• +95 (0)9 425 705 270
  • info@cdes.org.mm

ငြိမ်းချမ်းရေးစာစောင်

  • Home/
  • ငြိမ်းချမ်းရေးစာစောင်

ငြိမ်းချမ်းသောကမ္ဘာအတွက်
ခရစ်တော်၏ ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့် ဓမ္မအမှုတော်ဆောင်များပါဝင်ရေး

ဒေါက်တာလျန်မှုန်းဆာခေါင်း

ဒီညီလာခံကြီးမှာ ကျနော့်ကို ဆွေးနွေးပြောကြားဖို့ ပေးထားတဲ့ခေါင်းစဉ်ကတော့ “ငြိမ်းချမ်းသောကမ္ဘာအတွက် ခရစ်တော်၏ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့် ဓမ္မအမှုဆောင်များပါဝင်ရေး” ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကြီးထဲမှာ ခရစ်တော်ရဲ့ငြိမ်းချမ်းရေးလမ်းနှင့် ဓမ္မအမှုတော်ဆောင်များ ပါဝင်ရေးဆိုပြီး နှစ်ပိုင်းခွဲလို့ရမယ်ထင်ပါတယ်။ ဒါပေမဲ့ “ခရစ်တော်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်” နှင့် ၎င်းငြိမ်းချမ်းရေးလမ်းစဉ်ထဲမှာ ဓမ္မအမှုတော်ဆောင်များ သီးခြားစီ မစဉ်းစားဘဲ တတ်နိုင်သမျှ ပေါင်းစပ်ပြီး တင်ပြသွားမှာဖြစ်ပါတယ်။

ခရစ်တော်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်လို့ ပြောလိုက်ရင် အင်မတန်ကျယ်ပြန့်ပါတယ်။ ငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ကမ္ဘာ့သမိုင်းဝင်ပုဂ္ဂိုလ်အသီးသီးရဲ့ ခရစ်တော်သွန်သင်မှုအပေါ် ကိုးကားတဲ့ကျမ်းချက်တွေလည်း အနည်းငယ်စီကွဲပြားနိုင်ပါတယ်။ ဥပမာ- အကြမ်းမဖက်ရေးဝါဒဖြင့် အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ မဟတ္တမဂန္ဒီနှင့် အမေရိကန်ပြည်ထောင်စုတွင် အသားအရောင်ခွဲခြားခြင်းကို ဆန့်ကျင်ကန့်ကွက်တိုက်ပွဲဝင်ခဲ့သော နှစ်ချင်းခရစ်ယာန်ဓမ္မဆရာတဦးဖြစ်တဲ့ မာတင်လူသာကင်းလို ပုဂ္ဂိုလ်ကြီးများကတော့ တောင်ပေါ်ဒေသနာကို ခရစ်တော်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကို ဟောပြောသက်သေခံခဲ့ကြပါတယ်။

စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံတော်ဖြစ်၏။ စိတ်မသာ ညည်းတွားသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတံ့။ စိတ်ထားနူးညံ့သိမ်မွေ့သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။ သနားစုံမက်တတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတံ့။ စိတ်နှလုံး ဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့...။ ဖြောင့်မြတ်ခြင်းတရားကြောင့် နှောင့်ယှက် ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထို သူတို့၏နိုင်ငံဖြစ်၏။ (ရှင်မဿဲ ၅း၃-၁၀)

မဟတ္တမဂန္ဒီရဲ့အလိုအရ ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲမဖြစ်ရုံ၊ ပဋိပက္ခမရှိရုံနဲ့ ငြိမ်းချမ်းရေးရပြီလို့ မဆိုနိုင်ဘူးတဲ့။ တောင်ပေါ်ဒေသနာမှာ သွန်သင်ထားတဲ့အတိုင်း စိတ်နှလုံးနှိမ့်ချတဲ့သူ၊ စိတ်မသာ ညည်းတွားတဲ့သူ၊ စိတ်ထား နူးညံ့သိမ်မွေ့တဲ့သူ၊ ဖြောင့်မတ်ခြင်းပါရမီကို ဆာလောင်ငတ်မွတ်နေသူ၊ သနားစုံမက်တတ်သူ၊ စိတ်နှလုံးဖြူစင်သူနှင့် သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူ ဆိုတဲ့ မင်္ဂလာတရားများသာမက ဒီလိုပါရမီမျိုးနဲ့ လူသားတဦးချင်းစီရဲ့ စိတ်နှလုံးသားထဲမှာလည်းကောင်း၊ အသင်းတော်ထဲမှာလည်းကောင်း၊ လူ့အဖွဲ့အစည်းထဲမှာလည်းကောင်း ပြီးပြည့်စုံမှသာ ငြိမ်းချမ်းရေး အမှန်တကယ်ရရှိနိုင်မယ်လို့ ဆိုပါတယ်။

ကျနော်တို့ သာမန်လူသားတွေအနေနဲ့ တောင်ပေါ်ဒေသနာမှာ ဖော်ပြတဲ့ မင်္ဂလာတရားအားလုံးနဲ့ ပြည့်စုံပြီး တကယ်ငြိမ်းချမ်းတဲ့လူဖြစ်ဖို့ အင်မတန်မှ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ဒီတောင်ပေါ်ဒေသနာထဲမှာ ရှင်မဿဲ အခန်းကြီး ၅၊ အငယ် ၉ မှာ ပါတဲ့ “သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့...”ကို တိုက်ရိုက်ဘာသာပြန်ရင် ငြိမ်းချမ်းရေးကို ဆောင်ရွက်နေကြသောသူတို့သည် ဘုရားသခင်၏သားတော်၊ သမီးတော်များဖြစ်ကြပါတယ်။ ထိုနည်းတူ ဘုရားသခင်သားတော်သမီးတော်များဖြစ်ကြတဲ့ ခရစ်ယာန်ဓမ္မအမှုဆောင်အားလုံးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ပါ​ဝင်ဆောင်ရွက်သင့်ကြောင်း သွန်သင်ထားတဲ့ ကျမ်းချက်ဖြစ်ပါတယ်။

တောင်ပေါ်ဒေသနာအပြင် ခရစ်တော်၏ ငြိမ်းချမ်းရေးလမ်းစဉ်အဖြစ် ကိုးကားထားကြတဲ့ အခြား ကျမ်းချက်တခုကတော့ ရှင်လုကာ အခန်းကြီး (၄) အငယ် ၁၈ နှင့် ၁၉ တို့ပဲဖြစ်ပါတယ်။

ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသော သူတို့၏အနာကို ပျောက်စေခြင်းငှာ၎င်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှာ၎င်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။

ဒီကျမ်းချက်ဟာ နှစ်ဆယ်ရာစုအကုန်ပိုင်း ၁၉၇၀ နှင့် ၁၉၈၀ ကာလများ- တတိယကမ္ဘာလို့ခေါ်တဲ့ အာရှ၊ အာဖရိက၊ တောင်အမေရိကနိုင်ငံများမှာ အလွန်ခေတ်စားတဲ့ ခရစ်တော်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်ခဲ့ပါတယ်။ ဒီကျမ်းချက်ဟာ Liberation Theology ရဲ့အခြေခံကျမ်းချက်ဖြစ်သလို၊ လွတ်မြောက်ခြင်းကိုအခြေခံတဲ့ ခရစ်တော်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ် ဖြစ်တယ်လို့လည်း ပြောလို့ရမယ်ထင်ပါတယ်။ ကျနော်တို့တတွေ မြန်မာနိုင်ငံခရစ်ယာန်ဓမ္မတက္ကသိုလ်မှာ ဓမ္မပညာသင်ပြီးနောက် ဒီမိုကရေစီအရေးတော်ပုံကြီးနှင့် တိုင်းရင်းသားလူမျိုးများ၏အမျိုးသားရေးတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတိုက်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်နေတဲ့ပုဂ္ဂိုလ်များ အတွက်လည်း ဒီကျမ်းချက်ဟာ ခရစ်တော်ရဲ့ “နာဇရက်ကြေညာစာတမ်း” (Nazareth Manifesto) ဖြစ်ခဲ့သလို မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး နှင့် လွတ်မြောက်ရေးကြေညာစာတမ်းသဖွယ် ကိုင်စွဲထားတဲ့ကျမ်းချက်လည်းဖြစ်ပါတယ်။

ဤကျမ်းချက်မှာ ဖော်ပြထားတဲ့အတိုင်း-

ခရစ်တော်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ဟာ ဆင်းရဲတဲ့ပြည်သူများအတွက် ဝမ်းမြောက်စရာသတင်း ဟောကြားနိုင်ဖို့ ဖြစ်တယ်။ ကမ္ဘာလူထု အများစုကြီးက ဆင်းရဲနေကြပါတယ်။ ကျနော်တို့တိုင်းပြည်မှာလည်း ရာခိုင်နှုန်းအားဖြင့် ၈၀-၉၀ ကျော်လူထုကြီးဟာ ဆင်းရဲနေကြပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံလို့ သတ်မှတ်ခြင်းခံရတဲ့ ဆင်းရဲတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ...။ လူတွေ ဆင်းရဲရခြင်းအရင်းခံဟာ သဘာဝတရားကြောင့် ဆင်းရဲငတ်မွတ်ခြင်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ သဘာဝတရားကြောင့် ဆင်းရဲခြင်းဖြစ်ပေါ်တယ်ဆိုတာ အမြဲတမ်း မဟုတ်ပါဘူး။ သဘာဝတရားဖောက်ပြန်ပြီး သဘာဝဘေးအန္တရာယ်များနဲ့ ကြုံဆုံတဲ့အခါမှသာ ဖြစ်ပေါ်တဲ့ ရေကြီးခြင်း၊ မြေငလျင် လှုပ်ခြင်း၊ တောမီးလောင်ခြင်း စတဲ့ အန္တရာယ်များကြောင့် ဖြစ်ပေါ်နေတဲ့ ဆင်းရဲခြင်းဟာ ကာလအခိုက်အတံ့မှာ ဖြစ်ပေါ်တဲ့ ဆင်းရဲခြင်းပဲဖြစ်တယ်။ အမြဲတမ်းမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းထဲမှာ ဆင်းရဲခြင်း အမြဲတမ်းရှိနေတာ သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ လူလူချင်း ခေါင်းပုံဖြတ်မှု၊ မတရားညှဉ်းပန်းနှိပ်စက်မှု၊ အထူးသဖြင့် အုပ်စိုးသူအစိုးရက လူထုအကျိုးစီးပွားကို ဘယ်လိုသယ်ပိုးဆောင်ရွက်မလဲဆိုတာထက် လူထုကို ဘယ်လို ခြယ်လှယပြီး အုပ်စိုးမင်းမူနိုင်မလဲဆိုတာ စဉ်းစားနေကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ပြည်သူကို ပြည်သူအချင်းချင်း၊ လူထုကို လူထုအချင်းချင်း ခေါင်းပုံဖြတ်လို့ ဖြစ်ပေါ်တဲ့ ဆင်းရဲငတ်မွတ်မှုဆိုတာ ဒီလောက်မများနိုင်ပါဘူး။ အစိုးရက လူထုကို ခေါင်းပုံဖြတ်၊ အမြတ်ထုတ်၊ ခြယ်လှယ်ပြီး မိမိအာဏာ တည်မြဲရေးကို ဆောင်ရွက်နေကြတဲ့အတွက် ဆင်းရဲခြင်းဆိုတာ အဓိကဖြစ်ပေါ်နေတာ ဖြစ်တယ်။ ဒီလို ဆင်းရဲသားများအတွက် ဝမ်းမြောက်ခြင်းသတင်းကို ဟောပြောသက်သေခံဖို့ ခရစ်တော် အလိုရှိတယ်။

ခရစ်တော်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ဟာလောကရဲ့မှောင်မိုက်မှုထဲမှာ ဘဝရဲ့ရိုက်ပုတ်မှု ဒဏ်ရာဒဏ်ချက်များ ကြောင့် ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးစလုံး ကြေမွအောင် ခံစားနေရတဲ့ ပြည်သူတွေရဲ့အနာကို ပျောက်ကင်းစေဖို့ဖြစ် ပါတယ်။ ဘဝကြေမွသွားလောက်အောင် ခံစားနေရတဲ့ ဒဏ်ရာဒဏ်ချက်များ၊ အနာရောဂါများ ပျောက်ကင်းစေခြင်းဆိုတဲ့အရာထဲမှာ ပြည်တွင်းစစ်ဒဏ်ကြောင့် ကျနော်တို့တိုင်းပြည်ရဲ့ တိုင်းရင်းသားပြည်သူတရပ်လုံး ခံစားနေရတဲ့ အနာကို ပျောက်ကင်းစေခြင်းဆိုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်လည်းပါမယ် ထင်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာ လောကဓံ တရားကြောင့်သာမက ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်စနစ်တို့ရဲ့ ဖိနှိပ်မှုပြစ်ဒဏ်ကြောင့် မျှော်လင့်ချက် ကင်းမဲ့ လောက်အောင် ဆင်းရဲမှုမျိုးစုံရဲ့ဒဏ်ကို ခံစားနေကြရတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ကို ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ခြင်းကို ဟောပြောသက်သေခံဖို့ ခရစ်တော် အလိုရှိတယ်။

ခရစ်တော်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ထဲမှာ ဖမ်းသွားချုပ်နှောင်ခြင်းခံရသောသူများ လွတ်မြောက်စေခြင်းလည်း ပါပါတယ်။ ကျနော်တို့တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ အလွန်ကြီးမားကျယ်ပြန့်တဲ့အကျဉ်းထောင်ကြီးသဖွယ် ရပ်တည်ခဲ့ပါတယ်။ ကျနော်တို့တိုင်းပြည်မှာရှိတဲ့လူထုတရပ်လုံးဟာ ဖမ်းဆီးချုပ်နှောင်ခြင်းမှ လွတ်မြောက်ခြင်းဆိုတဲ့ မျှော်လင့်ချက်၊ စစ်မက်ဖြစ်ပွားခြင်းရဲ့ ဒဏ်ရာဒဏ်ချက်များကို ပျောက်ကင်းစေနိုင်တဲ့ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ချက်တို့ကို ငတ်မွတ်နေကြပါတယ်။ ပြည်သူတွေ လွတ်မြောက်ရေးဟာ ကျနော်တို့ ခရစ်ယာန်များ ပါဝင်ဆောင်ရွက်ရမယ့် ခရစ်တော်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်ပါတယ်။ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူများ လွတ်မြောက်ခြင်းဆိုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ ဓမ္မအမှုတော်ဆောင်များပါဝင်ဖို့ ခရစ်တော် အလိုရှိတယ်။

ခရစ်တော်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ထဲမှာ ခန္ဓာရောဂါကြောင့် မျက်စိကန်းနေသူများသာမက ပညာအလင်း ကင်းမဲ့မှုကြောင့် ဘဝမှောင်ရိပ်ထဲမှာ ကျင်လည်နေကြရတဲ့ ပြည်သူများရဲ့ မျက်စိအလင်း၊ ပညာအလင်း၊ ဘဝအလင်း ပြန်လည်မြင်နိုင်ခြင်းလည်း ပါပါတယ်။ အာဏာရှင်အမျိုးမျိုးရဲ့ မတရားဖိနှိပ်ချုပ်ချယ်မှုနှင့် ပြည်တွင်းစစ်ဒဏ်ကြောင့် အနာဂတ်အတွက် မျှော်လင့်ချက်ကင်းမဲ့ခြင်းဟာ အမြင်ကန်းခြင်းတမျိုးဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာ နှစ်ပေါင်း (၇၀) ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရဲ့ စစ်ဘေးစစ်ဒဏ်ကြောင့် ဘဝအမှောင်ဖုံးလွှမ်းပြီး မျှော်လင့်ချက်ကင်းမဲ့နေသူများကို ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ ဘဝအတွက် အမြင်သစ်များ ရရှိနိုင်ရေးကို ကိုယ်တော်ရှင် အလိုတော်ရှိပါတယ်။ ကျမ်းစာမှာ “သင်တို့သည် လောကအလင်းများဖြစ်ကြ၏” လို့ သွန်သင်ထားတဲ့အတိုင်း မျက်လုံး စုံကွယ်၍ အမြင်ကန်းသောသူများ၊ ဘဝရဲ့မှောင်မိုက်မှုထဲမှာ လောကဓံတရားကြောင့် နည်းမျိုးစုံဖြင့် အမြင်ကန်းနေကြသူများအတွက် ဓမ္မအမှုတော်ဆောင်များဟာ တကယ်ပဲ လောကအလင်းဖြစ်သင့်ပါတယ်။

ခရစ်တော်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ထဲမှာ- ညှဉ်းဆဲခြင်း ခံနေရသောသူတို့ကို ကယ်မခြင်းတရားလည်း ပါပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်းစစ်ကြောင့် ညှဉ်းဆဲခြင်း ခံနေရသောသူများ၊ အမျိုးမျိုးသော အာဏာရှင်စနစ်ကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်း ခံနေရသောသူများ၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမျိုးရေးနှင့် ဘာသာရေးတွေကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသူများကို လွတ်လပ်ခွင့်၊ တရားမျှတခွင့်နှင့် ဘုရားပေးတဲ့ အခြေခံ လူ့အခွင့်အရေးများကို တန်းတူရည်တူ ခံစားပိုင်ခွင့်များအပြင်၊ ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေမည့် ငြိမ်းချမ်းရေးတရား ဟောပြော၏သက်သေခံခြင်းလည်း ပါပါတယ်။ ဒါ့ကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသူများ ကယ်မခြင်းတရား ရရှိရေးဆိုတဲ့  ခရစ်တော်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ထဲမှာ ဓမ္မအမှုတော်ဆောင်များ ပါဝင်ရေးအတွက် ခရစ်တော် အလိုရှိပါတယ်။

ဒီနေ့ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များရဲ့ ပဉ္စမအကြိမ်ညီလာခံကြီးမှာ အထက်ပါကျမ်းချက် (၂) ခု- ရှင်မဿဲ ၅း ၃-၁၀ နှင့် ရှင်လုကာ ၄း၁၈-၁၉ တို့အပြင် ညီလာခံကြီးမှာ ရွေးချယ်ပေးလိုက်တဲ့ ကျမ်းစာများကိုလည်း ကြိုးစားပြီး ကိုးကားသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဓမ္မဟောင်းကျမ်းမှာပါတဲ့ မက္ခာအနာဂတ္တိကျမ်းအခန်းကြီး ၅း အငယ် (၄) မှာ -

“ထိုသခင်သည် ရပ်၍ ထာဝရဘုရား၏ အစွမ်းသတ္တိနှင့်၎င်း၊ မိမိဘုရားသခင် ထာဝရဘုရား၏နာမတော် တန်ခိုး အာနုဘော်နှင့်၎င်း၊ မိမိသိုးစုကို ကျွေးမွေးလိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား ထိုသခင်သည် မြေကြီးစွန်းတိုင် အစိုးရ၍  ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည်” လို့ ဖော်ပြထားပါတယ်။

ရန်တွေအားလုံးကို ပြေငြိမ်းစေခြင်းငှာ ထိုသခင်က မြေကြီးစွန်းတိုင် အစိုးရလိမ့်မည်ဆိုတဲ့အချက်ကို ယနေ့ ကျွန်ုပ်တို့ တိုင်းပြည်အခြေအနေနှင့် နှိုင်းယှဉ်ပြီး ဥပမာပေးလို့ရမယ်ထင်ပါတယ်။ ငြိမ်းချမ်းရေးရရှိရန် မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်၊ တရားမျှတတဲ့ လူ့ဘောင်၊ အမှန်တရား ပွင့်လင်းရှင်သန်ပြီး လူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးများကို အာမခံချက်ပေးနိုင်တဲ့တရားဥပဒေရှိဖို့ လိုပါတယ်။ ဥပဒေရှိတိုင်း တရားမျှတမှု မရှိနိုင်ပါဘူး။ မတရားတဲ့ဥပဒေအောက်မှာ တရားဥပဒေစိုးမိုးရေးလည်း မရှိနိုင်ဘူး။ မတရားတဲ့ဥပဒေဆိုတာ ထိုဥပဒေကို ကျင့်သုံးမယ့်လူထုကိုယ်တိုင် ပါဝင်ရေးသားပြဋ္ဌာန်းခွင့် မရှိဘဲ အပြင်လူက ရေးသားပြဋ္ဌာန်းပြီး အတင်းအဓမ္မလက်ခံခိုင်းတဲ့ ဥပဒေမျိုးကို ဆိုလိုပါတယ်။ တရားတဲ့ဥပဒေဆိုတာ ထိုဥပဒေကို လိုက်နာကျင့်သုံးမယ့် လူထုကိုယ်တိုင် ပါဝင်ရေးသားပြဋ္ဌာန်းတဲ့ဥပဒေကို ဆိုလိုပါတယ်။ တရားတဲ့ဥပဒေဆိုတာ ထိုဥပဒေကို လိုက်နာကျင့်သုံးမယ့် လူမျိုးများက မိမိတို့လူမျိုးအတွက် ကိုယ်တိုင်ကိုယ်ကျ ရေးသားပြဋ္ဌာန်းတဲ့ဥပဒေကို ဆိုလိုပါတယ်။ ချင်းလူမျိုးများက ချင်းလူမျိုးများလိုက်နာကျင့်သုံးရမယ့် ဥပဒေကို ချင်းလူမျိုးများရဲ့ သမိုင်းနောက်ခံ၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနဲ့ ချင်းလူမျိုးများ နေထိုင်ရာ ပထဝီအခြေအနေတို့ကို အခြေခံပြီး မိမိလူမျိုးများအတွက် အကောင်းဆုံး ရေးသားပြဋ္ဌာန်းတဲ့ဥပဒေမျိုးကို ဆိုလိုပါတယ်။ ခရစ်ယာန်ဘာသာဝင်များက မိမိတို့ ကိုးကွယ်ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် နေ့စဉ်အသက်တာမှာ လိုက်နာစောင့်ထိန်းရမယ့် ဝိနည်းများနှင့် ဥပဒေများကို ခရစ်ယာန်ဘာသာကို ယုံကြည်သူများကိုယ်တိုင် ရေးသားပြဋ္ဌာန်းတဲ့ ဥပဒေမျိုးကို ဆိုလိုပါတယ်။

ဒီလိုတရားတဲ့ဥပဒေကို တရားမျှတစွာ ကျင့်သုံးနိုင်ရေးအတွက် ထိုဥပဒေကိုကျင့်သုံးမည့် အုပ်စိုးသူအစိုးရဟာလည်း သိက္ခာသမာဓိရှိပြီး အမြော်အမြင်လည်းရှိ၊ အကျင့်သီလနှင့်လည်း ပြည့်စုံတဲ့အုပ်စိုးသူအစိုးရ ဖြစ်ဖို့လိုအပ်ပါတယ်။ ထိုသခင်သည် မိမိသိုးစုကို ကျွေးမွေးလိမ့်မည်ဆိုသည့်အတိုင်း ထိုအုပ်စိုးသူအစိုးရသည် တိုင်းသူ ပြည်သားများအပေါ် သိုးထိန်းက သူ့ရဲ့သိုးများကို ဝလင်စွာ ကျွေးမွေးစောင့်ရှောက်သည့်နည်းတူ  ပြည်သူလူထု တရပ်လုံးကို ဝလင်စွာ ကျွေးမွေးစောင့်ရှောက်နိုင်သည်သာမက လူထုတရပ်လုံးရဲ့ ဘဝလုံခြုံရေးကိုပါ ကာကွယ် နိုင်သော အရည်အချင်းများ အုပ်ချုပ်သူအစိုးရနှင့် ခေါင်းဆောင်များထံတွင် ရှိရန် လိုအပ်ပါတယ်။

ဒီနေရာမှာ ငြိမ်းချမ်းရေးရရှိရန် လိုအပ်ချက်အခြေခံမူတခုအဖြစ် အုပ်ချုပ်သူအစိုးရကို ဖော်ညွှန်းနေတာ တွေ့ရပါတယ်။ ထိုသခင်က ဤကမ္ဘာမြေကြီးကို အုပ်ချုပ်ရင် ငြိမ်းချမ်းရေးအမှန်တကယ် ရရှိမယ်လို့ ဖော်ပြတယ်။ တနည်းအား ဖြင့် ပြောရင် - ထိုသခင်ကိုယ်စား ကမ္ဘာမြေကို အုပ်စိုးနေတဲ့အစိုးရအသီးသီးက ထိုသခင်၏အရည်အချင်း၊ အစွမ်းသတ္တိ နှင့် တန်ခိုးအာနုဘော်တို့ရှိကြရင် ငြိမ်းချမ်းရေးရရှိမယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်... ကျနော်တို့ စဉ်းစားတွေးခေါ်ဖို့ လိုအပ်နေတာက ထိုအစွမ်းသတ္တိနှင့် တန်ခိုးအာနုဘော်တို့ဆိုတာ ကျနော်တို့ခေတ်၊ ကျနော်တို့အခြေအနေမှာ ဘာကို ဆိုလိုတာလဲ?

သခင်ခရစ်တော်ရဲ့အစွမ်းသတ္တိဟာ အမှန်တရားပဲ ဖြစ်ပါတယ်။

အမှန်တရားအားဖြင့်သာ ငါတို့ လွတ်မြောက်နိုင်လိမ့်မယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။

သခင်ခရစ်တော်ရဲ့ တန်ခိုးအာနုဘော်ဟာ ကယ်တင်ခြင်းကိုပေးနိုင်တဲ့ တရားမျှတမှုပါ။

တရားမျှတရှိမှသာ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင်... ကျနော်တို့ ရှာဖွေနေတဲ့ အမှန်တရားက ဘာလဲ? အမှန်တရားကို နက်နဲတဲ့အတွေးအခေါ်၊ နက်နဲတဲ့ Philosophy နှင့် နက်နဲတဲ့ Theology တို့ကို အခြေခံပြီး မစဉ်းစားဘဲ သာမန်လက်တွေ့ဘဝမှာ နေ့စဉ်အသက်တာမှာ ဘယ်ဟာက အမှန်တရားဖြစ်ပါသလဲ? ရိုးရိုးစင်းစင်းတွေးကြည့်ရင် ကျနော်တို့ရဲ့ ပကတိဖြစ်တည်ခြင်းဟာ အမှန် တရားရဲ့ရေသောက်မြစ်ကြီး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် - ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းနှင့် ဖန်ဆင်းခြင်းအားကြောင့်ဖြစ်တည်လာတဲ့ ဖြစ်တည်မှုဟာ အမှန်တရားရဲ့ အရင်းအမြစ်ထဲမှာ တခုအပါအဝင်ဖြစ်တယ် လို့ ကျနော်တို့ ခရစ်ယာန်များက ယုံကြည်ထားပါတယ်။ ဒီမှာ သတိထားရမှာက ဖြစ်တည်ခြင်းဟာ အမှန်တရား ရဲ့အရင်းအမြစ်ထဲက တခုအပါအဝင်ဆိုပေမဲ့ ဖြစ်တည်ခြင်းဟာ အမှန်တရားရဲ့ အစိတ်အပိုင်းမျှသာဖြစ်တယ်။ အမှန် တရားရဲ့အလုံးစုံဟာ ဘုရားသခင်ကိုယ်တော်တိုင်ပဲဖြစ်ပါတယ်။ (The only Ultimate Truth is GOD.)

ပကတိတည်ရှိခြင်းနှင့် ဖြစ်တည်ခြင်းဟာ အမှန်တရားရဲ့ ရင်းမြစ်များထဲက တခုဖြစ်တယ်ဆိုရင်- ကျနော်တို့ လူသားဖြစ်ခြင်းနှင့် လူမျိုးတမျိုးဖြစ်ခြင်းဟာလည်း အမှန်တရားတွေပဲဖြစ်ပါတယ်။ ဒီအမှန်တရားကို ကျနော်တို့ လက်ခံ ပြီး အသိအမှတ်ပြုဖို့ လိုပါတယ်။ ကျနော်ဟာ လူသားတဦးဖြစ်ပါတယ်။ ချင်းလူမျိုးဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်ကို ဆလိုင်းလျန်မှုန်းဆိုသော လူသားတဦးအဖြစ် ကျေးဇူးပြု၍ လက်ခံအသိအမှတ်ပြုကြပါ။ ထိုနည်းတူ ချင်းလူမျိုးတဦး အဖြစ်နဲ့လည်း လက်ခံအသိအမှတ်ပြုကြပါ။ ဒီလိုလူသားအချင်းချင်း လက်ခံအသိအမှတ်ပြုခြင်းဟာ အမှန်တရားကို လက်ခံခြင်းအစပထမဖြစ်ပါတယ်။ အမှန်တရားကို လက်ခံရင် အချင်းချင်း အပြန်အလှန် လက်ခံအသိအမှတ်ပြုရမယ်။ သို့သော် အမှန်တရားကို လက်မခံဘဲ အချင်းချင်းအသိအမှတ်ပြုခြင်းကို ငြင်းပယ်ကြမယ်ဆိုရင် လူ့လောကကြီးမှာ ပဋိပက္ခ (Conflict) တွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ ပဋိပက္ခကြီးပွားလာရင် စစ်ပွဲဖြစ်လာပါတယ်။ စစ်ပွဲဖြစ်လာရင် ငြိမ်းချမ်းရေး ပျက်ပြားနေတတ်ပါတယ်။

ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေး ပျက်ပြားပြီး ပြည်တွင်းစစ်ဖြစ်ပွားနေတာ နှစ်ပေါင်း (၇၀) နီးပါးရှိနေပါပြီ။ ဒီပြည်တွင်းစစ်ဖြစ်ပွားရ ခြင်းအကြောင်းရင်းကို သေသေချာချာ လေ့လာဆန်းစစ်ကြည့်ရင် အချင်းချင်းအပြန်အလှန် လေးစား အသိအမှတ်ပြုရန် ငြင်းဆိုခြင်းဆိုတဲ့အကြောင်းရင်းကို တွေ့ရမှာပဲဖြစ်ပါတယ်။ အချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြုခြင်းမရှိတဲ့ လူ့အဖွဲ့အစည်းမှာ တရားမျှတမှုလည်း မရှိနိုင်ဘူး။ လွတ်လပ်မှုလည်း မရှိနိုင်ဘူး။ ငြိမ်းချမ်းရေးလည်း မရှိနိုင်ဘူး။ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုတို့အစား ခေါင်းပုံဖြတ်ခြယ်လှယ်မှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ လိမ်လည်လှည့်ဖြားမှု၊ အချင်းချင်း မယုံသင်္ကာမှုတွေ၊ ပဋိပက္ခမျိုးစုံနဲ့ လူ့အဖွဲ့အစည်းကြီးကို လွှမ်းမိုးနေပါ တယ်။ တရားမျှတမှု မရှိနိုင်ပါဘူး။ ပဋိပက္ခတွေပဲ ရှိနေတယ်။ လွတ်လပ်မှု မရှိနိုင်ဘူး။ ချုပ်ချယ်မှုနဲ့ အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုပဲ ရှိတယ်။ မေတ္တာတရား မရှိနိုင်ဘူး။ အမုန်းပွားမှုနဲ့ အချင်းချင်း မယုံသင်္ကာမှုပဲရှိတယ်။ ငြိမ်းချမ်းရေး မရှိနိုင်ဘူး။ စစ်ပွဲကြီးထဲမှာ အချင်းချင်း သတ်ဖြတ်ခြင်းနှင့် ရန်လိုမုန်းတီးခြင်းပဲရှိနိုင်ပါတယ်။

ဒါကြောင့် ဒီကနေ့ ကျနော်တို့တိုင်းပြည်မှာ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ထဲမှာ ကျနော်တို့ တောင်းဆိုတဲ့ ပထမတောင်းဆိုချက်က “အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုခြင်း”ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီတိုင်းပြည်ဟာ လူမျိုးတမျိုးတည်းနေတဲ့ တိုင်းပြည် မဟုတ်ဘူး။ လူမျိုးပေါင်းစုံ ရောနှောနေထိုင်တဲ့ တိုင်းပြည်ဖြစ် ပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်မှာရှိတဲ့ လူမျိုးတိုင်းကို မိမိတို့ရဲ့ အရှိပကတိအတိုင်း လက်ခံအသိအမှတ်ပြုပါ။ ချင်းကို ချင်းအဖြစ် အသိအမှတ်ပြုပါ။ ကချင်ကို ကချင်အဖြစ် အသိအမှတ်ပြုပါ။ ရှမ်းကို ရှမ်းအဖြစ်၊ ကရင်ကို ကရင်အဖြစ်၊ ရခိုင်ကို ရခိုင်အဖြစ်၊ မွန်ကို မွန်အဖြစ်၊ ဗမာကို ဗမာအဖြစ်၊ လက်ခံအသိအမှတ်ပြုပါလို့ ကျနော်တို့ တောင်းဆိုနေပါတယ်။ ဒီလို တိုင်းရင်းသားလူမျိုးအသီးသီးကို လေးစားပြီး  အပြန်အလှန် အသိအမှတ်ပြုနိုင်ကြမယ်ဆိုရင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နေတဲ့ နိုင်ငံရေးစနစ်မျိုးကို ကျနော်တို့ ဖန်တီးဖို့ လိုပါတယ်။ ဒီတိုင်းပြည်ကြီးကို တိုင်းရင်းသားလူမျိုးအချင်းချင်း အပြန်အလှန် လက်ခံအသိအမှတ်ပြုပြီး အချင်းချင်းလေးစားနိုင်သော နိုင်ငံရေးစနစ်ဖြစ်တဲ့ ပြည်ထောင်စုစနစ်နဲ့ ဒီတိုင်းပြည်ကို ထူထောင်ကြ မယ်လို့ အပြန်အလှန် ကတိပေးပြီး ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပင်လုံစာချုပ်ရဲ့ အနှစ်သာရဟာ တိုင်းရင်းသားလူမျိုးအချင်းချင်း အပြန်အလှန် လေးစားအသိ အမှတ်ပြုမယ်ဆိုတဲ့ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေး ဝါဒပဲဖြစ်တယ်။ ဒါကြောင့် ပင်လုံညီလာခံကြီးမှာ တိုင်းရင်းသားလူမျိုးများ၏ လူမျိုးဖြစ်ခြင်း လက္ခဏာ၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းဥပဒေများကို လေးစားအသိ အမှတ်ပြုပြီး တိုင်းရင်းသားလူမျိုးများ၏ နယ်တွင်းအုပ်ချုပ်ရေး စနစ်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ပေးထားရမည်လို့ ကတိသစ္စာပြု၍ စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း ပင်လုံညီလာခံကြီးမှာ မျှော်မှန်းခဲ့တဲ့ နိုင်ငံရေးစနစ်မှ သွေဖည်ပြီး ဒီတိုင်းပြည်မှာ လူမျိုးတမျိုးတည်းသာ ရှိနိုင်တယ်၊ ရှိနေသင့်တယ်၊ ရှိကိုရှိစေရမယ် ဆိုတဲ့ နိုင်ငံရေးစနစ်ကို ဦးတည်သွားခဲ့ပါတယ်။ တနည်းအားဖြင့် ပြောရရင် - ပင်လုံစာချုပ်မှာ သဘောတူထားခဲ့သည့်အတိုင်း တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ ပကတိတည်ရှိခြင်းကို လေးစားအသိ အမှတ်ပြုနိုင်မည့် ပြည်ထောင်စုစနစ်မှ သွေဖည်ပြီး လူမျိုးတမျိုး၊ ဘာသာစကားတခု၊ ကိုးကွယ်ယုံကြည်မှု ဘာသာတပါးတည်းသာရှိနိုင်တဲ့ အမျိုးသားနိုင်ငံတော် ထူထောင်ရေးလမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဒါဟာ ပြည်ထောင်စုစနစ်နှင့် တပြည်ထောင်စနစ်အကြား အားပြိုင်မှုကြောင့်ဖြစ်ပွားတဲ့ နိုင်ငံရေးပဋိပက္ခဖြစ်တယ်လို့ ဆိုကြတယ်။ ထိုပဋိပက္ခကြောင့် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဖြစ်တယ်လို့ ခေါ်နေကြပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ - ကျနော်တို့ သာမန်လူမျက်စိနဲ့ ကြည့်ရင်တော့ ဒါဟာ အချင်းချင်း အပြန်အလှန် လက်ခံခြင်း၊ အပြန်အလှန် အသိအမှတ်ပြုခြင်း မရှိသောကြောင့် ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ပွဲပဲ ဖြစ်နေကြပါတယ်။

ဒီလိုပြောလိုက်ပြန်တော့ သာမန်လူအတော်များများ နားလည်လက်ခံဖို့ ခက်နေနိုင်တယ်။ ငါတို့သာမန်လူထအဆင့်၊ အောက်ခြေအဆင့်မှာ ချင်းနဲ့ဗမာအကြား၊ ကချင်နဲ့ဗမာအကြား၊ ကရင်နဲ့ဗမာအကြားမှာ ဘာမှနားမလည်စရာ မရှိပါဘူး။ လက်မခံနိုင်စရာလည်း မရှိပါဘူး။ အားလုံးချစ်ခင်လေးစားအသိအမှတ်ပြုနေကြတာပဲလို့ ပြောရလိမ့်မယ်။ ပြောလည်းပြောနေကြပါတယ်။ ပြောလည်း ပြောသင့်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးပြောရင်- သာမန်လူထု၊ ဗမာလူထုကြီးကို ရည်ညွှန်းခြင်းလုံးဝမဟုတ်ဘူးဆိုတာ သိပ်ကိုပေါ်လွင်နေပါတယ်။ ဗမာလူထုကြီးဟာလည်း ဒီမတရားတဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ဒဏ်ကို ကျနော်တို့နဲ့ ထပ်တူထပ်မျှ ခံစားနေတဲ့လူထုကြီးပဲဖြစ်ပါတယ်။

ပင်လုံစာချုပ်မှ သွေဖည်ပြီး ပြည်ထောင်စုစနစ်မှ တပြည်ထောင်စနစ်၊ တပြည်ထောင်စနစ်မှ “အမျိုး-ဘာသာ-သာသနာ”လို့ခေါ်တဲ့ လူမျိုးတမျိုးဖြစ်ရေး၊ ဘာသာစကားတခုတည်းကိုသာ ထားရှိရှင်သန်စေရေးနှင့် သာသနာတပါးတည်းကိုသာ ကိုးကွယ်ယုံကြည်ရမယ်ဆိုတဲ့ အခြေခံမူတွေနဲ့ အမျိုးသားနိုင်ငံတော် ထူထောင်ရေးကို ကြိုးပမ်းနေကြတဲ့ မဟာလူမျိုးရေးဝါဒီတချို့ဟာ တကယ့်လူနည်းစုများပဲ ဖြစ်ကြပါတယ်။ ဗမာလူမျိုးအားလုံး မဟုတ်ကြပါဘူး။ သို့သော် ထိုလူနည်းစုလေးဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒီများက နိုင်ငံတော်အာဏာကို လက်ဝါးကြီးအုပ်ခဲ့ကြတယ်။ သူတို့ဟာ အာဏာကိုကိုင်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေတဲ့လူများဖြစ်ခဲ့ကြတဲ့အတွက် တိုင်းပြည်နဲ့လူထုကြီးကို ဒုက္ခလှလှရောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ (အခုလက်ရှိအစိုးရနဲ့ တပ်မတော်ကို ပြောတာ မဟုတ်ဘူးနော်၊ အတိတ်မှာ ဖြစ်ခဲ့တဲ့သမိုင်းကို ပြောနေတာပါ။)

ဒီလိုနဲ့ အမျိုးသားနိုင်ငံတော်ထူထောင်ရေးအခြေခံမူ (၃) ချက်ဖြစ်တဲ့ လူမျိုးတမျိုးဖြစ်ရေး၊ ဘာသာစကားတခု တည်းသာ ထားရှိရေးနှင့် ကိုးကွယ်ယုံကြည်မှုမှာလည်း သာသနာတပါးတည်းသာ ရှင်သန်နိုင်စေရမည်ဆိုတဲ့ ပေါ်လစီကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၉၆၁ မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့ကြတယ်။ ဒီလိုနဲ့ ၁၉၆၆  မှာ ဒီနိုင်ငံမှာ တရားဝင်စကားဟာ မြန်မာစကားပဲဖြစ်တယ်လို့ National Language Policy ကို စတင်အကောင်အထည်ဖော်ခဲ့ကြတယ်။ အခြားတိုင်းရင်းသားလူမျိုးများရဲ့ စာပေသင်ကြားခွင့်နဲ့ တိုးတက် ရှင်သန်ခွင့်ကို တားမြစ်ပိတ်ပင်ခဲ့ကြတယ်။ ဒီလိုနဲ့ ၁၉၈၉ မှာ ကျနော်တို့တိုင်းပြည်ရဲ့အမည်နာမကို ပြောင်းခဲ့ကြတယ်။ ဒီတိုင်းပြည်မှာ မြန်မာပဲခေါ်ခေါ်၊ ဗမာပဲခေါ်ခေါ် ဒီတိုင်းပြည်မှာ လူမျိုးတမျိုးတည်းပဲရှိသယောင် ကမ္ဘာကို ကြေညာ ခဲ့ကြတယ်။ ဒါဟာ- အခြားတိုင်းရင်းသားလူမျိုးများရဲ့ ပကတိတည်ရှိမှုကို အသိအမှတ်ပြုရန် ငြင်းပယ်တယ်ဆိုတဲ့ သဘောပဲဖြစ်တယ်။ ဒီလို အသိအမှတ်ပြုရန် ငြင်းပယ်ခြင်းဟာ အနှစ် (၇၀) နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးနဲ့ ကျနော်တို့ ရင်ဆိုင်နေရခြင်းပဲဖြစ်ပါတယ်။

နှစ်ပေါင်း (၇၀) နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ငြိမ်းချမ်း စွာ အတူလက်တွဲနေထိုင်နေတဲ့ ပြည်ထောင်စုကြီးကို ပြန်လည်ထူထောင်ဖို့ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကို ကျင်းပနေပါတယ်။ ပင်လုံစာချုပ်မှာ အချင်းချင်းကတိကဝတ်များပေးကြပြီး အကောင်အထည်မဖော်နိုင်တဲ့ ရည်မှန်းချက် ကြီးကို ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့ (၂၁) ရာစုပင်လုံလို့ခေါ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို ကျင်းပနေပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးအားလုံး ပါဝင်ကြဖို့ လိုပါတယ်။ လူထုတရပ်လုံး ပါဝင်မှသာ အောင်ပွဲဆင်နိုင်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးဖြစ်ပါတယ်။

ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီးရဲ့ အန္တိမပန်းတိုင်ကတော့ ဒီမိုကရေစီနှင့်ဖက်ဒရယ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးပဲဖြစ်ပါတယ်။ ဒီမိုကရေစီရှိမှသာ လွတ်လပ်မှုရှိနိုင်မှာဖြစ်ပါတယ်။ လွတ်လပ်မှုရှိမှသာ တရားမျှတမှုကကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ တရားမျှတမှုရှိမှသာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ထိုနည်းတူ လူမျိုးပေါင်းစုံ ရောနှောနေထိုင်တဲ့တိုင်းပြည်မှာ တိုင်းရင်းသားလူမျိုးအချင်းချင်း လေးစားအသိအမှတ်ပြုပြီး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နိုင်တဲ့ တခုတည်းသောစနစ်ဟာ ဖက်ဒရယ်စနစ်လို့ခေါ်တဲ့ ပြည်ထောင်စုစနစ်ပဲဖြစ်ပါတယ်။ ဒီဖက်ဒရယ်ပြည်ထောင်စုစနစ်က တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း အာမခံချက်ပေးနိုင်ရမည်လို့ ကျနော်တို့ အချင်းချင်း ကတိပြုပြီး NCA စာချုပ်လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်နှင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) တို့ကို ချုပ်ဆိုလက်မှတ်ရေးထိုးထားကြပါတယ်။

ဒါကြောင့် ကျနော်တို့ ယနေ့ဆင်နွှဲနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးဟာ ကျနော်တို့တိုင်းပြည်ရဲ့ ပကတိလိုလားချက်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးအချင်းချင်း လေးစားအသိအမှတ်ပြုခြင်းနှင့် ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေးဆိုတဲ့ နိုင်ငံရေးပန်းတိုင်ကို ဦးတည်နေခြင်းဖြစ်ပါတယ်။ ဒါဟာ ပကတိဖြစ်တည်ခြင်းဆိုတဲ့ အမှန်တရားကို ဖော်ထုတ်ခြင်း အလုပ်လည်းဖြစ်ပါတယ်။ အမှန်တရားကို ဖော်ထုတ်နိုင်မှသာ အမှန်တရားက ကျနော်တို့ကို လွတ်မြောက်စေနိုင်လိမ့်မယ်လို့ ကျနော်တို့ အခိုင်အမာယုံကြည်တယ်။ သခင်ခရစ်တော် သွန်သင်ဟောပြောထားတဲ့အတိုင်း “အမှန်တရားက သင်တို့ကို လွတ်မြောက်စေနိုင်လိမ့်မယ်” ဆိုတဲ့ နှုတ်ကပါဌ်တော်ဟာ ယနေ့ကျနော်တို့ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုကြီးရဲ့ အဓိကမောင်းနှင်အားပဲဖြစ်ပါတယ်။

သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည် (ရှင်ယောဟန် ၈း ၃၂)

ဒါကြောင့် အမှန်တရားကို ဖော်ထုတ်၍ လွတ်လပ်မှုကို ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ လွတ်လပ်မှုနဲ့အတူ ဗမာတိုင်းရင်းသားလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံက ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ အားလုံးပါဝင်ကြရအောင်လို့ ခရစ်တော်ရဲ့နာမတော်အားဖြင့် ဖိတ်ကြားလိုပါတယ်။

ဒီလိုငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သောအခါ မိက္ခာအနာဂတ္တိကျမ်း အခန်းကြီး (၄)၊ အငယ် (၃) မှ (၅) အတွင်း ဖော်ပြထားသည့်အတိုင်း-

“ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍ ဝေးစွာနေလျက် အားကြီးသော လူမျိုးတို့ကို ဆုံးမတော် မူသဖြင့်၊ သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာ၎င်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာ၎င်း၊ ထုလုပ်ကြလိမ့်မည်။ တပြည်ကို တပြည် စစ်မတိုက်၊ စစ်အတတ်ကို နောက်တဖန် မသင်ရကြ။ လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တယောက်မျှ မရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။ လူမျိုးအပေါင်း တို့သည် ကိုယ်ဆိုင်သော ဘုရား၏နာမကို ခိုလှုံလျက် ကျင့်နေတတ်ကြသည်။ ငါတို့မူကား ကိုယ်ဆိုင်သော ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို ကာလအစဉ်အမြဲ ခိုလှုံလျက်ကျင့်နေကြမည်။”

ဒီကျမ်းချက်က ၂၀ ရာစု၊ ၂၁ ရာစုကို ကယ်တင်နိုင်မယ်လို့ ပညာရှင်တွေ ပြောပြောနေတဲ့ Pluralism ရဲ့ အခြေခံ ကျမ်းချက်ကြီးဖြစ်ပါတယ်။ ကမ္ဘာကြီးကို လူသားတွေနေထိုင်နေသောကမ္ဘာအဖြစ် ဆက်ပြီးထားချင်ရင်၊ ဒီကမ္ဘာလောကကြီးမှာရှိတဲ့ လူသားအားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေးဝါဒကို ဆက်လက်ကျင့်သုံးချင်ရင် ဒီကျမ်းချက်မှာ သွန်သင်ထားတဲ့ Pluralism ရဲ့အခြေခံ ဒီလိုတရားတော်မျိုး မရှိဘဲနဲ့ ရှင်သန်လို့ မရဘူးလို့ ကျနော်တို့ပြောလို့ရပါတယ်။ ဒီမှာ လူမျိုးအပေါင်းတို့ဆိုပြီးတော့ ဖော်ပြထားပါတယ်။ လူမျိုးပေါင်းစုံရှိနေတယ်ဆိုတာကို အသိအမှတ်ပြုပါတယ်။ ဘာသာပေါင်းစုံ ရှိနိုင်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုထားပါတယ်။ လူတိုင်းမှာ သူတို့ ယုံကြည်တဲ့ဘုရားတွေ ရှိကြမှာပဲ။ သို့သော် ငါတို့ ယုံကြည်သူခရစ်ယာန်တွေက ကျနော်တို့ ထာဝရမြတ်စွာသော ဘုရားသခင်ရဲ့ ခရစ်တော် ရဲ့နာမကို ကိုင်တွယ်ပြီးတော့ပဲ ဆက်လက်အသက်ရှင်မယ်ဆိုတာကိုလည်း ဒီမှာ ဖော်ပြနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းတဲ့၊ အပြန်အလှန်လေးစားအသိအမှတ်ပြုတဲ့၊ ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်နိုင်တဲ့ နိုင်ငံတော်တခုကို ထူထောင်မယ်ဆိုရင် ဒီကျမ်းချက်ရဲ့ သွန်သင်ချက်ကို ကျနော်တို့ နှလုံးသွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီကျမ်းချက်နဲ့နှိုင်းယှဉ်ပြီး ကျနော်တို့တိုင်းပြည်ရဲ့အခြေအနေကို စဉ်းစားကြည့်မယ်ဆိုရင် ဒီပြည်ထောင်စုထဲမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံရှိတယ်။ ဒီတိုင်းပြည်မှာ လူမျိုးတမျိုးတည်း နေထိုင်တာ မဟုတ်ဘူး။ လူမျိုးပေါင်းစုံ ရောနှော နေထိုင်တဲ့ တိုင်းပြည်ဖြစ်တယ်။ ဒီလူမျိုးတွေဟာ ယဉ်ကျေးမှု မတူကြဘူး။ ဘာသာစကားလည်း မတူကြဘူး။ တချို့က ကိုးကွယ်ယုံကြည်မှု မတူကြဘူးဆိုတာကို  ကျနော်တို့ အသိအမှတ်ပြုဖို့ လိုတယ်။ လေးစားဖို့ လိုတယ်။ ဒီလို အသိအမှတ်ပြုခြင်းနဲ့ လေးစားခြင်းဟာ ဒီကျမ်းချက်ရဲ့အလိုတော်ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ဒီမှာ ဖော်ပြထားတာက အပြန်အလှန်အသိအမှတ်ပြုခြင်းဆိုတဲ့ အခြေခံအမှန်တရားကို ဖော်ထုတ်ကိုင်တွယ်တဲ့အပြင် “သူတို့သည် ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြ လိမ့်မည်”တဲ့။ ကျနော်တို့ အခု ကြိုးစားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ဒီတိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတဲ့ စစ်ပွဲကို ရပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒီတိုင်းပြည်မှာ အနှစ် (၇၀) ပြည်တွင်းစစ်ကြီး ဖြစ်နေပါပြီ။ ဒီအနှစ် (၇၀) စစ်ပွဲထဲမှာ ကျနော်တို့အသုံးပြုတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေရဲ့တန်ဖိုးကို တွက်ကြည့်ကြပါ။ ဘယ်လောက် ကုန်နေပြီလဲ။ ဘယ်လောက်ပြုန်းတီးနေပြီလဲ၊ ကျနော်တို့တိုင်းပြည် ဘယ်လောက်ဆင်းရဲနေပြီလဲ။ ဒီလက်နက်ကိရိယာတွေကို လူကို သတ်ဖြတ်တဲ့၊ လူ့ဘဝကို ဖျက်ဆီးတဲ့၊ လူ့အသက်အိုးအိမ်ကို ဖျက်ဆီးတဲ့လက်နက်ကိရိယာတွေအဖြစ်ကနေပြီးတော့ လူကို အကျိုးပြုတဲ့၊ လူ့အသက်ကို ကယ်တင်နိုင်တဲ့ ဆေးရုံအဖြစ်၊ လူတွေရဲ့ဘဝကို ပျိုးထောင်နေတဲ့ ကျောင်းအဖြစ်၊ ပညာရေးအတွက်၊ စီးပွားရေးအတွက်၊ လူမှုရေးအတွက်၊ ကျန်းမာရေးအတွက် အသုံးချရင် ဒီတိုင်းပြည်အတွက် ဘယ်လောက်များအကျိုးရှိမလဲ။ ဒါကို ကျနော်တို့ စဉ်းစားဖို့ လိုပါတယ်။

ကျနော်တို့ကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးမှာ ငြိမ်းချမ်းရေး အမှန်တကယ်ရရှိနိုင်ဖို့ လိုအပ်တဲ့ အချက်အလက်ပေါင်းများစွာ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုအပ်ချက်အားလုံးကို စကားနှစ်ခွန်းတည်းနဲ့ ပြောပါဆိုရင် ဒီတိုင်းပြည်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စုတည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစကားနှစ်ခွန်းဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တို့ပဲ ဖြစ်ပါတယ်။ အခုန ကျနော်ပြောတဲ့အတိုင်း ဒီတိုင်းပြည်ရဲ့ ပထမလိုအပ်ချက်ဟာ တိုင်းရင်းသားလူမျိုး အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုခြင်းကို လက်ခံအကောင်အထည်ဖော် နိုင်တဲ့ နိုင်ငံရေးစနစ်ရှိဖို့လိုပါတယ်။ ဒီလိုနိုင်ငံရေးစနစ်မျိုးရှိဖို့ တိုင်းရင်းသားလူမျိုးတိုင်းရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လေးစားအသိအမှတ်ပြုဖို့ လိုတယ်။ တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်အထည်ဖော်နိုင်တဲ့ စနစ်ဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ပဲ ဖြစ်ပါတယ်။

ဒီတိုင်းပြည်မှာ ဒီငြိမ်းချမ်းရေးကို တကယ်ဖော်ဆောင်နိုင်ဖို့ ဒုတိယလိုအပ်ချက်ဟာ ဒီမိုကရေစီစနစ်ပဲ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ နှစ်ပေါင်း (၇၀) ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို တကယ်ပဲချုပ်ငြိမ်းစေတော့မယ်ဆိုရင် တိုက်ပွဲအားလုံး၊ စစ်ပွဲအားလုံးကို ရပ်ဆိုင်းဖို့လိုပါတယ်။ ဒီလိုရပ်ဆိုင်းနိုင်ဖို့အတွက်ဆိုရင် တိုင်းရင်းသားလူမျိုးတိုင်း ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရရှိခံစားဖို့ လိုပါတယ်။ ဒီမိုကရေစီလို့ ပြောတဲ့အခါမှာ လူတော်တော်များများက တော့ ရွေးကောက်ပွဲကိုပဲ မြင်ယောင်နေကြတယ်။ ရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အစိုးရကိုပဲ မြင်ယောင်နေကြတယ်။ ပြီးတော့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ ဆန္ဒပြခွင့်၊ လွတ်လပ် စွာ သတင်းစာတွေ ထုတ်ဝေပြီး ရေးသားပြုစုခွင့်ကိုပဲ စိတ်ထဲမှာ မြင်ယောင်နေကြတယ်။ ဒါတွေက အရေးကြီးပါတယ်။ ဒီလိုစဉ်းစားတာလည်း မှန်ပါတယ်။ ဒီမိုကရေစီစနစ်မှာ လွတ်လပ်ခွင့်က အင်မတန်မှအရေးကြီးပါတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်အခြေအနေနဲ့ ကြည့်ပြီးတော့ ပြောမယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ အလိုအပ်ဆုံးက လက်နက်ကိုင် အဖွဲ့အစည်းအားလုံး၊ လုံခြုံရေးတပ်ဖွဲ့အားလုံးက အရပ်သားအစိုးရအောက်မှာ ရှိရမယ်ဆိုတာ ကျနော် တို့တိုင်းပြည်ရဲ့အလိုအပ်ဆုံးအရာဖြစ်ပါတယ်။ ဒီမိုကရေစီလို့ ပြောလိုက်ရင် ဒီမိုကရေစီစနစ်မှာ လက်နက်ကိုင်တပ်ဖွဲ့အားလုံး၊ လုံခြုံရေးတပ်ဖွဲ့အားလုံးဟာ အရပ်သားအစိုးရအောက်မှာ ရှိရမှာဖြစ်ပါတယ်။ ဒါကို အင်္ဂလိပ်လို Civilian Superemacy လို့ခေါ်ပါတယ်။ ဒါကို ကျနော်တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးတော့ တပ်မတော်ဘက်က လည်းပြောပါတယ်။ လက်ခံပါတယ်တဲ့။ ငါတို့လည်း ဒီမိုကရေစီ လိုချင်တယ်တဲ့။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုး ဖြစ်နိုင်ဖို့က အကြောင်းရင်းတခု လိုအပ်ပါတယ်တဲ့။ ဒီအကြောင်းရင်းက ဒီတိုင်းပြည်မှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်း မရှိတော့တဲ့နေ့ ဖြစ်လိမ့်မယ်တဲ့။ မှန်ပါတယ်။ ထို့အတွက်ကြောင့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တဖက်မှာ ဒီမိုကရေစီ အိုင်ဒီယာတွေကို ဖော်ထုတ်၊ ဖော်ဆောင်ဖို့ကြိုးစားနေတဲ့အချိန်မှာ တဖက်မှာလည်းပဲ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ပန်းတိုင် တခုဖြစ်တဲ့ လုံခြုံရေးကဏ္ဍကို ဆွေးနွေးတဲ့အခါကျရင် DDR၊ SSR ကို မလွဲမသွေဆွေးနွေးရမယ်လို့ ကျနော်တို့ဖော်ပြထားပါတယ်။ DDR၊ SSR မှာ DDR ဆိုတာ D တလုံးက Disarmament လို့ ခေါ်တဲ့ လက်နက်ဖျက်သိမ်းခြင်း၊ နောက်ထပ် D တလုံးက Demobilization လို့ခေါ်တဲ့ တပ်ဖျက်သိမ်းခြင်း၊ R ဆိုတာ Reintergration လို့ ခေါ်တဲ့ တိုက်ပွဲဝင်ရဲဘော်များ လူ့အဖွဲ့အစည်းထဲမှာ စနစ်တကျပြန်လည်နေရာချထားရေးကို ခေါ်ပါတယ်။ ပြည်တွင်းစစ်ကို အပြီးသတ်ချုပ်ငြိမ်းစေ နိုင်ရေးအတွက် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ DDR-SSR ကို မဆောင်ရွက်ဘဲနဲ့ လုံးဝမရပါဘူး။ DDR ကို မလုပ်ဘဲနဲ့ ငြိမ်းချမ်းရေးအစစ်အမှန် မရနိုင်ဘူး။

မိက္ခာအနာဂတိကျမ်းမှာ သွန်သင်ထားတဲ့ “ဓားများကို ထွန်သွားဖြစ်ရမယ်၊ လှံများကို တံစဉ်ဖြစ်စေရမယ်”ဆိုတာ ကျနော်တို့တိုင်းပြည်ရဲ့အခြေအနေနဲ့ နှိုင်းယှဉ်ပြီးပြောရရင် DDR-SSR လုပ်ကို လုပ်ရမယ်လို့ ဆိုလိုတာပါပဲ။ ဓားများကို ထွန်သွားစေဖို့၊ လှံများကို တံစဉ်ဖြစ်စေဖို့ ကျနော်တို့ လက်နက်အားလုံးကို ဖျက်သိမ်းပြီး စစ်ပွဲမှာကုန်ကျတဲ့ ကုန်ကျ စရိတ်အားလုံးကို ပညာရေးနဲ့ကျန်းမာရေးအတွက် အသုံးချရမယ်။ ကျနော်တို့ ကျည်ဆံအားလုံးကို အချင်းချင်း သတ်ဖြတ်တဲ့နေရာမှာ မသုံးဘဲနဲ့ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုအတွက် အသုံးချနိုင်ရမယ်။ ဒီလိုအသုံးချရဲတဲ့သတ္တိလည်း ရှိရ မယ်။ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ တကယ်သတ္တိရှိဖို့လိုပါတယ်။ သတ္တိမရှိဘဲနဲ့ လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲ။ တသက်လုံး လက်နက်ကိုင်ခဲ့တဲ့သူက လက်နက်ရှိမှ သူက သတ္တိရှိတယ်။ အဲဒီ့လက်နက်ကို ခဏဖြုတ်ပါဦးလို့ သွားပြောလိုက်ရင် အဲဒီ့လူက သူ့သတ္တိအားလုံး ပြုတ်သွားတယ်။ အဲဒီ့အခါကျတော့ သူတို့က ပြည်သူလူထုထဲတောင် မဝင်ရဲတော့ဘူး။ ဒီပြဿနာက ကျနော်တို့ တိုင်းပြည်မှာ နှစ်ပေါင်း (၇၀) ကြုံနေရပြီ။ အစိုးရနဲ့ တပ်မတော်ဘက်မှာလည်း ရှိတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှာလည်း ရှိတယ်။ ဒီလိုပြဿနာရှိနေမှန်း သိလျက်နဲ့ မသိချင်ယောင်ဆောင် မျက်စိမှိတ်ပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်လို့ မရဘူး။

ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ အရှိကို အရှိအတိုင်း ပြောရဲရမယ်။ အရှိကို အရှိအတိုင်း ဖော်ဆောင်ရဲရမယ်။ အဲဒီ့အတွက်ကြောင့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျနော်တို့ တကယ်ဖော်ဆောင်တော့မယ်ဆိုရင် အစိုးရဘက်မှာလည်းပဲ ခင်ဗျားတို့တပ်အားလုံးကို အရပ်သားအစိုးရအောက်မှာ ထားကိုထားရမယ်။ ဒီလိုထားနိုင်ဖို့အတွက် SSR ဆိုတဲ့ Security Sector Reform လုပ်ကိုလုပ်ရမယ်။ ဥပဒေအားလုံးပြင်ရမယ်။ ဒီတိုင်းပြည်ကို အုပ်ချုပ်မယ့်၊ စီမံခန့်ခွဲမယ့်၊ တရားစီရင်မယ့် ဥပဒေအားလုံးပြင်ဆင်ရမယ်။ မပြင်လို့မရဘူး။ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေအတိုင်း ဆက်သွားရင် စစ်အာဏာရှင်စနစ်အောက်ကိုပဲ ပြန်ဝင်သွားရလိမ့်မယ်။ ဒါကို မကျော်လွှားဘဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ ထိုနည်းလည်းကောင်း ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှာလည်း DDR မလုပ်ဘဲနဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူး။ လုပ်ကိုလုပ်ရမယ်။ ဒီနှစ်ခုကို ကျနော်တို့ပြောတိုင်း နှစ်ဖက်စလုံး ဆွေးနွေးလို့မရဘူး။ ပြီးခဲ့တဲ့ ညီလာခံတုန်းက ဒီလုံခြုံရေးကဏ္ဍ၊ တခုတည်းသော တပ်မတော်ကိစ္စ၊ အစိုးရဘက်က ဆောင်ရွက်ရမယ့် SSR ကိစ္စ၊ တိုင်းရင်းသားဘက်က ဆောင်ရွက်ရမယ့် DDR ကိစ္စတွေကို ကျနော်တို့ မဆွေးနွေးနိုင်ခဲ့ဘူး။ ဒီလိုဆွေးနွေးနိုင်ဖို့အတွက် ကျနော်တို့မှာ သတ္တိရှိဖို့ လိုအပ်ပါတယ်။ သတ္တိရှိနိုင်ဖို့အတွက် အမှန်တရားမှာ ကျနော်တို့ရပ်တည်ရဲဖို့ လိုပါတယ်။ အမှန်တရားမရှိတဲ့လူက သတ္တိမရှိနိုင်ဘူး။ တရားမျှတမှုပေါ်မှာ ရပ်တည်ဖို့လိုပါတယ်။ တရားမျှတမှု မရှိဘဲနဲ့ သတ္တိရှိရှိနဲ့ အလုပ်မလုပ်နိုင်ဘူး။ အမှန်စင်စစ်က အမှန်တရားပေါ်မှာ ရပ်တည်ရဲတဲ့၊ တရားမျှတမှုပေါ်မှာ ရပ်တည်ရဲတယ်ဆိုတာ လက်နက်ပေါင်း အထောင်အသောင်း၊ စစ်ဗိုလ်ပေါင်းအထောင်အသောင်းထက် တန်ခိုးကြီးပါတယ်။ သခင်ခရစ်တော် ကိုင်စွဲထားတဲ့ လက်နက်ဖြစ်ပါတယ်။ သခင်ခရစ်တော်ကိုင်စွဲထားတဲ့ တရားမျှတခြင်းလက်နက်၊ အမှန်တရားလက်နက်ကို ဒီတိုင်းပြည် မှာရှိတဲ့ ကျနော်တို့ခရစ်ယာန်တွေက တကယ်ကိုင်ရဲသလား။ ဒါစိန်ခေါ်မှုဖြစ်ပါတယ်။ ဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတရပ်လုံးက အမှန်တရားပေါ်မှာ ရပ်တည်ရဲတယ်။ ဒီလို အမှန်တရားနဲ့ တရားမျှတမှုကို အခြေခံပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် အစိုးရနဲ့ တပ်မတော်ဘက်ကပဲဖြစ်ဖြစ်၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဘက်ကပဲဖြစ်ဖြစ် အမှန်တရားမှာရပ်တည်ပြီး တရားမျှတတဲ့စကားတွေ နည်းမှန်၊ လမ်းမှန် ပြောဆိုရဲဖို့ လိုပါတယ်။ ဒီလိုစကားမျိုးတွေ ဒီတိုင်းပြည်မှာ လွတ်လပ်စွာ ပြောဆိုနိုင်ဖို့အတွက် ကျနော်တို့ ဆုတောင်းဖို့လိုပါတယ်။

ထို့အတွက်ကြောင့် ဒီနေ့ ဒီညီလာခံကြီးမှာ ကြွရောက်လာကြတဲ့ ဓမ္မအမှုတော်ဆောင်ခေါင်းဆောင်ကြီးများအနေနဲ့ ဒီတိုင်းပြည်မှာ ငြိမ်းချမ်းရေးကို အမှန်တကယ်ဖော်ဆောင်ကြမယ်ဆိုရင်၊ ခရစ်တော်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကို ကျနော်တို့ အမှန်တကယ်ပဲ လိုက်ရဲတယ်ဆိုရင်၊ နိုင်ငံတော်ထူထောင်ခြင်းမှာ ကျနော်တို့ တကယ်ပဲပါဝင်ရဲတယ်ဆိုရင် ငြိမ်းချမ်းရေးအကြောင်းကို ကျနော်တို့ ပြောရဲဖို့်လိုပါတယ်။ ငြိမ်းချမ်းရေးအကြောင်း ပြောတယ်ဆိုတာ အင်မတန်မှ ခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအကြောင်းကို ငြိမ်းချမ်းကြပါ၊ သာယာကြပါလို့ ပြောနေလို့မရပါဘူး။ ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့တရားခံကိုလည်း ဖော်ထုတ်ရဲဖို့လိုတယ်။ ဘာဖြစ်လို့ ဒီတိုင်းပြည်မှာ ငြိမ်းချမ်းရေးမရှိသလဲ။ နှစ်ပေါင်း (၇၀) အတွင်း ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့တရားခံက ဘာလဲ။ အဲဒီ့ပြဿနာအရင်းအမြစ်ကို ကျနော်တို့ ကိုင်တွယ်ရဲဖို့ လိုပါတယ်။ ဒီလိုပြဿနာရဲ့အရင်းအမြစ်ကို ကိုင်တွယ်ရဲမယ်ဆိုရင် ကျနော်တို့ အဖြေရမှာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဒီမှာရှိတဲ့လူအားလုံးအနေနဲ့ ခရစ်တော်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ နိုင်ငံတော်ထူထောင်ခြင်းအမှုမှာ ပါဝင်နိုင်သောအခွင့်အရေး၊ ပါဝင်နိုင်သော စွမ်းရည်၊ ပါဝင်နိုင်သော ရဲစွမ်းသတ္တိ၊ ဘုရားရှင် ကိုယ်တော်ရှင်ကပဲ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ လမ်းပြပို့ဆောင် ပြီးတော့ လိုအပ်သော ခွန်အား၊ ဉာဏ်ပညာ၊ ကျန်းမာခြင်းအားလုံး ပေးနိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

◊ ◊ ◊


အမေးအဖြေကဏ္ဍတွင် ဖြေဆိုခဲ့သောအချက်များအနက် အရေးကြီးသည့်ချက် (၂) ချက်


၁။ ခရစ်ယာန်ဘာသာဝင်များအတွက် သတ္တိရှိခြင်းဆိုတာ ဘာလဲ?

သတ္တိအကြောင်းကိုပြောရင် သတ္တိရှိခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အကြောက်တရားနဲ့ ယှဉ်တွဲပြီး စဉ်းစားမှ အဖြေ ရနိုင်မယ်ထင်ပါတယ်။ လူသားတိုင်းမှာ အကြောက်တရားရှိကြပါတယ်။ ဒါပေမဲ့ မိမိရင်တွင်းမှာ အမှန်တကယ်ဖြစ်ပေါ် နေတဲ့ ကြောက်စိတ်ရှိနေပေမဲ့ လုပ်သင့်လုပ်ထိုက်သောအလုပ်တခုကို လုပ်သင့်လုပ်ထိုက်သောအချိန်နှင့် လုပ်သင့် လုပ်ထိုက်သော နေရာမှာ လုပ်ဆောင်နိုင်ခြင်းကို သတ္တိလို့ ခေါ်နိုင်ပါတယ်။ ကျနော်တို့ ယုံကြည်သူခရစ်ယာန်များအတွက် သခင်ခရစ်တော်ရဲ့သတ္တိကို အတုယူသင့်ပါတယ်။ သခင်ခရစ်တော်ကို ဖမ်းဆီးချုပ်နှောင်ပြီး လက်ဝါးကားတိုင်မှာ တင်သတ်ကြတော့မယ့်အချိန်မှာ သခင်ခရစ်တော်ကိုယ်တိုင်ဆုတောင်းခဲ့ပါတယ်။ အဖဘုရားသခင်- ဤခွက်ကို ဖြစ် နိုင်ပါက ဖယ်ရှားပေးပါလို့ ဆုတောင်းခဲ့တယ်။ ခရစ်တော်က လူ့ဇာတိကို ခံယူခဲ့တဲ့အတွက် လူ့ဇာတိသဘောအရ လက်ဝါးကားတိုင်ကို ကိုယ်တိုင်ထမ်းပြီး ၎င်းကားတိုင်ပေါ်မှာ တင်သတ်မယ့်အဖြစ်ကို မလိုလားပါဘူး။ ဒီဝေဒနာကို လည်း မခံစားချင်ပါဘူး။ ဒီလိုအဖြစ်ဆိုးနဲ့ သေမှာကိုလည်း မနှစ်သက်ပါဘူး။ ထို့ကြောင့် ဤခွက်ကို ဖယ်ရှားပေးပါ။ ဒီဒုက္ခဝေဒနာကို မခံစားချင်ပါဘူးလို့ ဆုတောင်းခဲ့ပါတယ်။ သို့သော် သခင်ခရစ်တော်ကိုယ်တိုင် နောက်ဆုံးဝန်ခံသွားတာက “ဒါပေမဲ့... ကိုယ်တော်ရှင်ရဲ့အလိုအတိုင်း ဖြစ်ပါစေ”လို့ ဆုတောင်းခဲ့ပါတယ်။ သခင်ခရစ်တော်ရဲ့ဆုတောင်းချက် အတိုင်း ကျနော်တို့လည်း ဒုက္ခရောက်နေတဲ့အချိန်၊ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အချိန်၊ သေဘေးနဲ့ ရင်ဆိုင်နေရတဲ့အချိန် တွေမှာ လူသားဖြစ်တဲ့အလျောက် ကြောက်စိတ်တွေ လွှမ်းမိုးပြီး လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တခုကို လုပ်သင့် လုပ်ထိုက်တဲ့အချိန်မှာ လုပ်ဆောင်ဖို့ ငြင်းဆန်ချင်တဲ့ဆန္ဒ ပေါ်ကောင်းပေါ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို လုပ်သင့် လုပ်ထိုက်တဲ့အလုပ်ကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့နေရာမှာ ဘယ်လောက်ပဲ အန္တရာယ်များပါစေ လုပ်ကိုလုပ်ဆောင်ပါ့မယ်လို့ ကိုယ်တော်ရှင်ရဲ့အလိုတော်ကို ဝန်ခံပြီး လုပ်ဆောင်ခြင်းဟာ  ခရစ်ယာန်များအတွက် သတ္တိရှိခြင်းလို့ ခေါ်နိုင်ပါတယ်။


“မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ ပဥ္မမအကြိမ်မြောက်နှစ်ခြင်းဓမ္မအမှုဆောင်များညီလာခံ (၂၀၁၈၊ အောက်တိုဘာလ ၁-၄)” တွင် ဟောပြောခဲ့သည့် ဟောပြောချက်ကို  အပြည့်အစုံ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Download PDF