့ လိုအပ်တယ်။ ကျွန်တော်ဖြစ် စေချင်တာကတော့ တကယ်လို့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးအောင်မြင်အောင် ဆက်လုပ်မယ်ဆိုရင်တော့ topdown ပေါ့။ ထိပ်သီးတွေ တွေ့ဆုံတဲ့ ပွဲမျိုးပိုပြီးတော့ လုပ်သင့်တယ်။ အခုထိ ထိပ်သည်းခေါင်းဆောင်များက တစ်ဆို့နေတဲ့ ပြဿနာများဖြေရင်းရေးနှင့် နည်းနာများရှာဖွေပြီး ရှေ့တိုးအောင်  လုပ်ပေးဖို့ဆိုတာ မရှိသလောက် အားနည်းနေပါတယ်။ အောက်ခြေကတက်လာတဲ့ Bottom Up ပုံစံတစ်ခုထဲနဲ့ပဲ သွားနေတော့ အခက်အခဲတစ်ဆို့မှုတွေ ဖြစ်နေပါတယ်။

မေး။ ။ ဒီအစိုးရလက်ထက်မှာ JICM က လေးကြိမ်ခေါ်ခဲ့တယ်လို့ သိရတယ်။ ပထမဆုံးအကြိမ်မှာ ဒေါ်အောင် ဆန်းစုကြည်မတက်ဘူး။ဒါပေမယ့်ဒုတိယအကြိမ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်တက်တယ်။လေးကြိမ်မြောက် မှာကျတော့ KNUဥက္ကဋ္ဌ  တို့ ၊ RCSS ဥက္ကဋ္ဌတို့မတက်တော့ဘူး။ မတက်တဲ့အပေါ်    ဒေါ်အောင် ဆန်းစုကြည်နဲ့ ဒုတပ်ချုပ်တို့ကတောင်  ပြောဆိုခဲ့ကြတာရှိတော့ အဲဒါက ဘယ်လိုဖြစ်သွားတဲ့သဘောလဲ။

ဖြေ။ ။ အဲဒီ့ အားနည်းချက်ကို ကျွန်တော်ပြောချင်တာက အစိုးရပိုင်းက  အစပိုင်းကိုပဲ ပြောတာ။ အစပိုင်းက အစိုးရဘက်ကဒေါ်အောင်ဆန်းစုကြည်မတက်ဘူး။ပြီးတော့နောက်ပိုင်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်တယ်။ ပိုကောင်းလာတာပေါ့ဗျာ။ ဒုတပ်ချုပ်ကိုယ်တိုင်တက်တယ်။ ပြီးတော့ လင်းခေးမှာ ဆွေးနွေးပွဲလုပ်ဖို့ ညှိနှိုင်းပေးနိုင်တယ်။ ပြီးတော့ ညီလာခံကို ကျွန်တော်တို့ စလုပ်ရအောင်ဆိုပြီးတော့ သဘောတူညီချက်တော့ ရှိလိုက်တယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒါတွေကို အကောင်အထည်မဖော်နိုင်ဘူး။ အဲဒီ့ အခါကျတော့ တစ်ဖက်မှာ အစိုးရ ဘက်က အာရုံစိုက်ပြီးတော့ JICM ကို ကျွန်တော်တို့  ဖိဖိစီးစီး လုပ်လာတဲ့ အခါကျတော့ ကျွန်တော်တို့ EAOs ခေါင်းဆောင်တွေက မတက်တော့ပြန်ဘူး။ ခုနက ပြောသလို။ နောက်ဆုံး ပွဲလိုဟာမျိုးတော့ KNU ဥက္ကဋ္ဌ ကြီးမတက်ဘူး။   RCSS ဥက္ကဋ္ဌ ကြီးမတက်ဘူး။ ကျွန်တော်တို့ CNF ဥက္ကဋ္ဌ လည်းမတက်ဘူး။ အစားထိုး တွေက ပဲ အစည်းအဝေးကို သွားတက်ကြတယ်။   အဲဒါကြောင့် ကျွန်တော် စကားပလ္လင်ခံပြီးတော့ ပြောတာက အစိုးရ ဘက်ကိုပဲ ကျွန်တော်တို့ အပြစ်တင်လို့မရသလို EAOs ဘက်ကိုလည်း ကျွန်တော်တို့ အပြစ်တင်လို့ မရဘူး။ နှစ်ဘက်စလုံးမှာ အားနည်းချက်ရှိတယ်။ အဲဒီ့ဟာ က ဘာလဲဆိုတော့ ထိပ်ဆုံးမှာရှိတဲ့ ခေါင်းဆောင်တွေက နေပြီးတော့မှ ဘယ်လို ကျွန်တော်တို့ကို ဦးဆောင် မလဲဆိုတဲ့ အပိုင်းမှာ အားနည်းတယ်ဆိုတာကို နှစ်ဘက် စလုံးမှာ ပြသနေတယ်။ အစပိုင်းက အစိုးရဘက်က နောက်ပိုင်းမှာ ကျွန်တော်တို့ EAOs ဘက်က နှစ်ဘက် စလုံးမှာ အဲ့လိုမျိုးဖြစ်နေတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က NCA နှစ်နှစ်ပြည့်အခမ်းအနား  လာမယ့်ညီလာခံ သုံးကြိမ် အတွင်းမှာ ဖက်ဒရယ်မူတွေကို အပြီးအပြတ်ရအောင် ဆောင်ရွက်ချင်တယ်လို့ပြောတာရှိခဲ့တယ်။ သူ အဲ့လို ပြောပြီးတဲ့ နောက်ပိုင်းမှာလည်း တခြား အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ အကောင်အထည်မဖော်နိုင်ဘူး။ ပြဿနာတွေ ဆက်တိုက်ဖြစ်လာတော့ တချို့ သုံးသပ်တာက  ဒီလိုအခြေခံမူတွေ ရရှိရေးကို မလိုလားတဲ့ အစုအဖွဲ့တွေ၊ ပုဂ္ဂိုလ် တွေ ရှိနေသလားပေါ့။ ဆရာတို့ကရော အဲ့လိုအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။။  ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီးက စောစောက ပြောသလိုပါပဲ။ အင်မတန်မှ ကျယ်ပြန့်တဲ့ ကိစ္စဖြစ်တယ်။ သမိုင်းကြောင်းအရလည်း နက်နဲတယ်။ ပြီးတော့ အခြေအနေ အရလည်း ဒီတိုင်းပြည်ကြီးမှာ အနှစ် ၇၀ ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီး ဖြစ်နေတယ်။ ဒီပြည်တွင်းစစ်ကို စတင်ဖန်တီးတဲ့ ပြဿနာ၊ ပြီးတော့  ပြည်တွင်းစစ်က တဆင့် ပြန်ပြီးဖန်တီးတဲ့ ပြဿနာအားလုံးကို  ဖြေရှင်းဖို့ လိုအပ်တယ်။ ဒီပြဿနာအာူလုံးကို တစ်ခါတည်းနှင့် ဖြေရှင်းဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ အဲ့လို ခက်ခဲတဲ့ အလုပ်ကို ကျွန်တော်တို့ လုပ်နေတဲ့ အချိန်မှာလည်းပဲ တစ်ဖက်မှာ ဒီဖြစ်စဉ်မှာ အဓိက ထဲထဲဝင်ဝင်ပါပြီးတော့မှ ဒီပြဿ နာကို မရ မက ဖြေရှင်းချင်တဲ့ ခေါင်းဆောင်တွေ ရှိသလို တခြားတစ်ဖက်မှာလည်းပဲ ဒီ ထဲထဲဝင်ဝင် လုပ်တဲ့ လူတွေဟာ လောလောလောလော လုပ်တယ်။ လမ်းချော်တယ်။ ခြေလှမ်းကျွံတယ်ဆိုပြီးတော့ စိုးရိမ် တဲ့သူတွေ လည်းရှိပါတယ်။ ဒါကတော့ ဖြစ်တတ်ပါတယ်။ အဲ့လို စိုးရိမ်တဲ့သူတွေကိုလည်း ကျွန်တော်တို့ အပြစ်တင်လို့ မရပါဘူး။ သူတို့ စိုးရိမ်မှုရှိနေတာကိုး။ ဥပမာဆိုရင် တပ်မတော်က စိုးရိမ်မှုရှိလို့ ပြည်ထောင်စု မခွဲထွက်ရေး ဆိုတဲ့ဟာကြီးကို သူတို့ အနေနဲ့ လာထည့်လိုက်တယ်။ ဒီစိုးရိမ်မှုတွေကို ကျွန်တော်တို့ အနေနဲ့ကတော့ အလေးအနက်ထားဖို့ပဲ လိုတယ်လို့ မြင်ပါတယ်။ အဓိက ကျွန်တော်မြင်တဲ့ ပြဿနာက ဒီအချိန်မှာ တပ်မတော် ကလည်းပဲ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ခံစားချက် ၊ လိုလားချက်၊ ဆန္ဒ၊ မျှော်မှန်းချက်တွေဟာဘာလဲ။ ကျွန်တော်တို့ နစ်နာချက်လို့ထင်တာတွေကဘာလဲ။  ကျွန်တော်တို့ရဲ့လိုလားချက် ကဘာလဲဆိုတာတွေကို ကျွန်တော်တို့ ရှုထောင့်ကနေပြီးတော့ သူတို့က ၀င်နေရာယူပြီးတော့ ကြည့်ပေးပြီးတော့ နားလည်ခံစား ပေးဖို့လိုသလို ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင် တွေကလည်းပဲ တပ်မတော် စိုးရိမ်ချက်ကဘာလဲ။ ပြည်သူလူထုရဲ့ လိုလားချက်က ဘာလဲ။ အစိုးရ ဆန္ဒက ဘာလဲ။  ဒါတွေကို နားလည်ပေးဖို့ လိုတယ်လို့ ကျွန်တော်မြင်တယ်။ ဘာလို့လဲဆိုတော့ နှစ်ဘက်စလုံးက နားလည်မှု ရှိရှိနဲ့ အပြန်အလှန် အပေးအယူမလုပ်ဘူး ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်က မအောင်မြင်နိုင်ဘူး။ အခုဟာက တစ်ဖက်သတ်ဆန်တဲ့ ဆန္ဒတွေက ပိုပြီးတော့ ပြင်းထန်နေတယ်။ တစ်ဖက်စီရဲ့ ဆန္ဒ လိုလားချက်ကို ဖော်ထုတ်တာပဲရှိတော့ အခြားတစ်ဖက်က လိုလားချက် ကို ဘယ်လိုထည့်သွင်းပေးမလဲဆိုတဲ့အပိုင်းမှာ အားနည်းတယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်ပြောချင်တာ အလွယ်ဆုံးကတော့  အချင်းချင်းအပေးအယူ မလုပ်လို့မရဘူး ။

မေး။    ။ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေအကြား ရှိနေတဲ့ အခြေအနေက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ NCA မှာ ပါဝင်လာရေးအပိုင်းမှာ ဘယ်လို သက်ရောက်မှုရှိစေလဲ။ အဟန့်အတား ဖြစ်သွားစေလား။

ဖြေ။     ။ သူတို့ ပါဝင်လာဖို့အပိုင်းမှာ အဟန့်အတားဖြစ်တယ်ဆိုတာ ပြောမလား မသိဘူး။ သူတို့ မ၀ံ့မရဲ ဖြစ်သွားစေတာ မျိုးတော့ ရှိကောင်းရှိမယ်။ တကယ့်လက်တွေ့ကျကျ ပြန်သုံးသပ်မယ်ဆိုရင် ပထမအခက်အခဲက အစိုးရနဲ့ တပ် မတော်အကြားမှာ အမြင်တစ်ခုမရှိတဲ့ဟာ ကျွန်တော်တို့အတွက် အခက်အခဲဖြစ်စေတယ်။ဒါက ပွင့်ပွင့်လင်း လင်းပြောရလိမ့်မယ်။  အစိုးရနဲ့ တပ်မတော်အကြားမှာ မူတစ်ခု အပေါ်မှာပဲ သူတို့ တစိုက်မက်မက်လုပ် မယ်ဆို ရင် ကျွန်တော်တို့ အနေနဲ့ ဆွေးနွေးတဲ့အခါ ပိုလွယ်တာပေါ့။ နှိုင်းယှဉ်ပြီး ပြောရရင် ဦးအောင်မင်း ခေတ်တုန်းက ဦးအောင်မင်းပြောတဲ့ဟာကို ကျွန်တော်တို့ နားလည်လိုက်တာက သမ္မတကလည်း သူ့ကို ခွင့်ပေးတယ်။ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ကြီးကလည်း သဘောတူတယ်။ အဲဒီဟာမျိုး ဆွေးနွေးတယ်ဆိုတော့ သူနဲ့ သဘော တူအောင် ဆွေးနွေးနိုင်တယ်ဆိုရင် ရှေ့တိုးလို့ရတယ်ဆိုတာ နားလည်တယ်။  အခုအခက်အခဲက ဘာလဲဆို အစိုးရဘက်က သဘောတူတဲ့ဟာကို တစ်ခါတစ်လေ အစည်းအဝေးမှာ တပ်မတော်ဘက်က သဘောမတူ တဲ့ အကြောင်း ပြောနေတာမျိုးရှိတယ်။ တပ်မတော်ဘက်က တခါတရံ လိုက်လျောမှု ရှိချင်တဲ့ ပုံစံမျိုးကိုပြရင် အစိုးရ ဘက်က လိုက်မလုပ်နိုင်တဲ့ အခက်အခဲ လိုဟာမျိုးလည်း ကျွန်တော်တို့ တွေ့ရတယ်။ ဥပမာ တစ်ခု ပြောရရင် ပြီးခဲ့တဲ့ ရှမ်းပြည်လူထုတွေ့ဆုံပွဲ ။ အစိုးရဘက်က ထောက်ခံပေးတယ်။ ပြည်နယ်အဆင့် မြို့နယ်အဆင့်တွေကို ကူညီပေးဖို့ ထောက်ခံစာတွေ ရေးပေးတယ်။ တပ်မတော်က လက်မခံဘူး ပြန်ရုပ်သိမ်းရတယ် စသည်အား ဖြင့်ပေါ့။  ဆိုတော့ အဲဒီအတွက်ကြောင့် ကျွန်တော် တစ်ယောက်တည်းအမြင်အရတော့ အစိုးရနဲ့ တပ်မတော် ဟာကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေတင်ပြတဲ့ ဖက်ဒရယ် အခြေခံမူ မှာ သော်လည်းကောင်း ဒီမိုကရေစီ အခြေခံမူ မှာသော်လည်းကောင်း ဘယ်လောက် အတိုင်းအတာအထိ အတူ တကွလက်ခံနိုင်သလဲ လက်မခံဘူးလဲ ဆိုတာ သိတယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ပြန်ပြီးတော့ ဘယ် လိုတုန့်ပြန်မလဲဆိုတာ ပိုလွယ်မယ် လို့ထင်တယ်။  အခုက အစိုးရက ဘာလက်ခံလို့ တပ်မတော်က ဘာလက် ခံတယ်ဆိုတဲ့အပိုင်းမှာ နည်းနည်းအခက်အခဲရှိတယ်။  တစ်ခါတစ်လေကျတော့ တချို့ခေါင်းဆောင်တွေ ပြော တာပေါ့ အစိုးရ နှစ်ရပ်နဲ့ ကျွန်တော်တို့ ညှိနှိုင်းနေရတာ မလွယ်ဘူးဆိုပြီး ပြောတယ်။ ဒီအခက်အခဲက လက်မှတ် မ ထိုးသေးတဲ့ အဖွဲ့တွေအပေါ်မှာ သက်ရောက်မှု အတိုင်းအတာ တစ်ခုထိ ရှိမယ်လို့ထင်တယ်။

 မေး။   ။ အစိုးရ၊ တပ်မတော်နဲ့ လက်မှတ်ထိုးအဖွဲ့တွေကြားထဲမှာ ဒီလို ပြဿနာတွေဖြစ်ပြီး ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ မကျင်းပနိုင်ဘူး။ NCA အကောင်အထည်ဖော်မှု အပိုင်းမှာ အားနည်းတယ်။ အဲဒီလို အခြေအနေမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို ဘယ်လိုသတင်းစကား ပါးလိုလဲ။

ဖြေ။     ။ သူတို့ အမြန်ဆုံးပါဝင်လာတာ အကောင်းဆုံးပဲ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးက NCA စာချုပ် မချုပ်တဲ့အပေါ်မှာ နံပါတ်တစ်အနေနဲ့ ကျွန် တော်တို့ဘက်က အားနည်းတယ်။ တိုင်းရင်းသားအားလုံးရဲ့ အမြင်ကို တစ်စုတစ်စည်းတည်း ဖော်ပြနိုင်တယ် ဆိုရင် အစိုးရဘက် တပ်မတော်ဘက်ကလည်း ကျွန်တော်တို့ကို ပိုပြီးတော့ လေးစားအသိအမှတ်ပြုပြီးတော့ ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲကို ပိုပြီး အရေးတယူလုပ်ပေးမယ်လို့ မြင်တယ်။   တချို့တပ်မတော်ကိုယ်စား လှယ် တွေရဲ့ ဆွေးနွေးချက်ကို နားထောင်ကြည့်တဲ့အခါ ကျွန်တော်တို့ မှာ ၀ှက်ဖဲများ ရှိနေသလိုလို ဘာလို့လဲဆိုတော့ တချို့ပဲ လာဆွေးနွေးတယ် တချို့က မလာသေးဘူး စသည် အားဖြင့်ပေါ့။ ကျွန်တော်အမြင်ကတော့ ဒီတိုင်း ပြည် ပြဿနာကို အားလုံးဝိုင်းဝန်းပြီး အဖြေရှာတဲ့နေရာမှာ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ ရော ပေါင်းပြီး အဖြေရှာတဲ့ နည်းလမ်းက အကောင်းဆုံးဖြစ်တယ်လို့မြင်တယ်။   ဒီလို လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ ရှိနေတဲ့ အပေါ်မှာ ဆွေးနွေးတဲ့ပုံစံကလည်း မခိုင်မာနိုင်ဘူးပေါ့။ ဒီမေးခွန်းကို အတိုချုံး ပြန် ပြောမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအား လုံးအတူ တကွ NCA စာချုပ်လက်မှတ်ထိုးပြီး အတူတကွ ဆွေးနွေးတာ ကျွန်တော်တို့ တိုင်းရင်းသားတွေ အတွက်လည်း ကောင်းတယ်။ တစ်နိုင်ငံလုံး အတွက်လည်းကောင်းတယ်။

မေး။    ။  ပြဿနာတွေရှိနေပေမယ့် NCA ကနေပဲ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ရအောင်လုပ်ဖို့ ဆိုတာမျိုးလား။

ဖြေ။     ။ ကျွန်တော့်အမြင်က ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်က NCA လမ်းကြောင်းကလွဲလို့ တခြားလမ်းကြောင်း မရှိ ဘူး။ NCA စာချုပ် NCA လမ်းကြောင်းက အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော် တို့ နှစ်ပေါင်း ခုနစ်ဆယ်အတွင်းမှာ တပ်မတော်နဲ့ ကျွန်တော်တို့ အကြားမှာ အခိုင်အမာ သဘောတူနိုင်တဲ့ သဘောတူစာချုပ်ဆိုတာ ဒီတစ်ခုပဲရှိတယ်။ ကျွန်တော်တို့ကို ဒီတစ်ခုကပဲ ကိုင်တွယ်နေတာ ဖြစ်တယ်။ တစ်ခုတည်းသော ယန္တရားဖြစ်တယ်။ ထို့အတွက်ကြောင့် ဒီယန္တရားကိုပဲ အသုံးချဖို့  လိုမယ်လို့မြင်တယ်။ အဲဒီလိုမှ မဟုတ်ဘဲ အခြားနည်းလမ်း ရှာမယ်ဆိုရင်လည်း တခြားနည်းလမ်းက ဒီထက်ကောင်းတဲ့ နည်းလမ်းမဖြစ်နိုင်ဘူး။ အချင်းချင်း ပြန်တိုက်ခိုက်ကြဖို့ပဲရှိတယ်။ ကျတော်တို့တိုင်းပြည်ရဲ့ နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းစစ်အတွေအကြုံရ ပြောရရင် စစ်ရေးနှင့် ဒီပြဿနာကို ဖြေရှင်းလို့မရဘူး ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် အခု ဖြစ်ပွါးနေတဲ့တိုက်ပွဲတွေက ကျတော်တို့တိုင်းပြည်အတွက် အဖြေမပေးနိုင်ဘူး။   

မေး။    ။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်နေတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်  ဘာတွေမျှော် လင့်ပါသလဲ။ ဘာတွေရော အကြံပြုလိုလဲ။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျွန်တော်တို့ လူထုခေါင်းဆောင်ပဲလေ။  ကျွန်တော်တို့က ၈၈မျိုးဆက် ကျောင်းသားတွေပဲ။ သူ့ရဲ့ ပုဂ္ဂိုလ်ရေး၊ သူ့ရဲ့ သိက္ခာ၊ သူ့ရဲ့ ဦးဆောင်မှုကို ကျွန်တော်တို့ ဘာမှ သံသယမရှိဘူး။ အပြည့်အ၀ ထောက်ခံတယ်။ သို့သော် NLD အစိုးရရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်တဲ့ အပိုင်းမှာတော့ လူအင်အား ယန္တရား အင်အား တော်တော်အားနည်းတာကိုတော့ ကျွန်တော်တို့ ထောက်ပြရ လိမ့်မယ်။  ဒါပေမယ့် ဒီအားနည်းချက်ကို ကျွန်တော်တို့ အနေနဲ့ ပြန်သုံးသပ်မယ်ဆိုရင် ပြဿနာက အခုမှ နေ့ ချင်းညချင်းပေါ်တာ မဟုတ်ဘူး။ NLD ဆိုတာ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကတည်းက ပေါ်တာ ဖြစ် တယ်။ ဒီမိုကရေစီ အရေးတော်ပုံရဲ့ အင်အားစုအဖြစ်နဲ့ စပြီးပေါ်လာတာဖြစ်တယ်။ ဒီအင်အားစုကြီးကို န၀တ၊ နအဖ ခေတ်တစ်လျှောက်လုံး ဖြိုခဲ့တာပဲ ဖိနှိပ်ခဲ့တာပဲ။ အဲဒီလို လုပ်ရင်းနဲ့ NLD ဆိုတာ နာမည်လောက်ပဲ ကျန် ပြီး ခုထိ ဒေါ်အောင်ဆန်းစုကြည် နာမည်လေးတစ်ခုနဲ့ သူတို့ထိန်းနေတာ။ သူတို့ထဲမှာ လူအင်အားက အပြည့် အ၀မရှိဘူး။ ဒါကို ကျွန်တော်တို့ နည်းနည်း နားလည်ပေးရမယ်။ ဒီမိုကရေစီ အရေးတော်ပုံဆိုတဲ့ ယန္တရားကြီး မခိုင်မာအောင် စစ်အစိုးရခေတ်ကတည်းက နင်းခြေခဲ့တဲ့ ဒဏ်ကို အခု ကျွန်တော်တို့ ခံနေရတာပါပဲ။ 

မေး။    ။ ဇွန် ၃၀ က စပြီး ၂၁ရာစုပင်လုံ ပြန်စနိုင်ဖို့ ကြိုးစားနေတဲ့ဟာ အောင်မြင်ဖို့ သက်ဆိုင်ရာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့တွေကို ဘယ်လို အကြံပြုလိုလဲ။

မေး။    ။ အကြံပြုဖို့တော့ မလိုပါဘူး။  အားလုံးက အလုပ်လုပ်တယ်ဆိုတာ ကျွန်တော်သိတယ်။ ပြည်သူ လူထုက ကျွန်တော်တို့ကို အားမလိုအားမရ ဖြစ်တာ အများကြီး ရှိကောင်းရှိမယ်။ အမှန်စင်စစ်က ကျွန်တော် တို့က ညီလာခံ မလုပ်နိုင်ဘူးဆိုပေမယ့်   အစိုးရဘက်က လူတွေရော တပ်မတော်ဘက်က လူတွေရော ကျွန်တော်တို့ဘက်ကလူတွေရော အားလုံးကြိုးစားပြီးလုပ်နေကြပါတယ်။ ဒါပေမယ့် တကယ်တန်းဆန်းစစ်ရင် အလုပ်လုပ်တဲ့လူက အများကြီးမရှိဘူး။ ရှိတဲ့လူတွေ ကြိုးစားပြီး အလုပ်လုပ်နေပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ကြိုးစားမှုကို ပြည်သူလူထုက အသိအမှတ်ပြုပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ပြဿနာရှိတယ် အခက်အခဲရှိတယ် အဲဒီလို ပြဿနာ အခက်အခဲရှိလို့ ကျွန်တော်တို့ မလုပ်နိုင်သေးတဲ့ဟာ  မစွမ်းဆောင်နိုင်သေးတဲ့ ကိစ္စကို အပြစ်တင်ပြီး မဖြစ်တော့ပါဘူးဗျာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီးလမ်းဘေး ရောက်သွားပြီ လမ်းချော်သွားပြီစသည်အားဖြင့် ဝေဖန်ပြီးတော့ ကျွန်တော်တို့ကို အပြစ်တင်ဝေဖန်တာထက်   မရမက ဒီအခက်အခဲကြားထဲက ကြိုးစားနေတာကို လူထုက နားလည်ပေးပြီးတော့ ဆုတောင်းပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

မေး။    ။ ၂၀၂၀ မတိုင်မီ ဖက်ဒရယ်အခြေခံမူတွေ ရအောင် ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည် လိုလားချက် အပေါ်မှာရော ဘယ်လိုမျှော်လင့်လဲ။

ဖြေ။     ။ အဲဒီစကားက  ကျွန်တော်တို့တိုင်းရင်းလူမျိုးများကို မျှော်လင့်ချက်အများကြီး ပေးပါတယ်။ ဘာလို့လည်းဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေ ဖက်ဒရယ်ပြည်ထောင်စုကြီးထူထောင်ဖို့ ကြိုးစားနေတာ နှစ်ပေါင်း ၇၀ ကြာပြီ။ ပင်လုံညီလာခံ ကတည်းကပဲ။ ဒီ ပြည်ထောင်စုကြီးကို ဒီဖက်ဒရယ်အခြေခံမူတွေနဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အ၀ ရှိတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ထူထောင်ကြရအောင်လို့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ထပ်ပြီးတောင်ဆိုခဲ့တာ ၁၉၆၁ တောင်ကြီး ညီလာခံကတည်းကဖြစ်တယ်။ အဲဒီအတွက်ကြောင့် အခုကတော့ လေသံတွေစုံ လာတာ ပေါ့ဗျာ။ သမ္မတ သိန်းစိန်ကလည်း ပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်းပြောခဲ့တယ်။ တပ်ချုပ်ကြီး ကိုယ်တိုင်ကလည်း ပြောခဲ့တယ်ဆိုတော့ အားလုံး ယုံကြည်ချက်တွေ တူလာတာပေါ့။ အဲဒီ တူလာတဲ့ ယုံကြည်ချက်က ဘယ်ကစသလဲဆိုတော့ ၁၉၄၇ ခုနစ် ပင်လုံ ညီလာခံမှာ ဗိုလ်ချုပ် အောင် ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ မျှော်မှန်းခဲ့တဲ့ မျှော်မှန်းချက် ယုံကြည်ချက် တွေကနေစခဲ့တာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ၂၁ရာစုပင်လုံက အကောင်းဆုံးဖြစ်အောင် ပင်လုံညီလာခံက မျှော်မှန်းခဲ့ တဲ့ မျှော်မှန်းချက်တွေကို တကယ်အကောင်အထည်ဖော်နိုင်အောင် ဆက်ကြိုးစားဖို့ပဲရှိတယ်။

ကျေးဇူးတင်ပါတယ်။


အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး 

 

Share:

Tags: ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း,နှင့်,တွေ့ဆုံမေးမြန်းခြင်း။

Author : Administrator
Comments
Leave a Comment