Books

  • Home/
  • Books

ငြိမ်းချမ်းရေး သုတေသနစာတမ်း (၁) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို သုံးသပ်ခြင်း

Author: CDES
Publish Date: 20 Jan, 2019
Category: Books

Book Review

ငြိမ်းချမ်းရေး သုတေသနစာတမ်း (၁)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို သုံးသပ်ခြင်း


မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်သည် NCA ဟု အတိုကောက်ခေါ်ကြသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အရ အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ NCA ကို ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက် (ပြည်ခိုင်ဖြိုး အစိုးရ လက်ထက်)တွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၈)ဖွဲ့ အကြား လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် (၂)ဖွဲ့ထပ်ပြီး လက်မှတ်ရေးထိုးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့(၁၀)ဖွဲ့လက်မှတ် ရေးထိုးထားသော စာချုပ်ဖြစ်သည်။

ဤစာအုပ်ကို အပိုင်း(၃)ပိုင်းခွဲ၍ ရေးသားထားပြီး အခန်းပေါင်း (၉)ခန်းပါ ရှိပါသည်။ အပိုင်း(၁)တွင် NCA ကို ခြုံငုံသုံးသပ်ခြင်း နှင့် NCA စာချုပ်အရ အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေးဖြစ်စဉ် ဟူ၍ အခန်း(၂)ခန်း ပါဝင်သည်။စာတမ်းပြုစုသူ၏ သုံးသပ်ချက်တွင်

“NCA ကို လက်မှတ်ရေးထိုးရခြင်း၏ ရည်ရွယ်ချက်သည် နိုင်ငံရေး ပြဿနာကို စစ်ရေးဖြင့်မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပရမည်ဖြစ်ပါသည်။ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် နိုင်ငံရေးပြဿနာများကို ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေနိုင်မည့် နိုင်ငံရေးသဘောတူညီချက် ရရှိနိုင်ရေးပင် ဖြစ်ပါသည်။ ထိုနိုင်ငံရေး သဘောတူညီချက်ကို ပြည်ထောင်စုသဘောတူစာချုပ် ဟူခေါ်ဆိုပါသည်”

ဟူ၍ မှတ်ချက်ပေးထားသည်။ သူက ဆက်လက်၍ ပြည်ထောင်စုသဘောတူစာချုပ်ကြောင့် ရရှိလာမည့် ကောင်းကျိုး(အကျိုးဆက်) ကိုလည်း ဤသို့ သုံးသပ်တင်ပြထားသည်ကို တွေ့ရသည်။

”ထို ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်းသည် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး သာမက၊ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ အနာဂတ်အား နိုင်ငံရေးအရ အာမခံချက်ပေးနိုင်မည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ အခြေခံမူများကို သဘောတူ လက်ခံခြင်းပင် ဖြစ်ပါသည်။

ဤစာအုပ်၏ အပိုင်း(၂)တွင် NCA ချုပ်ဆိုရခြင်း၏ အခြေခံလိုအပ်ချက်များ၊ NCA စာချုပ်ချုပ်ဆိုနိုင်ရေး ကြိူးပမ်းမှုများနှင့် စိန်ခေါ်ချက်များ၊ NCA စာချုပ်ပါ အခြေခံမူများနှင့် နိုင်ငံရေး ဆွေးနွေးပွဲဖြစ်ပေါ်နိုင်ရေး ကြိုးပမ်းမှုများ ဟူ၍ အခန်း(၃)ခန်းပါဝင်သည်။ စာတမ်းပြုစုသူ၏ မှတ်ချက်တွင်

“NCA စာချုပ်ကို ချုပ်ဆိုရုံမျှဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ နိုင်ငံရေးအရ အာမခံချက်ရှိသော နိုင်ငံရေးသဘောတူချုပ်ကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်းဖြင့်သာ ဖန်တီးရယူနိုင်မည် ဖြစ်ပါသည် “

ဟူ၍ ရေးသားထားသည်ကိုလည်း တွေ့ရသည်။

အပိုင်း(၃)တွင် အခန်း(၄)ခန်းပါဝင်ပြီး NCA စာချုပ်မူကြမ်း (လော်ခီးလာ သဘောတူစာချုပ်မူကြမ်း)၊ NCA စာချုပ်၊ NCA မူကြမ်းပြူစုရေး အစည်းအဝေးမှ ထုတ်နုတ်ထားသည့် ဆက်လက်လုပ်ဆောင်ရာတွင် ကိုးကားရမည့် ဆုံးဖြတ်ချက်နှင့် မှတ်တမ်းများ၊ NCA (English Version) တို့ပါဝင်သည်။ အပိုင်း(၃)ကတော့ အမြင်သဘောထားတင်ပြခြင်းထက် မှတ်တမ်းမှတ်ရာ စုစည်းထားခြင်းဘက်သို့ အလေးကဲသည်။ စာချုပ်စာတမ်းကို သိမ်းဆည်းစုဆောင်းထားချင် သူတွေအတွက် ပို၍ နှစ်ခြိုက်သဘောကျမည့် အပိုင်းဟုဆိုရမည် ထင်သည်။

ဤစာအုပ်သည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို နားလည်နိုင်ရေးအတွက် အထောက်အကူ ပြုမည့် အပြင် NCA စာချုပ်ပေါ်ပေါက်လာရေးအတွက် ကြိူးပမ်းအားထုတ်ခဲ့သော သမိုင်းတချို့ကိုပါ သိခွင့်ရမည့်စာအုပ်ပင် ဖြစ်ပါသည်။


Download PDF