Books

  • Home/
  • Books

ငြိမ်းချမ်းရေး သုတေသနစာတမ်း (၃)

Author: CDES
Publish Date: 12 Feb, 2019
Category: Books

Book Review

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အဆိုပြုလမ်းညွှန် အခြေခံမူများကို သုံးသပ်တင်ပြခြင်း



၁၉၄၇၊ ဖေဖော်ဝါရီ ၁၂ရက်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် တိုင်းရင်းသားလူမျိုးများနေထိုင်ရာ တောင်တန်းဒေသများ၏ ”နယ်တွင်း” အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Full Autonomy) အပြည့်အဝ ရှိကြောင်းအာမခံချက်ပေးထားသည့် အပြင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး၍ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအဖြစ် ပါဝင်လာကြသော တိုင်းရင်းသားလူမျိုးများနေထိုင်ရာ တောင်တန်းဒေသများတွင် ”ဒီမိုကရေစီ အခွင့်အရေးများကို” အပြည့်အဝ အာမခံချက်ပေးထားခဲ့ကြောင်းကို ပင်လုံစာချုပ်အပိုဒ် (၅)နှင့် အပိုဒ် (၇) ဖတ်ကြည့်လျှင် တွေ့ရမည် ဖြစ်သည်။

ယခု ဤစာအုပ်တွင် အခန်း (၄)ခန်း ပါဝင်ပြီး အခန်း(၁) တွင် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့် လမ်းညွှန်အခြေခံများကို ဖော်ပြထားသည်။ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁၅)ရက်တုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ အင်အားစုများက စုပေါင်းအတည်ပြုခဲ့သော လမ်းညွှန်အခြေခံမူများ လည်းဖြစ်သည်။

 အခန်း (၂) တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လမ်းညွှန်မူ (၈)ချက်ကို ဖော်ပြထားသည်။ ဤမူ (၈)ချက်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁၂) မှ (၁၆) ရက်အထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တင်သွင်းသည့် လမ်းညွှန်အခြေခံမူများလည်း ဖြစ်သည်။ ထိုလမ်းညွန်မူ (၈)ချက်မှာ -

(၁) အချူပ်အခြာ အာဏာ (Sovereign Power)

(၂) တန်းတူရေး (Equality)

(၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)

(၄) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုမူ (Federal Principles)

(၅) လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း (Minority Rights)

(၆) ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား၊မ ဆိုင်ရာ တန်းတူညီမျှမှု (Democracy, Human Rights and Gender Equality)

(၇) ပါတီစုံ ဒီမိုကရေစီ (Multi-Party Democracy System)

(၈) ဘာသာရေးကို အခြေမခံသောနိုင်ငံ (Secular State)

ဤလမ်းညွှန် အခြေခံမူ (၈)ချက်ကို အသေးစိတ် ရှင်းလင်းတင်ပြထားကြောင်းကိုလည်း ဖတ်ရှုရမည်ဖြစ်သည်။

အခန်း (၃) တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး စီမံချက်ကို ဖော်ပြထားသည်။ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကြချိန်တွင်  ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများက ဤတိုုင်းပြည်ကို ပြည်ထောင်စုစနစ်ဖြင့် ထူထောင်ဖို့ သဘောတူခဲ့ကြသော်လည်း၊ ယခုထိတိုင်အောင် ထူထောင်နိုင်ခြင်း မရှိသေးကြောင်းကို စာတမ်းရှင်က ထောက်ပြထားသည်။ ဤသို့ ဖြစ်ရခြင်းအတွက် အကြောင်းအရင်းများစွာရှိသော်လည်း အရေးကြီးသည့် အချက်(၇)ချက်ကို အောက်ပါအတိုင်း တွေ့ရသည်။

(၁) နိုင်ငံရေး အခြေခံမူများ

(၂) အချုပ်အခြာ အာဏာ

(၃) အမျိုးသားတန်းတူရေး

(၄) ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ

(၅) ပြည်ထောင်စု ဖွဲ့စည်းမှု ပုံသဏ္ဍာန်နှင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖွဲ့စည်းခြင်း

(၆) ပြည်ထောင်စုနှင့် ပြည်နယ်များ အကြား အာဏာခွဲဝေကျင့်သုံးခြင်း

(၇) ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်

(၈) လူနည်းစုအခွင့်အရေးများကို ကာကွယ်ခြင်း

(၉) ပြည်နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်းခြင်း

(၁၀) ပါတီစုံ ဒီမိုကရေစီစနစ်

ဤအခြေခံမူ များနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြမှုများတွင် အကြောင်းနှင့် အကျိုး၊ အကောင်းနှင့် အဆိုးကိုပါ ထောက်ပြဝေဖန်ထားသည်ကို တွေ့ရသည်။ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးကို စိတ်ဝင်စားသူတိုင်း ဖတ်သင့်သလို တချိန်တည်းမှာပင် မိမိတို့ဘဝ တလျှေက်လုံးနားလည်ခဲ့သည့် ဖက်ဒရယ်စနစ်နှင့် ပတ်သတ်၍ ပြန်လည်စဉ်းစားကြည့်ဖို့ အထောက်အပံ့ ဖြစ်မည့် စာအုပ်လည်းဖြစ်သည်။ ကျောင်းစာထဲတွင် သင်ကြားမှတ်သားခဲ့ကြရသည့် ”ဖက်ဒရယ် ဟူသည် ခွဲထွက်ခြင်း”ဟူသော သိမြင်မှုနေရာတွင် ”ဖက်ဒရယ်ဟူသည်မှာ ပြည်ထောင်စုတခုတွင် စနစ်တကျပူးပေါင်းနေထိုင်ခြင်း” ဟူသော အသိအမြင်ကိုလည်း ရရှိစေနိုင်မည့် စာအုပ်ဖြစ်သည်။

ထို့ အပြင် ပြည်တွင်းစစ်နှစ်ပေါင်း (၇၂)နှစ်ကျော် ဖြစ်ပွားနေခဲ့ရသော ဤတိုင်းပြည်၏ ပြဿနာအရင်းခံမှာ နိုင်ငံရေး ပြဿနာဖြစ်ကြောင်း နှင့် ဤပြဿနာကို တကယ်ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ဆိုလျှင် ဖက်ဒရယ်စနစ်ဖြင့် တိုင်းပြည်ကို ပြန်လည်စုစည်းတည်ဆောက်နိုင်မှ၊ တချိန်တည်းတွင် ဒီမိုကရေစီ ကျင့်စဉ်ဖြင့်ပါ တွဲဖက်နိုင်မှဖြစ်မည့် အကြောင်းကိုပါ နားလည်စေနိုင်မည့် စာအုပ်လည်းဖြစ်သည်။


Download PDF