Books

  • Home/
  • Books

မာနယ်ပလော သဘောတူညီချက်နှင့် မယ်သရောထာ နှီးနှောဖလှယ်ပွဲ မှတ်တမ်း

Author: ဆလိုင်းလျန်မှုန်း
Publish Date: 11 Nov, 2019
Category: Books

Book Review

တိုင်းပြည်ကို ပြည်ထောင်စု နိုင်ငံသစ်အဖြစ် ဖွဲ့စည်းတည်ထောင်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော စာချုပ်သည် ၁၉၄၇၊ ဖေဖေါ်ဝါရီလ ၁၂ရက်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ဖြစ်သည်။ မူလက သီးခြားစီရှိနေခဲ့သော၊ သီးခြားဥပဒေများဖြင့် ဖွဲ့စည်းအုပ်ချုပ်ခဲ့သော ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်နှင့် ဗမာပြည်ကြားဖြတ်အစိုးရတို့က လွတ်လပ်ရေးရယူဖို့ အတွက် ပူးပေါင်းပြီး ချုပ်ဆိုခဲ့ကြသော စာချုပ်ဖြစ်သဖြင့် ”ပူးပေါင်းရေး”စာချုပ်လည်းဖြစ်သည်။ ရှမ်း၊ ကချင် နှင့် ချင်းလူမျိုးများက သူတို့၏ဘိုးဘွားပိုင်နယ်မြေများကို သူတို့၏လွတ်လပ်သော သဘောဆန္ဒများအတိုင်း အချင်းချင်းပူးပေါင်း၍ ”နိုင်ငံတော်သစ်” တခုကို အတူတကွ ထူထောင်ရန် ဗမာပြည်အစိုးရနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ပင်လုံစာချုပ်ချုပ်ဆိုကြရာတွင် လက်မှတ်ရေးထိုးခဲ့ကြသော ”ပြည်ထောင်”များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လုံးဝထိပါးခြင်း မရှိစေရဟု စာချုပ်၏အပိုဒ်(၅)တွင် လည်းကောင်း၊ ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို တောင်တန်းဒေသများ ရရှိခံစားစေရမည်ဟု အပိုဒ်(၇)တွင် လည်းကောင်းသဘောတူထားခဲ့ကြသည်။ ဆိုလိုသည်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးကို ရရှိစေရမည်ဟု အာမခံချက်ပေးထားသော စာချုပ်ဖြစ်ကြောင်းပင်။


ပူးပေါင်းကြမည်။ ဤအခွင့်အရေးများကို ရရှိခံစားစေဖို့၊ လက်ခံအကောင်အထည်ဖော်ကျင့်သုံးဖို့၊ အပြန်အလှန်အာမခံချက်ပေးပြီး သဘောတူလက်မှတ်ရေးထိုးခဲ့သည့် စာချုပ်လည်းဖြစ်သည်။


ယခု၂၀၂၀ သို့ရောက်သည့်အချိန်တွင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည်မှာလည်း (၇၃)နှစ်ကျော်ခဲ့ပါပြီ။ ပြည်တွင်းစစ်ဖြစ်နေခဲ့သည်မှာလည်း (၇၂)နှစ်ကျော်ခဲ့ပါပြီ။ လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်ထဲ တွင် အဓိကရှိနေကြသော လက်နက်ကိုင်အဖွဲ့များကို ကြည့်လျှင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေချည်းလိုလို ဖြစ်နေကြောင်း သတိပြူမိကြမည် ထင်သည်။ EAOs ဟုခေါ်ကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ရည်မှန်းချက်ကလည်း ”တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဒီမိုကရေစီအခွင့်အရေးနှင့် အတူ အာမခံချက်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး”ဖြစ်သည်။

ပြည်တွင်းစစ်(၇၂)နှစ်ကျော် ကာလအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများက တပ်ပေါင်းစုတွေဖွဲ့ပြီး ဆွေးနွေးပွဲတွေလုပ်၊ သဘောတူညီချက်တွေ ထုတ်ပြန်ခဲ့ကြသည်။ တချို့ကိုတော့ မှတ်တမ်းတွေ ပြန်ရှာ၍ရခဲ့သည်။ တချို့ကတော့ မှတ်တမ်းတွေ ရှာဖွေ၍မရသေး။ ထိုကာလမျိုးတွင် ရှိလည်းရှိ၊ ရှာ၍လည်းတွေ့သော မှတ်တမ်းတချို့က ပုံနှိပ်စာအုပ်အဖြစ် ထွက်ရှိလာနိုင်ခဲ့သည်။

ယခုစာအုပ်ကတော့ ရှိလည်းရှိ၊ ရှာ၍လည်းတွေ့သော မှတ်တမ်းတွေထဲမှ ပုံနှိပ်စာအုပ်အဖြစ် (စိတ်ဝင်စားသော စာဖတ်သူတွေအတွက်) ထုတ်ဝေလိုက်သော မှတ်တမ်းဖြစ်သည်။

ဤစာအုပ်၏ အမှာစာထဲမှ တချို့ ကောက်နုတ်ပါရစေ။

”ယခင်ကာလများတွင် တိုင်းရင်းသားလူမျိုးများ၏ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတောင်းဆိုမှု လျစ်လျူရှုခြင်း ခံခဲ့ရပါသည်။…. သို့ရာတွင် ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်ပြီးနောက် ”တိုုင်းရင်းသားအရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဟူသော ကြွေးကြော်သံကို ကျောင်းသားလူငယ်များ သာမက နိုင်ငံရေးပါတီများ ကလည်း လက်ခံယုံကြည်လာကြသည်။

အမှာစာကိုရေးသားသော ဆလိုင်းလျန်မှုန်းက ခေတ်တွေပြောင်းလဲလာခြင်းနှင့်အတူ နိုင်ငံရေးအရ  ရှေ့တန်းသို့ ထွက်လာကြသူတွေ၏ မြင်ပုံ၊ သဘောထားပုံ တွေ ပြောင်းလဲလာခဲ့ကြပုံကို ဤသို့ ဖော်ပြပြီးနောက် ၈၈ အရေးတော်ပုံကြီး၏ ရလဒ်တခုဖြစ်သော နိုင်ငံရေးပါတီများ ဖွဲ့စည်းထူထောင်လာကြသည့်အထဲမှ တိုင်းရင်းသားပါတီများနှင့် ပြည်မရှိ ဗမာပါတီများအကြား ညှိနှိုုင်းတိုင်ပင်မှုတွေကို ဆောင်ရွက်လာခဲ့သည့်အကြောင်းကို ဖော်ပြသည်။

“ထိုကာလတွင်  သမိုင်းတွင်ကျန်ရစ်မည့် ကြိုးပမ်းမှုမှတ်တိုင်သည် ပြည်ထောင်စုတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ ၁၉၉၀၊ သြဂုတ်လ (၂၃)ရက်တွင် နှစ်ဖက်သဘောတူချုပ်ဆိုခဲ့သော ”ဗိုလ်အောင်ကျော််လမ်းကြေညာချက်” ပင်ဖြစ်ပါသည်။

ဤကြေညာချက်တွင် လူမျိုးရေးတန်းတူညီမျှမှု၊ နိုင်ငံရေးတန်းတူညီမျှမှု နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိစေမည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသားလူမျိုးများအားလုံး သွေးစည်းညီညွတ်စွာ ထူထောင်ရန် လိုအပ်ကြောင်း တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

ထိုကြေညာချက်၏ ကြီးမားသောအစဉ်အလာကို လက်ခံ၍ လက်နက်ကိုင်တော်လှန်ရေးနယ်မြေများ သို့ရောက်ရှိနေကြသော ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကြားတွင်လည်း သွေးစည်းညီညွတ်ရေးနှင် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြပြီး၊ ”သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး” လမ်းကြောင်းကိုချမှတ် တောင်းဆိုနိုင်ခဲ့သည်။

”သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး”၏ အနှစ်သာရများထဲတွင် ”နိုင်ငံရေးပြဿနာများကို စစ်ရေးဖြင့်ဖြေရှင်းခြင်း မပြုဘဲ၊ ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေး ကို ကြိူးပမ်းရမည်”ဟူသောအချက်လည်း ပါသည်။ ”သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ” သည်မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန််အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီဒက ၁၉၉၄ခုနှစ်တွင် ဆုံးဖြတ်ချက်ချမှတ်ပေးနိုင်သည့် အပြင် ထိုဆုံးဖြတ်ချက်ကို ၂၀၀၈ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်းထပ်မံ၍ အတည်ပြုပေးခဲ့သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားလူငယ်များ၊ အမျိုးသမီးအဖွဲ့အစည်းများ စုပေါင်းပါဝင်၍ ကြိုးပမ်းဆောင်ရွက်မှုမှတ်တိုင်ကြီးများထဲတွင် ၁၉၉၀ ဗိုလ်အောင်ကျော်လမ်းကြေညာချက်၊ ၁၉၉၂ မာနယ်ပလောညီလာခံ၊ ၁၉၉၇ မယ်သရောထာညီလာခံ၊ ၁၉၉၈ သူးမွဲကလော ညီလာခံ၊ ၂၀၀၄ခုနှစ်များတွင် ကျင်းပခဲ့သည့် ်လော်ခီးလာညီလာခံ၊ ၂၀၁၃ခုနှစ် လိုင်ဇာညီလာခံနှင့် ၂၀၁၄ လော်ခီးလာညီလာခံတို့ ပါဝင်သည်။

ယခု ဤစာအုပ်ကတော့ ၁၉၉၂တုန်းက ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်တည်ဆောက်ရေး သဘောတူစာချုပ် (မာနယ်ပလောစာချုပ်) နှင့်၊ ၁၉ ၉၇ ဇန်နဝါရီလတုန်းက ကျင်းပခဲ့သော တိုင်းရင်းလူမျိူးများ နှီးနှောဖလှယ်ပွဲ (မယ်သရောထာ) မှတ်တမ်းကို စုစည်းပြီး တပေါင်းတည်း ထုတ်ဝေလိုက်သော စာအုပ်ဖြစ်သည်။ မယ်သရောထာသဘောတူညီချက် စာချုပ်ကိုပါ ထည့်သွင်းဖော်ပြထားသည်။

ဤစာအုပ်ကို် ဖတ်ပြီး ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အင်အားစုများ၏ ဘုံသဘောတူညီချက်၊ အနာဂတ်မျှော်မှန်းချက်နှင့် သူတို့အားလုံး၏ အမြင်သဘောထားများကို သိရှိနားလည်သဘောပေါက်ခွင့် ရလိမ့်မည်ဟု မျှော်လင့်မိပါသည်။


Download PDF