နိဒါန်း
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား
လက်မှတ် ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်မှလည်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကန့်ကွက်သူမရှိအတည်ပြုထားသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire
Agreement - NCA) ပါ
သဘောတူညီချက်များနှင့်အညီ ဤ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် (The Framework
for Political Dialogue) ကို
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များနှင့် တရားဝင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue
Joint Committee - UPDJC) က
ဆွေးနွေးညှိနှိုင်းပြီး ရေးဆွဲခဲ့ကြပါသည်။
ဤ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်သည်
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများအား အာမခံချက် အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်ရန်ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ပါသည်။
အခန်း
(၁)
ရည်ရွယ်ချက်
၁။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၏ ရည်ရွယ်ချက်များမှာ -
(က)
ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပြဿနာကို
စစ်ရေးနည်းဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန်အလို့ငှာ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်သည့်
နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပ သွားရန်၊
(ခ)
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာ
ညှိနှိုင်းအဖြေရှာသွားရန်၊
(ဂ)
ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားပေါင်းစုံ သဟဇာတရှိရှိ တန်းတူညီမျှယှဉ်တွဲနေထိုင်နိုင်ရေးတို့အတွက်
ဆွေးနွေးအဖြေရှာ သွားရန်၊
(ဃ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှထွက်ပေါ်လာသော
ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများအား လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန်၊
(င) အမျိုးသားတန်းတူရေးနှင့်
ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအား နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်၊
(စ)
လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းတို့ကိုအခြေခံသည့် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရန်၊
အခန်း
(၂)
အခြေခံမူများ
၂။ ဤမူဘောင်ကိုအခြေခံ၍ ကျင်းပရမည့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်၏ အခြေခံမူများမှာ -
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်
အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှု၍ လွတ်လပ်မှု၊
တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးများ အာမခံချက်များ အပြည့်အဝ ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ
တည်ဆောက်သွားရန်၊
(ခ
) မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းအဖြေရှာရန်နှင့် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့်
နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး၊ လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်ကာ ရေရှည်တည်တံ့သည့် ပြည်ထောင်စု
ငြိမ်းချမ်းရေးကို တည်ဆောက်သွားရန်၊
(ဂ) တိုင်းရင်းသားလူမျိုးပေါင်းစုံ
ပူးပေါင်းပါဝင်သော ပြည်ထောင်စုတပ်မတော်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားရန်၊
(ဃ)
ဤပြည်ထောင်စုအတွင်းနေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူရည်တူ အခွင့်အရေးရရှိစေရန်၊
(င) နိုင်ငံရေးကိစ္စအလို့ငှာ
ဘာသာသာသနာကို အလွဲသုံးစားမပြုရန်၊ နိုင်ငံရေးနှင့် ဘာသာရေး ရောယှက်ခြင်းမရှိသည့် နိုင်ငံတော်ကိုထူထောင်ရန်၊
(စ)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ် ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်၊
(ဆ) ရေရှည်တည်တံ့ခိုင်မြဲသည့်
ငြိမ်းချမ်းရေးရရှိရန်ရည်မှန်း၍ တိုင်းရင်းသားများ၏ လိုလားချက်များနှင့်
သဘောထားဆန္ဒများကို အခြေခံပြီး ပါဝင်သင့်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပသွားရန်၊
(ဇ)
ငြိမ်းချမ်းရေးဆွေးနွေးဘက်များအကြား ဝိဝါဒကွဲပြားမှုများကို
ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် စိတ်ရင်းစေတနာမှန်ဖြင့် အကျေအလည်
ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ရန်၊
(ဈ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူ
လူထု
တစ်ရပ်လုံး၏
အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနှင့် ပြည်သူလူထု၏ ဘဝ မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်၊
(ည) နိုင်ငံရေးဆွေးနွေးပွဲများတွင်
အမျိုးသမီးကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်၊
(ဋ) အမျိုးသားပြန်လည်သင့်မြတ်ရေးကို
ထိခိုက်စေမည့် အကြောင်းအရာများ၊ ရရှိလာသည့် အပြန်အလှန်လေးစားအသိအမှတ်ပြုမှုနှင့် ယုံကြည်မှုများကို ယုတ်လျော့စေမည့် အပြုအမူများ၊ အရေးအသားများ၊ အပြောအဆိုများ မပြုလုပ်ရန်၊
အခန်း
(၃)
နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ
၃။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် သဘောတူညီထားသည့်အတိုင်း နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို
အောက်ပါအတိုင်း ဆောင်ရွက်မည် -
(က) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်
(The Framework for Political Dialogue) ကို ရေးဆွဲသဘောတူညီမှုရယူခြင်း၊
(ခ) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများနှင့်
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်း၊
(ဂ) ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း၊
(ဃ) ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ အတည်ပြုချက်ရယူခြင်း၊
(င)
ပြည်ထောင်စုသဘောတူစာချုပ် (Pyidaungsu Accord) ပါ သဘောတူညီချက်များ ကို အကောင်အထည်ဖော်ခြင်း၊
အခန်း
(၄)
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့်
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ
ကျင်းပခြင်း
၎။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အပိုဒ် ၂၀ အပိုဒ်ခွဲ (ဂ) နှင့် (ဃ)
တို့အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)
မှ ဦးဆောင် တာဝန်ယူ၍ အောက်ပါအတိုင်း ကျင်းပရမည် -
၎.၁။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ
၎.၁.၁။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို လုပ်ငန်းကော်မတီများမှ ဦးဆောင်လမ်းညွှန်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ချမှတ်ပေးထားသည့် အခြေခံလမ်းညွှန်မှုများနှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
အရပ်ဘက်လူ့အဖွဲ့အစည်းများမှ အစုအဖွဲ့ တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကျင်းပနိုင်သည်။
၎.၁.၂။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင်
ပြည်ထောင်စုအစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ လွှတ်တော်များမှ ကိုယ်စားလှယ်များ၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တရားဝင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်ရင်းသား လူမျိုးကိုယ်စားလှယ်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အခြား ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်သည်။
၎.၁.၃။ အမျိုးသားအဆင့်
နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် ကဏ္ဍကြီး (၆) ခုမှ တိုင်းရင်းသားလူမျိုးများနှင့်ဆိုင်သော ကိစ္စရပ်များ၊ ဒေသတစ်ခုချင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ နိုင်ငံသားအများစုနှင့်ဆိုင်သော ကိစ္စရပ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင်လည်းကောင်း၊ တစ်နိုင်ငံလုံးအဆင့်တွင် လည်းကောင်း ကျင်းပသွားနိုင်သည်။
၎.၁.၄။ ထိုဆွေးနွေးပွဲများမှချမှတ်သော အဆိုပြုချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တွင် ဆွေးနွေးဆုံးဖြတ်မှုများပြုလုပ်နိုင်ရန်
တင်ပြသွားရမည်။
၎.၂။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ဤနိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တွင်ပါဝင်သည့်
ရည်ရွယ်ချက်နှင့် အခြေခံမူ များကိုအခြေခံ၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အောက်ပါအတိုင်း ကျင်းပရမည် -
၎.၂.၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရအဖွဲ့ ကိုယ်စားလှယ် (၇၅) ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၇၅)
ဦး၊ တပ်မတော် ကိုယ်စားလှယ် (၁၅၀) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်
(၁၅၀) ဦး၊ တရားဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် (၁၅၀) ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် (၅၀) ဦးနှင့် အခြားပါဝင်သင့်ပါဝင်ထိုက်သူ (၅၀) ဦး၊ စုစုပေါင်း ကိုယ်စားလှယ် (၇၀၀)
ဦး ဖြင့် ကျင်းပရမည်။
၎.၂.၂။ ကိုယ်စားလှယ်များ ရွေးချယ်စေလွှတ်ရာတွင် အမျိုးသမီးကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်။
၎.၂.၃။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ (××) ရက်တွင် စတင်ကျင်းပရမည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို (၄) လ တစ်ကြိမ်
ကျင်းပမည်။ ညီလာခံ၏ သဘောတူညီချက်ဖြင့် ကျင်းပမည့်နေ့ရက်များကို လိုအပ်သလို ပြင်ဆင်သတ်မှတ် နိုင်သည်။
၎.၂.၄။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ သဘာပတိအဖွဲ့ဝင်များကို အစုအဖွဲ့ တစ်ဖွဲ့စီမှ (၉) ဦးစီဖြင့် ရွေးချယ်ဖွဲ့စည်း၍ ညီလာခံတွင် အလှည့်ကျ ပူးတွဲ တာဝန်ယူရန် အစုအဖွဲ့တစ်ဖွဲ့ချင်းစီမှ ကိုယ်စားလှယ် (၃) ဦးစီ တာဝန် ပေးအပ်ရမည်။
၎.၂.၅။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများက တင်ပြလာသော အဆိုပြုချက်နှင့် အကြံပြုချက်များအတွက် ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်သွားရမည်။ လိုအပ်ပါက အကြံပြုချုက်များအား ပြန်လည်ဆွေးနွေးရန် သက်ဆိုင်ရာ လုပ်ငန်းကော်မတီသို့ ပေးပို့နိုင်သည်။
၎.၂.၆။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆုံးဖြတ်ချက်
ချမှတ်နိုင်ခြင်း မရှိသည့် အကြောင်းအရာများရှိပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် သက်ဆိုင်ရာလုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်များနှင့် သီးခြားအစည်းအဝေးထိုင်၍ ညှိနှိုင်းဖြေရှင်းပေးရမည် (သို့မဟုတ်) ဖြေရှင်းနိုင်ရန် အကြံပြုပေးရမည်။
၎.၂.၇။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ကိုယ်စားလှယ်များလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ အစည်းအဝေးကျင်းပမည့်ပုံစံနှင့် လုပ်ငန်းများ လုပ်ဆောင်ရမည့် နည်းလမ်းများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ရေးဆွဲတင်ပြပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက အတည်ပြုပေးရမည်။
၎.၂.၈။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် ညီလာခံသို့ တက်ရောက်ခွင့် ရှိသည့် အစုအဖွဲ့တစ်ဖွဲ့ချင်းစီမှ အနည်းဆုံးကိုယ်စားလှယ်ဦးရေ ၆၀ ရာခိုင်နှုန်း တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
၎.၂.၉။ အစုအဖွဲ့အသီးသီးတွင် ကိုယ်စားလှယ်များ အစားထိုးရန် လိုအပ်ပါက သက်ဆိုင်ရာအစုအဖွဲ့က ရွေးချယ်တင်ပြလာသော ကိုယ်စားလှယ်အား UPDJC မှ လက်ခံအတည်ပြုပေးရမည်။
၎.၂.၁၀။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တက်ရောက်မည့် တိုင်းရင်းသား ကိုယ်စားလှယ် (၅၀) ဦး နှင့် အခြားပါဝင်သင့်ပါဝင်ထိုက်သူ (၅၀) ဦးတို့ကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရားဝင်နိုင်ငံရေးပါတီ အစုအဖွဲ့ တို့မှ အချိုးတူရွေးချယ်ရမည်။ ယင်းကိုယ်စားလှယ်များ အစားထိုးရန် လိုအပ် လာပါက သက်ဆိုင်ရာအစုအဖွဲ့မှတင်ပြလာသော ကိုယ်စားလှယ်အသစ်အား ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ လက်ခံ အတည်ပြုပေးရမည်။
အခန်း
(၅)
နိုင်ငံရေးဆွေးနွေးပွဲများတွင်ဆွေးနွေးမည့် အကြောင်းအရာများ
၅။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အောက်ဖော်ပြပါ ဆွေးနွေးမည့်အကြောင်းအရာ အသေးစိတ်ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တွင်
ပါဝင်သောမူများပေါ်တွင် အခြေခံ၍ ဆောင်ရွက် သွားရမည် -
နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးရမည့်အကြောင်းအရာများမှာ
-
(က) နိုင်ငံရေး
(၁)
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ကိစ္စရပ်များ၊
(၂)
တိုင်းရင်းသားလူမျိုးများအလိုက် ခံစားသင့်ခံစားထိုက်သော လူမျိုးရေး ဆိုင်ရာ
စုပေါင်းအခွင့်အရေးကိစ္စရပ်များ၊
(၃)
နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင် သမျှ ပိုင်းခြားသုံးစွဲခြင်း၊ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းမှုရှိစေခြင်း
နှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ၊
(၄) ပြည်ထောင်စု
အထွေထွေအုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊
(၅) ရွေးကောက်ပွဲဝင်ခွင့်ဆိုင်ရာ
ကိစ္စရပ်များ၊
(၆)
တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊
(ခ) လူမှုရေး
(၁)
တိုင်းရင်းသားလူမျိုးများ၏ သမိုင်းဖော်ထုတ်သင်ကြားရေးဆိုင်ရာ ကိစ္စရပ် များ၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊
(၂) ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များ၊
(၃)
ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များ၊
(၄)
လူ့အခွင့်အရေး၊ ကျား-မ တန်းတူညီမျှရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များ၊
(၅)
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ကာကွယ် တားဆီးရေးနှင့် ပညာပေးရေးဆိုင်ရာ ကိစ္စရပ်များ၊
(ဂ) စီးပွားရေး
(၁)
အမျိုးသားစီးပွားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များ၊
(၂) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ကိစ္စရပ်များ၊
(၃) အခွန်ကောက်ယူခြင်းနှင့်
ပြန်လည်ခွဲဝေခြင်း၊
(၄) ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ
ကိစ္စရပ်များ၊
(၅) ဘဏ္ဍာရေးနှင့်
ငွေကြေးမူဝါဒ ကိစ္စရပ်များ၊
(ဃ)
လုံခြုံရေး
(၁) နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊
(၂) လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေးကိစ္စရပ်များ၊
(င)
မြေယာနှင့်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ
(၁) မြေယာနှင့်
သဘာဝသယံဇာတစီမံခန့်ခွဲရေးနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ် များ၊
(၂) သဘာဝပတ်ဝန်းကျင်နှင့်
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊
(စ) အထွေထွေ
အခန်း
(၆)
နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူဆုံးဖြတ်ချက်ချမှတ်ခြင်း
၆။ နိုင်ငံရေးဆွေးနွေးပွဲများ၌ ဆွေးနွေးဘက်များအကြား ဝိဝါဒကွဲပြားမှုများကို ရေရှည် တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် စိတ်ရင်းစေတနာမှန်ဖြင့် အကျေအလည်ညှိနှိုင်းဖြေရှင်းပြီး
သဘောတူဆုံးဖြတ်ချက်များချမှတ်နိုင်ရေးအတွက်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)
အခြေခံမူ အပိုဒ် ၁ အပိုဒ်ခွဲ (ဇ) နှင့်အညီ အောက်ပါအတိုင်း ဆောင်ရွက်သွားမည် -
၆.၁။ ဆွေးနွေးညှိနှိုင်းရမည့်
ကိစ္စရပ်များအားလုံးကို လုပ်ငန်းကော်မတီအဆင့်တွင် အကျေအလည် ဆွေးနွေးအဖြေရှာရန်။
၆.၂။ ပြည်ထောင်စု
ငြိမ်းချမ်းရေး ညီလာခံတွင် လုပ်ငန်းကော်မတီအသီးသီးမှ တင်ပြ လာသော ကိစ္စရပ်များအနက် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်
လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးကိစ္စရပ်များအပါအဝင် အရေးကြီးသောကိစ္စရပ်များကို ညီလာခံ တက်ရောက်သူ အစုအဖွဲ့တစ်ဖွဲ့ချင်းစီမှ အနည်းဆုံး
၇၅
ရာခိုင်နှုန်း အထက် ထောက်ခံမဲ ရရှိ၍ တက်ရောက်သူ စုစုပေါင်း၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲဖြင့် ဆုံးဖြတ်နိုင်သည်။
၆.၃။ ပြည်ထောင်စု
ငြိမ်းချမ်းရေး ညီလာခံတွင် လုပ်ငန်းကော်မတီအသီးသီးမှ တင်ပြ လာသော ကိစ္စရပ်များအနက် အပိုဒ်ခွဲ ၆.၂ ပါ
ကိစ္စရပ်များမှအပ အခြားကိစ္စရပ်များကို ညီလာခံတက်ရောက်သူ အစုအဖွဲ့တစ်ဖွဲ့ချင်းစီမှ အနည်းဆုံး
၅၀
ရာခိုင်နှုန်း အထက် ထောက်ခံမဲရရှိ၍ တက်ရောက်သူစုစုပေါင်း၏ အနည်းဆုံး ၆၅ ရာခိုင်နှုန်း အထက် ထောက်ခံမဲဖြင့် ဆုံးဖြတ်နိုင်သည်။
အခန်း
(၇)
နိုင်ငံရေးဆွေးနွေးပွဲများကို စီမံခန့်ခွဲခြင်း
၇။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု
ပူးတွဲကော်မတီ (UPDJC)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပသွားနိုင်ရေးအတွက်ရည်ရွယ်၍
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဖွဲ့စည်းသည်။
၇.၁။ ဖွဲ့စည်းမှု
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များ အချိုးတူပါဝင်ဖွဲ့စည်းသည်။
၇.၂။ တာဝန်နှင့်
လုပ်ပိုင်ခွင့်များ
၇.၂.၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်ကို ကြီးကြပ်လမ်းညွှန် တာဝန်ခံရမည်။
၇.၂.၂။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေး ဆွေးနွေးပွဲများကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၉၀) အတွင်း စတင်ကျင်းပရန် တာဝန်ရှိသည်။
၇.၂.၃။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နို်င်ငံရေး ဆွေးနွေးပွဲများမှထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီတင်သွင်း၍ အတည်ပြုချက်ရယူနိုင်ရေး အတွက် ဆောင်ရွက်မည်။
၇.၂.၄။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် လိုအပ်သည့် လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများနှင့် နည်းပညာအထောက်အကူပြုအဖွဲ့များကိုဖွဲ့စည်း၍
လုပ်ငန်း တာဝန်နှင့် ဝတ္တရားများကို ချမှတ်မည်။
၈။ အတွင်းရေးမှူးအဖွဲ့
အတွင်းရေးမှူးအဖွဲ့ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တရားဝင်နိုင်ငံရေးပါတီများမှ (၁၅) ဦးထက်မပိုသော ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းမည်။ အတွင်းရေးမှုးအဖွဲ့၏ တာဝန်နှင့်ဝတ္တရားများအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ချမှတ်ပေးမည်။
၉။ ရုံးအဖွဲ့
အတွင်းရေးမှူးအဖွဲ့သည် ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အခြား လိုအပ်သည့်ဝန်ထမ်းများပါဝင်သည့် ရုံးအဖွဲ့အား ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းသွားမည်။ ရုံးအဖွဲ့၏ တာဝန်နှင့် ၀တ္တရားများအား အတွင်းရေးမှူးအဖွဲ့မှ ရေးဆွဲ၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အတည်ပြုချက်ကိုရယူရမည်။
၁၀။ ဆွေးနွေးမည့်အကြောင်းအရာများကိုအခြေခံ၍ ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ
၁၀.၁။ လုပ်ငန်းကော်မတီများကို
ညီလာခံတက်ရောက်ခွင့်ရှိသည့် အစုအဖွဲ့များမှ ကိုယ်စားလှယ်များ အချိုးညီပါဝင်စေ၍ ဖွဲ့စည်းရမည်။
၁၀.၂။ လုပ်ငန်းကော်မတီများတွင်
အမျိုးသမီးကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရမည်။
၁၀.၃။ လုပ်ငန်းကော်မတီများသည်
မိမိတို့အား တာဝန်ပေးအပ်ထားသည့် အကြောင်း အရာကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုချက်နှင့်အဆိုပြုချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ဆွေးနွေးဆုံးဖြတ်မှုများပြုလုပ်နိုင်ရန်
တင်ပြရမည်။
၁၀.၄။ လုပ်ငန်းကော်မတီများသည်
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှ
တင်ပြလာ သည့် အကြံပြုချက်နှင့် အဆိုပြုချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်မှုများပြုလုပ်နိုင်ရန်
မူဝါဒအဆိုပြုလွှာများရေးဆွဲပြီး အတွင်းရေးမှူး အဖွဲ့သို့ ပေးပို့ရမည်။
၁၀.၅။ လုပ်ငန်းကော်မတီများ
တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား လိုအပ်လျှင် ပူးပေါင်းဆောင်ရွက်မှု များကို ပြုလုပ်နိုင်သည်။
၁၀.၆။ လုပ်ငန်းကော်မတီတစ်ခုအတွင်း
(သို့မဟုတ်)
ကော်မတီများအကြား မဖြေရှင်း နိုင်သည့် သဘောထားကွဲလွဲမှုများရှိလာပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သို့တင်ပြ၍ ဆုံးဖြတ်ချက်ရယူရမည်။
၁၁။ အစုအဖွဲ့များ၏
နည်းပညာအထောက်အကူပြုအဖွဲ့များ
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တက်ရောက်သည့်အစုအဖွဲ့များသည် နည်းပညာ အထောက်အကူပြုအဖွဲ့များကို ဖွဲ့စည်းနိုင်သည်။ ယင်းနည်းပညာ အထောက်အကူပြု အဖွဲ့များကို အသိအမှတ်ပြုပေးနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သို့ တင်ပြရမည်။
၁၂။ လေ့လာသူများ
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ရန် ပြင်ပမှလေ့လာသူများကို ဖိတ်ကြားနိုင်သည်။ လေ့လာသူများသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။
အခန်း
(၈)
ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုအတည်ပြုခြင်းနှင့်
အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များ
၁၂။ ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍
လွတ်လပ်မှု၊
တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ
တည်ဆောက်သွားရန် အလို့ငှာ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်၏ ဆွေးနွေးမှုရလဒ်များကို အခြေခံ၍ ပြည်ထောင်စု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြရမည်။
၁၂.၁။ ပြည်ထောင်စု
ငြိမ်းချမ်းရေး ညီလာခံ တစ်ကြိမ်ကျင်းပပြီးသည့်အခါတိုင်း ရရှိလာသည့်သဘောတူညီချက်များကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ချုပ်ဆိုရမည်။
၁၂.၂။ ထိုသို့ချုပ်ဆိုထားသည့်
ပြည်ထောင်စုသဘောတူစာချုပ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်ဆွေးနွေးကြသည့် သက်ဆိုင်ရာအစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက ပါဝင်လက်မှတ်ရေးထိုးကြရမည်။
၁၂.၃။ ဆွေးနွေးရမည့်အကြောင်းအရာများအားလုံးကို
ဆွေးနွေးပြီးသောအခါ အဆင့်ဆင့် ရရှိထားသည့် သဘောတူညီချက်များအားလုံးကိုစုစည်း၍ ပြည်ထောင်စု သဘောတူစာချုပ် အဖြစ် သက်ဆိုင်ရာအစုအဖွဲ့အသီးသီး၏ခေါင်းဆောင်များနှင့်
အသိသက်သေများက ပါဝင် လက်မှတ်ရေးထိုးကြရမည်။
၁၃။ အတည်ပြုခြင်း
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများကိုလည်းကောင်း၊ ပြည်ထောင်စု သဘောတူစာချုပ်တစ်ရပ်လုံးကိုလည်းကောင်း အနီးဆုံးကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီတင်သွင်း၍ အတည်ပြုချက်ရယူရမည်။
၁၄။ အကောင်အထည်ဖော်ခြင်း
၁၄.၁။ ပြည်ထောင်စုသဘောတူစာချုပ်တွင်ပါရှိသော
သဘောတူညီချက်များနှင့် လိုက်လျောညီထွေမှုရှိစေရန် ဥပဒေအသစ်များ ပြဌာန်းခြင်း၊ တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်း/ ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်၊ တပ်မတော်နှင့် အစိုးရဝန်ကြီးဌာနများမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်။
၁၄.၂။ နိုင်ငံတော်အစိုးရသည်
ပြည်ထောင်စုသဘောတူစာချုပ်အား အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်။ ထိုသို့ဆောင်ရွက်ရာတွင်
ပြည်သူလူထုနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရမည်။
၁၄.၃။ ပြည်ထောင်စုသဘောတူစာချုပ်ပါ
အချက်အလက်များကို အစိုးရတစ်ရပ်၏ သက်တမ်းအတွင်း ပြီးစီးအောင် အကောင်အထည်ဖော်နိုင်ခြင်း မရှိပါက နောင်ဆက်ခံသော အစိုးရအဆက်ဆက်က ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
အခန်း
(၉)
အထွေထွေ
၁၅။ ပွင့်လင်းမြင်သာမှုရှိခြင်း
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ ထွက်ပေါ်လာသည့်ရလဒ်များကို အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ရမည်။
၁၆။ နိုင်ငံရေးဆွေးနွေးပွဲများနှင့်စပ်လျဉ်းသည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)၊ လုပ်ငန်းကော်မတီများနှင့် ၎င်းကော်မတီများမှကြီးမှူးကျင်းပသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၏ ကုန်ကျစရိတ်များကို ပြည်ထောင်စုအစိုးရမှ ကျခံပေးရမည်။ ထို့အပြင် ပြည်တွင်း၊ ပြည်ပမှ နှောင်ကြိုးမပါသည့် ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာအကူအညီများ ရယူနိုင်သည်။ ပြည်ထောင်စုအစိုးရမှ ချမှတ်ပေးသည့် ဘဏ္ဍာငွေနှင့် နိုင်ငံတကာမှပေးအပ်သည့် အကူအညီများအား ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် သုံးစွဲသွားရမည်။
၁၇။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အားပြင်ဆင်ခြင်း
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တွင်ပါရှိသည့်
အချက်အလက်များအနက် ပြင်ဆင်ရန် လိုအပ်သောအချက်များကို ပြည်ထောင်စု
ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ဆွေးနွေးပြီး ပြင်ဆင်ဖြည့်စွက် အတည်ပြုနိုင်သည်။ ထိုပြင်ဆင် ဖြည့်စွက်ချက်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါရှိသည့် သဘောတူညီချက်များနှင့် ဆန့်ကျင်ခြင်းမရှိစေရ။