Books

  • Home/
  • Books

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ

Author: ဖဒိုမန်းငြိမ်းမောင်
Publish Date: 16 Jan, 2018
Category: Books

Book Review

“သန္နိဋ္ဌာန်ချ၊ အသက်စွန့်ရန် မကြောက်၊
အခက်အခဲဖယ်ရှား၊ အောင်ပွဲအရယူ”
၁ဝ-၁ဝ-၁၉၇ဝ ခုနှစ် - ရဲဘော်ရှောင်း (ဖဒိုမန်းငြိမ်းမောင်)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗


တိုင်းရင်းသားလူမျိုးရေးရာဖွံ့ဖြိုးရေးနှင့်သုတေသနအသင်း (CDES) မှ
အသစ်ထုတ်ဝေဖြန့်ချိသည့်


“မန်းငြိမ်းမောင်၏ မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ”
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗


သံဖြူဇရပ် ခလရ ၃၁ တပ်ရင်း၊ အချုပ်တွင် တစ်ပတ်နေခဲ့ရသည်။ ၁၉၇ဝ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်တွင် ဗိုလ်ကြည်ဝင်းကိုယ်တိုင်ဦးစီး၍ တပ်ကြပ်ကြီးတစ်ယောက်၊ စစ်သား ၅ ယောက်၊ လှံစွပ်ကိုယ်စီတပ်၍ ကျွန်တော့်ကို လက် ထိပ်ခတ်ပြီး သံကြိုးစကို ကားနဲ့တွဲပြီး တစ်ဖန်သော့ခတ်ပြန်သည်။ ပြီးမှ မော်လမြိုင်ထောင်သို့ လာပို့သည်။ မော်လမြိုင်ထောင်၏ ကြိုးတိုက်ကလေး အချုပ်ခန်း အခန်း နံပါတ် ၁ တွင် ကျွန်တော့်ကို ချုပ်သည်။ ကျွန်တော့်ခေါင်းသည် မူးဝေနောက်ကျိနေပါသည်။ ကျွန်တော် လဲလျောင်းနေသော ကြိုးတိုက်အခန်းကျဉ်းသည် ကျွန်တော့်ရင်ကို ပို၍မွန်းကျပ်စေသည်။ ကျွန်တော် မောပန်းနေပါ သည်။ ကျွန်တော် အုတ်နံရံကိုမှီပြီး အမောဖြေနေသည်။ အနီးတွင်တွေ့ရသော သံချောင်းလေးနှင့် အုတ်နံရံကို ရေးခြစ် လိုက်သည်။


“သန္နိဋ္ဌာန်ချ၊ အသက်စွန့်ရန် မကြောက်၊
အခက်အခဲဖယ်ရှား၊ အောင်ပွဲအရယူ”
၁ဝ-၁ဝ-၁၉၇ဝ ခုနှစ်


မဆလစစ်အစိုးရသည် ကိုကိုးကျွန်း အကျဉ်းစခန်းကို ဖျက်သိမ်းခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားများကို ပြည်မသို့ ပြန်ခေါ်ခဲ့ရပေ သည်။ ကျွန်တော်တို့သည် ရန်သူ၏ ဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှုအောက်မှ လွတ်မြောက်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရာတွင် ကျွန်တော်၏ ငယ်ရွယ်နုပျိုသောဘဝမှ လူငယ်တစ်ယောက်၏ အားမာန် ဇွဲသတ္တိ လုံ့လဝီရိယ စသည့် ရှေ့အစဉ်အဆက်သော လူငယ်၏ ကောင်းမြတ်သော သဘာဝအတိုင်း ကျွန်တော်၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အမျိုးသားအတွက်၊ ပြည်သူအတွက်၊ တော်လှန်ရေးအတွက် အလုပ်အကျွေးပြုခဲ့ပါသည်။
မြန်မာပြည် စစ်အာဏာရှင်စနစ်ကြီးစိုးမှု ကျဆုံးရေးအတွက် တိုက်ပွဲဝင်ရာတွင် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် တိုက်ပွဲ အလံကို လက်ဆင့်ကမ်း သယ်ဆောင်တိုက်ပွဲ ဝင်ခဲ့ကြ၊ ဝင်နေဆဲပင်ဖြစ်ပေသည်။
ကျွန်တော်တို့ မျိုးဆက်လွန်ခဲ့ပြီးနောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတိုက်ပွဲကြီးတွင်လည်း တပ်ဦးမှ ခွပ်ဒေါင်းအလံ ကို လွှင့်ထူချီတက်တိုက်ပွဲဝင်ခဲ့ပြီး ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး ပါဝင်အောင် စည်းရုံးတိုက်ပွဲဝင်ခဲ့ကြသူများမှာလည်း ပျိုမြစ် လန်းဆန်းတက်ကြွသော မျိုးဆက်သစ်ကျောင်းသားလူငယ်များပင် ဖြစ်ပါသည်။
၈၈ မျိုးဆက် တိုက်ပွဲဝင်ရဲဘော်များနှင့် ကျွန်တော်တို့သည် ယခုအချိန်တွင် စည်းစည်းလုံးလုံးဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတိုက်ပွဲတွင် လက်တွဲတိုက်ပွဲဝင်လျက် ရှိနေကြပေသည်။
၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ၏တိုက်ပွဲသည် မြန်မာပြည်တော်လှန်ရေးအား ကြီးမားစွာ အလုပ်အကျွေးပြုခဲ့ပါ သည်။ ဤတိုက်ပွဲ၏အကျိုးဆက်အဖြစ် တိုင်းရင်းသားအသီးသီးတို့၏ အမျိုးသားရေးတိုက်ပွဲနှင့် ဒီမိုကရေစီတိုက်ပွဲဝင် အင်အားစုကြီးနှစ်ရပ်အား ပေါင်းစည်းပေးနိုင်ခဲ့ပေသည်။
အမျိုးသားလက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲနှင့် ဒီမိုကရေစီတိုက်ပွဲဝင် အင်အားစုကြီးနှစ်ရပ်၏ ပေါင်းစည်းနိုင်ရေးအတွက် ဆယ်စုနှစ်လေးစုကြာမှ ကြိုးပမ်းတိုက်ပွဲဝင်နိုင်ခဲ့ရပေသည်။ အဆက်ဆက်သော ဖောက်ပြန်သည့်အုပ်စိုးသူများ၊ စစ်အာဏာ ရှင်များသည် တိုက်ပွဲဝင် အင်အားစုကြီးနှစ်ရပ် ပေါင်းစည်းခြင်း မပြုနိုင်အောင် ကြီးမားစွာ အင်အားပိတ်ဆို့ခဲ့ပေသည်။
ဤတိုက်ပွဲဝင် အင်အားစုကြီး နှစ်ရပ်အား ပေါင်းစည်းပေးနိုင်ခဲ့ခြင်းသည် မဝေးတော့သော တစ်ချိန်တွင် စစ်အာဏာရှင်စနစ် ကျဆုံးရတော့မည့်အခြေအနေသို့ ရောက်ရှိလာခဲ့ပေသည်။
တော်လှန်သည့် သူရဲကောင်းဝါဒ အဓွန့်ရှည်ပါစေ။


ရဲဘော်ရှောင်း (ဖဒိုမန်းငြိမ်းမောင်)


Download PDF

Related Books