• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

(၁)

လူမျိုးတိုင်းတွင် မိမိတို့၏အမျိုးသားရေးနှင့် စပ်ဆိုင်သော နေ့ထူးနေ့မြတ်ရှိစမြဲပင် ဖြစ်သည်။ ချင်းလူမျိုးတို့တွင်လည်း ချင်းအမျိုးသားနေ့ ဟူ၍ ရှိသည်။

     ချင်းအမျိုးသားနေ့သည် ကျဉ်းမြောင်းသော အမျိုးသားရေးစိတ်ဓာတ်၏ မတော်တဆဖြစ်ပေါ်မှု မဟုတ်ပါ။ လွတ်လပ်ရေး၊ စည်းလုံး ညီညွတ်ရေး၊ ဆိုရှယ်လစ်ရေး စသည့် နက်နဲကျယ်ဝန်းသော သမိုင်းရေးကြောင့် ပေါ်ပေါက်ထင်ရှားလာသည့် ပြည်ထောင်စု၏သမိုင်း မှတ်တိုင်တခုပင် ဖြစ်သည်။

     ချင်းလူမျိုးတို့သည် အခြားခြားသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများနှင့်အတူ နယ်ချဲ့ဖက်ဆစ်တို့၏ သံဖနောင့် အောက်တွင် ခါးသီးနာကြည်းဖွယ်ကောင်းသောဘ​​ဝကို ထပ်တူထပ်မျှ ခံစားခဲ့ရပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက် တွင် အဖိနှိပ်ခံခဲ့ရသည်သာမက ပြည်မနှင့် အခြားအခြားသောဒေသရှိ ညီရင်းအစ်ကိုများနှင့်အတူ အဆက်အသွယ်ဖြတ်တောက်ခဲ့ရ ခြင်း၊ အသိဉာဏ်အမှောင်ချခံခဲ့ရခြင်း၊ ချင်းမျိုးနွယ်စုအချင်းချင်းသာမက အခြားတိုင်းရင်းသားများနှင့် သွေးခွဲခံရခြင်း၊ ဘာသာရေးကို ဘန်းပြပြီး ယဉ်ကျေးမှုကို အဖျက်ဆီးခံရခြင်း... စသည့် နယ်ချဲ့တို့၏ အစွမ်းကုန်ဖိနှိပ်မှုကို ခံခဲ့ရပါသည်။

     သို့သော် ခေါင်းငုံ့မခံ။ အခွင့်သာတိုင်း ရရာလက်နက်ကို ကိုင်စွဲပြီး  သွေးမြေအကျခံကာ ရဲရဲတောက် တော်လှန်ခဲ့ကြသည်။ ဤတော်လှန်ရေးများသည် "ချင်းအမျိုးသားနေ့" ကို သန္ဓေတည် မွေးဖွားသန့်စင်ပေးခဲ့သည်။


(၂)

     တော်လှန်ရေးမျိုးစေ့တရပ်သည် ယနေ့ သန္ဓေတည်ပြီး ယနေ့ မွေးဖွားရိုးထုံးစံ မရှိ။ အချိန်အခါနှင့် အခြေအနေအခွင့်သာမှုကို စောင့်ဆိုင်းရစမြဲဖြစ်သည်။ ချင်းအမျိုးသားတို့၏ တော်လှန်ရေးဖြစ်စဉ်သည်လည်း ဤအတိုင်းပင်။

     ချင်းအမျိုးသားနေ့ကို ၁၀ နှစ်စီခြား၍ သန္ဓေတည်ကာ ဖွားမြင်ခဲ့သည်။ ၁၉၂၈ ဖေဖော်ဝါရီလ ၂၀ ရက်၊ ၁၉၃၈ ဖေဖော်ဝါရီ ၂၀ ရက်၊ ၁၉၄၈ ဖေဖော်ဝါရီ ၂၀ ရက်။ ဤသို့ နေ့ရက်တိုက်ဆိုင်မှုသည်ပင်လျှင် ချင်းလူမျိုးတို့၏ အမျိုးကိုချစ်သော သစ္စာတရားကို ဖော်ကျူးနေပေတော့သည်။

     သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် စည်းစနစ်ကျနစွာ ဖွဲ့စည်းထားသော ချင်းလူမျိုးတို့၏ ပထမဦးဆုံးနိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည့် "ချင်းတောင် ညီညွတ်ရေးအဖွဲ့" ကို ၁၉၂၈ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မင်းတပ်မြို့နယ်၊ နှော်ချောင်းတိုက်နယ်ရှိ လှီရုံ (ခ) မသုံးနှုံးကျေးရွာတွင် ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။ ယင်းအဖွဲ့၏ ဦးစီးခေါင်းဆောင်များမှာ ဦးလောဟာလိန်းထန်းထမ် (ဥက္ကဋ္ဌ)၊ ဦးဝမ္မးသူမောင် (ဒုဥက္ကဋ္ဌ)၊ ဦးဝရဲလောဟာ (အတွင်းရေးမှူး)၊ ဦးကီးဖေလိန်း (ခ) သခင်အောင်မင်း (ဘဏ္ဍာရေးမှူး)၊ ဦးကီးမာန် (ပြန်ကြားရေးမှူး) တို့ အပါအဝင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်ခဲ့သည်။

     ဤအဖွဲ့သည် ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသော အမျိုးသားစည်းလုံးညီညွတ်ရေးအုတ်မြစ် ဖြစ် သလို နောင်တွင် ပေါ်ပေါက်လတ္တံ့သော "ချင်းအမျိုးသားနေ့" ၏ စစ်မှန်သော တော်လှန်ရေးမျိုးစေ့လည်း ဖြစ်သည်။

     ချင်းတောင် ညီညွတ်ရေးအဖွဲ့၏ လူထုညီလာခံကို "ဝရဲ" ရွာတွင် ၁၉၃၂ စက်တင်ဘာလ ၂၉ ရက်တွင် ကျင်းပခဲ့သည်။ ယင်း ညီလာခံကြီးတွင် ချင်းပြည်သူတို့၏ "ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး... အစရှိသည်တို့ တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန်၊ ပြည်မရှိ သွေးရင်းသားရင်းများနှင့် အဆက်အသွယ်ယူ၍ နယ်ချဲ့အစိုးရကို အနှေးနှင့်အမြန် တော်လှန်တိုက်ခိုက် ရန်" စသည့် အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့သည်။

     ယင်းဆုံးဖြတ်ချက်နှင့်အညီ ပြည်မရှိ နိုင်ငံရေးပါတီများနှင့် အဆက်အသွယ်ယူရန် ဦးဝမ္မးသူမောင်၊ ဦးကီးဖေလိန်း (ခ) သခင် အောင်မင်း၊ ထာလောင်းရွာသား ဦးအွမ်နိမ် (ခ) သခင်အောင်ညွန့်နှင့် မသုံးနှုံးရွာသား ဦးကီးမာန်တို့ကို ရန်ကုန်သို့ စေလွှတ်ခဲ့သည်။ ထိုမှစ၍ ချင်းတောင် ညီညွတ်ရေးအဖွဲ့သည် ဒို့ဗမာအစည်းအရုံးနှင့် ပူးပေါင်းပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအရှိန်အဟုန်ကို မြှင့်တင်နိုင်ခဲ့သည်။

    ဝရဲရွာ ညီလာခံတွင်ပင် အမှုဆောင်အသစ်များကို ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ကြသည်။ ဦးဝမ္မးသူမောင် (ဥက္ကဋ္ဌ)၊ ဝရဲလောဟာ (ဒုဥက္ကဋ္ဌ)၊ ဦးကီးဖေလိန်း (ခ) သခင်အောင်မင်း (အတွင်းရေးမှူး)၊ ဦးရှဲလိန်း (တွဲဖက်အတွင်းရေးမှူး)၊ ဦးကီးမာန် (ဘဏ္ဍာရေးမှူး)တို့အပါအဝင် အဖွဲ့ဝင် ၁၀ ဦး၊ တိုက်နယ်ဥက္ကဋ္ဌ ၁၈ ဦးတို့ ပါဝင်ခဲ့သည်။

     ချင်းတောင်ညီညွတ်ရေးအဖွဲ့ခေါ် ချင်းအမျိုးသားအစည်းအရုံး၏ နိုင်ငံရေးတိုက်ပွဲသည် တနေ့တခြား ပို၍ပို၍ ပြင်းထန်လာသည်။ ၁၉၃၆ ကျောင်းသားသပိတ်၊ ၁၃၀၀ ပြည့်အရေးတော်ပုံ စသည့် မြေပြန့်ညီအစ်ကိုများ၏တော်လှန်ရေးတိုက်ပွဲများကို ထောက်ခံအားပေး သည့်အပြင်၊ တဖက်တွင်လည်း နယ်ချဲ့အစိုးရထံ ရဲရင့်ပြတ်သားသော အောက်ပါအချက် ၉ ချက်ကို တောင်းဆိုခဲ့သည်။

     (၁) ချင်းတောင်တန်းဒေသအုပ်ချုပ်ရေးကို ပြည်မနှင့်တန်းတူအခွင့်အရေးပေးရန်။

     (၂) ချင်းတောင်အုပ်ချုပ်ရေးတွင် ချင်းအမျိုးသားကိုယ်စားလှယ်များ ပါဝင်ရေးဆွဲသော ဥပဒေသာ ကျင့်သုံးရန်။

     (၃) ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြုပြင်ဆောင်ရွက်ပေးရန်။

     (၄) ချင်းတောင်ပညာရေးစနစ်ကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးရန်။ အင်္ဂလိပ်စာအပြင် မြန်မာစာကိုပါ သင်ကြားခွင့်ပြုရန်။

     (၅) ဘာသာရေးလွတ်လပ်ခွင့်ပေးရန်။

     (၆) ချင်းတောင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် အမြန်ဆုံးဖောက်လုပ်ပေးရန်။

     (၇) ပြည်မနှင့် ချင်းတောင်တန်းဒေသ လွတ်လပ်စွာ ကူးလူးဆက်ဆံခွင့်ပြုရန်။

     (၈) ချင်းလူမျိုးတို့အား မည်သည့်လူမျိုးနှင့်မဆို တန်းတူဆက်ဆံခွင့်ပြုရန်။

     (၉) မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသောအခါ ချင်းတောင်ကိုပါ တပါတည်း လွတ်လပ်ရေးပေးရန်။

စသည့်အချက်များ ဖြစ်သည်။

     ဤအရေးကိစ္စကို ၁၉၃၈ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဆွေးနွေးရန် အင်္ဂလိပ်အစိုးရက ၁၉၃၇ ဒီဇင်ဘာ ၁၇ နေ့စွဲပါစာဖြင့် ချင်းတောင်ညီညွတ်ရေးအဖွဲ့သို့ အကြောင်းကြားခဲ့သည်။ ဆွေးနွေးပွဲတွင် ချင်းတောင်ညီညွတ်ရေးအဖွဲ့မှ ဦးဝမ္မးသူမောင်၊ ဦးဝရဲ လောဟာ၊ ဦးကီးဖေလိန်း (သခင်အောင်မင်း) တို့ ခေါင်းဆောင်သော ချင်းလူထု ၃၀၀၀ ကျော်၊ အင်္ဂလိပ်ဘက်မှ မကွေးတိုင်းမင်းကြီး၊ ဖလမ်းခရိုင်ဝန်နှင့် ကန်ပက်လက်အရေးပိုင်တို့ ဦးဆောင်သော ပုလိပ်များနှင့် အစိုးရအမှုထမ်း ၃၀၀ ကျော် တက်ရောက်ကြသည်။

     အင်္ဂလိပ်အစိုးရက ချင်းအမျိုးသားများ တင်ပြသည့်အချက် ၉ ချက်ကို လိုက်လျောခြင်းမပြုသည့်အပြင် ခေါင်းဆောင်များကို နိုင်ငံရေးမလုပ်ဘဲ နယ်ချဲ့အစိုးရ၏ ရာထူးကြီးများကို လက်ခံရန် ဖျောင်းဖျကြသည်။ သို့သော် လက်မခံကြ။ စေ့စပ်၍ မရသည့်အဆုံး "ချင်းတောင်ညီညွတ်ရေးအဖွဲ့" ကို အာဏာဖြင့် ဖျက်သိမ်းကြောင်း တဖက်သတ်ကြေညာသည်။ ချင်းပြည်သူများ မကျေမနပ်ဖြစ်ကာ ပွဲချင်းဆန္ဒပြ တိုက်ပွဲဝင်ကြသည်။ "နယ်ချဲ့အစိုးရ အလိုမရှိ၊ ထွက်သွား" ဟု လက်သီးလက်မောင်းတန်းက ကြွေးကြော် ဆန္ဒပြသည်။ မကွေးတိုင်းမင်းကြီး၊ ဖလမ်းခရိုင်ဝန်နှင့် ကန်ပက်လက်နယ်ပိုင်ဝန်ထောက်ကြီးများ မနေရဲကြတော့ဘဲ ညတွင်းချင်း ဆောမြို့သို့ ထွက် ပြေးကြသည်။

     ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို မတရားသင်းကြေညာကာ ခေါင်းဆောင် ၉ ဦးကို ဖမ်းဆီးခဲ့သည်။ ဤအချက်ကို ကန့်ကွက်သော အားဖြင့် တိုက်နယ်ဥက္ကဋ္ဌ ၃၆ ဦးတို့ ရာထူးမှ နုတ်ထွက်ကြသည်။ အခွန်မဆောင်၊ ကူလီမလိုက်၊ အစိုးရအမှု မထမ်း၊ အစိုးရနှင့် အဆက် အသွယ်ဖြတ် ... စသည်ဖြင့် ပြည်သူ့အင်အားဖြင့် သပိတ်မှောက်ခဲ့ကြသည်။

     တုန်ဟည်းစွာ ပေါက်ကွဲသော ကန်ပက်လက်အရေးအခင်းသည် ချင်းလူမျိုးတို့၏ ရဲရင့်ပြောင်မြောက်သော နယ်ချဲ့ဆန့်ကျင်ရေး ကို ပို၍ပို၍ အရှိန်အဟုန် ပြင်းထန်စေခဲ့သည့်အပြင် မြန်မာတပြည်လုံး လွတ်မြောက်ရေးအတွက် ချင်းအမျိုးသားတို့၏အခန်းကဏ္ဍ သည်လည်း ပိုမိုအရေးပါလာသည်။ "ချင်းအမျိုးသားနေ့" သန္ဓေသားသည်လည်း ရင့်၍ရင့်၍လာပါတော့သည်။

     တနည်းအားဖြင့် ဤကန်ပက်လက်အရေးအခင်းသည် ချင်းအမျိုးသားနေ့ဖြစ်ပေါ်ရေးအတွက် အဆင့်မှန်သော ခြေလှမ်းဟု ဆိုရ ပေမည်။


(၃)

     မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်သော လွတ်လပ်ရေးရရှိလာသောအခါ "ပြည်ထောင်စု" ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး နှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးပေါင်းစုံထံမှ ဆန္ဒခံယူဆွေးနွေးရန် ဖြစ်လာပါသည်။ အဆိုပါဆွေးနွေးပွဲကို တက်ရောက်မည့် ကိုယ်စားလှယ်များကို လူမျိုးစုကိုယ်စားလှယ်နှင့် ပြည်သူလူထုကိုယ်စားလှယ်ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားခဲ့သည်။ ချင်းလူမျိုးအနေဖြင့် လူမျိုးစုကိုယ်စားလှယ် ၆ ဦး၊ ပြည်သူလူထုကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၁၄ ဦးစေလွှတ်ပိုင်ခွင့်ရှိခဲ့သည်။ ပြည်သူလူထု ကိုယ်စားလှယ် ၈ ဦးကို ပြည်သူ့ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်စေလွှတ်မည်။ ပြဿနာမရှိ။ သို့ရာတွင် လူမျိုးစုကိုယ်စားလှယ် ၆ ဦးအတွက် ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်မည်လော၊ သို့တည်းမဟုတ် စော်ဘွားများ၊ တိုက်သူကြီးများကို စေလွှတ်မည်လောဟူသော ပြဿနာပေါ်သည်။

     ထို့ပြင် အုပ်ချုပ်ရေးစနစ်နှင့် စပ်လျဉ်း၍ ယခင်အုပ်ချုပ်ရေးစနစ်အတိုင်း စော်ဘွားများ၊ တိုက်သူကြီးများ၊ ရွာသူကြီးများအား သားစဉ်မြေးဆက် အမွေဆက်ခံစေကာ အုပ်ချုပ်ရေးအာဏာနှင့် အခွင့်အရေးအားလုံးကို သူတို့လက်ဝယ် မြဲစေမည်လော၊ သို့တည်း မဟုတ် ပြည်သူတို့က မိမိတို့စိတ်တိုင်းကျ ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်သူများလက်ဝယ် အာဏာအပ်နှင်းသည့်စနစ်ကို ကျင့်သုံး မည်လောဟူ၍ တခုခုကို ရွေးချယ်ရန် လမ်းဆုံရောက်နေချိန်လည်း ဖြစ်သည်။

     ဤပြဿနာကို ဆွေးနွေးဖြေရှင်းရန် ၁၉၄၈ ဖေဖော်ဝါရီ ၁၉ မှ ၂၂ အထိ ချင်းဝိသေသတိုင်း မြောက်ပိုင်းခရိုင်၊ ဖလမ်းမြို့တွင် "ချင်းအမျိုးသားညီလာခံ" တရပ်ကို ကျင်းပခဲ့သည်။ လူထုကိုယ်စားလှယ် ၅၀၀၀ ကျော် တက်ရောက်ကြသည်။ ညီလာခံတွင် ဦးဝမ္မး သူမောင်က ဥက္ကဋ္ဌ၊ ကပ္ပတိန်မန်တုံးနုန်က အတွင်းရေးမှူးနှင့် သဘာပတိအဖြစ် ချင်းရေးရာကောင်စီဥက္ကဋ္ဌဦးလျန်ထမ်တို့က ဆောင်ရွက်ခဲ့ကြသည်။

     ညီလာခံ၏ ဒုတိယနေ့ဖြစ်သော ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တီးတိန်လူထုကိုယ်စားလှယ်ဦးထောင်ဇကိုင်က

              "ချင်းတောင်တွင် နယ်ချဲ့တို့၏ အမွေဆိုးအဖြစ် ကြွင်းကျန်ရစ်သော စော်ဘွားများ၊ တိုက်နယ်သူကြီးများ၏ အုပ်ချုပ် ရေးစနစ်သည် ဆင်းရဲသားလူထုအပေါ် အခွန်မတန်တဆ ကောက်ခံခြင်း၊ ကူလီဝန်ထမ်းများကို လုပ်ခမပေးဘဲ ခိုင်းစေခြင်း၊ ဆင်းရဲသားလူထု၏ ချွေးနှဲစာအပေါ် အမျိုးမျိုး ခေါင်းပုံဖြတ်ခြင်း ... စသည့် အာဏာကို အလွဲသုံးစားလုပ်သောစနစ် ဖြစ် သည်။ ထို့ကြောင့် ဤစနစ်ကို အမြစ်မကျန် တွန်းလှန်ဖြိုလှဲပြီး၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးပြဋ္ဌာန်းရန်" ဟူသော အဆိုကို တင်သွင်းခဲ့သည်။

     ဤအဆိုကို ဖလမ်းလူထုကိုယ်စားလှယ် ဦးစွန်မန်းနှင့် ကန်ပက်လက်ကိုယ်စားလှယ် ဦးထန်းမောင်းတို့က ရဲရဲတောက် ထောက်ခံ သွားကြသည်။ အဆိုကို မဲခွဲအဆုံးအဖြတ်ယူသောအခါ ထောက်ခံမဲ ၅၀၀၀ ကျော်၊ ကန့်ကွက်မဲ ၁၇ မဲဖြင့် အပြတ်အသတ်နိုင်ကာ အတည်ပြုနိုင်ခဲ့သည်။

     ဤသို့ ဖလမ်းညီလာခံသည် နယ်ချဲ့အမွေဆိုးဖြစ်သော မြေရှင်ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို တွန်းလှန်တိုက်ဖျက်နိုင်ခဲ့သည် သာမက

     -    ချင်းလူမျိုးတို့၏သမိုင်းတွင် မကြုံစဖူး စုံစုံညီညီ တိုင်ပင်ဆွေးနွေးကြသည့် တအူတုံဆင်းညီရင်းအစ်ကိုများ၏ ပထမဦးဆုံး သော သွေးစည်းညီညွတ်ရေးညီလာခံကို သမိုင်းဝင် ကျင်းပနိုင်ခြင်း။

     -    ပြည်သူထံမှ ပြည်သူထံသို့ ဆင်းသက်သည့် ပြည်သူ့ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို အုတ်မြစ်ချနိုင်ခြင်း။

    -    လွတ်လပ်စ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုတို့၏ ဥမကွဲ သိုက်မပျက် တည်ဆောက်ကြမည့် နိုင်ငံတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစသည့် သမိုင်းပေး တာဝန်ကို ချင်းလူမျိုးများအနေဖြင့် အမျိုးသားကဏ္ဍရပ်မှ အခိုင်အမာ ကြိုဆိုထောက်ခံသည့် နေ့ထူးနေ့မြတ်ဖြစ်ခြင်း။

     စသည့် ထူးခြားမွန်မြတ်သော အနှစ်သာရများကို ဆောင်ပါသည်။

     နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးမှတ်ကျောက် တင်နိုင်ခဲ့သည်သာမက နယ်ချဲ့စနစ်၏ အမွေဆိုးများကို တွန်းလှန်ဖြိုလှဲပြီး "ကိုယ့်ကံကြမ္မာ ကိုယ်သာ ဖန်တီးခွင့်"တည်းဟူသော ဒီမိုကရေစီလမ်းသစ်ကို ထွင်နိုင်ခဲ့သည်။ ဤဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ၁၉၅၀ အောက်တိုဘာလ ၉ ရက်တွင် ကျင်းပသော ချင်းရေးရာကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့သည်။ ဤသို့ဖြင့် ချင်းလူမျိုးတို့ တည်ဆောက်ရာဖြစ်တော်မူသော "ချင်းအမျိုးသားနေ့" သည် ချင်းသမိုင်း၏စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။


 (၄)

 ချင်းအမျိုးသားနေ့သည် လေးနက်သော အဓိပ္ပာယ်၊ ပြည့်ဝသော အနှစ်သာရ၊ ခိုင်လုံသော သမိုင်းနောက်ခံရှိနေပါသော်လည်း စည်းလုံးညီညွတ်ရေးကို မရှုဆိတ်လိုသူများ၏ စုံစမ်းနှောင့်ယှက်ခြင်း အမျိုးမျိုးကို ခံရပါသည်။

 တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဥပေက္ခာပြုသော ပါလီမန်အရှင်းရှင်ခေတ်တွင် ပဒေသရာဇ်အကြွင်းအကျန်များသည် "ချင်းအမျိုးသားနေ့" အောင်ပွဲကို လိုလားနှစ်သက်ခြင်း မရှိသည်နှင့်အညီ ၁၉၅၆- ၅၇ ခုနှစ်တွင် ချင်းအမျိုးသားနေ့ကို ဖျက်သိမ်းရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။ သို့သော် ချင်းပြည်သူလူထုတရပ်လုံး၊ ချင်းနိုင်ငံရေးသမားများနှင့် ရန်ကုန်တက္ကသိုလ်ရှိ ချင်းကျောင်းသား များက ဆန္ဒပြ ကန့်ကွက်ခဲ့သဖြင့် မဖျက်သိမ်းဖြစ်ခဲ့ချေ။ ချင်းအမျိုးသားများ စည်းလုံးညီညွတ်စွာဖြင့် နယ်ချဲ့ကို တော်လှန်ခဲ့သော ရဲရင့်တောက်ပြောင်သည့် သမိုင်း၏ ရောင်ပြန်ဟပ်မှု၊ ချင်းပြည်သူတို့၏ မွန်မြတ်သော ပြည်ထောင်စုစိတ်ဓာတ်ကို ထိန်းသိမ်းလိုသည့် ဆန္ဒ ပြင်းပြမှုတို့ကြောင့် "ချင်းအမျိုးသားနေ့" သည် ယနေ့တိုင် တည်တံ့ခိုင်မြဲခြင်းဖြစ်သည်။

 ၁၉၆၆ ခုနှစ်တွင် "ချင်းအမျိုးသားနေ့" ကို "ချင်းဝိသေသတိုင်းနေ့" အဖြစ် ပြောင်းလဲခေါ်ဆိုရန် အကြံပြုမှုပေါ်ခဲ့သည်။ ချင်းအမျိုးသား ခေါင်းဆောင်ကြီးဦးဝမ္မးသူမောင်က ခါးခါးသီးသီးငြင်းဆိုခဲ့သည့်အပြင် အဆိုပါအကြံပေးပုဂ္ဂိုလ်ကြီးများက လက်ဆောင်ပေးသော ဗန္ဓုလစောင်တထည်ကို "ငါ့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးနှင့် မြေရှင်ပဒေသရာဇ်စနစ် တိုက်ဖျက်ရေး ဆောင်ရွက်ချက်များဟာ ဗန္ဓုလစောင် တထည်နဲ့ တန်သလား" ဟူ၍ ရင်ထုမနာပြောရှာသည်။ ထိုဗန္ဓုလစောင်ကိုလည်း ပြန်ပေးခဲ့သည်။

တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း (ယခုပါတီဥက္ကဋ္ဌကြီး) က ဤသတင်းကို ကြားသိသောအခါ "ချင်းအမျိုးသားနေ့ကို မဖျက်ဆီးဘဲ ဆက်လက်ထိန်းသိမ်းရန်" ချင်းဦးစီးအဖွဲ့ကို ကြေးနန်းရိုက်ညွှန်ကြားခဲ့သည်။

 မှန်ပါသည်။ ချင်းအမျိုးသားနေ့ကို ဖျက်သိမ်း၍ အခြားနေ့ထူးတခုခုဖြင့် အစားထိုးရန်သော်လည်းကောင်း၊ အခြားနေ့ထူးနေ့မြတ် တခုခုနှင့် တွဲဖက်ရန်သော်လည်းကောင်း ကြိုးပမ်းမှုသည် ချင်းပြည်သူတို့၏ ပြည်ထောင်စုစိတ်ဓာတ်ကို မသိကျိုးကျွန်ပြုရာ ကျပေမည်။ ချင်းအမျိုးသားနေ့ တည်ရှိမှုသည် ချင်းပြည်သူတို့၏ ပြည်ထောင်စုအပေါ် သစ္စာရှိမှုကိုလည်းကောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ် ရေး လက်ခံမှုကိုလည်းကောင်း မပျက်ပြယ်စေသည့်အပြင် ချင်းအမျိုးသားနေ့ကို ဖျက်သိမ်းခြင်းအားဖြင့်သာလျှင် အထက်ဖော်ပြပါ ချင်းအမျိုးသားတို့၏ မွန်မြတ်သောစိတ်ဓာတ်ကို ထိခိုက်ပျက်ပြားစေနိုင်ပါသည်။

 ယခုအခါ "ချင်းအမျိုးသားနေ့" ကို "ချင်းပြည်နယ်နေ့"နှင့် တထပ်တည်းကျင်းပရန်၊ ချင်းပြည်နယ်နေ့အဖြစ် ပြောင်းလဲသတ်မှတ် ရန် တီးတိုးဖွင့်ဟသံများ ပေါ်ထွက်လာပါသည်။ ချင်းအမျိုးသားနေ့နှင့် ချင်းပြည်နယ်ရရှိသောနေ့ရက်ချင်း မတူညီပါ။ ၁၉၇၃၊ ဇန်နဝါရီ လ ၃ ရက်၊ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီးမှသာလျှင် ချင်းပြည်နယ်ဟူ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အကယ်တန္တု "ချင်းပြည်နယ် နေ့" ဟု သတ်မှတ်ခြင်းပြုလုပ်ပါက ဇန်နဝါရီလ ၃ ရက်သာလျှင် ဖြစ်သင့်ပြီး၊ ထိုနေ့သည် ချင်းပြည်နယ်ကိုသာ ကိုယ်စားပြုပါမည်။ လူမျိုးကို ကိုယ်စားမပြု။ ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးကိုကိုယ်စားပြုသည်။ ထိုသို့ နေ့ရက်ချင်း၊ အနှစ်သာရချင်း၊ သမိုင်းကြောင်း ချင်း မတူညီသော အရာနှစ်ခုကို ထပ်တူပြုခြင်းသည် ချင်းလူမျိုးတို့၏ ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လိုလားမှုနှင့် နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းတို့ကို စော်ကားရာကျပေမည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု အဓွန့်ရှည်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲရေး စသည်တို့ကို အထောက်အကူပြုလျက်ရှိသည့် ချင်း တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်ကို ဖျက်သိမ်းရန် ကြိုးပမ်းမှုသည် ပင်လုံစာချုပ်၏ ဦးတည်ချက်ကို ဆန့်ကျင်ရာလည်း ကျပေမည်။ တနည်းအားဖြင့် ချင်းအမျိုးသားနေ့သည် ပြည်ထောင်စုစနစ်၏ အဓိပ္ပာယ်ကို ပိုမိုလေးနက် ပီပြင်စေသည့်အပြင် ပင်လုံစာချုပ်ကို ခိုင်မာစေသည်။ အကယ်၍ ချင်းအမျိုးသားနေ့ကို ပယ်ဖျက်ခြင်းပြုပါက (ဝါ) နေ့ထူးတခုခုဖြင့် အစားထိုးခြင်းပြုပါက ဤအချက်များ၏ အနှစ်သာရ ပေါ့ပျက်ပြီး အဓိပ္ပာယ်မဲ့စေနိုင်ပါသည်။

 ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားချင်းအမျိုးသားများ၏ ဂုဏ်ယူ အလေးအမြတ်ထားအပ်သော၊ ပြောင်မြောက်သော သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်သည့် "ချင်းအမျိုးသားနေ့" ကို ပြည်ထောင်စုဖွား တိုင်းရင်းသား လုပ်သားပြည်သူတရပ်လုံးက ဝိုင်းဝန်း ထိန်းသိမ်းရန် တာဝန်ရှိသည်ဟု ခံယူမိပါသည်။


ဆလိုင်းလျန်မှုန်း


(ကွယ်လွန်သူ ချင်းအမျိုးသားခေါင်းဆောင်ကြီး ဦးဝမ္မးသူမောင်၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိ လက်ရေးစာမူကို ကိုးကားပါသည်။)


Download PDF