Books

  • Home/
  • Books

ငြိမ်းချမ်းရေးသုတေသန စာတမ်း (၂)

Author: CDES
Publish Date: 12 Dec, 2018
Category: Books

Book Review

ပြည်ထောင်စုသဘောတူစာချုပ်ကို အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း နှင့် ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ရန် အကြံပေးချက်များ


NCA စာချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လက်အောက်ခံစာချုပ်မဟုတ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြင်ပမှာ ရှိနေသောစာချုပ်ဖြစ်သည်။ NCA၏ နိုင်ငံရေးလမ်းပြမြေပုံအရ အကောင်အထည်ဖော်ချုပ်ဆိုသော ပြည်ထောင်စုသဘောတူစာချုပ်သည်လည်း ၂၀၀၈ဖွဲ့စည်းပုံ၏ ပြင်ပမှာရှိနေသော စာချုပ်ဖြစ်သည်။ ထူးခြားချက်က ပြည်ထောင်စုသဘောတူစာချုပ် အပေါ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းများ နှင့် အညီ ပြုလုပ်ရန် သဘောတူသည်ဟု NCA စာချုပ် အပိုဒ် (၂၂ -ဃ) တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ဤစာအုပ် အဖွင့်ပိုင်းတွင် စာတမ်းရေးသားသူက ယခုလိုတင်ပြထားသည်။

“ဤစာတမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော ပြဋ္ဌာန်းချက်များအနက် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို ဆန့်ကျင်ဘက် သဘောရှိသော အချက်အလက်များကို ဖော်ပြသွားမည်ဖြစ်ပါသည်။ သို့ရာတွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပါရှိသော ပုဒ်မများအားလုံးကို တခုချင်းဝေဖန်သုံးသပ်သွား မည်မဟုတ်ပေ။ အခြေခံကွဲလွဲချက်များကိုသာ ဦးစားပေးဖော်ပြမည် ဖြစ်ကြောင်း…”

ဖြင့် စာတမ်း၏ အနှစ်ချူပ်သဘောကို ရေးထားသည်။


စာတမ်းပြူစုသူက ထောက်ပြဝေဖန်ခဲ့သော အချက်များကို ခေါင်းစဉ်များကို ကြည့်လျှင် ဤသို့ တွေ့ရသည်။

(၁) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ။

(၂) အုပ်ချုပ်ရေးကဏ္ဍတွင် တပ်မတော်က ရွေးကောက်တင်မြှောက်ခြင်း မရှိဘဲပါဝင်နိုင်ခွင့်။

(၃) ”ခွဲမထွက်ရ” ကို အတင်းအကျပ် ပြဋ္ဌာန်းထားခြင်း။

(၄) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံရေး အကျပ်အတည်း။

(၅) လွှတ်တော်၂ ရပ်ထားရှိ ခြင်း၏ ရည်ရွယ်ချက်။

(၆) ပြည်ထောင်စု လွှတ်တော်လား၊ တတိယလွှတ်တော်လား။

(၇) အမျိုးသားလွှတ်တော်ဆိုင်ရာ အဆိုပြု (အကြံပြုချက်)။

(၈) သမ္မတ ရွေးချယ်ရေးတွင် တပ်မတော်အစုအဖွဲ့ ပါဝင်နေမှု။

(၉) သမ္မတ အရည်အချင်းများ ပြဋ္ဌာန်းချက်အပေါ် ဝေဖန်ချက်။

(၁၀) ပြည်နယ်ဝန်ကြီးချုပ် ခန့်ထားရေးနှင့် သမ္မတလုပ်ပိုင်ခွင့်အာဏာ။

(၁၁) ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်/တိုင်း များအား လုံလောက်သော အာဏာမပေးခြင်းနှင့်၊ အာဏာခွဲဝေခြင်းက မပီပြင်ခြင်း။

(၁၂) အမည်ခံ ပြည်ထောင်စု (တပြည်ထောင်စနစ်)။

(၁၃) ပြည်ထောင်စု စနစ်တွင် ပြည်ထောင်စုက သီးခြားပိုင်ဆိုင်သောနယ်မြေများနှင့် လူမျိုးဟူ၍မရှိ။ ပူးပေါင်းဖွဲ့စည်းထားသောကြောင့် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များသာရှိသည်။

(၁၄) ဖက်ဒရယ်စနစ်တွင် ပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်။

(၁၅) ဒီမိုကရေစီ ကျင့်စဉ်နှင့် ရွေးကောက်ခံအရပ်သားအစိုးရ၏ တာဝန်ခံမှုအောက်မှ တပ်မတော်…..

စသည်ဖြင့် အကြမ်းအားဖြင့် တွေ့ရသည်။ တချို့ခေါင်းစဉ်အောက်တွင် သီးခြားသဘောထား အမြင်များလည်း ပါဝင်နေကြောင်းတွေ့ရသည်။ ဥပမာ-

”ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုတည်းကသာ အာမခံချက်ပေးနိုင်သောကြောင့် ဖြစ်ပါသည်”

”ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခြင်း မရှိသော တပ်မတော်သားများကို တာဝန်ထမ်းဆောင်ခွင့်ပေးထားသောကြောင့် ဒီမိုကရေစီ စနစ်နှင့် ဆန့်ကျင်ကြောင်း လေ့လာသုံးသပ်နိုင်ပါသည်။”

”ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များကို  ဗမာ(ဝါ) မြန်မာလူမျိုးတို့၏ လက်ဝေခံနယ်မြေများ ဖြစ်သွားရေးကိုလည်း ဤဖွဲ့စည်းပုံအခြေခံဥပဒေ က တွန်းပို့ထားသည်။”

”ဤပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ အမှန်မှာ ဒေါ်အောင်ဆန်းစုကြည် သာမက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများကိုပါ ဦးတည်တိုက်ခိုက်နေခြင်း ဖြစ်သည်။”

ဤစာအုပ်တွင် ထုတ်ပြခဲ့သော သဘောထားအမြင်မျိူးတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရေးနှင့် ပတ်သက်သည့် အကြံပေးချက်များတွင် ဝေဖန်သုံးသပ်ချက်များနှင့် အတူဖတ်ရှုရမည့် စာအုပ်ဖြစ်သည်။

၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စိတ်ဝင်စားသူတိုင်း ဖတ်ရှုဖို့ လိုအပ်သည့် စာအုပ်လည်းဖြစ်ပါသည်။


Download PDF