• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နှင့်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများအကြား ချုပ်ဆိုသော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်

 

နိဒါန်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအကြားချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား ယခင်က ချုပ်ဆိုခဲ့သော သဘောတူညီချက်များအား ထပ်လောင်းအသိအမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်း၊ ထပ်ဆင့်အတည်ပြုခြင်းဖြစ်ပြီး ပါဝင်သင့်သူအားလုံးပါဝင်နိုင်သော နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အပေါ်အခြေခံသည့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဦးတည်သည်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးကြသော ကျွန်ုပ်တို့သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကိုအခြေခံ၍ သဘောတူစာချုပ်ပါအချက်များကို ပြီးစီးအောင်မြင်သည် အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်သွားရန် အပြန်အလှန်  သန္နိဋ္ဌာန်ပြုကြသည်။

 

အခန်း (၁)

အခြေခံမူများ

 

၁။       ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် အောက်ပါအခြေခံမူ များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် သဘောတူသည် -

 

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍  လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ နှင့်အညီ တည်ဆောက်သွားရန်။

 

 

( ခ )   မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံး သတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်း ခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူ ထောင်ပြီး၊ လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်။

 

(ဂ)     တိုင်းရင်းသားလူမျိုးပေါင်းစုံပူးပေါင်းပါဝင်သော ပြည်ထောင်စုတပ်မတော်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားရန်။

 

(ဃ)    ပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု နှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်း မပြုဘဲ တန်းတူရည်တူ အခွင့်အရေးရရှိစေရန်။

 

(င)     နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရန်၊ နိုင်ငံရေး နှင့် ဘာ သာရေး ရောယှက်ခြင်းမရှိသည့် နိုင်ငံတော်ကိုထူထောင်ရန်။

 

(စ)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်း သားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်။

 

(ဆ)    ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ရည်မှန်း၍ တိုင်းရင်းသားများ၏ လိုလားချက်များ နှင့် သဘောထားဆန္ဒများကို အခြေခံပြီး ပါဝင်သင့်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပသွားရန်။

 

(ဇ)     ငြိမ်းချမ်းရေးဆွေးနွေးဘက်များအကြား ဝိဝါဒကွဲပြားမှုများကို ရေရှည်တည်တံ့ခိုင်မြဲ သည့် ငြိမ်းချမ်းရေးရရှိရန် စိတ်ရင်းစေတနာမှန်ဖြင့်  အကျေအလည် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန်။

 

(ဈ)     ဤသဘောတူစာချုပ်တွင် ဖော်ပြပါရှိသည့် နှစ်ဖက်အပြန်အလှန်ထားရှိသော ကတိကဝတ်များကို စောင့်ထိန်းရန် နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပွင့်လင်း မြင်သာခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း စသည့် နည်းလမ်းများဖြင့် အကောင် အထည်ဖော်ရန်။

 

(ည)    ဤသဘောတူစာချုပ်ကြောင့် ဖြစ်ထွန်းလာမည့် တိုးတက်မှုများကို တစ်ဖက်နှင့် တစ်ဖက် အခွင့်အရေးမယူဘဲ သဘောတူစာချုပ်ပါကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်။

 

(ဋ)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူ လူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေး နှင့် ပြည်သူလူထု၏ ဘဝ မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်။

 

အခန်း(၂)

ဦးတည်ချက် နှင့် ရည်ရွယ်ချက်များ

 

၂။       ပြည်ထောင်စုအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အောက်ပါ တို့ကို ဤသဘောတူစာချုပ်၏ ဦးတည်ချက်များနှင့် ရည်ရွယ်ချက်များအဖြစ် သဘောတူသည် -

 

(က)    ဤစာချုပ်ကို လက်မှတ်ရေးထိုးသူများအကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းအား လက်ခံဆောင်ရွက်ပြီးနောက် တရားမျှတမှု နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးတို့အတွက် နှစ်ဖက်သဘောတူထားသည့် နိုင်ငံရေး ဆွေးနွေး ရေး မူဘောင်ပေါ်တွင် အခြေခံ၍ ပါဝင်သင့်သူအားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးလုပ်ငန်းစဉ်ကို စတင်ရန်။

 

(ခ)     ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းဆိုင်ရာ သဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်မှုများ၊ ကျင့်ဝတ်စည်းကမ်းများအား လိုက်နာမှုကိုစောင့်ကြည့်ရေး၊ ချိုးဖောက်မှုများကို စုံစမ်းစိစစ်ရေး နှင့် ပဋိပက္ခများ ဖြေရှင်းရေးတို့ကို ဆောင် ရွက်ပေးနိုင်ရေးအတွက် “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ” တစ်ရပ်ကို ဖွဲ့စည်းသွားရန်။

 

(ဂ)     ပြည်ထောင်စုအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုငအဖွဲ့အစည်းများ အကြား ချုပ်ဆိုထားသော သဘောတူညီချက်များ နှင့် ကတိကဝတ်များကို ထပ်လောင်း အတည်ပြုရန်။

 

(ဃ)    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏တော်လှန်ရေးကို အခြေခံသည့် နိုင်ငံရေးဆန္ဒကိုနားလည်ခြင်း နှင့်  ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့ကို ဦးတည် လျက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် ပါဝင်သင့် ပါဝင်ထိုက်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးရန်။

 

 

အခန်း(၃)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များ

 

၃။       ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည့်နေ့မှစ၍ (၁၄) ရက်အတွင်း တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းကာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များကို တိကျသောအချိန်ဇယား သတ်မှတ်အကောင်အထည် ဖော်ဆောင်ခြင်းများ ပြုလုပ်သွားရန် သဘောတူသည်။

 

၎။       ဤသဘောတူစာချုပ်ပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ်နှင့်ပတ်သက်သည့် နှစ်ဖက်အပြန်အလှန် လိုက်နာကြရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့် သဘောတူညီ ထားသည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို အတိအကျလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအဆင့်ဆင့်၏ စိစစ်ခြင်း ခံယူရန် သဘောတူသည်။

 

၅။       တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် တပ်ပိုင်းဆိုင်ရာကိစ္စ များနှင့်စပ်လျဉ်း၍ အောက်ပါတိုကိုလိုက်နာရန် သဘောတူသည် -

 

(က)    အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့်တစ်ဖက်အကြား နယ်မြေစိုးမိုးမှု တပ်လှုပ်ရှား ခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများဖျက်ဆီးခြင်း နှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန်။

 

(ခ)     တစ်ဖက်နှင့်တစ်ဖက် ရန်မူသည့် (သို့မဟုတ်) စော်ကားမှုဖြစ်စေသည့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သည့်လုပ်ရပ်များကို မပြုလုပ်ရ။

 

(ဂ)     နေရာချထားရာတွင် လိုအပ်သောအုပ်ချုပ်ထောက်ပံ့ရေး၊ အရေးပေါ်ဆေးကုသ ရေး၊ တပ်လဲလှယ်ရေးတို့နှင့်ပတ်သက်သည့် လုပ်ဆောင်မှုများမှအပ အပစ်ရပ် နယ်မြေတွင် အင်အားအသစ်ဖြည့်တင်းခြင်း၊ နှစ်ဖက်သဘောတူညီထားသော တပ်စခန်းများမှအပ စခန်းအသစ်များထပ်မံဆောက်လုပ်ခြင်းနှင့် လက်နက်ခဲယမ်း များ ထပ်မံဖြည့်တင်းခြင်းများမပြုလုပ်ရန်နှင့် တိုင်းပြည်ကာကွယ်ရေးအတွက် ဖြစ်စေ၊ ပြည်ပရန်ကာကွယ်ရေးအတွက်ဖြစ်စေ လိုအပ်လာပါက အပစ်ရပ်နယ်မြေ အတွင်း ဖော်ပြပါစစ်ရေးဆိုင်ရာပြင်ဆင်မှုများကို နှစ်ဖက်ညှိနှိုင်း၍ ပြုလုပ်သွားရန်။

 

(ဃ)    ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ပရဝဏ်များ အတွင်းနှင့် ယဉ်ကျေးမှု ရိုးရာဓလေ့ဆိုင်ရာနေရာ၊ လူထုနှင့်ပတ်သက်သောနေရာ များတွင် စစ်ရေးဆိုင်ရာတပ်စခန်းချခြင်း မပြုလုပ်ရန်။

(င)     ငြိမ်းချမ်းရေးတိုးတက်ဖြစ်ပေါ်မှုနှင့်အညီ နှစ်ဖက်တပ်များ ခင်းကျင်းထားသောမိုင်း များကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရနှင့် တစ်ဆင့်ချင်း ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရန်။

 

( စ )   ဖွဲ့အစည်းများအကြား ရန်လိုသောဝါဒဖြန့်ချိမှုများ၊ မမှန်မကန်သော (သို့မဟုတ်) ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသောပြောဆိုမှုများ၊ အသရေဖျက်သည့် ထုတ်ပြန်မှုများ ကို ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပ၌သော်လည်းကောင်း မပြုလုပ်ဘဲ ရှောင်ကြဉ်ရန်။

 

(ဆ)    အပစ်ရပ်နယ်မြေအတွင်း သဘာဝဘေးအနယ်ကြောင့်ဖြစ်ပေါ်လာသော အရေး ပေါ်အခြေအနေများတွင် နှစ်ဖက်ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင် ခြင်း၊ ဆေးဘက်ဆိုင်ရာကျန်းမာရေးပစ္စည်းများ အရေးပေါ်ရွှေ့ပြောင်းခြင်းများကို ညှိနှိုင်းလုပ်ဆောင်ရန်။

 

(ဇ)     အပစ်ရပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးကိစ္စကို ညှိနှိုင်းဆောင်ရွက်ရန် နှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်း၍ အရေးယူဆောင်ရွက်ရန်။

 

 (ဈ)    အပစ်ရပ်နယ်မြေများတွင် တပ်ပိုင်းဆိုင်ရာအုပ်ချုပ်မှုကိစ္စများကို ညှိနှိုင်းဆောင်ရွက် ရန်။

 

(ည)    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်းကို လက်မှတ်ရေးထိုးသည့်အချိန်မှစ၍ (၂၄)နာရီအတွင်း မိမိကွပ်ကဲမှု အောက်အဆင့်ဆင့်သို့ ညွှန်ကြားရန်နှင့် စာချုပ်ပါအချက်အလက်များကို (၅) ရက် အတွင်း ရှင်းလင်းအသိပေးရန်။

         

()     နှစ်ဖက်အောက်ခြေအဆင့်တွင်ဖြစ်ပေါ်သည့် ပဋိပက္ခများအား အင်အားအသုံးပြု၍ ဖြေရှင်းခြင်း မပြုလုပ်ရ။

 

၆။       တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏လူသစ်စုဆောင်းခြင်းကိစ္စကို တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုနှင့် လုံခြုံရေးဆိုင်ရာပြန်လည် ပေါင်းစည်းရေးလုပ်ငန်းစဉ်များနှင့်အညီ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွား ရန်။

 

 

 

 

 

ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များနေရာချထားခြင်း

 

၇။       တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏တပ်ဖွဲ့များသည် ထိပ်တိုက် ရင်ဆိုင်မှုကိုရှောင်ရှားနိုင်ရန် မိမိတို့၏လက်နက်ကို်င်တပ်ဖွဲ့များ နေရာပြန်လည်ချထားခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည် -

 

(က)    နှစ်ဖက်တိုက်ရိုက်ထိတွေ့ရင်ဆိုင်မှုရှိသောနေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေ ရေးအတွက် စက်ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှု နှင့် အခြားဆက်သွယ်မှု နည်းလမ်းများရယူလျက် ချက်ချင်းဆောင်ရွက်ရန်။

 

(ခ) လက်နက်ကိုင်အဖွဲ့များ နေရာချထားရေးသတ်မှတ်ရာတွင် ထိပ်တိုက်ထိတွေ့ ရင်ဆိုင်မှုမဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားရန်။

 

(ဂ)     နှစ်ဖက်ညှိနှိုင်းဆဲ နှင့် လက်နက်ကိုင်အဖွဲ့များနေရာချထားရန် ခက်ခဲနေဆဲဒေသ များတွင် နှစ်ဖက်တပ်မှူးများ ပုံမှန်အဆက်အသွယ်ပြုလုပ်၍ ညှိနှိုင်းဆောင်ရွက် သွားရန်။

 

(ဃ)    တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သတ်မှတ်နေရာများတွင်သာ ထားရှိရန်။

 

(င)     နှစ်ဖက်တိုက်ရိုက်ထိတွေ့ရင်ဆိုင်မှုရှိသောနေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေ ရေးအတွက် တပ်စခန်းများ၏အရေအတွက်ကို ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်။

 

(စ)     သက်ဆိုင်ရာတပ်စခန်းနှင့် နယ်မြေတစ်ခုနှင့်တစ်ခုအကြား ဆက်သွယ်ရေးလမ်း ကြောင်း လုံခြုံရေးအတွက် တစ်ဖက်နှင့်တစ်ဖက် ဤသဘောတူစာချုပ်ကို အခြေခံ ၍ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန်။

 

တပ်ဖွဲ့ဝင်များလွတ်လပ်စွာသွားလာခွင့်

                                               

၈။       တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လွတ်လပ်စွာသွားလာ ခွင့်နှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည် -

 

(က)    လုံခြုံရေးအရ ကန့်သတ်ထားသောနေရာများမှအပ မည်သည့်နေရာကိုမဆို လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ လွတ်လပ်စွာသွားလာခွင့်ပြုရန်။

()     တစ်ဖက်အဖွဲ့အစည်းကထိန်းချုပ်ထားသောနယ်မြေအတွင်း လက်နက်ဖြင့်သွားလာ ရန်လိုအပ်လာပါက နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ဖြင့် သွားလာရန်။

 

အရပ်သားများကို အကာအကွယ်ပေးခြင်း

 

၉။      တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အရပ်သားများကို အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်းသည့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် သဘောတူသည် -

 

(က)    ပြည်သူလူထု၏စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် လိုအပ်သောပံ့ပိုးကူညီမှုများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်။

 

(ခ)     ပြည်သူလူထုအား လူတစ်ဦးတစ်ယောက်၏ဂုဏ်သိက္ခာကို ထိပါးစေသည့်လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက် ခြင်း၊ လူသားမဆန်စွာပြုမူဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်း နှင့် ဖျောက်ဖျက်ခြင်း မပြုလုပ်ရ။

 

(ဂ)     ဒေသခံပြည်သူများကို အဓမ္မ နေရပ်စွန့်ခွာစေခြင်း၊ ရွှေ့ပြောင်းစေခြင်း မပြုလုပ်ရ။

 

(ဃ)    ပြည်သူလူထုထံမှ ငွေ၊ ပစ္စည်းဥစ္စာ၊ စားရေရိက္ခာ၊ လုပ်အား နှင့် ဝန်ဆောင်မှုများကို အဓမ္မတောင်းခံရယူခြင်း မပြုလုပ်ရ။

 

(င)     ပြည်သူလူထုအား အကြောင်းမဲ့ဖြစ်စေ၊ အမှုဆင်ပြီးဖြစ်စေ ဖမ်းဆီးအရေးယူခြင်း၊ အပြစ်ပေးခြင်း လုံးဝမပြုရန်နှင့် ဥပဒေနှင့်အညီဆောင်ရွက်ရန်။

 

(စ)     ဒေသခံများ၏မြေယာများကို  အဓမ္မသိမ်းပိုက်ခြင်းနှင့်လွှဲပြောင်းခြင်းများ မပြုလုပ်ရ။

 

(ဆ)    အများပိုင်ပစ္စည်းများကို ပျက်စီးစေခြင်း၊ ခိုးယူခြင်း၊ လုယက်ခြင်းနှင့် ခွင့်ပြုချက်မရှိ ဘဲ ယူဆောင်ခြင်း မပြုလုပ်ရ။

 

(ဇ)     ဥပဒေနှင့်အညီ ပညာသင်ကြားရေးဆိုင်ရာအခွင့်အရေးများကို နှောင့်ယှက်ပိတ်ပင် ခြင်း၊ ပညာရေးဆိုင်ရာပစ္စည်းများနှင့်အတူ စာသင်ကျောင်း၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ပညာသင်ယူနေသူများကို နှောင့်ယှက် ဟန့်တားခြင်း မပြုလုပ်ရ။

 

(ဈ)     လူတစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာအခွင့်အရေးများကို ထိခိုက်စေခြင်း၊ အများ ပြည်သူနှင့်သက်ဆိုင်သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဥပဒေအရ ခွင့်ပြုထားသည့် အများပြည်သူများအတွက် ဆေးဝါးများသယ်ယူပို့ဆောင်ခြင်းအား တားမြစ်ခြင်း မပြုလုပ်ရ။

 

(ည)    ပြည်သူလူထု၏ စားနပ်ရိက္ခာစုဆောင်းခြင်း၊ ကုန်ပစ္စည်းများနှင့် ကောက်ပဲသီးနှံများ ကို တစ်ပိုင်တစ်နိုင်သယ်ယူပို့ဆောင်ရောင်းချခြင်း၊ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်း များကို နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ရ။

 

(ဋ)     စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများနှင့် ဘာသာရေးအဆောက်အအုံ ပရဝဏ် များအား အကြောင်းမဲ့ဖျက်ဆီးခြင်း၊ ပျက်စီးမှုဆိုးကျိုးများ ဖြစ်ပေါ်စေခြင်းနှင့် စစ်ဘက်ဆိုင်ရာတပ်စခန်းချထားခြင်း မပြုလုပ်ရ။

 

(ဌ)     ပြည်သူလူထု၏ ဘာသာရေး၊ စာပေယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုများကို နှောင့်ယှက်ခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းနှင့် ပျက်စီးစေခြင်းတို့အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်ရ။

 

(ဍ)     အမျိုးသမီးများအား ဗလက္ကာယပြုခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အဓမ္မသားမယား ပြုကျင့်ခြင်း၊ လိင်မှုဆိုင်ရာကျွန်ပြုခြင်း မပြုလုပ်ရ။

 

(ဎ)     ကလေးငယ်များအား သတ်ဖြတ်ခြင်းနှင့် ကိုယ်အင်္ဂါဖြတ်တောက်ခြင်း၊ ကလေး စစ်သားအဖြစ်စုဆောင်း/စစ်မှုထမ်းစေခြင်း၊ အဓမ္မပြုခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ မပြုလုပ်ရ။

 

(ဏ)   ပြည်သူလူထုကို ကျွန်ပြုခြင်း၊ အဓမ္မခိုင်းစေခြင်း မပြုလုပ်ရ။ 

 

(တ)    အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးရန်။

 

()    အရပ်သားပြည်သူများ စိုးရိမ်ကြောင့်ကျမှုမရှိဘဲ  အပစ်ရပ်နယ်မြေများအတွင်း လွတ်လပ်စွာသွားလာခွင့်ပြုရန်။

 

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ

 

၁၀။     ပြည်ထောင်စုအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည် -

 

(က)     ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) နှင့် ပဋိပက္ခဒဏ်ခံစားရသူများ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးခြင်းနှင့်စပ်လျဉ်းပြီး NGO နှင့် INGO အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများအား နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရဌာနများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်န်။

 

(ခ)     ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) အား ၎င်းတို့၏ဆန္ဒအတိုင်း မူလ ဒေသများသို့ပြန်လည်နေထိုင်ခြင်းကို ဦးစားပေးဆောင်ရွက်ရန်သော်လည်းကောင်း၊ သင့်လျော်ရာနေရာတွင် ရွာသစ်တည်ထောင်ပေးစေလိုလျှင်သော်လည်းကောင်း၊ ဘေးကင်းလုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့်အညီဖြစ်စေရန် ဆောင်ရွက်ပေးရမည်။

 

(ဂ)     ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) နှင့် ပြည်တွင်းသို့ပြန်လည်ဝင် ရောက်လာသည့်ဒုက္ခသည်များအားစိစစ်၍ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ် များကို  ပူးတွဲညှိနှိုင်းဆောင်ရွက်ရန်။

 

အခန်း (၄)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်း

 

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ

 

၁၁။     ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသူများအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန် အလှန် လိုက်နာကြရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဤစာချုပ်ပါသတ်မှတ်ချက်များနှင့်အညီ လက်မှတ်ရေးထိုးပြီး (၁) လ အတွင်း အပြီးရေးဆွဲပြာန်းရန် သဘောတူသည်။

 

ပစ်ခတ်တိုက်ခိုက်မရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ

 

၁၂။     ဤသဘောတူစာချုပ်အား လိုက်နာရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးက အောက်ပါအတိုင်း ဖွဲ့စည်းပေးရမည် -

 

          (က)    ဤသဘောတူစာချုပ်အားလိုက်နာရေးအတွက်ညှိနှိုင်းဆောင်ရွက်ပေးရန် "ပစ်ခတ်

တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ” ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် အများယုံကြည်လေးစား သောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးရန်သဘောတူသည်။

 

(ခ)     ကော်မတီကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ၊ ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ၊ ဒေသဆိုင်ရာအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီများနှင့် စိစစ်အတည်ပြုရေးအဖွဲ့များ စသည်ဖြင့် အဆင့်ဆင့် ဖွဲ့စည်းသွားမည်။

 

()     လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်နေသော နိုင်ငံခြားအစိုးရများ၏ကိုယ်စားလှယ်  များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များကို ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်မတီအဆင့်ဆင့်တွင် လေ့လာသူ အဖြစ်လည်းကောင်း၊ အကြံပေးအဖြစ်လည်းကောင်း၊ နည်းပညာအထောက်အကူ ပြုအဖြစ်လည်းကောင်း သင့်လျော်သလိုပါဝင်ရန် နှစ်ဖက်သဘောတူညီချက်ဖြင့် ဆောင်ရွက်မည်။

 

၁၃။     ကော်မတီအဆင့်ဆင့် တာဝန်၊ လုပ်ပိုင်ခွင့်များနှင့် လုပ်ငန်းဆိုင်ရာအခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည် -

 

(က)    ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များ၊ စံသတ်မှတ်ချက်များ၊ လုပ်ငန်းလမ်းညွှန်များနှင့် ဖွဲ့စည်းပုံအသေးစိတ်ကို တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ရေးဆွဲပြဋ္ဌာန်းအတည်ပြုရန်။

 

()     ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှု နှင့် စောင့်ကြည့်မှုလုပ်ငန်းစဉ်များကို တာဝန်ခံဆောင်ရွက်ရန်နှင့် လိုအပ်ပါက တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တင်ပြရန်။

 

(ဂ)     လူလုပ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင် သူများ (IDPs) နှင့် ပဋိပက္ခဒဏ်ခံစားရသူများအား လူသားချင်းစာနာသည့် အခြေခံ အထောက်အပံ့များပေးအပ်မှုကို ညှိနှိုင်းဆောင်ရွက်ရန်။

 

()    နှစ်ဖက်သဘောတူထားသည့် တပ်နေရာပြန်လည်ချထားရေးအစီအစဉ် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်မှုကို စောင့်ကြည့်လေ့လာရန်။

 

(င)      တစ်နိုင်ငံလုံးအတိုင်းအတာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအခြေအနေ၊ဤသဘောတူ စာချုပ်၏တပ်ပိုင်းဆိုင်ရာကိစ္စများ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များနှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတို့အား ထိန်းသိမ်းလိုက်နာ ခြင်းနှင့်ပတ်သက်၍ စောင့်ကြည့်လေ့လာခြင်း၊ ပေါ်ပေါက်လာသောအငြင်းပွားမှုများ အားဖြေရှင်းရာတွင် ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှုအခြေခံဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရန်။

 

၁၄။     ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အဖွဲ့ဝင်အားလုံး၏သဘောတူညီချက်ကို အဖြစ်နိုင်ဆုံးကြိုးစား၍ ရယူသွားရမည်။

 

 

၁၅။     ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီမှ အငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များကိုဖြေရှင်းရမည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် သတင်းအချက် အလက်များ (နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးကိစ္စများမှအပ) တောင်းခံလာပါက ဤသဘောတူ စာချုပ်တွင်ချမှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးရန်သဘောတူညီသည်။

 

 

ဆက်ဆံရေးရုံးများဖွင့်လှစ်ခြင်း

 

၁၆။     ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောနေရာ များတွင် နှစ်ဖက်ညှိနှိုင်း၍လည်းကောင်း၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးသဘောတူညီချက်တွင် သတ်မှတ်ထားသည့်ဒေသများတွင်လည်းကောင်း ဆက်ဆံရေးရုံးများဖွင့်လှစ်သွားရန် သဘောတူ သည်။

 

၁၇။     ဆက်ဆံရေးရုံးများတွင်ထားရှိမည့် ဆက်ဆံရေးအရာရှိများသည် အခက်အခဲနှင့် ပြဿနာ ရပ်များအား လျင်မြန်စွာဆက်သွယ်ဖြေရှင်းနိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူသည်။

 

၁၈။     ဆက်ဆံရေးရုံးတွင်တာဝန်ထမ်းဆောင်နေကြသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို လိုအပ်သည့်အကာအကွယ်ပေးရန် သဘောတူသည်။

 

အခန်း(၅)

နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ

 

၁၉။     ဤသဘောတူစာချုပ်လက်မှတ်ရေးထိုးသူများသည် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးစတင်ရန်  ဤစာချုပ်ကို လက်မှတ်ရေးထိုးပြီးသည့်နောက် စာချုပ်ပါအခြေခံမူများ၊ အချက်အလက်များနှင့် ကတိကဝတ်များ ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူသည်။

 

 

 

 

နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း

 

၂၀။     ပြည်ထောင်စုအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးလမ်းပြ မြေပုံနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည် -

 

(က)     တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း။

 

(ခ)      အစိုးရကိုယ်စားလှယ်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်”(The Framework for Political Dialogue) ကို ရေးဆွဲသဘောတူညီမှုရယူခြင်း။

 

(ဂ)      ထိုမူဘောင်ကိုအခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း။

 

(ဃ)    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း။

 

(င)     ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း။

 

(စ)     ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ အတည်ပြုချက်ရယူခြင်း။

 

(ဆ)    “ပြည်ထောင်စုသဘောတူစာချုပ် (Pyidaungsu Accord)” ပါ သဘောတူညီချက် များကို အကောင်အထည်ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

 

နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်း

 

၂၁။     အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ များနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည် -

 

 (က)  ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသူများသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲများစတင်ကျင်းပနိုင်ရေးနှင့် စာချုပ်ပါသဘောတူညီချက်များအား ပူးတွဲဦးဆောင် အကောင်အထည်ဖော်နိုင်ရန်အတွက် ဤစာချုပ်ကို လက်မှတ်ရေးထိုးပြီးပြီးချင်း အောက်ပါတို့ကို ဆောင်ရွက်မည် -

 

(၁)     တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်ဆောင်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်း။

 

(၂)     ထိုအစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေး ကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီနှင့် အခြား လိုအပ်သောကော်မတီများကိုဖွဲ့စည်းခြင်း။ (ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီသည် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ရေးဆွဲရန်ကိုလည်း တာဝန်ရှိသည်။)

 

(ခ)     ပါဝင်လက်မှတ်ရေးထိုးသူများသည် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များ၊ ဆွေးနွေးရ မည့်အကြောင်းအရာများ၊ ဆွေးနွေးမည့်ပုံစံများနှင့်စပ်လျဉ်း၍ အသေးစိတ် ဖော် ညွှန်းထားသည့် ဆွေးနွေးပွဲမူဘောင်တစ်ရပ်ကို ဤသဘောတူစာချုပ် လက်မှတ် ရေးထိုးပြီးသည့်အချိန်မှစ၍ ရက်ပေါင်း (၆ဝ) အတွင်း ပါဝင်သင့်ပါဝင်ထိုက်သူများ နှင့်အတူတကွ ပူးတွဲရေးသားဖော်ဆောင်ရန်။

 

(ဂ)     ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသူများသည် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေး ပွဲများကို ဤသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးရက်ပေါင်း (၉၀) အတွင်း စတင်လုပ်ဆောင်ရန်။

 

(ဃ)    ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေမည့်ကိစ္စရပ်များကို ရှောင်ရှား၍ ဤစာချုပ်ပါအခြေခံမူတွင် သဘောတူညီထားသည့်အချက်များအပါအဝင် အခြား ဆွေးနွေးရမည့်ခေါင်းစဉ်အသေးစိတ်ကို နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွင် ထည့် သွင်းဆွေးနွေး၍အတည်ပြုရန်။

 

(င)     သဘောတူညီမှုချမှတ်ရာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်တွင် ပါဝင်သော အဖွဲ့အစည်းများမှ ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအတွက် အာမခံချက် ရှိရေးကိုဦးတည်လျက် ပါဝင်ပတ်သက်နေကြသောအဖွဲ့အစည်းများအကြား အပြု သဘောဆောင်၍ ညှိနှိုင်းအဖြေရှာရန် သဘောတူကြသည်။

 

အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကျင်းပခြင်း

 

၂၂။   (က)     နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူကို  အခြေခံ၍ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့၏ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ကိုယ်စားလှယ်များ၊ တရားဝင်နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့်ပါဝင် ထိုက်သောကိုယ်စားလှယ်များ ပါဝင်ကြရမည်။

 

(ခ)     တိုင်းရင်းသားကိုယ်စားလှယ်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ ပညာရှင်အစုတို့၏ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သောကိုယ်စားလှယ်များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် သင့်တော်သလိုပါဝင်စေရေးကို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် ဆွေးနွေးသတ်မှတ်ရမည်။

 

(ဂ)     နိုင်ငံရေးတွေဆုံဆွေးနွေးပွဲများတွင် ပါဝင်မည့် ကိုယ်စားလှယ်အချိုးအစားကို နိုင်ငံရေးတွေဆုံဆွေးနွေးရေးမူဘောင်ဆွေးနွေးရာတွင် ညှိနှိုင်းဆွေးနွေးမည်။

 

(ဃ)    ပြည်ထောင်စုညီလာခံမှထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့် စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီပြုလုပ်ရန်  သဘော တူညီသည်။

 

၂၃။     နိုင်ငံရေးဆွေးနွေးပွဲများတွင် သင့်တင့်လျောက်ပတ်သော အချိုးအစားဖြင့် အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် သဘောတူညီသည်။

 

 

အခန်း(၆)

ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ

 

ယုံကြည်မှုတည်ဆောက်ခြင်းနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ရမည့်အချက်များ

 

၂၄။    (က)    အစိုးရသည်  မည်သူတစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းကိုမျှ ဥပဒေကို ချိုးဖောက်ခြင်းမှအပ ဤပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင် ပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့် ဖမ်းဆီး အရေးယူမှုများ မပြုလုပ်ရန် သဘောတူညီသည်။

 

 (ခ)    ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက် ရေး ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။ ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသူများနှင့်ပတ်သက်မှုရှိသည့် မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) မည်သည့်အဖွဲ့အစည်းကိုမျှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရသော်လည်း ကောင်း၊ မတရားအသင်းအက်ဥပဒေအရသော်လည်းကောင်း အရေးယူဆောင် ရွက်ခြင်း မပြုလုပ်ရန် သဘောတူသည်။

 

(ဂ)     နိုင်ငံတော်အနေဖြင့် ဤသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးသည့် အချိန် တွင် ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်သည် ဟူသော စွပ်စွဲချက်ဖြင့် မတရားအသင်းအက်ဥပဒေအရ အမှုစွဲဆိုခြင်းခံထားရသူ များနှင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် သဘောတူသည်။

 

ကြားကာလအတွင်းဆောင်ရွက်ရမည့်အစီအစဉ်များ

 

၂၅။    (က)    ဤသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့နှင့်သက်ဆိုင်သည့် အပစ်ရပ်နယ်မြေများအတွင်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် မိမိတို့အဖွဲ့အစည်း၏ အတိုင်း အတာအရ တာဝန်ယူနေကြသောအဖွဲ့အစည်းများဖြစ်ကြသည့်အားလျော်စွာ အပစ် အခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပအကောင်အထည်ဖော်နေ သည့်ကာလအတွင်း ၎င်းနယ်မြေများတွင် နှစ်ဖက်ညှိနှိုင်းပြီး အောက်ပါကိစ္စရပ်များ ကို ဆောင်ရွက်သွားရန် သဘောတူသည် -

 

(၁)     ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊

 

(၂)     သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊

 

(၃)     တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်း မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများ၊

 

(၄)     ဒေသဆိုင်ရာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စ ရပ်များ၊

 

(၅)     ဒေသဆိုင်ရာဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ အလှူရှင်အဖွဲ့အစည်းများ၏ အကူအညီရယူခြင်းဆိုင်ရာ ကိစ္စရပ်များ၊

 

(၆)      မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ

 

(ခ)     အပစ်ရပ်ဒေသအတွင်း ဒေသခံပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှု ကြီးမား သောစီမံကိန်းများကို လုပ်ဆောင်ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်း မြင်သာမှုဖော်ဆောင်ရေးအဖွဲ့ (Extractive Industries Transparency Initiative - EITI) ၏လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင် ရွက်သွားရန်နှင့် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့နှင့်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊

 

()     သက်ဆိုင်ရာဒေသများတွင် တစ်ဖွဲ့ချင်းစီ သီးခြားဆောင်ရွက်ရန် လိုအပ်သောကိစ္စ ရပ်ကို အစိုးရနှင့်သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ညှိနှိုင်း ဆောင်ရွက်သွားရန် သဘောတူသည်။

 

ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုနိုင်ရန်တင်သွင်းခြင်း

 

၂၆။     ဤသဘောတူစာချုပ်အား ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက်ရရှိရေးအတွက် ဆောင်ရွက်သွားရန် သဘောတူသည်။

 

အခန်း(၇)

အထွေထွေ

 

၂၇။     ဤစာချုပ်က လွှမ်းခြုံခြင်းမရှိသောကိစ္စရပ်များရှိလာပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအနေဖြင့် အစိုးရနှင့်သီးခြားစီဆွေးနွေး၍ စာချုပ်၏မူများနှင့်ဆန့်ကျင်ကွဲလွဲခြင်း မရှိ စေဘဲ ညှိနှိုင်းဆောင်ရွက်၍ သဘောတူညီမှုရယူနိုင်သည်။

 

၂၈။     ဤသဘောတူစာချုပ်ကို မြန်မာဘာသာဖြင့်ရေးသားပြီး အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရမည်။ မြန်မာဘာသာနှင့် အင်္ဂလိပ်သာသာတို့ တရားဝင်အတည်ဖြစ်မှုသည် တူညီသော်လည်း စကားရပ် အရ အငြင်းပွားမှုများပေါ်ပေါက်လာပါက မြန်မာဘာသာဖြင့် ရေးသားထားသည့်စကားရပ်များ အတိုင်းသာ အတည်ဖြစ်ကြောင်း သဘောတူသည်။

 

၂၉။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် လက်မှတ်ရေးထိုးရာတွင်ပါဝင်သော နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှပူးတွဲ၍ တာဝန်ယူဆောင်ရွက် သွားရန် သဘောတူသည်။ ထိုသို့အကောင်အထည်ဖော်ရာတွင် ကြုံတွေ့လာသည့်အခက်အခဲများ ကို ဖြေရှင်းနိုင်ရန် နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ်အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး”ကို ပုံမှန်ကျင်းပ ၍ ဖြေရှင်းသွားရန် သဘောတူသည်။

 

၃၀။     တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ဆွေးနွေးပွဲများတွင် နှစ်ဖက် သဘောတူညီခဲ့ကြသော အစည်းအဝေးမှတ်တမ်းဆုံးဖြတ်ချက်များအနက် ကိုးကားရမည့် ဆုံးဖြတ် ချက်များသည် ဤသဘောတူစာချုပ်အကောင်အထည်ဖော်ရာတွင် အကျုံးဝင်ပြီး နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ဆောင်ရွက်ရန်သဘောတူသည်။

 

ညှိနှိုင်းဖြေရှင်းခြင်း

 

၃၁။     (က)    ဤသဘောတူစာချုပ်ပါလိုက်နာရမည့်တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း ၍ မပြေလည်မှုပေါ်ပေါက်လျှင် သက်ဆိုင်ရာအဖွဲ့အစည်းများသည် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းသည့်နည်းလမ်းကိုအခြေခံ၍ ဖြေရှင်းရမည်။

 

         (ခ)     အပိုဒ်ခွဲ(က)အရဖြေရှင်းရာတွင် ပြေလည်မှုမရရှိပါက တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့တင်ပြပြီး ညှိနှိုင်းဖြေရှင်းသွားမည်။

 

သဘောတူစာချုပ်အကျိုးသက်ရောက်ခြင်း

 

၃၂။     ဤသဘောတူစာချုပ်သည် နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးပြီးသည့်နေရက်တွင် စတင် အကျိုးသက်ရောက်မှုရှိကြောင်း သဘောတူသည်။ ဤသဘောတူစာချုပ် အကောင်အထည်ဖော်မှု အပေါ် ဆန်းစစ်ရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နိုင်သည်။

 

သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း

 

၃၃။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအကြား ချုပ်ဆိုသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် နှစ်ဦးနှစ်ဖက်မှ လက်မှတ်ရေးထိုးကြပါသည်။

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

 

 

၁။       ဦးသိန်းစိန်                                   ……………………………………….

          နိုင်ငံတော်သမ

 

၂။       ဒေါက်တာ စိုင်းမောက်ခမ်း                ……………………………………….                 

          ဒုတိယသမ

 

၃။       ဦးဥာဏ်ထွန်း                                ……………………………………….

          ဒုတိယသမ

 

၎။       သူရဦးရေမန်း                               ……………………………………….

          အဖွဲဝင်၊ ပြည်ထောင်စုငြိမ်းချမ်းရေး

ဖော်ဆောင်ရေးဗဟိုကော်မတီ

 

၅။       ဦးခင်အောင်မြင့်                            ……………………………………….

အဖွဲဝင်၊ ပြည်ထောင်စုငြိမ်းချမ်းရေး

ဖော်ဆောင်ရေးဗဟိုကော်မတီ

 

၆။       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်         ……………………………………….

          တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

 

၇။       ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း            ……………………………………….

          ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်

          ကာကွယ်ရေးဦးစီးချုပ်(ကြည်း)

 

၈။       ဦးအောင်မင်း                                ……………………………………….

          ပြည်ထောင်စုဝန်ကြီး

          ဒုတိယဥကဋ္ဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ

 

၉။       ဦးသိန်းဇော်                                 ……………………………………….

          ဥကဋ္ဌ၊ ပြည်သူတ်တော် တိုင်းရင်းသားရေးရာ၊

ကျေးလက်လူမှုဘဝမြင့်တင်ရေးရာနှင့်

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ

          ဒုတိယဥကဋ္ဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ

 

၁။       ကရင်အမျိုးသားအစည်းအရုံး (KNU)            

         

-      ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး                      ဥကဋ္ဌ   ……………………………………….

-      ဗိုလ်ချုပ်ကြီး စောဂျော်နီ                 စစ်ဦးစီးချုပ်  ……………………………………….

-      ပဒို စောကွယ်ထူးဝင်း   အထွေထွေအတွင်းရေးမှူး ……………………………………….

 

၂။       ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်

(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)               

                            

-      ဗိုလ်ချုပ်ကြီး စောထိန်မောင်                   ဥက  ……………………………………….

-      ဗိုလ်ချုပ် စောရင်နု                    စစ်ထောက်ချုပ် ……………………………………….

-      စောနေစိုးမြ                                 စစ်ရေးချုပ် ……………………………………….

 

၃။       ချင်းအမျိုးသားတပ်ဦး (CNF)  

         

-      ပူးနန်လျန်ထန်                                  ဥက   ……………………………………….

-      ပူးဇင်ကျုံး            အထွေထွေအတွင်းရေးမှူးချုပ်  ……………………………………….

-      ဗိုလ်မှူးချုပ် ဟရန်သင်ထိုက်            စစ်ဦးစီးချုပ်  ……………………………………….

 

၎။       ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)         

 

-      ဒုတိယဗိုလ်ချုပ်ကြီး စောလေားပွယ်   စစ်ဦးစီးချုပ်  ……………………………………….

-      ဗိုလ်ချုပ် စောမိုးရှေ              ဒုတိယစစ်ဦးစီးချုပ်  ……………………………………….

-      ဗိုလ်မှူး စောစိန်ဝင်း                       စစ်ရေးချုပ်  ……………………………………….

 

၅။       ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO)   

 

-      ခွန်မြင့်ထွန်း                                       ဥက ……………………………………….

-      ဗိုလ်မှူးကြီး ခွန်သူရိန်                    စစ်ဦးစီးချုပ်  ……………………………………….

-      ဗိုလ်မှူးကြီး ခွန်ဥကာ                        နာယက  ……………………………………….

 

၆။       မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)        

         

-      ရဲဘော သံခဲ                                      ဥက ……………………………………….

-      ရဲဘော် မျိုးဝင်း                         ဒုတိယဥက ……………………………………….

-      ရဲဘော် ရဲထွတ်      စစ်ကော်မရှင်အတွင်းရေးမှူး  ……………………………………….

 

၇။       ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)         

         

-      ခိုင်စိုးနိုင်အောင်                        ဒုတိယဥက ……………………………………….

-      ဗိုလ်မှူးချုပ် ခိုင်ထွန်းဝင်း                စစ်ဦးစီးချုပ်  ……………………………………….

-      စောမြရာဇာလင်း                      ဗဟိုကော်မတီ ……………………………………….

 

၈။       သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)   

 

-      ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်                 ဥက  ……………………………………….

-      ဗိုလ်မှူးချုပ် ဘောင်ခေး         ဒုတိယစစ်ဦးစီးချုပ် ………………………………….…….

-      ဗိုလ်မှူးကြီး စိုင်းလ                အတွင်းရေးမှူး-၂  ……………………………………….

 

 

ပြည်တွင်းအသိသက်သေများ

 

၁။       ဒေါ်အောင်ဆန်းစုကြည်                             ……………………………………….

၂။       ဒေါက်တာ တူးဂျာ       (ကချင်)                   ……………………………………….

၃။       ဦးစောဒယ်နီရယ်        (ကယား)                  ……………………………………….

          ဦးခူးရယ်                                               ………………………………………

          ဦးစောလဖော်

၎။       ဦးစောထွန်းအောင်ချိန် (ကရင်)                   ……………………………………….

          ဦးစောသိန်းအောင်                                  ……………………………………….

၅။       ဦးဇိုဇမ်                    (ချင်း)                      ……………………………………….

၆။       နိုင်ငွေသိန်း               (မွန်)                       ……………………………………….

          နိုင်မောင်တိုး

၇။       ဦးအေးသာအောင်      (ရခိုင်)                     ……………………………………….

၈။       ဦးစိုင်းအိုက်ပေါင်း       (ရှမ်း)                      ……………………………………….

          ခွန်ထွန်းဦး

 

၉။       အခြားဖိတ်ကြားသူများ

-      ဦးကိုကိုကြီး      (၈၈-မျိုးဆက်)              ………………………………………

-      ဦးမြအေး         (၈၈-မျိုးဆက်)              ………………………………………

-      ဒေါ်သန်းသန်းနု (DP-Myanmar)            ……………………………………..

-      ဦးသန်းတင်      (တစည)                     ………………………………….….

-      ဦးဌေးဦး          (USDP)                      ……………………………………..

-      ဦးတင်နိုင်သိန်း  (USDP)                      ……………………………………..

 

၁၀။     ခွန်ထွန်းဦး                                             ……………………………………….

၁၁။     UNA   - ခွန်ထွန်းဦး                                 ……………………………………….

     - ဦးအေးသာအောင်                       ……………………………………….

     -                                               ……………………………………….

၁၂။     NBF    - ဦးခင်မောင်ဆွေ                          ……………………………………….

                   - ဒေါ်ချင်းချင်း                               ……………………………………….

                                                                    ……………………………………….

၁၃။     FDA    -                                               ………………………………………

၁၄။     NLD    -                                               ………………………………………

၁၅။     USDP - ဦးဌေးဦး                                    ………………………………………

                   - ဦးတင်နိုင်သိန်း                            ………………………………………

 

 

 

 

၁၆။     တိုင်းရင်းသားရေးရာဝန်ကြီးများ

         

-      ဦးစောထွန်းအောင်မြင့်               ……………………………………….

-      ဦးဇော်အေးမောင်                     ……………………………………….

-      ဦးခွန်သန်းမြင့် (ဦးခွန်ဖေမြ)?        ……………………………………….

 

၁၇။     အထူးဖိတ်ကြားသူများ

-      ဦးခင်ရီ                                   …………………………………….

-      ဦးသန်းဌေး                              …………………………………….

-      ဦးသက်နိုင်ဝင်း                         ……………………………………...

-      ဦးမြင့်စိုး                                 ………………………………………

-      ဦးခင်ဇော်ဦး                            ………………………………………

 

                                                         

 

နိုင်ငံတကာအသိသက်သေများ

 

၁။       ကမ္ဘာ့ကုလသမဂ္ဂ                

           

His Excellency Mr. Vijay Nambiar             ……………………………………….

United Nations Special Advisor

to the Secretary General on Myanmar                       

 

၂။       ဥရောပသမဂ္ဂ                              

 

His Excellency Mr. Roland Kobia               ……………………………………….

The European Union Ambassador

to Myanmar

 

၃။       ရုတ်ပြည်သူ့သမ္မတနိုင်ငံ              

 

His Excellency Mr. Sun Guoxiang                          ……………………………………….

The Special Envoy on Asian Affairs

of the People’s Republic of China

 

၎။       အိန္ဒိယသမ္မတနိုင်ငံ                        

 

His Excellency Mr. Gautam Mukhapadhaya        ……………………………………….

Ambassador Extraordinary and Plenipotentiary

of the Republic of India

to the Republic of the Union of Myanmar

 

၅။       ထိုင်းနိုင်ငံ                                   

 

His Excellency Mr. Apichart Chinwanno              …………………………………….

Permanent Secretary

of the Ministry of Foreign Affairs and

Special Envoy of the Foreign Minister of Thailand

         

၆။       ဂျပန်နိုင်ငံ                                   

 

His Excellency Mr. Yohei SASAKAWA                ……………………………………….

Special Envoy of the Government of Japan

for National Reconciliation in Myanmar

 

 

 

 

Download PDF