Books

  • Home/
  • Books

စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကြိုးပမ်းမှုမှတ်တမ်း [FCDCC]

Author: ဆလိုင်းလျန်မှုန်း
Publish Date: 12 Aug, 2019
Category: Books

Book Review

ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့သည့်

စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု

တည်ဆောက်ရေးကြိုးပမ်းမှုမှတ်တမ်း

(၂၀၀၄-၂၀၀၈)

[FCDCC]


အမှာစာ

လွတ်လပ်ရေးရသည့်အချိန် ယနေ့တိုင် ဖြစ်ပွားနေသော ပြည်တွင်းစစ်၏ အရင်းခံပြဿနာ သည် ပင်လုံစာချုပ်တွင် တိုင်းရင်းသားလူမျိုးများကို နိုင်ငံရေးအရ အာမခံချက်ပေးထားသည့် အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အပြည့်အဝ အကောင်အထည်မဖော်နိုင်ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ပင်လုံစာချုပ် အပိုဒ် (၅) တွင် အာမခံချက်ပေးထားသော တိုင်းရင်းသားလူမျိုး များ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမည် ဟူသောအချက်ကို ယနေ့ တိုင် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။ ထိုနည်းတူ ပင်လုံစာချုပ် အပိုဒ် (၇) တွင် တိုင်းရင်းသားလူမျိုးများကို အာမခံချက်ပေးထားသော ဒီမိုကရေစီအခွင့်အရေးများကို ယနေ့တိုင် အပြည့်အဝကျင့်သုံးပိုင်ခွင့်မရှိသေးပေ။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝ အာမခံချက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် ယနေ့တိုင် တိုက်ပွဲဝင်နေကြခြင်းဖြစ်ပါသည်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခြင်းလုပ်ငန်းပင် ဖြစ်ပါသည်။ ထိုလုပ်ငန်းစဉ်ကို ၁၉၄၇၊ စက်တင်ဘာလ (၂၄) ရက်မတိုင်မီ အပြီးအစီး လုပ်ဆောင်ရမည့်လုပ်ငန်းသာ ဖြစ်ခဲ့ပါသည်။ အကြောင်းမှာ ကိုလိုနီခေတ်မတိုင်မီ သီးခြား လွတ်လပ်၍၊ ကိုလိုနီခေတ်တလျှောက် လုံး သီးခြားစီဖြင့် အုပ်ချုပ်ခြင်းခံခဲ့ကြသည့် ချင်း၊ ကချင်နှင့် ရှမ်းလူမျိုးများသည် သီးခြားစီဖြင့် လွတ်လပ်ရေး မယူဘဲ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်ကြားဖြတ်အစိုးရ နှင့် အတူတကွ လွတ်လပ်ရေးရယူ၍ ပြည်ထောင်စုကြီးကို အတူတကွ ထူထောင်ရန် ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုကြောင့် ပင်လုံစာချုပ် ချုပ်ဆိုခြင်းသည် ပြည်ထောင်စု တည်ဆောက်ခြင်းအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့ခြင်းပင် ဖြစ်ပါသည်။

သို့ရာတွင် ၁၉၄၇၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပခဲ့သော ပင်လုံညီလာခံကြီးတွင် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ် အားလုံးအသေးစိတ် ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ပင်လုံစာချုပ်၏ အဓိကရလဒ်သည် ချင်း၊ ကချင်နှင့် ရှမ်းတို့သည် ဗမာပြည်ကြားဖြတ်အစိုးရနှင့် ပူးပေါင်း၍ လွတ်လပ်ရေးကို အတူတကွ ရယူရမည်ဆိုသော "ပူးပေါင်းရေး" စာချုပ်ပင် ဖြစ်ပါသည်။ ထိုသို့ ပူးပေါင်း၍ ပြည်ထောင်စုကြီးကို မည်သို့မည်ပုံ ထူထောင်ကြရမည်ဟူသော "ပူးပေါင်းရေးနည်း" (Method of Association) ကို ရှာဖွေဖော်ထုတ်ရန် တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ (Frontier Areas Committee of Enquary-FACE) ကို ဖွဲ့စည်း၍ တိုင်းရင်း သားလူမျိုးများလိုလားသော ပူးပေါင်းရေးစနစ်နှင့် အနာဂတ်တွင် အတူတကွ ထူထောင်ကြမည့် ပြည်ထောင်စုဖွဲ့စည်းမှု ပုံသဏ္ဌာန်ကို စုံစမ်းမေး မြန်းခဲ့ပါသည်။ ထို့ကြောင့် ပင်လုံစာချုပ် (ပူးပေါင်းရေးစာချုပ်) နှင့် တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေးကော်မတီ၏ တင်ပြချက်ကို အခြေခံ၍ တိုင်းပြုပြည်ပြု လွှတ်တော်တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။ အမှန်စင်စစ် တိုင်းရင်းသားလူမျိုးများ လိုလားသော ပြည်ထောင်စုစနစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အရေးအကြီးဆုံးသောအဆင့်သည် ပင်လုံညီလာခံနှင့် တောင်တန်း ဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏ စုံစမ်းရေးလုပ်ငန်းစဉ်များသာ မဟုတ်ကြပေ။ တိုင်းပြုပြည်ပြုလွှတ်တော်ပင်ဖြစ်ပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းသည့် တိုင်းပြုပြည်ပြုလွှတ်တော်တွင် ပင်လုံစာချုပ်၏ အနှစ်သာရများသာမက၊ တောင်တန်း ဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသောအချက်အားလုံးကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အသေးစိတ် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် တောင်တန်းဒေသမှ တိုင်းရင်းသားခေါင်းဆောင်များက တင်ပြဆွေးနွေးရန် တာဝန်ရှိခဲ့ ကြပါသည်။

သို့ရာတွင် တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေး မစခင် ဇူလိုင် (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခြင်းခံခဲ့ရ၍ တိုင်းပြည်ကြီး ပူဆွေးသောကရောက်နေခဲ့ပါသည်။ ထို့ကြောင့် ဖ.ဆ.ပလ ခေါင်းဆောင်များက တိုင်းရင်းသားခေါင်းဆောင်များကို တိုင်းပြည် ဝမ်းနည်းပူဆွေးသောကရောက်နေသည့် အချိန်ဖြစ်၍ တိုင်းပြုပြည်ပြုလွှတ်တော်၌ အကြီးအကျယ် အငြင်းအခုန်မလုပ်ဘဲ လွတ်လပ် ရေးကိုသာ အမြန်ဆုံး အတူတကွ ပူးပေါင်းရယူ၍ လွတ်လပ်ရေးရရှိပြီးမှ တိုင်းရင်းသား လူမျိုးများ လိုလားသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်းဆုံးပြင်ဆင် ရေး ဆွဲကြရန် မေတ္တာရပ်ခံခဲ့သည်ဟု တောင်ကြီးထွန်းမြင့်က ရေးသားခဲ့ပါသည်။ ထို့အပြင် တောင်တန်းဒေသ စုံစမ်းရေးကော်မတီအစီရင်ခံစာအရ အသစ်ရေးဆွဲပြဋ္ဌာန်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လွတ်လပ်ရေးရရှိနိုင်ရေးအတွက် ပြဋ္ဌာန်းသော ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေမျှသာ ဖြစ်ရမည်ဖြစ်သောကြောင့် ယာယီဖွဲ့စည်းပုံအခြေခံဥပဒေကို  အပြင်း အထန်ငြင်းခုန်ခြင်း မပြုဘဲ လက်ခံပေးခဲ့ကြပါသည်။ ဤသို့ဖြင့် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးတွင် တိုင်းရင်းသားခေါင်းဆောင်များက အကျေအလည်ဆွေးနွေးငြင်းခုန်ခြင်း မပြုလုပ်ဘဲ ဦးချန်ထွန်း၏မူကြမ်းကို အလွယ်တကူလက်ခံ၍ ၁၉၄၇၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် အတည်ပြုပေးခဲ့ပါသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၁၉၄၈၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်ရေးရယူနိုင်ခဲ့ပါသည်။

လွတ်လပ်ရေးရရှိပြီး ဆယ်နှစ်ကျော်လာသောအခါ ယခင်က ကတိရှိခဲ့သည့်အတိုင်း ယာယီပြဋ္ဌာန်းခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးသားပြဋ္ဌာန်းရန် တိုင်းရင်းသားလူမျိုးများက ပြန်လည်တောင်းဆိုခဲ့ပါသည်။ ထို့ကြောင့် ၁၉၆၁၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ရှမ်းပြည်အစိုးရက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအဆို တရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းကို "ရှမ်းမူ" ဟု သမိုင်းတွင်ကျန်ခဲ့ပါသည်။ ရှမ်းပြည် အစိုးရမှ အဆိုပြုထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို အကျေ အလည် ညှိနှိုင်းဆွေးနွေးရန် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော တောင်ကြီးညီလာခံကို ၁၉၆၁၊ ဇွန်လ တွင် ကျင်းပခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ တောင်ကြီးညီလာခံကြီး က "ရှမ်းမူ"ကို လက်ခံအတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် အဆိုပြုခဲ့ ကြပါသည်။ ဤသို့ဖြင့် ၁၉၆၂၊ ဖေဖော်ဝါရီလ (၂၆) ရက်မှ စတင်၍ သမိုင်းဝင် "ဖက်ဒရယ် နှီးနှောဖလှယ်ပွဲ" (Federal Seminar) ကို ကျင်းပခဲ့ပါသည်။ သို့ရာတွင် ဖက်ဒရယ်နှီးနှော ဖလှယ်ပွဲကြီး အဆုံးမသတ်နိုင်ခင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော ဗမာ့တပ်မတော်ကြီးက နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကြိုးပမ်းမှုကြီးလည်း တခန်းရပ်သွားခဲ့ပါသည်။

×××


ရှစ်လေးလုံးအရေးတော်ပုံကြီးကာလတွင် တိုင်းရင်းသားလူမျိုးများ တစိုက်မတ်မတ် တောင်းဆိုခဲ့သော "ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြွေးကြော်သံသည် အသစ်တဖန် ရှင်သန်လာခဲ့ပါသည်။ ထိုကာလတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ တပ်ပေါင်းစုကြီးဖြစ်သည့် "ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်" (UNLD) က စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးလုပ်ငန်းစဉ်ကို ဦးဆောင်မှုပေးခဲ့ပါသည်။ သို့ရာတွင် န.ဝ.တ စစ်အစိုးရ၏ မတရား ဖိနှိပ်ချုပ်ခြယ်မှုဒဏ်ကြောင့် ၁၉၉၂ ခုနှစ်တွင် UNLD ကို စစ်အစိုးရက မတရား ဖျက်သိမ်းပြီးနောက် UNLD ခေါင်းဆောင် အများအပြား နယ်စပ်သို့ထွက်ပြေးတိမ်းရှောင် ခဲ့ကြပါသည်။ ဤသို့ဖြင့် UNLD (Librated Area) နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ တပ်ပေါင်းစုကြီးဖြစ်သော "အမျိုးသားဒီမိုကရေစီတပ် ပေါင်းစု" (NDF) တို့ နယ်စပ်တွင် အချင်းချင်း ပူးပေါင်းကာ စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းကို အားသစ်လောင်းဆောင်ရွက်နိုင်ခဲ့ကြပါသည်။

UNLD-LA နှင့် NDF တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၀၁၊ သြဂုတ်လတွင် ကျင်းပ ခဲ့သော "လော်ခီးလာညီလာခံကြီး" မှ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းလုပ်ငန်း ကို စတင်နိုင်ခဲ့ပါသည်။ ထိုလော်ခီးလာညီလာခံ၏ ရည်မှန်းချက်မှာ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ထူထောင်ရာတွင် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သော အကောင်းဆုံးနည်းလမ်းမှာ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်းဖြစ်သည် ဟူသော ယုံကြည်ခြင်းကို အခြေခံ၍ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရေးအတွက် SCSC ခေါ် Supporting Committee for State Constitution ကိုလည်း UNLD-LA နှင့် NDF တို့ဖြင့် ပူးတွဲဖွဲ့စည်းခဲ့ပါသည်။ SCSC ၏ ပထမဦးဆုံးသော ဥက္ကဋ္ဌသည် NDF မှ KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ရွှေဆိုင်းပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်ရွှေဆိုင်း ကွယ်လွန်ပြီးနောက် UNLD-LA မှ Dr. Chao Tzang Yawnghwe က ဥက္ကဋ္ဌအဖြစ် ဆက်ခံခဲ့သည်။ Uncle Eugene (Dr. C T Yawnghwe) ကွယ်လွန် ပြီးနောက် NDF မှ ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် UNLD-LA မှ ခွန်းမားကိုဘန်းတို့က ဥက္ကဋ္ဌ တာဝန်ကို အလှည့်ကျထမ်းဆောင်ခဲ့ကြပါသည်။

UNLD-LA နှင့် NDF တို့က ပူးတွဲဦးဆောင်ခဲ့သော ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်ကြီးကို အရှိန်အဟုန်ဖြင့် (၄) နှစ်ကျော်မျှ ဆောင်ရွက်ပြီးနောက် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်သို့ ဆက်လက်၍ ကြိုးပမ်း လာခဲ့ကြပါသည်။ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ် ကို စတင်နိုင်ရေးအတွက် ၂၀၀၄၊ မေလ (၂၃) ရက်မှ (၂၈) ရက်အထိ ကျင်းပခဲ့သော "Seminar on Democracy, Constitution and National Reconciliation" တွင် တိုင်းရင်းသား အင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများပူးပေါင်း၍ စစ်မှန်သောဖက်ဒရယ်ပြည်ထောင် စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းကို ဆောင်ရွက်သင့်ကြောင်း အဆိုပြုနိုင်ခဲ့ ပါသည်။ ထို Seminar တွင် မိမိအနေဖြင့် "Federalism, Decentralization and Local Autonomy: Constitution Making and State Building in the Union of Burma" ဟူသောစာတမ်းကို တင်သွင်း ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း အဆိုပြုခဲ့ခြင်းဖြစ်ပါသည်။ ထို Seminar ကို Danish Burma Comittee က ရန်ပုံငွေ ထောက်ပံ့၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ဤသို့ဖြင့် ၂၀၀၅၊ ဖေဖော်ဝါရီလ (၉) ရက်နေ့မှ (၁၂) ရက်နေ့အထိ "Seminar on the Basic Principle for Future Federal Union  ဟူသော နှီးနှောဖလှယ်ပွဲကြီးကို ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ ပူးပေါင်း၍ ကျင်းပနိုင်ခဲ့ပါသည်။ ထိုနှီးနှောဖလှယ်ပွဲကြီးတွင် "အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့်လမ်းညွှန်မူများ"စာတမ်းကိုတင်သွင်း၍ (၄) ရက်တိုင်တိုင် ဆွေးနွေးတိုင်ပင်ပြီးနောက်"အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာ၌ အခြေခံရမည့် လမ်းညွှန်အခြေခံမူ (၈) ချက်"ကို ဖော်ထုတ်သဘောတူနိုင်ခဲ့ပြီး ထိုလမ်းညွှန် အခြေခံမူ (၈) ချက်ကို အခြေခံ၍ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီး ဖွဲ့စည်း ထူထောင်ရန် သန္နိဋ္ဌာန်ချသည့်အနေဖြင့် အဖွဲ့အစည်း (၄၂) ဖွဲ့မှ ခေါင်းဆောင်ကိုယ်စားလှယ် (၁၀၆) ဦးတို့က သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။ ထို့အပြင် ထိုလမ်းညွှန်အခြေခံမူ (၈) ချက်ကို အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ရေး ဆွဲရန်နှင့် "ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးနှင့် ညှိနှိုင်း ရေးကော်မတီ" (Federal Constitution Draffting and Coordinating Committee-FCDCC) ကိုပါ ဖွဲ့စည်းနိုင်ခဲ့ပါသည်။

FCDCC ၏ ပထမဆုံးသော ကော်မတီဥက္ကဋ္ဌမှာ KNPP မှ ဗိုလ်ချုပ်အောင်သန်းလေး က ဒုဥက္ကဋ္ဌအဖြစ် ခွန်းမားကိုဘန်းနှင့် မိဆူးပွင့်တို့က တာဝန်ယူခဲ့ကြပါသည်။ အတွင်းရေးမှူး အဖွဲ့တွင် ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဦးသိန်းဦးနှင့် ရဲဘော်မျိုးဝင်းတို့က တာဝန်ယူဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် စောဝ်ဆိုင်ဆစ်၊ ခူးအေဘယ်တွီဒ်၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး ထူးထူးလေး၊ မကော်ခွန်ဆာ၊ ရွှေမျိုးသန့်၊ ခွန်ထွန်းလှနှင့် ယိင်းလောင်ဝ်တို့ ပါဝင်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်သန်းလေး ကွယ်လွန်ပြီးနောက် ခွန်းမားကိုဘန်းက ဥက္ကဋ္ဌ တာဝန်ကို ဆက်ခံခဲ့ပါသည်။

FCDCC အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမမူကြမ်း) ကို ၂၀၀၆၊ ဖေဖော်ဝါရီလတွင် အပြီးရေးဆွဲပြီး ဒုတိယမူကြမ်းကို ၂၀၀၈၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အပြီးသတ်နိုင်ခဲ့ပါသည်။ FCDCC လှုပ်ရှားမှုနှင့် ပတ်သက်၍ အထင်ကရ အဖြစ်ဆုံး သမိုင်းဝင်မှတ်တိုင်တခုမှာ ၂၀၀၆၊ ဇူလိုင်လတွင် ကမ႓ာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် (UN Special Envoy) Mr. Gambari နှင့် တွေ့ဆုံခဲ့ပြီး FCDCC ၏ ပထမမူကြမ်းကို ပေးအပ်ခဲ့သည်သာမက FCDCC ၏ လုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ် ထူထောင်ရန် မည်မျှလိုအပ်ကြောင်း တင်ပြနိုင်ခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် Mr. Gambari နှင့် ၂၀၀၇၊ သြဂုတ်လတွင် ဒုတိယအကြိမ်တွေ့ဆုံနိုင်ခဲ့သည်သာမက သူ၏နိုင်ငံရေးအထူးအကြံပေးပုဂ္ဂိုလ်များနှင့် လည်း တွေ့ဆုံနိုင်ခဲ့ပါသည်။ ဤသို့ဖြင့် Mr. Gambari က ၂၀၀၇၊ အောက်တိုဘာလတွင် ကမ႓ာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အစီရင်ခံစာ သူကိုယ်တိုင်တင်သွင်းပြီး မြန်မာ နိုင်ငံ အတွက် "Constitution Review Commission" လိုအပ်ကြောင်း တင်ပြခဲ့ပါသည်။ ထိုအစီရင်ခံစာ၏အလိုအရ ထိုကာလတွင် န.အ.ဖစစ်အစိုးရ၏ အမျိုးသားညီလာခံမှ ပြင် ဆင်ထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် FCDCC မှ ရေးသားတင်ပြထားသော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှစ်ခုကို ညှိနှိုင်းပေါင်းစပ်၍ မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်ရေးကို ထိုကော်မရှင်က ဆောင်ရွက်သင့်ကြောင်း တင်ပြခဲ့ပါသည်။

×××


FCDCC က (၄) နှစ်တာ ကြိုးပမ်းရေးဆွဲခဲ့သော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးဆိုင်ရာ လှုပ်ရှားမှုမှတ်တမ်းနှင့် မူကြမ်းများကို ယခုလို "တိုင်းရင်းသား လူမျိုးရေးရာဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း" မှ ထပ်မံထုတ်ဝေခွင့်ရရှိသောကြောင့် အထူး ဝမ်းသာမိပါသည်။ သို့ရာတွင် မှတ်တမ်းဓာတ်ပုံများ အပြည့်အစုံ ဖော်ပြနိုင်ခြင်းမရှိသေး သည်ကိုမူ အထူးဝမ်းနည်းမိပါသည်။ FCDCC ၏ လှုပ်ရှားမှုသမိုင်းသည် ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ ပူးပေါင်းခြင်းမှတ်တမ်းဖြစ်၍ ဓာတ်ပုံများ အပြည့်အစုံ ပါရှိနိုင်ပါက အလွန်ကောင်းမွန်မည်ဟု ခံစားမိပါသည်။ နောက်တကြိမ် ထုတ်ဝေခွင့် (ဝါ) ထပ်မံပုံနှိပ်ခွင့်ရပါက ဓာတ်ပုံများကို ပြည့်စုံနိုင်သမျှ ပြည့်စုံစေရန် မရမက ရှာဖွေတင်ပြရန် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

FCDCC လှုပ်ရှားမှုကို အဘက်ဘက်မှ ဦးဆောင်ပေးခဲ့သော ခေါင်းဆောင်ကြီးများနှင့် မိတ်ဆွေများကိုလည်း အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ FCDCC စတင်ထူထောင်သည့်အချိန်တွင် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ပေးခဲ့သော KNPP မှ ကွယ်လွန်သွား ရှာပြီဖြစ်သည့် ဗိုလ်ချုပ်အောင်သန်းလေး၊ အန်ကယ်ဆိုင်ဆစ်နှင့် အခြားခေါင်းဆောင််များ၊ နည်းပညာအထောက်အကူပေးခဲ့သော နိုင်ငံတကာ ပညာရှင်များဖြစ်ကြ သည့် Prof. Silverstien, Janelle Saffin, Prof. David William, Susan William နှင့် အခြားမိတ်ဆွေများ၊ FCDCC လုပ်ငန်းစဉ်တခုလုံးအတွက် ရန်ပုံငွေထောက်ပံ့ခဲ့သော Danish Burma Committee မှ Anette Berentzen နှင့် Peter Mortinson တို့ကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

နောက်ဆုံးအနေဖြင့် တင်ပြလိုသောအချက်သည် FCDCC မှ ကြိုးပမ်းရေးသားပြုစုခဲ့သော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီး၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီ များနှင့် ဒီမိုကရေစီ အင်အားစုများကြား ဘုံနားလည်မှုနှင့် ဘုံရည်မှန်းချက်အုတ်မြစ်ကို အခိုင်အမာချနိုင်ပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူတရပ်လုံးအနေဖြင့် နိုင်ငံရေး ရည်မှန်းချက်တရပ်အတွက် ဘုံလုပ်ငန်းစဉ်များကို အတူတကွဆောင်ရွက်နိုင်ကြောင်း သမိုင်းသက်သေထူနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယနေ့ NCA လမ်းကြောင်းအရ ဆောင်ရွက် နေသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးအဆင့်ဆင့်မှ "ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးတွင်လည်း FCDCC ၏ အတွေ့အကြုံနှင့် အကြံပေးဆောင်ရွက်ချက်များ ကို လေ့လာခြင်းဖြင့် အကျိုးကျေးဇူး ရှိနိုင်မည်ဟု ယုံကြည်မိပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

ဒေါက်တာလျန်မှုန်းဆာခေါင်း

ထုတ်ဝေသူ

(FCDCC အတွင်းရေးမှူး အဖွဲ့ဟောင်း)

၂၁၊ သြဂုတ်လ၊ ၂၀၁၉


Download PDF