• +95 (0)9 425 705 270
  • info@cdes.org.mm

(၁၇) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

အစိုးရနှင့် တပ်မတော်အစုအဖွဲ့၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အစုအဖွဲ့ နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်ခေါင်းဆောင်များပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC (၁၇)ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့ နေ့လည်ပိုင်း၊ MICC II- နေပြည်တော် တွင် ပြုလုပ်ပါသည်။ အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ဒေါက်တာ လျန်မှုန်ဆာခေါင်း (CNF)၊ ပဒိုတာဒိုမူး (KNU)၊ ရဲဘော်မျိုးဝင်း (ABSDF)၊ ဗိုလ်မှူးကြီး စိုင်ငင်း (RCSS)၊ စောမြရာဇာလင်း (ALP)၊ ခွန်မြင့်ထွန်း (PNLO)၊ ဗိုလ်မှူးကြီး စောစိန်ဝင်း (DKBA)၊ ဗိုလ်မှူးကြီးစောကျော်ညွန့် (KNU-KNLA PC)၊ ရဲဘော်မိဆူးပွင့် (ABSDF)၊ ပဒိုမန်းငြိမ်းမောင်(KNU)၊ ဆလိုင်းထလာဟေး(CNF)၊ ဒေါက်တာစိုင်းဦး(RCSS)၊ ဗိုလ်မှူးစောစမစ်ဒွန်း(DKBA)၊ နိုင်ဟံသာ (NMSP)၊ ကြာဆော်လမွန် (LDU)၊ နိုင်အောင်မငေး (NMSP) တို့တက်ရောက်ကြသည်။
၂၁ ရာစုပင်လုံညီလာခံသို့ တင်ပြသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ ဆိုင်ရာ အခြေခံမူ အဆိုပြုချက် ၁၄ ကို သဘောတူညီချက် အဖြစ် ချမှတ်နိုင်ခြင်းရှိ၊ မရှိကို ယနေ့ပြုလုပ်သည့် (၁၇) ကြိမ်မြောက် UPDJC အစည်းအဝေးအဆုံးက ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။ UPDJC တွင် သဘောတူညီ မှုရသည့် အချက်များကိုသာ ၂၁ ရာစုပင်လုံတတိယအစည်းအ ဝေးရလဒ်အဖြစ် ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) ၏ အစိတ်အပိုင်း အဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။
UPDJC တွင် ဥက္ကဌ အဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစု အဖွဲ့တို့မှ ကိုယ်စားလှယ် များဖြင့်ဖွဲ့စည်းထားသည့် ဆုံးဖြတ်ချက်ပေးနိုင်သော အမြင့်ဆုံးဆွေးနွေးပွဲဖြစ်သည်။

Share:

Tags: (၁၇),ကြိမ်မြောက်,ပြည်ထောင်စုငြိမ်းချမ်းရေး,ဆွေးနွေးမှု,ပူးတွဲကော်မတီ,အစည်းအဝေး,ကျင်းပပြုလုပ်

Author : Administrator
Comments
Leave a Comment