• +95 (0)9 425 705 270
  • info@cdes.org.mm

“တရားဝင်ဆွေးနွေးပွဲလိုပဲ အားလုံးဆွေးနွေးခွင့်ရတယ်။ ဒါပေမဲ့ ဘာတစ်ခုမှ ဆုံးဖြတ်ချက်ချလို့မရဘူး”

ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် တွေ့ဆုံခြင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံကို ၂၀၁၇ ခုနှစ် မေလအတွင်း ကျင်းပခဲ့ပြီး နောက် တတိယအကြိမ် ကျင်းပရန် အကြောင်းအမျိုးမျိုးကြောင့် ရွေ့ဆိုင်းခဲ့ရသည်မှာ အကြိမ်ကြိမ်ပင် ဖြစ်သည်။ ထိုသို့ ရွေ့ဆိုင်းခဲ့သည်မှာ တစ်နှစ်ကျော်ရှိလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှတတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလျက်ရှိသည်။ ထို ကြိုးစားမှုများကြောင့် အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(ပီပီအက်စ်တီ) အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို မေ ၃၀ ရက်တွင် နိုင်ငံရေးကဏ္ဍနှင့်  မေ ၃၁ ရက်တွင် လုံခြုံရေးကဏ္ဍများအတွက်ဆွေးနွေးခွင့်ရ ရှိခဲ့သည်။ ထိုအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးကဏ္ဍအတွက် ပါဝင်ဆွေးနွေးခဲ့သူ တိုင်းရင်းသား လက်နက်ကိုင်များအစုအဖွဲ့မှ ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကို ရန်ကုန်မြို့ ရန်ကင်းစင်တာရှိ တိုင်းရင်းသားလူမျိုးရေးရာဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း(CDES)ရုံး၌ ဇွန် ၁ ရက် တွင် မီဒီယာများ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များမှ အချို့ကို ဖော်ပြလိုက်ပါသည်။

အောင်ထူးနိုင်

အလွတ်သဘောတော့ တွေ့ပြီးသွားပြီ။ တရားဝင်ရော ဘယ်တော့လောက် ဖြစ်မလဲ။

ကျွန်တော်တို့ မေလ ၃၀ ရက်နေ့မှာ နိုင်ငံရေးကဏ္ဍ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ ကျင်းပတယ်။ ၃၁ ရက်မှာ လုံခြုံရေးကဏ္ဍအလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ ကျင်းပတယ်။ ကျွန်တော်တို့ အခုလို အလွတ်သ ဘောဆွေးနွေးနေတာက တရားဝင်ဆွေးနွေးတဲ့လမ်းကြောင်းမှာ တစ်ဆို့မှုတွေ ရှိတယ်။ အခက်အခဲတွေရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီအခက်အခဲတွေ၊ တစ်ဆို့မှုတွေကို ကျော်လွှားဖို့ နည်းလမ်းရှာတဲ့အနေနဲ့ အလွတ် သဘောဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ အလွတ်သဘောဆွေးနွေးပွဲရဲ့ အခင်းအကျင်းကတော့ ကျွန်တော့် တို့ အားလုံးကို ဆွေးနွေးခဲ့ကြတယ်။ တရားဝင်ဆွေးနွေးပွဲလိုပဲ အားလုံးဆွေးနွေးခွင့်ရတယ်။ ဒါပေမဲ့ ဘာတစ်ခုမှ ဆုံးဖြတ်ချက်ချလို့မရဘူး။ ဆုံးဖြတ်ချက်မချဘဲနဲ့ သဘောထားစုစည်းချက်ကို ကျွန်တော်တို့ ရယူတယ်။ဒါပေမဲ့ အဲဒီသဘောထားစုစည်းချက်တွေကို ကျွန်တော်တို့ သက်ဆိုင်ရာအဖွဲ့အစည်းက ထိပ်သီးခေါင်းဆောင်တွေကို ပြန်တင်ပြရမှာဖြစ်ပါတယ်။ တင်ပြပြီးတော့ သဘောတူညီမှုရနိုင်တယ်ဆိုရင် ဒါကိုကျွန်တော်တို့ တရားဝင်ဆွေး နွေးပွဲခေါ်ပြီးတော့ ဒီပြဿနာကို ကျော်လွှားမှာဖြစ်ပါတယ်။ ဒါက အလွတ်သဘောဆွေးနွေးပွဲရဲ့ အခင်းအကျင်း ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ အလွတ်သဘောဆွေးနွေးပွဲမှာ ရရှိလာတဲ့အချက်တွေက ဆုံး ဖြတ်ချက်မဟုတ်ဘူး။ သဘောထားစုစည်းချက်တွေပဲ ဖြစ်ပါတယ်။ ဒါကတော့ ပြည်သူလူထုကို ကျွန်တော်တို့ အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောဖို့ လိုအပ်တာက တစ်ဆို့မှုရှိတယ်ဆိုတာပဲ။ တစ်ဆို့မှုရှိတယ်ဆိုတာက ၂၀၁၇ မေ လမှာ ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံအစည်းအဝေးကို ကျင်းပ တယ်။ အဲဒီအစည်းအဝေးကနေပြီးတော့ ခုထိလည်း တစ်ဆို့မှုတွေက ဖြစ်နေတယ်။ တစ်ဆို့မှုတွေ ဖြစ်နေတဲ့အ ကြောင်းအရင်းက ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ တောင်းဆိုတဲ့တောင်းဆိုချက်ထဲမှာ အဓိကတောင်းဆိုတဲ့တောင်းဆိုချက်က စကားလုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ စကား လုံး သုံးခုပါတယ်။ ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါ။ ဒီအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်နဲ့အညီ တည်ဆောက်ရမယ်ဆိုတာတွေ အင်န်စီအေစာချုပ်သဘောတူညီချက်ဖြစ်ပါတယ်။ ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုထူထောင်ရေးမှာ ကျွန်တော်တို့ တိုင်းရင်းသားဘက်က အဓိကတောင်းဆိုတဲ့ တောင်းဆိုချက်ထဲ မှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ အဲဒီအခွင့်အရေးတွေကို ဖက်ဒရယ်စနစ်ကနေ ဘယ်လိုအကောင်အ ထည်ဖော်မလဲဆိုတဲ့ အပိုင်းမှာ ကျွန်တော်တို့ဖက်ဒရယ်အခြေခံမူတွေမှာ ဒါတွေကို ကျွန်တော်တို့တင်ပြခဲ့တယ်။ အဲဒါတင်ပြတော့ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့ သဘောတူညီချက်အများကြီးရခဲ့ပါတယ်။အဲဒီသဘောတူညီချက် တွေနဲ့ တန်းတူရေးရယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရယ်၊ ဖက်ဒရယ်အခြေခံမူထဲမှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ရေးဆွဲခွင့်အပါအဝင် ဒီဖက်ဒရယ်အခြေခံမူတွေကို ကျွန်တော်တို့တင်ပြတယ်။အဲဒါကြောင့် မနေ့က ကျွန်တော် တို့ သဘောထားစုစည်းမိတာကတော့ ဖက်ဒရယ်ပေါ်မှာတစ်ဆို့နေတာတင်မဟုတ်ဘူး။ တခြားဆွေးနွေးစရာ တွေအများကြီးရှိနေတာပဲ။ ဒီမိုကရေစီအခြေခံမူဆွေးနွေးစရာတွေ အများကြီးရှိနေတယ်။ သူတို့ပြောတဲ့ ခွဲမထွက် ရဆိုတာက တစ်ဖက်၊ ကျွန်တော်တို့ပြောတဲ့ တန်းတူရေးနဲ့ ဖက်ဒရယ်အခြေခံမူတစ်ဖက် ဒီနှစ်ခုတစ်ဆို့နေလိုက် လို့ ကျွန်တော်တို့ငြိမ်းချမ်းရေးရှေ့မသွားဘူးဆိုရင် ကျွန်တော်တို့ တိုင်းပြည်ကြီးနစ်နာတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ကြီးနစ်နာတယ်။ လူထုလည်းနစ်နာတယ်။ အဲဒါကြောင့် ဒါကိုကျော်လွှားဖို့အတွက် တစ်ဆို့နေတဲ့ အထုပ်လိုက် ဆွေးနွေးရမယ်ဆိုတာကို ကျွန်တော်တို့လာမယ့် ညီလာခံမှာ မဆွေးနွေးသေးဘူး။ ကျန်တဲ့အချက်တွေ အများကြီး ရှိတယ်။ ဒါတွေကိုအရင် ဆွေးနွေးမယ်ဆိုပြီး ကျွန်တော်တို့သဘောတူထားတယ်။ တစ်နည်းအားဖြင့်ပြောရရင် တော့ ကျွန်တော်တို့ မတစ်ဆို့တဲ့၊ နှစ်ဖက်သဘောတူညီနိုင်တဲ့သဘောတူညီချက်တွေကို အရင်ရှာဖွေမယ်။ နောက်ဆုံးအဆင့်ကျမှ အခုနက အထုပ်လိုက်ကို ဆွေးနွေးမယ်ဆိုပြီး ကျွန်တော်တို့ သဘောတူဖြစ်ပါတယ်။ တပ်မတော်ဘက်ကလည်း သူတို့ပြောတာကတော့ ခွဲမထွက်ရဆိုတဲ့ကိစ္စကို ဆွေးနွေးကိုဆွေးနွေးရမယ်ဆိုပြီးတော့ ပြောတယ်။ ကျွန်တော်တို့ကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စကို ဆွေးနွေးကိုဆွေးနွေးရမယ်။ သို့သော် ဒီကိစ္စက ကျန်တဲ့အပိုင်းတွေမှာ ကျွန်တော်တို့တခြားသဘောတူညီထားတဲ့အချက်တွေကိုပဲ အရင်သဘောတူညီမှုရှာပြီး တော့မှပဲ ဒါကိုရှေ့ဆက်သွားတာကောင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ သဘောထားစုစည်းမိတာက တော့ လာမယ့်ညီလာခံကို ဆက်ကျင်းပမယ်။ ဒါပေမဲ့ အဲဒီအထုပ်ကြီးကို ခဏထားခဲ့မယ်ဆိုတဲ့ စုစည်းချက်ကို ရ တာဖြစ်ပါတယ်။

တရားဝင်ရော ဘယ်တော့တွေ့ဖို့ရှိမလဲ။

အခုက ဒီသဘောထားစုစည်းချက်ကတော့ သဘောထားစုစည်းချက်ပဲ ရှိနေသေးတော့ ဒါကိုကျွန်တော်တို့ EAO ဘက်ကလည်း PPST ကို ယူသွားမှာဖြစ်တယ်။ အစိုးရဘက်ကလည်း သူတို့ရဲ့ခေါင်းဆောင်တွေဆီကို ယူသွားမှာ ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့အနည်းဆုံး ခုနစ်ရက်လောက်ကြာရင်တော့ လုပ်ငန်းကော်မတီအစည်းအဝေး ပြန်ဆုံနိုင်ဖို့၊ ဇွန်လပထမအပတ်အတွင်းမှာ ကျွန်တော်တို့ လုပ်ငန်းကော်မတီတော့ ပြန်ဆုံမယ်။ ဒုတိယအပတ်အတွင်းမှာတော့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ကြိုးစားမယ်။ အဲဒါကိုပဲ ကျွန်တော်တို့ ဇွန်လမကုန်ခင် အနည်းဆုံး ဒါမှမဟုတ် ဇူလိုင်လဆန်း ဇူလိုင်လမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်အောင်တော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကိုကြိုးစားနေတာတော့ ငြိမ်းချမ်းရေးကို အားလုံးက လိုလားတယ်။ တိုင်းပြည်ငြိမ်းချမ်းစေချင်တယ်။ ပြည်တွင်းစစ်မီးချုပ်ငြိမ်းစေချင်တယ်။ တိုက်ပွဲတွေအားလုံးရပ်စဲစေချင်တယ်။ ပြည်သူလူထုအကျိုးစီးပွားအတွက် ကျွန်တော်တို့ နည်းလမ်းရှာဖွေနေတဲ့ သဘောပဲဖြစ်ပါတယ်။

ဒါဆိုရင် ဒီတစ်ကြိမ် ညီလာခံမှာ အဲဒီခွဲထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မဆွေးနွေးဘူးပေါ့။

ဟုတ်ပါတယ်။ ခွဲထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မဆွေးနွေးသေးပါဘူး။

အပစ်ရပ်လက်မှတ်ထိုးလိုက်တဲ့ နောက်တိုးနှစ်ဖွဲ့ရဲ့ တောင်းဆိုချက်တွေကအရင်ထိုးပြီးသားအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေနဲ့ ညီမျှမှုရှိရဲ့လား။

မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီကလည်း သူတို့ရဲ့ဆွေးနွေးချက်တွေကို တင်ပြမှာဖြစ်ပါတယ်။ ပြီး တော့ ကျွန်တော်နားလည်သလောက်က ALP ကလည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင် သေးပေမယ့် သူတို့ပါတီရဲ့မူကို တင်ပြဖို့ရှိတယ်။ RCSS ကလည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ခြင်းမရှိပေမယ့် ပါတီရဲ့ အဆိုပြုလွှာတွေကိုတော့ တင်ပြဖို့ ရှိလိမ့်မယ်။ ဒီတင်ပြချက်အားလုံးကို ကျွန် တော်တို့ စုစည်းပြီးတော့ ဘာတွေတင်ပြလာတယ်ဆိုတာကို လုပ်ငန်းကော်မတီအစည်းအဝေးမှာ အားလုံးကြည့်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တင်ပြလာတဲ့အထဲမှာလည်း ခုနကအချက်တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရပါတယ် ဆိုရင်ဒါကိုခဏထားမယ်။ ကျန်တဲ့တင်ပြချက်အားလုံးကို ဆွေးနွေးသွားမယ်။

ဒါဆို တတိယအကြိမ်ညီလာခံက ဒုတိယအကြိမ်ညီလာခံထက် ပိုပြီးအားကောင်းလာမယ်ဆိုတဲ့သဘောလား။

ဒုတိယအကြိမ်ထက်တော့ ပိုပြီးအားကောင်းလာမယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဒုတိယအကြိမ်တုန်းက အခုနက ကျွန်တော်တို့တစ်ဆို့နေတဲ့အချက်တွေကို ကျွန်တော်တို့အားလုံးက အာရုံစိုက်ပြီးတော့ အဲဒါကို ရအောင် ကျွန်တော်တို့ ကြိုးစားခဲ့တာကိုး။ ဒါပေမဲ့ မရတဲ့အခါကျတော့ ကျန်တဲ့ရရှိလာတဲ့အချက်တွေက အားမကောင်းဘူး။ ၃၇ ချက်ကတော့ ရှင်းရှင်းပြောရရင် တော်တော်လည်း အားမကောင်းတဲ့ ပြည် ထောင်စုသဘောတူညီစာချုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသဘောတူစာချုပ်ကလည်း အားမကောင်းဘူးဆိုပေမယ့် ဒီ တိုင်းပြည်အတွက် မရှိဖူးသေးတဲ့ အခြေခံမူတွေကို ကျွန်တော်တို့ ရရှိလိုက်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြော မယ်ဆိုရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စုတည်ဆောက်ရမယ်ဆိုတာ အင်န်စီအေစာ ချုပ်မှာပါပေမယ့် ဒီပြည်ထောင်စုသဘောတူစာချုပ်မှာထပ်ပြီးတော့ ပါလာတယ်။ ဒါကိုလည်း လွှတ်တော်က အ တည်ပြုပြီးပြီ။ ဒီလမ်းကြောင်းကနေ ဘယ်သူမှကင်းလို့မရတော့ဘူး။ ဒါပေမဲ့ မည်ကဲ့သို့သော ဒီမိုကရေစီဖြစ်မလဲ။ မည်ကဲ့သို့သော ဖက်ဒရယ်ဖြစ်မလဲဆိုတာကိုတော့ ဆက်ဆွေးနွေးရမှာပေါ့။

အခုလာမယ့် ညီလာခံမှာ ခွဲမထွက်ရဆိုတာကို မဆွေးနွေးဘူးဆိုတော့ နိုင်ငံရေးကဏ္ဍမှာ ဘယ်လိုအချက်တွေကို ဆွေးနွေးသွားမလဲ။

အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့က ဒီမိုကရေစီအခွင့်အရေးတွေ အများကြီးရှိပါတယ်။ ပြီးတော့ အခြေခံအခွင့်အရေး၊ လူနည်းစုများရဲ့အခွင့်အရေးကို ကာကွယ်ခြင်း၊ ဒီတိုင်းပြည်မှာလူမျိုးပေါင်းစုံရှိတယ်။ အထူး သဖြင့် ကျွန်တော်တို့က ပြည်နယ်ဖွဲ့စည်းနိုင်တဲ့ လူမျိုးတွေရှိသလို ပြည်နယ်မဖွဲ့စည်းနိုင်တဲ့ လူဦးရေအရရော၊ နယ်ပယ်အရရော လူတွေအများကြီးရှိတယ်။ ဒီအခွင့်အရေးတွေကိုလည်း ကျွန်တော်တို့ ဆွေးနွေးဖို့ ရှိတယ်။ ပြီး တော့ ကျား၊ မ တန်းတူရေး ဒီဟာလည်း အင်မတန်မှ အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျွန် တော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်။ ပြီးတော့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးကိစ္စ ဒါတွေလည်း အရေး ကြီးပါတယ်။ ဒါတွေ ကျွန်တော်တို့ ဆွေးနွေးဖို့တွေ အများကြီးရှိပါတယ်။ အမှန်စင်စစ်က ခုနက ကျွန်တော်တို့ တစ်ဆို့နေတဲ့အချက်တွေက အဓိကအရေးကြီးဆုံးအချက်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ အဲဒီအဓိကအရေး ကြီးတဲ့အချက်တွေ မရရင်တောင်မှ ဒီလောက်နီးနီး အရေးကြီးတဲ့အချက်တွေ ရှိပါတယ်။ ကျွန်တော်တို့ သုံးသပ် ကြည့်တာကတော့ ပြီးခဲ့တဲ့ညီလာခံတုန်းက ဆက်လက်ဆွေးနွေးဖို့ဆိုတဲ့ ခေါင်းစဉ်အနေနဲ့ ၁၀ ခု ရှိတယ်။ အဲဒီ ၁၀ ခုစလုံး ကျွန်တော်တို့ ဆွေးနွေးနိုင်ဦးမှာ မဟုတ်ဘူး။ အဲဒီ ၁၀ ခုထဲမှာမှ လေးခု၊ ငါးခုလောက် ကျွန်တော်တို့ ဆွေးနွေးမယ်။ လေးခု၊ ငါးခုလောက်ကို ထပ်ပြီးကျွန်တော်တို့ ခွဲလိုက်မယ်ဆိုရင် အချက်က သုံးဆယ်၊ လေးဆယ် လောက် ထွက်လာဦးမှာပဲ။

PPST အနေနဲ့ ပင်လုံလုပ်ဖို့အတွက်မှာ RCSS နဲ့ ALP က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်မရတဲ့အ တွက် ရွေ့ဆိုင်းတာဖြစ်သွားတယ်လို့ ထုတ်ပြန်တာကရော။

အခု အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကရော ပုံမှန်လုပ်ငန်းစဉ်ပေါ့။ တရားဝင်လမ်းကြောင်းအတိုင်းသွားနေတယ်ဆိုရင်တော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးမှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို သွားမှာဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ရှမ်းပြည်နယ်မှာသော်လည်းကောင်း၊ ရခိုင်ပြည်နယ်မှာသော်လည်းကောင်း ကျင်းပဖို့ အခက်အခဲရှိနေတဲ့အတွက် ကြောင့် တရားဝင်လမ်းကြောင်းအစား အလွတ်သဘောဆွေးနွေးပွဲနဲ့ ကျွန်တော်တို့ သွားတာဖြစ်ပါတယ်။ အ လွတ်သဘောဆွေးနွေးပွဲ လုပ်တယ်ဆိုတာက ဒီအခက်အခဲတွေကို ကျော်ဖို့ ကျွန်တော်တို့ နည်းလမ်းရှာတာ ဖြစ် ပါတယ်။ အဲဒီအတွက်ကြောင့် ဥပမာအားဖြင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ မရှိပေမယ့် ကျွန် တော်တို့တိုင်းပြည်အခင်းအကျင်းအခြေအနေကြောင့် မကျင်းပနိုင်သေးပေမယ့် ဒီလိုကျော်လွှားနိုင်အောင် ဝိုင်းပြီး တော့စဉ်းစားပေးတဲ့ PPST ခေါင်းဆောင်တွေကိုသော်လည်းကောင်း၊ အထူးသဖြင့် RCSS နဲ့ ALP ခေါင်းဆောင် တွေကိုသော်လည်းကောင်း ကျွန်တော့်တစ်ဦးထဲအနေနဲ့ အင်မတန်မှ ကျေးဇူးတင်ပါတယ်။ သူတို့က ဒီလိုသ ဘောထားကြီးကြီးနဲ့ လမ်းကြောင်းဖွင့်ပေးလို့ အခုလို အလွတ်သဘောဆွေးနွေးပွဲတွေ ကျင်းပနိုင်တာဖြစ်ပါတယ်။

ဒါဆို မျိုးဆင့်နိုင်ဆွေး မလုပ်နိုင်လည်း ပင်လုံကို ဆက်လုပ်သွားမယ်လို့ သဘောတူလိုက်တာလား။

ဟုတ်ပါတယ်။ အဲဒီသဘောပါပဲ။

ပြည်ထောင်စုနဲ့ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံတွေအတွက်ရော ဘယ်လိုပြေလည်မှုရသွားပါသလဲ။

ပြေလည်မှုမရသေးလို့ ခဏထားမယ်လို့ သဘောထားပါတယ်။ ဒီတစ်ခေါက် အဲဒီကိစ္စမဆွေးနွေးသေးဘူး။ အထူး သဖြင့် ပြည်နယ်ဖွဲ့စည်းပုံကိစ္စ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ၊ တန်းတူအခွင့်အရေးကိစ္စ၊ ပြီးတော့ ပြည်ထောင်စုက ခွဲမ ထွက်ရေးဆိုတာ ကျွန်တော်တို့တောင်းဆိုတာ ဒီသုံးခုနော်။ ဒါကအရေးကြီးဆုံးပါပဲ။ ဖက်ဒရယ်ဟေ့ဆိုမှတော့ ပြည်ထောင်စုနဲ့ ပြည်နယ်အာဏာခွဲဝေခြင်းမရှိဘဲနဲ့ ဖက်ဒရယ်စနစ်ကို မဖြစ်နိုင်ဘူး။ ကျွန်တော်တို့တိုင်းရင်းသား တွေ နှစ်ပေါင်း ၇၀ တောင်းဆိုနေတာကလည်း ပြည်ထောင်စုထဲက ပြည်နယ်ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တောင်းဆိုနေတာ ဖြစ်တယ်။ အဲဒါကို ကျွန်တော်တို့ မဆွေးနွေးလို့လည်း မရဘူး။ ဒါပေမဲ့ တစ်ဖက်မှာ လည်း ပြည်ထောင်စုထဲမှ ခွဲမထွက်ရဆိုတဲ့ သူတို့အတွက် အရေးကြီးတာဖြစ်နေတော့ အရေးကြီးတာကို ကျွန် တော်တို့အနေနဲ့ လေးစားတယ်။ သူတို့တင်ပြချက်ကို ကျွန်တော်တို့အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်ကလက်ခံဖို့ လောလောဆယ်မှာ အခက်အခဲရှိနေသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က ခဏထားပြီး တော့တခြားအရေးကြီးတဲ့ကိစ္စရှိသေးတယ်။ ဒါတွေကို ကျွန်တော်တို့က အရင်ဆွေးနွေးမယ်။ ပြီးတော့ ဒီဟာတွေ ကိုပြန်လာမယ်ဆိုပြီး ဖြစ်ပါတယ်။

-
Interviewer - Aung Htoo Naing (The Standard Time)

Share:

Tags: “တရားဝင်ဆွေးနွေးပွဲလိုပဲ,အားလုံးဆွေးနွေးခွင့်ရတယ်။,ဒါပေမဲ့,ဘာတစ်ခုမှ,ဆုံးဖြတ်ချက်ချလို့မရဘူး”

Author : Administrator
Comments
Leave a Comment