Books

  • Home/
  • Books

ငြိမ်းချမ်းရေးသုတေသန စာတမ်း(၄)

Author: CDES
Publish Date: 10 Jun, 2019
Category: Books

Book Review

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်နှင့် နိုင်ငံရေးဆွေးနွေမှု မူဘောင်တို့အရ ဖွဲ့စည်းထားသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ယန္တရားများ



အလုပ်သဘောပါသော ဆုံးဖြတ်ချက်တို့ကို ချမှတ်သည့်အခါတိုင်းတွင် ထိုဆုံးဖြတ်ချက်တို့ကို လက်တွေ့အကောင်အထည်ဖော်ဖို့ အတွက် ကျွမ်းကျင်သူတွေ၊ တာဝန်ခံဆောင်ရွက်သူတွေ ပါဝင်သော အဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်ရလေ့ရှိသည်။ ဤသဘောသဘာဝက မည်သည့်နယ်ပယ်တွင် မဆို အကျုံးဝင်နေတတ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်နေခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေးအတွက်”တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ််စဲရေး သဘောတူစာချုပ် (NCA)”ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့မှ စ၍ ဤသဘောတူစာချုပ် (NCA)သည် အကျိုးသက်ရောက်မှုရှိ (အသက်ဝင်)ကြောင်းကိုလည်း စာချုပ်၏အပိုဒ် (၃၂)တွင် သဘောတူညီခဲ့ကြသည်။

တကယ်တမ်း ပြန်ကြည့်လျှင် (NCA) စာချုပ်သည် ငြိမ်းချမ်းရေးစာချုပ် မဟုတ်။ စစ်ပွဲတွေ၏ အရင်းခံအကြောင်းအရင်း ဖြစ်သော နိုင်ငံရေးပြဿနာကို တိုက်ခိုက်နေမှုများ (စစ်ပွဲ)များကို ရပ်စဲထားကြဖို့ နှစ်ဦးနှစ်ဘက်လုံးက သဘောတူထားသည့် စာချုပ်ဖြစ်သည်။ သေနတ်တွေကို ဘေးမှာချထားပြီး နိုင်ငံရေးစကားပြောဖို့၊ နိုင်ငံရေးအရပြေလည်မှု၊ ကျေနပ်ကျေအေးမှုရအောင် ညှိုနှိုင်းဆွေးနွေးဖို့ သဘောတူညီချက် ရယူထားသည့် စာချုပ်လည်းဖြစ်သည်။

စစ်တိုက်နေသော ဘက် (၂)ဘက်က နိုင်ငံရေးအရ ပြေလည်အောင်၊ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ (အကောင်အထည်ဖော်ဖို့) အလုပ်သဘောတွေပါလာသော သဘောတူစာချုပ်နှင့် အတူ တာဝန်ခံဆောင်ရွက်မည့်သူတွေ၊ ကျွှမ်းကျင်နှ့ံစပ်သူတွေ ပါဝင်သော လုပ်ငန်းအဖွဲ့တွေကိုပါ ဖွဲ့စည်းရတော့သည်။ ထိုအခါ (NCA) စာချုပ်တွင် သဘောတူထားသည့် လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းတွေ ဖွဲ့စည်းခြင်းနှင့် အတူ လုပ်ငန်းအဖွဲ့အသီးသီးအတွက် လုပ်ငန်းလမ်းညွှန်တွေ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်တွေကိုပါ သတ်မှတ်ပြဋ္ဌာန်းပေးရခြင်းကိုပါ ဆောင်ရွက်ရပါတော့သည်။

(NCA) စာချုပ်သည် ငြိမ်းချမ်းရေးသို့ ဦးတည်သောနိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရေး အတွက် သဘောတူစာချုပ်ဖြစ်သည့် အားလျော်စွာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိုနှိုင်းအစည်းအဝေး (JICM) လုပ်ငန်းလမ်းညွှန်ကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းရသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)ကို ဖွဲ့စည်းသလို လုပ်ငန်းလမ်းညွှန်ကိုလည်း ရေးဆွဲပြဋ္ဌာန်းရသည်။ UPDJC က တာဝန်ခံ၍ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (The Framework for Political Dialogue)ကို ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းရသည်။ (NCA)စာချုပ် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ (ဘက်၂ဘက်) ကြားတွင် တိုက်ပွဲများ မဖြစ်ပွားရေး၊ ပြဿနာများ ရှိလာပါက ညှိုနှိုင်းဖြေရှင်းနိုင်ရေး အတွက် ”ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ကို ဖွဲ့စည်းသလို (NCA) သဘောတူစာချုပ်အရ နှစ်ဘက်စလုံးက လေးစားလိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (Military Code of Conduct) (COC)  ကိုပါ ရေးဆွဲပြဋ္ဌာန်း အတည်ပြုရသည်။

NCA စာချုပ်နှင့် ဆက်စပ်ဖွဲ့စည်းပြီး ဆောင်ရွက်နေသော အထက်ဖော်ပြပါ ကော်မတီများ (ယန္တရားများ) အကြောင်းကို ယခုဤစာအုပ်တွင် အခန်း(၆)ခန်းခွဲပြီး တင်ပြထားသည်။

အခန်း(၁) တွင် (NCA) စာချုပ်မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာမူ၊ (NCA) စာချုပ်၏ အနှစ်ချုပ်၊ မူကြမ်းပြူစုရေး အစည်းအဝေးမှ ထုတ်နုတ်ထားသည့် ဆက်လက် လုပ်ဆောင်ရာတွင် ကိုးကားရမည့် ဆုံးဖြတ်ချက်နှင့် အစည်းအဝေး မှတ်တမ်းများကို တွေ့ရသည်။

အခန်း(၂) တွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (ပထမမူ၊ ဒုတိယမူ)၊ အမျိူးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းလမ်းညွန်နှင့် ကြီးကြပ်မှုဆိုင်ရာ ကော်မတီဆိုင်ရာကိစ္စရပ်များ ပါဝင်သည်။

အခန်း (၃) တွင် (JICM )လုပ်ငန်းလမ်းညွန်နှင့် ညှှိုနှိုင်းအစည်းအဝေး ကိစ္စ၊ အခန်း (၄)တွင် (UPDJC) လုပ်ငန်းလမ်းညွှန်နှင့် (UPDJC )အတွင်းရေးမှုးများ လုပ်ငန်းလမ်းညွန်၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ လုပ်ငန်းလမ်းညွှန်တို့ ပါဝင်သည်။

အခန်း (၅) တွင်  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) လုပ်ငန်းလမ်းညွှန်နှင့် ပထမသက်တမ်း၏ ကော်မတီစာရင်း ပါဝင်ပြီး အခန်း (၆) တွင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ (COC) နှင့် ပထမသက်တမ်း၏ နှစ်ဘက် ကိုယ်စားလှယ်များ စာရင်းတို့ကို ဖော်ပြထားသည်။

ဤစာအုပ်သည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိကကျသော လုပ်ငန်းအဖွဲ့ယန္တရား များအကြောင်းနှင့်၊ သူတို့၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်မှု ရှိ၊မရှိ တို့ကို ဝေဖန်ဆန်းစစ်ရေးအတွက် အထောက်အပံ့ပေးနိုင်သည့် အပြင်၊ မှတ်တမ်းမှတ်ရာ စုဆောင်းသိမ်းစည်းထားခြင် သူတွေအတွက်ပါ နှစ်သက်မှုဖြစ်စေမည့် စာအုပ်ဖြစ်သည်။


Download PDF