Books

  • Home/
  • Books

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနှင့် သဘောတရားများ

Author: ဆလိုင်းလျန်မှုန်း
Publish Date: 4 Jun, 2018
Category: Books

Book Review

စာရေးသူ၏အမှာ

လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ ယနေ့တိုင်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေ၍ ဤပြည်ထောင်စုကြီးကို ပင်လုံညီလာခံတွင် မျှော်မှန်းခဲ့သည့်အတိုင်း "ဒီမို ကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်" အခွင့်အရေးများ အပြည့်အဝ ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီးအဖြစ် ပြန်လည် ထူထောင်ရန် ကြိုးပမ်းလျက်ရှိနေကြပါသည်။

၂ဝ၁၅ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ချုပ်ဆိုထားသော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အခြေခံမူ (၁) တွင် "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြို ကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှ မှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့် အညီ တည်ဆောက်ကြရမည်" ဟု သဘောတူစာချုပ် ချုပ်ဆိုထားပါသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပ၍ ၂ဝ၁၇ မေလ (၂၉) ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယပင်လုံအစည်းအဝေးတွင် သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ ၂ဝ၁၈ ဖေဖော်ဝါရီ လ (၂၈) နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြုပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁) တွင်လည်း "နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုစနစ်ဖြင့်တည်ဆောက်မည်" ဟု ပါရှိသည်။ 

ယင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ် ပါ နိုင်ငံရေးလမ်းပြမြေပုံအဆင့် (၇) ဆင့်အတိုင်း ဆောင်ရွက်နေသော တရားဝင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးဖြစ်ပေသည်။ ထိုတရားဝင်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မည်ကဲ့သို့သောဒီမိုကရေစီစနစ်နှင့် မည်ကဲ့သို့သော ဖက်ဒရယ်စနစ်တို့ကို ဤပြည်ထောင်စုကြီးတွင် တည်ဆောက် သွားကြရမလဲဆိုသည့်ကိစ္စကို ဆက်လက်ဆွေးနွေးသွားကြရမည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရနှင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား လက်နက််ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက ဦးဆောင်ကျင်းပသည့် တရားဝင်ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးအပြင် လူထုအခြေပြုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက ပါဝင်ဆောင်ရွက် လျက်ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးသည်လည်း တရားဝင်ဖြစ်စဉ်ကြီးကို အထောက်အကူ ပြုရန် အရေးကြီးနေပါသည်။ ထိုလူမှုအခြေပြုအဖွဲ့အစည်းများတွင် "တိုင်းရင်းသားလူမျိုး ရေးရာဖွ့ံဖြိုးရေးနှင့် သုတေသနအသင်း (CDES)" သည်လည်း တခုအပါအဝင်ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်းသည် ၂ဝ၁၂ တွင် စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးချုပ်ငြိမ်းရေးအတွက် "ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး (Peace and Reconciliation)" ကို အဓိကဦးတည်၍ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်စနစ်အကြောင်းများကို တစိုက်မတ်မတ် သုတေသနပြုပြီး စာအုပ်စာတမ်းများ ထုတ်ဝေကာ ထိုအကြောင်းအရာ များနှင့်စပ်လျဉ်းသောသင်တန်းများကိုလည်း ပြည်ထောင်စုတဝှန်းလုံး တောင်ပေါ်မြေပြန့် မကျန် ပို့ချခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES) မှ စာအုပ်ပေါင်း (၄ဝ) ကျော် ထုတ်ဝေခဲ့သည့်အနက် "ဒီမိုကရေစီကျင့်စဉ်တရားများ" နှင့် "ဖက်ဒရယ်စနစ်၏အင်္ဂါရပ်များ"ကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေဖြန့်ချိခဲ့ပါသည်။

တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES) မှ ထုတ်ဝေသော စာအုပ်စာတမ်းများနှင့် သင်တန်းပို့ချချက်များအတွက် အများစုသောစာတမ်းများကို မိမိက ရေးသားပေးခဲ့ပါသည်။ ထို့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ နိုင်ငံရေးကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများမှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံအစည်းအဝေးများသို့ တင်ပြရန် ပြင်ဆင်ထားသော စာတမ်းများနှင့်အဆိုပြုလွှာများကိုလည်း ရေးသားပြုစုခွင့်ရရှိခဲ့ပါသည်။ မိမိသည် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အတွင်းရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သောကြောင့်လည်း အမျိုးသားအဆင့်နို်င်ငံ ရေးဆွေးနွေးပွဲများအပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးတွင်ပါ အခါအားလျော်စွာ စာတမ်းများရေးသားတင်ပြခွင့်၊ အဆိုပြုခွင့်နှင့် အစီရင်ခံစာများ တင်ပြခွင့် အခွင့်အရေးများ ရရှိခဲ့ပါသည်။

ဤစာအုပ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည် ဆောက်ရေးတွင် အခြေခံရမည့်လမ်းညွှန်မူအဖြစ် ချမှတ်သင့်သည်ဟု ယူဆထားသော အမြင်သဘောထားများ၊ တိုင်းရင်းသားလူမျိုးရေးရာ ဖွ့ံဖြိုးရေးနှင့် သုတေသနအသင်း အတွက်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအတွက် ရေးသား ခဲ့သောစာတမ်းများ၊ အခြားစာစောင်နှင့် မဂ္ဂဇင်းများတွင် ရေးသားခဲ့သော ရေးသားချက်များ နှင့် ဟောပြောချက်များကို စုစည်း၍ ပုံနှိပ်ထုတ်ဝေလိုက်ပါသည်။ ဤစာအုပ်တွင် ရေးသား ဖော်ပြထားသောစာတမ်းတချို့သည် မူလကအဖွဲ့အစည်းများအတွက် ရေးသားပေးသော စာတမ်းများဖြစ်သော်လည်း ဤနေရာတွင် မိမိ၏မူရင်းတင်ပြချက်အတိုင်းသာ ပြန်လည်ဖော် ပြခြင်းဖြစ်ကြောင်း ရိုးသားစွာ ဝန်ခံအပ်ပါသည်။

လေးစားစွာဖြင့်

ဒေါက်တာလျန်မှုန်းဆာခေါင်း

၁၆၊ မေလ၊ ၂၀၁၈ ခုနှစ်


Download PDF