• +95 (0)9 425 705 270
  • info@cdes.org.mm

Speeches

  • Home/
  • Speeches
✥(၁၈ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ - UPDJC အစည်းအဝေး)
✥၁၂၊မတ်၊၂၀၂၀/နေပြည်တော်


■--------------------------■

ဒီနေ့ UPDJC အစည်းအဝေးကို တက်ရောက်လာကြတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့မှ ကိုယ်စားလှယ်များ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအားလုံးပဲ ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါတယ်။

ကျမတို့ရဲ့ UPDJC လုပ်ဖော်ကိုင်ဘက်တွေ မဆုံရ မတွေ့ရတာလည်း အတော်ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကာလအတွင်းက (၁၇) ကြိမ်မြောက် UPDJC အစည်းအဝေး ပြီးသွားတဲ့နောက်ပိုင်း ကျမတို့ UPDJC အစည်းအဝေးတွေကို မခေါ်နိုင်ခဲ့တာ အခုဆိုရင် အချိန်ကာလ အားဖြင့် ၂နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ဒီကနေ့ တရားဝင်အစည်းအဝေးပြန်လည်စတင်နိုင်ပြီး UPDJC အဖွဲ့ဝင်တွေအားလုံးနဲ့ပြန်လည်ဆုံတွေ့ရတဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

အားလုံးသိထားကြပြီးဖြစ်တဲ့အတိုင်း ၂၁ရာစုပင်လုံညီလာခံ ပြီးသွားတဲ့နောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ စပ်လျဉ်းပြီး ကျမတို့ အစုအဖွဲ့တွေ အသီးသီးကပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုသုံးသပ်တဲ့အခါမှာ ပတ်သက်သူအားလုံးရဲ့ အနှစ်နှစ်အလလ စိုးရိမ်ပူပန်မှုတွေ ၊ အနှစ်နှစ် အလလ မျှော်မှန်းချက်တွေကို ခြုံငုံမိအောင် ဘက်စုံထောင့်စုံကနေ ဆင်ခြင်သုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ဒီ ၂ နှစ်တာ ကာလအတွင်းမှာ ကြိုးပမ်း ခဲ့ကြတာဖြစ်ပါတယ်။ အလွတ်သဘောတွေ့ဆုံမှုတွေ၊ တရားဝင်အစည်းအဝေးတွေ အကြိမ်ပေါင်းများစွာ တဘက်နဲ့ တဘက် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြတဲ့အတွက် ဒီကနေ့ UPDJC အစည်းအဝေး စားပွဲဝိုင်းဆီကို ပြန်လည် ဦးတည်လာနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီလို ကြိုးပမ်း ဆောင်ရွက်ရမှာ အနိမ့်အမြင့် အတက်အကျ အခြေအနေ အမျိုးမျိုး ကြားမှာ ပန်းတိုင်ကို မပျောက်ပျက်စေဘဲ စေတနာ ထားပြီး ပါဝင် ကြိုးပမ်းပေးကြတဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသူ အားလုံး။ အထူးသဖြင့် PPST ယာယီအဖွဲ့ခေါင်းဆောင်နဲ့ PPST အဖွဲ့ဝင်တွေ အားလုံးကို ကျမအနေနဲ့ ကျေးဇူးအထူးတင်ရှိကြောင်း ပြောလိုပါတယ်။

၁၉၄၇ ခုနှစ် ပင်လုံညီလာခံနောက်ပိုင်း ကျမတို့ နိုင်ငံရဲ့ သမိုင်းကြောင်း တလျှောက် ပထမဆုံး သမိုင်းဝင်ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင် ကြီးကြပ်လမ်းညွှန်မှု ပေးရတဲ့ ကျမတို့ရဲ့ UPDJC ဟာ သမိုင်းရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေး စားပွဲဝိုင်းဖြစ်တာနဲ့အညီ တာဝန်လည်း ကြီးမားလှပါတယ်။ ကာလ ရှည်ကြာရပ်နားခဲ့ရတဲ့ UPDJC အစည်းအဝေး ပြန်လည်စတင်နိုင်ခြင်းဟာ ဘယ်လောက်ပင် အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေ ကြုံတွေ့နေပါစေ ကျမတို့ အချင်းချင်း စိတ်ရှည်သည်းခံပြီး အကျေအလည် ညှိနှိုင်းနိုင်တယ်ဆိုရင် အောင်မြင်နိုင်တယ်ဆိုတာကို သက်သေပြနေတာပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ အစည်းအဝေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့အ စည်းအဝေးတရပ်ပဲဖြစ်ပါတယ်။ ဒီကနေ့ UPDJC အစည်းအဝေးကနေ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံအထိ ခိုင်မာပြီး နိုင်ငံရေး အနှစ်သာရ ပြည့်ဝတဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာအောင် ကျမတို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ရှစ်ကြိမ်မြောက် JICM အစည်းအဝေးမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၊၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ သဘောတူညီချက်တွေကို စုစည်းပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) အဖြစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

ဒီအချက်တွေဟာ ကျမတို့ အစိုးရအတွက်သာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အတွက် အရေးကြီးလှတဲ့ လိုအပ်ချက်တွေပဲဖြစ်ပါတယ်။ ကျမတို့ UPDJC အဖွဲ့ဝင် အားလုံးအနေနဲ့ JICM က ဆုံးဖြတ် ထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အောင်အောင်မြင်မြင် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ဖို့ ကျမတို့ အားလုံး ဆက်လက်ကြိုးပမ်းကြရဦးမှာဖြစ်ပါတယ်။ ဒီကနေ့ UPDJC အစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ( Framework for Political Dialogue) ကို ပြင်ဆင်ကြမှာဖြစ်ပြီး ဆက်စပ်နေတဲ့ TOR တွေ၊ SOP တွေကိုလည်း တပေါင်းတည်း ပြင်ဆင်သွားဖို့ရှိပါတယ်။ မူဘောင်ပြင်ဆင်မှုအပေါ် အခြေခံပြီးအ မျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေလည်းဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေတာ ဖြစ်တာ ကြောင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကတော့ ဆက်တိုက်ဖြစ်ပေါ်လာတော့မှာဖြစ်ပါတယ်။

(ဒီမှာ ကျမ ထပ်ပြီး ပြောချင်တာက အများလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ WHO ကနေပြီးတော့ Covid 19 နဲ့ ပတ်သက်ပြီးတော့ pandemic ဆိုပြီး ကြေညာလိုက်ပါပြီ။ ဒီနေရာမှာ ကျမက နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင် ကျမတို့ လူစုလူဝေးလုပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရ ကနေပြီးတော့ အစိုးရကနေပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကျမတို့ ဒီကနေ့နေ့လည်မှာ အစည်းအဝေးရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဒါကို အခုကတည်းက ပြောထားတာပါ။ ဒါကတော့ ဒီမိန့်ခွန်းပြင်ဆင်တဲ့အချိန်မှာတော့ ဒီ pandemic ဆိုတဲ့ ကြေညာချက်က မထွက်သေးဘူး)

ဒီမူဘောင်ဟာ ဆိုရင်လည်း ပြုလွယ်ပြောင်းလွယ်လုပ်ထားခဲ့တာဖြစ်တဲ့အတွက် ပိုမိုပြီးကောင်းနေအောင် အကြိမ်ကြိမ်ပြင်ဆင်ခဲ့တာပါ။ လာမယ့် ညီလာခံပြီးရင်လည်း လက်တွေ့ကျပြီး ထိရောက်မှု ရှိမယ့် နိုင်ငံရေးမူဘောင် တရပ်ဖြစ်လာဖို့အတွက် ကျမတို့အားလုံး ဆက်လက် အားလုံး ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြရဦးမှာဖြစ်ပါတယ်။ကမ္ဘာတဝှမ်းကငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုလေ့လာကြည့်ရင် နောက်ခံအခြေအနေကွာခြားချက်အရ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကဟာလည်း တမျိုးတဘာသာစီ တွေ့ကြုံနိုင်ပါတယ်။ စိန်ခေါ်မှုတွေ ကွဲဲပြားခြားနားနေပေမယ့် တူညီတဲ့အချက်က ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်ဖို့ဆိုရင် ပါဝင်သူအစုအဖွဲ့အားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု ၊ တီထွင် ဖန်တီးနိုင်မှု၊ ပြဿနာများ အားကိုင်တွယ်ဖြေရှင်းနိုင်မှုနဲ့ နိုင်ငံရေး စိတ်ရင်း စေတနာတွေက အဓိက ကျတယ်ဆိုတာကို တညီတညွတ်တည်းတွေ့ရှိရပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်ပြားစေချင်ရင် ၊နှောင်နှေးစေချင်ရင် ပါဝင်တဲ့အထဲကအစုအဖွဲ့ တဖွဲ့က ဖန်တီး၊ဖျက်စီး နိုင်ပေမယ့် ဒီဖြစ်စဉ် အောင်မြင်ဖို့ဆိုလို့ရှိရင် ပါဝင်သူအစုအဖွဲ့ အားလုံးက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။

အစုအဖွဲ့ တဖွဲ့အနေနဲ့ ကိုယ့်ရဲ့ လိုလားချက်တွေကို ရာနှုန်းပြည့် ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ရာနှုန်းပြည့် တရာ ရာခိုင်နှုန်းလိုချင်တာဟာ ရမှ ပူးပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ စေ့စပ်ညှိနှိုင်းလို့ ရနိုင်မှာ မဟုတ်ပါဘူး။ အပေးအယူ အလျှော့အတင်းလုပ်ရဲမှသာ နိုင်ငံရေးစားပွဲဝိုင်းထဲ ဝင်ဖို့ သင့်တော်မှာဖြစ်သလို နိုင်ငံရေး စားပွဲဝိုင်းထဲ ဝင်ထိုင်ပြီးမှတော့အ ပေးအယူ အလျှော့အတင်း လုပ်နိုင်အောင် ကြိုးစားဖို့လည်းဖြစ်ပါတယ်။ ကျမတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့အတွက် ကျမတို့ UPDJC အနေနဲ့ မျှတတဲ့ အပေးအယူ၊ အလျှော့အတင်းကို အခြေခံပြီး စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ဖို့ အထူးပဲ အရေးကြီးလှပါတယ်။ ဒါ့ကြောင့် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျမတို့ အားလုံး ရှေ့ဆက် သွားကြဖို့ တိုက်တွန်းလိုပါတယ်။

ကျမတို့ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တပြိုင်နက်တည်း လမ်းကြောင်း သုံးကြောင်း သွားနေတာဖြစ်ပါတယ်။ ပထမလမ်းကြောင်းက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာစေရေးဖြစ်ပါတယ်။ နှစ်ဘက်တပ်တွေနဲ့ JMC က ဆောင်ရွက်နေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ဒုတိယ လမ်းကြောင်းကတော့ နိုင်င့ရေးဆွေးနွေးမှု ဖြစ်ပါတယ်။ ဒါကို ကျမတို့ရဲ့ UPDJC က တာဝန်ယူကြိုးပမ်းနေတာဖြစ်ပါတယ်။ တတိယလမ်းကြောင်းက ငြိမ်းချမ်းရေးအသီးအပွင့် ဖွံ့ဖြိုးရှင်သန်ရေးပဲဖြစ်ပါတယ်။ ဒါကိုတော့ ကျမတို့ရဲ့ NRPC , PC, ပြည်နယ် အစိုးရတွေ နဲ့သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆောင်ရွ က်နေတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ သဘောသဘာဝကိုက အရာရာ ချောမွေ့ဖြောင့်ဖြူးနေတာမျိုးမဟုတ်ပါဘူး။ အခက်အခဲတွေ ၊စိန်ခေါ်မှုတွေ ဆက်တိုက်တွေ့ကြုံရင်ဆိုင်နေရမှာဖြစ်ပါတယ်။ လက်နက်ကို်င်တပ်ဖွဲ့တွေ အချင်းချင်းအကြား ဆွေးနွေးညှိနှိုင်းရတာဖြစ်တဲ့အတွက် အဆင်မသင့်ရင် သေနတ်သံတွေ ပြန်ပြီး ထွက်ပေါ် လာတတ်တာ ဓမ္မတာပါပဲ။ ဒါပေမဲ့ ကျမတို့ အားလုံးရဲ့ ဦးတည်ချက် ပန်းတိုင်ပျောက်ပျက်မသွားအောင် သတိချပ်ကြဖို့ ကျမအနေနဲ့ သတိပေးလိုပါတယ်။ UPDJC ရပ်နားထားရတဲ့ ၂နှစ်နီးပါး ကာလအတွင်းမှာ အဆင်မသင့်တဲ့ ထိတွေ့မှုတွေ၊ ပစ်ခတ်မှုတွေ၊မိုင်းခွဲတာလေးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုမျိုး အခန့်မသင့်၊ အဆင်မသင့်လို့ ဖြစ်ပွားလာခဲ့တာတွေကိုလည်း နှစ်ဦးနှစ်ဘက် စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းပြီး ပြဿနာတွေကို အဖြေရှာကြဖို့လိုပါတယ်။ NCA ကို စတင်လက်မှတ်ရေးထိုးကတည်းက စစ်ရေး နည်းအစား၊ နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာကြမယ်ဆိုပြီး ကတိကဝတ်ပြုထားကြသူတွေလည်း ဖြစ်ပါတယ်။ အပစ်အခတ်ခိုင်မာရေးမှာ အခက်အခဲတွေ ရှိနေရင်တောင်မှ နိုင်ငံရေးဆွေးနွေးပွဲတွေကို မထိခိုက်စေဖို့ NCA မှာ တရား ဝင် ဖော်ပြထားပြီး ဖြစ်တာကိုလည်း အားလုံး အသိပဲ ဖြစ်ပါတယ်။ ပြဿနာ အချို့ ပေါ်ပေါက်လာတာနဲ့ အရင်က လိုပဲ သေနတ်တွေ ပြန်ကိုင်၊ ပြန်ပြီးပစ်ခတ်ကြမယ်ဆိုတဲ့ ရှေးရိုးနည်းလမ်းကိုပဲ ပြန်သွားနေကြမယ်ဆိုရင် အရင်တုန်းက၂၀ ရာစုနှစ် ခေတ်မှာပဲ အတွေးအခေါ်တွေ ကျန်နေသေးတယ်လို့ ဆိုရပါလိမ့်မယ်။ ပြဿနာ တွေကတော့ဖြစ်နေမှာပဲ။ဒီလိုမျိုးပြဿနာတွေဖြစ်လာရင်အမြန်ဆုံး တွေ့ြ ကပါ။ ဆွေးနွေးကြပါ။ အဖြေရှာကြပါ။ စားပွဲဝိုင်းမှာ ရန်ဖြစ်တာက စစ်မြေပြင်မှာ ပစ်ခတ်မှုတွေထက် အများကြီး အကျိုးရှိပါတယ်။

တဆက်တည်းမှာပဲ ဒီလို မပြေလည်မှု အချို့ရှိနေပေမယ့်လည်း ပြည်ထောင်စုတခုလုံးရဲ့ အနာဂတ်ကို မျက်မှောက်ပြုပြီး ဒီကနေ့ UPDJC အထိရောက်လာအောင် ကြိုးပမ်းပေးကြတဲ့ သက်ဆိုင်သူ အားလုံးကို အသိအမှတ်ပြုပါကြောင်းဒီကနေ့ပြောကြားလိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေကတော့ အမျိုးမျိုးအဖုံဖုံရှိနေကြပါတယ်။ တချို့အခက်အခဲတွေက ဟိုးအရင်ကတည်း က ရှိနေခဲ့တာတွေ ဖြစ်သလို တချို့စိန်ခေါ်မှုတွေကလည်း ဒီကနေ့ ခေတ်မှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာလည်း ရှိနေတဲ့ပြဿနာတွေ အကုန်လုံးကို တချိန်တည်း တပြိုင်တည်းဖြေရှင်းနို်င်တာတော့ မဟုတ်ပါဘူး။ ကျမတို့အကြားမှာ ဘုံတူညီတဲ့ သဘောထားတွေက ဘာတွေလဲဆိုတာကို ဦးစားပေး ရှာဖွေပြီးတော့ဘုံသဘောထားတူညီမှုတွေကို သဘောတူညီချက်တွေ ဖြစ်လာအောင်နည်းလမ်းရှာပြီးကြိုးပမ်းကြဖို့ပါပဲ။သဘောထားကွဲလွဲနေတဲ့အချက်တွေကို ဘယ်လိုဖြေရှင်း ရင် ပြေလည်နိုင်မလဲဆိုတာ ပြဿနာဖြေရှင်းရေးချည်းကပ်မှုနဲ့ ဆွေးနွေးညှိနှိုင်းကြဖို့လိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ စကားရည်လုပွဲမဟုတ်ပါဘူး။ အားလုံး လက်ခံနိုင်တဲ့ဖြေရှင်းချက်ကို ဘယ်လိုရှာကြမလဲဆိုတာပါပဲ။ တူညီတဲ့ သဘောထားတွေကို သဘောတူညီချက်တွေ အဖြစ်ပြောင်းလဲနိုင်ဖို့ ကျမတို့အချင်းချင်း ကြားမှာ ယုံကြည်မှုတွေ ပိုမိုပြီးတော့ မြင့်တက်လာမှာပါ။ ယုံကြည်မှုတွေ ပိုမိုပြီး မြင့်တက်လာရင် မပြေလည်သေးတဲ့ သဘောထားကွဲလွဲမှုတွေကို ပြေလည်အောင်ညှိနှိုင်းနိုင်မယ့် အလားအလာတွေ ပိုမိုပြီး အားကောင်းလာမှာပါ။
ဒီကနေ့ ဆိုရင်လည်း ကျမတို့ အားလုံးကြားမှာ ဒီနိုင်ငံ ဒီပြည်ထောင်စုကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှ နိုင်ငံရေးပြဿနာတွေ ပြေလည်မယ်ဆိုပြီး အားလုံးက တညီတညွတ်တည်း လက်ခံထားကြပြီးသားဖြစ်ပါတယ်။ ကျမတို့လိုချင်တဲ့ ပြည်ထောင်စုမှာ ဘယ်လိုဖက်ဒရယ်မျိုး ၊ ဘယ်လို ဒီမိုကရေစီမျိုး ဆိုတာကိုတော့ ကျမတို့ အချင်းချင်းကြားဆက်ပြီးတော့ ညှိနှိုင်းကြရပါဦးမယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာလည်း တဆင့်ပြီး တဆင့်တည်ဆောက်သွားကြမလား။ တခါတည်း တစုတည်း တည်ဆောက်မလားဆိုတာကိုလည်း အသေးစိတ်ဆက်ပြီး ညှိနှိုင်းသွားရမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျမတို့နိုင်ငံရဲ့ ပြန်လည်သင့်မြတ်ရေး ၊ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ အဓိက ရှုမြင်ချက် သုံးချက်ကို အလေးအနက်ထားကြဖို့ တိုက်တွန်းလိုပါတယ်။ ပထမဆုံးအချက်ကတော့ ငြိမ်းချမ်းရေးကို ကျန်တဲ့အခြေအနေတွေနဲ့ ဆက်စပ်သုံးသပ်ပြီး စဉ်းစားကြစေလိုပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊နိုင်ငံတကာဆက်ဆံရေး၊ ၂၁ရာစု နည်းပညာ ခုန်ပြန်ကျော်လွှားနေတဲ့အခြေအနေ ၊ ရာသီဥတု ပြောင်းလဲမှု အန္တရာယ်တွေ၊ အခု နောက်ဆုံး ကြုံတွေ့နေရတဲ့ နိုင်ငံဖြတ်ကျော် ကမ္ဘာလုံးဆိုင်ရာ ရောဂါဘေးတွေ အထိ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အပြန်အလှန် သက်ရောက်မှုတွေ ချိတ်ဆက်နေတယ် ဆိုတာကို သိကြဖို့ပဲဖြစ်ပါတယ်။ ဒါရမှ ဒါဖြစ်မယ်ဆိုတဲ့ ကြိုတင်သတ်မှတ်ချက် တွေ ရှိတဲ့ စဉ်းစားချက်မျိုးထက် အခြေအနေ ပေါင်းစုံ ဆက်စပ်ပြီး အပြန်အလှန် သက်ရောက်မှု ၊မှီခိုမှုတွေ ရှိနေတယ်ဆိုတဲ့ စဉ်းစားချက်မျိုးရှိမယ်ဆိုရင် ကျမတို့ အကြားက ညှိနှိုင်းဆွေးနွေးမှုတွေ အခြားအခြေအနေတွေနဲ့ အချိန်ကိုက်ပြီး အဖြေထွက်အောင် လုပ်ဆောင်နိုင်စွမ်းတွေကို အထောက်အကူပြု ဖြစ်စေနိုင်မှာဖြစ်တယ်။

ဒုတိယ အချက်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နိုင်ငံရေးဖြစ်စဉ်နဲ့ ခွဲခြား မရတာမှန်ပေမယ့် ဘယ်လိုနိုင်ငံရေးဖြစ်စဉ်မျိုးနဲ့ ချိတ်ဆက်ထားစေချင်သလဲဆိုတာကို နိုင်ငံရေးခေါင်းဆောင်တွေက ရွေးချယ်ဆုံးဖြတ်နိုင်နေတာဖြစ်ပါတယ်။ မိမိရဲ့ အခွင့်အာဏာသက်တမ်း၊ ရာထူးသက်တမ်း စတဲ့အချိန်ကာလ သတ်မှတ်ချက်နဲ့ နှိုင်းယှဉ်စဉ်းစားတဲ့ နိုင်ငံရေးမျိုး တစုတဖွဲ့ တမျိုးတစုတည်းကိုပဲ ကွက်ကွက်ကလေးကြည့်ပြီး ကျဉ်းမြောင်းတဲ့ အကျိုးမျှော် နိုင်ငံရေးမျိုးနဲ့ ချိတ်ဆက်ထားတာမျိုးမဟုတ်ဘဲ နိုင်ငံရေးအချိန်သတ်မှတ်ချက်ကို အနာဂတ် မျိုးဆက်တွေ အတွက် ကောင်းကျိုးချမ်းသာ ရရှိနိုင်မှုနဲ့ ချိတ်ဆက်စဉ်းစားတဲ့ နိုင်ငံရေးမျိုး ပြည်ထောင်စု ကျေးဇူးတရားနဲ့ ဆက်စပ်စဉ်းစားတဲ့ နိုင်ငံရေးမျိုးနဲ့ပဲ ကျမတို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုချိတ်ဆက်ပြိး စဉ်းစားကြစေလိုပါတယ်။

ဒါ့ကြောင့်လည်း ကျမတို့ အစိုးရအနေနဲ့ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်ရှိနေဖို့ ပြည်ထောင်စုသားအားလုံး ညီညွတ်ရေးအတွက် ဆက်ပြီး ဆထက်တံပိုး လုပ်ဆောင်နေဖို့ သန္နိဋ္ဌာန်ချမှတ်ထားပြီးသားဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။ ဖက်ဒရယ် ပြည်ထောင်စုကို အသိအမှတ်ပြုကြတယ်ဆိုတာ ပြည်ထောင်စုအတွင်း၊ ပြည်နယ်အတွင်း မှီတင်းနေထိုင်သူအားလုံးကို ခွဲခြား ခြင်း မရှိဘဲ တန်းတူ၊ ရည်တူ သဘောထားပြီး အားလုံးနဲ့ သက်ဆိုင်တဲ့ ပြည်ထောင်စုအကျိုးတွေ၊ ဆန္ဒအင်အား ၊စိတ်ဓာတ်အင်အား ၊ ၀ိရိယ အင်အား၊ ပညာအင်အားဆိုတဲ့ အဓိပတိတရားတွေကို စုစည်းကြဖို့ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံမှာတော့ ဒါကို နိုင်ငံတည်ဆောက်ရေး ( Nation Building) ဆိုပြီးခေါ်တွင်နေကြတာဖြစ်ပါတယ်။ စုစည်းမှုဆိုတဲ့ ဘုံခွန်အားမရှိဘူးဆိုရင် ဒီကနေ့ ကျမတို့ နိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားရာမှာ အခက်အခဲများစွာ တွေ့ကြုံကြရမှာဖြစ်ပါတယ်။ ဒီကနေ့ ၂၁ ရာစုကမ္ဘာကြီးမှာ အကျပ်အတည်းတွေ တွေ့ကြုံလာရပြီဆိုရင် ခြိမ်းခြောက်နိုင်စွမ်းကြီးမားသလို ၊ နေ့ရွှေ့ ညရွှေ့ရှောင်လွှဲနေလို့မရဘဲ အမြန်ဆုံး တုန့်ပြန်ဖြေရှင်းရမယ့် အခြေအနေ မျိုးတွေ ဖြစ်လာနေပါတယ်။ ကိုင်တွယ် ဖြေရှင်းဖို့ အကြောင်းတရားတွေ မညီညွတ်ရင် ထွက်ပေါ်လာမယ့် ရလဒ် ကလည်း မသေချာ မရေရာမှုတွေနဲ့ များလာနိုင်တာဖြစ်တဲ့အတွက် ကျမတို့ ပြည်ထောင်စုသားတွေ အားလုံး အချင်းချင်း အပြန်အလှန် ယုံကြည် ရိုင်းပင်းပြီး ဘုံခွန်အားတွေ စုစည်းနိုင်အောင် ကြိုးစားနိုင်မှသာ ဖြစ်ပေါ်လာသမျှသော စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခိုင်နိုင်မယ်။ အောင်မြင်နိုင်မယ်လို့ ပြောကြားလိုပါတယ်။ ဒါကြောင့် ကျမတို့အနေနဲ့ ကျမတို့ရဲ့ မိဘ ၊ ဘိုးဘွားတွေ ပြည်ထောင်စု တည်ဆောက်ဖို့ သန္နိဋ္ဌာန် ပြုခဲ့ကြတဲ့ ပင်လုံစိတ်ဓာတ်ကို နှလုံးသွင်းပြီး မပြီးဆုံးသေးတဲ့ ငြိမ်းချမ်းရေး ခရီး၊ ပြည်ထောင်စုတည်ဆောက်ရေး ခရီးကို ဆက်လက်လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းပြောကြားရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

#Daw_Aung_San_Su_Kyi #UPDJC #NCA #Peace_Process #Myanmar #EAOs #CDES
Download PDF