Books

  • Home/
  • Books

ပြည်ထောင်စုစစ်စစ်မူ

Author: ဆလိုင်းလျန်မှုန်း
Publish Date: 18 Aug, 2020
Category: Books

Book Review

စာအုပ်မျက်နှာဖုံးအဖွင့်တွင်ပင် '၁၉၆၂၊ အာဏာသိမ်းမှုကို ဖြစ်ပေါ်စေမည့် ဖက်ဒရယ်လှုပ်ရှားမှုမှတ်တမ်းများ' ဟု ရေးထားသည်။ ယခင်က သီးခြားစာစောင်များအဖြစ် အဆက်အစပ်မရှိဘဲ ပြန့်ကျဲနေခဲ့ရုံသာမက တော်လှန်ရေးကောင်စီခေတ်၊ မဆလတပါတီအာဏာရှင်ခေတ်၊ နဝတ- နအဖ စစ်အာဏာရှင်ခေတ်များအောက်တွင် ပြင်းထန်စွာ ပိတ်ပင်တားမြစ်ခြင်းခံထားရသော ရှမ်းပြည်မှ တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း (ရှမ်းမူ)၊ ၁၉၆၁ တောင်ကြီးညီလာခံမှတ်တမ်း (ပြည်ထောင်စုစစ်စစ်မူ) နှင့် ၁၉၆၂ ဖေဖော်ဝါရီ (၂၆) ရက်နှင့် မတ်လ (၁) ရက်နေ့များတွင် ကျင်းပခဲ့သော ဖက်ဒရယ်ဆွေးနွေးပွဲမှတ်တမ်းများပါဝင်သည်။ အပိုင်း (၃) ပိုင်းခွဲပြီး တင်ပြထားသောစာအုပ်ဖြစ်ပြီး 'ပြည် ထောင်စုစစ်စစ်မူ' အပေါ် ဗမာနိုင်ငံရေးပါတီများမှ တုံ့ပြန်ချက်များလည်း ပါဝင်သည်။

ဤစာအုပ်တွင် ဆလိုင်းလျန်မှုန်းက ''ဖက်ဒရယ်ဟူသော စကားလုံးကိုလည်းကောင်း၊ ပြည်ထောင်စုစစ်စစ်ဟူ၍လည်းကောင်း ပြည်နယ်များညီညွတ်ရေးအဖွဲ့ချုပ်က တိတိကျကျသုံးစွဲပါသော်လည်း အဘယ်ကြောင့် ပြည်ထောင်စုစစ်စစ်မူကို Confederation ဟု စွပ်စွဲခဲ့ပါသနည်း။ ကချင်ခေါင်းဆောင်ဒူဝါ ဇော်လွန်းကလည်း ပြည်ထောင်စုစစ်စစ်မူသည် Confederation မဟုတ်ကြောင်း အတိအလင်းရှင်းပြခဲ့သည်။ သို့ရာတွင် ဦးဗဆွေကတဖန် ပြည်ထောင်စုစစ်စစ်မူကို ခွဲထွက်ရေးလမ်းစဉ်ဖြစ်ကြောင်း စွပ်စွဲပြန်သည်။ ပူးပေါင်းရေးကို ပြောကြားပါလျက် အဘယ်ကြောင့် ခွဲထွက်ရေး သမားများဟု ဗမာမဟုတ်သောတိုင်းရင်းသားလူမျိုးများကို ကင်ပွန်းတပ်ခဲ့ကြပါသနည်း။ ... ၁၉၆၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သော နိုင်ငံတော်အာဏာသိမ်းမှု၏နောက်ကွယ်တွင် ဗိုလ်နေဝင်းနှင့် အပေါင်းအပါစစ်ဗိုလ်တချို့သာရှိခဲ့သည်မဟုတ်။ မဟာလူမျိုးကြီး ဝါဒီနိုင်ငံရေးသမားများစွာလည်း နိုင်ငံတော်အာဏာသိမ်းမှုတည်းဟူသော နိုင်ငံရေးပြစ်မှုကြီးကျူးလွန်ရာတွင် အလိုတူ အလိုပါများ ဖြစ်ကြကြောင်း လေ့လာသုံးသပ်နိုင်သည်။'' ဟူ၍ ရေးသားထားခြင်းကိုပါ ဖတ်ရှုရမည်ဖြစ်သည်။

(ဆလိုင်းလျန်မှုန်းနှင့် စိုင်းမော(န်) တို့မှ စုဆောင်းတင်ပြသည်။)

Download PDF