Books

  • Home/
  • Books

ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု အတွဲ (၅)

Author: ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု
Publish Date: 31 May, 2019
Category: Books

Book Review

အမှာစာ


၁၉၄၇၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်၊ ပင်လုံ ကတိ ကဝတ်များနှင့် ပင်လုံစိတ်ဓာတ်တို့ကို အခြေခံ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကြီးကို ထူထောင်ရန် NCA စာချုပ်ကို အခြေခံ၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးကို ကျင်းပကာ ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးပမ်းနေကြပါသည်။

လွတ်လပ်ရေးရရှိသည့်အချိန်မှစ၍ ယနေ့တိုင်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီး၏ အခြေခံအကြောင်းရင်းသည် ပင်လုံစာချုပ်ကို အတိအကျအကောင်အထည်ဖော်နိုင်ခြင်း မရှိသောကြောင့်ဖြစ်ပါသည်။ အထူးသဖြင့် ပင်လုံစာချုပ် အပိုဒ် (၅) ကို အာမခံချက် ပေးထားသော တိုင်းရင်းသားလူမျိုးများ၏ နယ်တွင်းအုပ်ချုပ်ရေး (ပြည်နယ်အတွင်း စီမံ ခန့်ခွဲအုပ်ချုပ်ရေး) တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝပေးရမည်ဟူသော သဘော တူညီချက်နှင့် ထိုအချိန်ကာလတွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော ချင်း၊ ကချင်နှင့် ရှမ်းပြည်တို့တွင် ကျင့်သုံးပိုင်ခွင့်ရှိသော ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ကို လုံးဝရုပ်သိမ်းမည် မဟုတ်ဟူသော သဘောတူညီချက်များကို အကောင်အထည် မဖော်နိုင်ခြင်းကြောင့်ဖြစ်ပါသည်။ ထိုစဉ်က ကျင့်သုံးခဲ့သော ပြည်နယ်များ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ- ကချင်ပြည်နယ်အတွက်ကျင့်သုံးရန် ပြဋ္ဌာန်းခဲ့သော Kachin Hill Tribes Regulation (1895)၊ Chin Hill Regulation (1896)နှင့် Federal Shan State Act (1922) တို့ကို ဆိုလိုခြင်းဖြစ်ပါသည်။

ပင်လုံစာချုပ် အပိုဒ် (၇) တွင် ချင်း၊ ကချင်နှင့် ရှမ်းပြည်များတွင် ဒီမိုကရေစီစနစ် ကျင့်သုံးသောတိုင်းပြည်များတွင် ခံစားပိုင်ခွင့်ရှိသော ဒီမိုကရေစီအခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးရမည်ဟု သဘောတူထားပါသည်။ တနည်းအားဖြင့်ဆိုပါက ပင်လုံစာချုပ်က ဒီမိုကရေစီစနစ်ကို အာမခံချက်ပေးထားပါသည်။

ပင်လုံစာချုပ်တွင် အချင်းချင်းကတိပြု၍ သဘောတူထားခဲ့ကြသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ နှင့်အညီ ထူထောင်ကြရမည်ဟု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) တွင် အတိအလင်းဖော်ပြထားပါသည်။ ထို့ကြောင့် NCA စာချုပ်အရ ဆောင်ရွက်နေသော နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်၏ ရည်ရွယ်ချက်များသည် ပင်လုံ စာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော "ဒီမိုကရေစီနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်"တို့ကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စုတည်ဆောက်ရေးကို ပြန်လည်အကောင် အထည်ဖော်ရေးပင်ဖြစ်ပါသည်။

သို့ရာတွင် ပင်လုံစာချုပ်ပါ သဘောတူညီချက်များနှင့် NCA စာချုပ်ပါ သဘောတူညီ ချက်များအတိုင်း ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးဆွေးနွေးပွဲများသည် ရှေ့ဆက်မတိုးနိုင်ဘဲ တစ်ဆို့နေပါ သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပင်လုံစာချုပ်နှင့် NCA စာချုပ် တို့ကို အခြေခံ၍ တင်ပြထားသော ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ် နေသော- ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေရေး၊ ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်အာဏာများ၊ ပြည်နယ်များ၏လုပ်ပိုင်ခွင့်အာဏာများနှင့် ပြည်ထောင်စုနှင့် ပြည်နယ်များ ပူးတွဲကျင့်သုံးရမည့်အာဏာများကို စနစ်တကျကျင့်သုံးနိုင်ရေးအတွက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့် ရှိရမည်ဟူသောကိစ္စရပ်သာမက၊ "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်" ကိစ္စနှင့် တပ်မတော်ဘက်မှ တင်ပြသော "ခွဲမထွက်ရေး"ကိစ္စများ ကြောင့် ညှိနှိုင်းမရဘဲ တစ်ဆို့နေပါသည်။

ထို့ကြောင့် ၂၀၁၇၊ ဇူလိုင်လ (၁၁) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၌ ပြည်ထောင်စုသဘောတူစာချုပ် (အစိတ်အပိုင်း- ၂) ကို ချုပ်ဆိုရာတွင် ပြည်နယ်များ လုပ်ပိုင်ခွင့်ကို ဆောင်ရွက်ရာတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ရ မည်ဟူသော အချက်အားလုံး ကျန်သွားခဲ့ပါသည်။ အကယ်၍သာ ဤတစ်ဆို့မှုကို ကျော် လွှား၍ ပင်လုံစာချုပ်အတိုင်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်းကို သဘောတူညီနိုင်ခဲ့ပါက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးတွင် ကဏ္ဍ (၅) ခုမှ သဘောတူညီချက် အချက်ပေါင်း (၆၀) ကျော် (၇၀) နီးပါး ရရှိနိုင်ခဲ့မည်ဖြစ်ပါသည်။ သို့်ရာတွင် တစ်ဆို့မှုကြောင့် ညီလာခံတွင် သဘောတူညီ ချက် (၁၄) ချက်သာ ရရှိနိုင်ခဲ့ပါသည်။ ယင်းသည် တိုင်းပြည်အတွက် ကြီးမားသော နစ်နာမှုတခုဖြစ်ပါသည်။ ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေပါသည်။ ပြည်တွင်းငြိမ်းချမ်း ရေးကို နှောင့်နှေးစေပါသည်။ ထို့ကြောင့်- ထိုတစ်ဆို့မှုကို အမြန်ဆုံးဖြေရှင်းသင့်ပါသည်။ 

နိုင်ငံရေးဆွေးနွေးပွဲများ မည်သို့ပင်အခက်အခဲရှိပါစေ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို နောက်မဆုတ်စတမ်း ကျင်းပ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ခြင်းအားဖြင့် နှစ်ပေါင်း (၇၀) ကြာမြင့်နေပြီ ဖြစ်သော ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေ၍ ငြိမ်းချမ်းရေးကို မရမက ရယူရမည်ဟူသော သန္နိဋ္ဌာန်ဖြင့် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးမှတ်တမ်းကို စုစည်း၍ တင်ပြထုတ်ဝေအပ်ပါသည်။


လေးစားစွာဖြင့်

ဆလိုင်းလျန်မှုန်း

ထုတ်ဝေသူ

Centre for Development and Ethnic Studies


Download PDF