လတ်တလောမှာ တစ်ကမ္ဘာလုံးက COVID-19 နဲ့ လုံးပန်းနေကြရတယ်။
ဒီကပ်ရောဂါက လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာ၊ လိင်ကွဲပြားမှု
ဆိုတဲ့ လူ့အကန့်၊ လူ့စံနှုန်းတွေကို ဂရုမထားဘူး။ ဥတုရာသီနဲ့ ပထဝီနယ်နိမိတ်လည်း မရွေးဘူး။
လူသတ္တဝါတွေနေတဲ့ နေရာမှန်သမျှ ကူးစက်ပြန့်ပွားနေတယ်။
ဒါပေမယ့် ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့အလျောက် တစ်ကမ္ဘာလုံးက ဆေးဖက်ဆိုင်ရာ
သိပ္ပံပညာရှင်တွေက ဖြေဆေးကို ကြိုးစားပြီးတော့ ရှာဖွေနေကြတယ်။ အနှေးနဲ့အမြန် ဆိုသလိုဘဲ
ဒီကပ်ရောဂါကို ကမ္ဘာကြီးက ကျော်လွှားနိုင်မှာပါ။ အနာသိ ဆေးရှိ၊ ပြဿနာသိ အဖြေရှိ စတဲ့
အဆိုတွေ ရှိတယ်မဟုတ်လား။
ဒီကပ်ရောဂါ အလွန်မှာတော့ နိုင်ငံတိုင်းဟာ ကိုယ့်ပြည်တွင်းက
ပြည်သူလူထုရဲ့ စားဝတ်နေရေးကို ပြန်ပြီး ဦးစားပေးလာကြမယ်။ မြန်မာပြည်အတွက် အရေးကြီးဆုံးဟာလည်း
ကိုယ့်ပြည်တွင်းအရေးဘဲ ဖြစ်ကျန်နေမယ်။ အဲဒီအချိန်ကျရင် တစ်ခြားဘယ်နိုင်ငံကမှ လာဖြေရှင်းပေးမှာ
မဟုတ်ဘဲ မိမိတို့ကိုယ်တိုင်ကဘဲ ရင်ဆိုင်ဖြေရှင်းကြရမှာ ဖြစ်တယ်။
မြန်မာပြည်ရဲ့ သမိုင်းတစ်လျှောက်နဲ့ လတ်တလောအခြေအနေကို ထောက်ရှုကြည့်ရင်
ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်အဖျက်ဆီးဆုံးအရာက COVD-19 လို ရောဂါဘယတွေ
မဟုတ်ဘူး။ မီး၊ ရေ၊ လေ၊ မြေ စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဟုတ်မနေဘူး။ ရောဂါဘေးနဲ့ သဘာဝဘေးအန္တရာယ်တွေက
ရံဖန်ရံခါမှဘဲ ဒုက္ခပေးတာပါ။ ဒီတိုင်းပြည်ရဲ့ အကြီးမားဆုံး ကပ်ရောဂါက ပြည်တွင်းစစ်ဘဲ
ဖြစ်တယ်။ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကပ်ရောဂါကြီးက ပြည်သူလူထုအများစုရဲ့
စားဝတ်နေရေး၊ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘဝတွေကို ဆုတ်ယုတ်အောင်၊ ပျက်စီးဆောင်၊ အညွန့်တုံးအောင်
တစိုက်မတ်မတ်၊ နေ့ညမပြတ် တွန်းပို့နေတာ ဖြစ်တယ်။
နိုင်ငံတော်အစိုးရအနေနဲ့ လတ်တလောကပ်ရောဂါနဲ့ ပတ်သက်ပြီး
အားရကျေနပ်စရာကောင်းတဲ့ ဦးဆောင်လမ်းညွှန်မှုတွေ ပေးနေတာကို တွေ့ရတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်၊
ချင်းပြည်နယ်နဲ့ တခြားနေရာတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတွေ အကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ အဲဒီတိုက်ပွဲတွေကြောင့် ပြည်သူလူထုရဲ့
အသက်အိုးအိမ် ဆုံးရှုံးမှုတွေကိုတော့ မျက်ကွယ်ပြုထားသလို ဖြစ်နေတယ်။
ဒီပြည်တွင်းစစ်ကြီးကြောင့် မရေတွက်နိုင်တဲ့ ပြည်သူတွေဟာ
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ၊ မရေရာတဲ့ အနာဂတ်တွေနဲ့ ဘဝကိုတွေကို
ရုန်းကန်နေကြရတယ်။ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ စစ်ဘေးရှောင်ဘဝနဲ့ ငတ်ပြတ်နေကြတယ်။
ဒီပြည်တွင်းစစ်ကြီးကြောင့် ပြည်သူသန်းပေါင်းများစွာ အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးခဲ့ရပြီး
တိုင်းပြည်ဟာလည်း ဆင်းရဲမွဲတေမှု အထွတ်အထိပ်ကို ရောက်ခဲ့ပြီ။ ဒါ့ကြောင့် ပြည်တွင်းစစ်ဟာ
ကိုရိုနာဗိုင်းရပ်စ်လို ကပ်ရောဂါတွေထက် ပြည်သူတွေရဲ့ ဘဝတွေကို အဆပေါင်းများစွာ ပိုပြီး
ထိခိုက်ခြိမ်းခြောက်နေဆဲ ဖြစ်တယ်။
ပြည်သူ့အစိုးရအနေနဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့ လိုအပ်တဲ့
ဦးဆောင်လမ်းညွှန်မှုတွေ အခုထက်ပိုပြီး ပေးနေဖို့ လိုအပ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို
ဦးစားပေးပြီး တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ရလဒ်ထွက်ပေါ်တဲ့
တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာအောင် ဦးဆောင်ဖို့ လိုအပ်တယ်။ အနည်းဆုံး - လတ်တလောတိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်ဆုံးရှုံးမှုတွေပေါ်
ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်မှုတွေ၊ ကာယကံရှင်တွေကို အားပေးနှစ်သိမ့်တာတွေ ပြုလုပ်ဖို့လိုအပ်တယ်။
နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေကို အပစ်ရပ်ဖို့ တောင်းဆိုတဲ့ သဘောထားထုတ်ပြန်မှုတွေ၊
အစိုးရရဲ့ ခိုင်မာတဲ့ သဘောထားရပ်တည်ချက်တွေကို ဖော်ပြဖို့လိုတယ်။
လတ်တလော COVID-19
ကပ်ရောဂါအကြပ်အတည်းကာလမှာ တွေ့ရတဲ့ အစိုးရရဲ့ ဦးဆောင်လမ်းညွှန်မှုပုံစံနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပံ့ပိုးမှု
တွေအတိုင်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်အကောင်အထည်ဖော်တဲ့နေရာမှာ ဆက်လက်အသုံးချမယ်ဆိုရင်
ရေရှည်တည်တဲ့ ငြိမ်းချမ်းရေးက အလှမ်းနီးလာမှာပါ။