Books

  • Home/
  • Books

ငြိမ်းချမ်းရေးစာစောင် (အမှတ်- ၂) - လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးနယ်ပယ်မှ အမြင်သဘောထားတချို့

Author: CDES
Publish Date: 2 Jul, 2020
Category: Books

Book Review

အမှာစာ


တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES) မှ ငြိမ်းချမ်းရေးစာစောင် အမှတ်စဉ် (၁) ကို ၂၀၂၀၊ မတ်လတွင် ထုတ်ဝေနိုင်ခဲ့ပါသည်။ ထိုအမှတ်စဉ် (၁) တွင် ယနေ့ ကျွန်တော်တို့တိုင်းပြည်၌ ကြိုးပမ်းဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဘာသာရေးခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍကို ဦးစားပေးပြီး ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာရေးခေါင်းဆောင်ကြီးများ၏အမြင်ကို စုစည်းတင်ပြနိုင်ခဲ့ပါသည်။

ဘာသာရေးခေါင်းဆောင်ကြီးများသည် လူ့အဖွဲ့အစည်းကို ဦးဆောင်လမ်းညွှန်ရာတွင် နိုင်ငံရေးအာဏာများ ကို အသုံးမပြုကြပေ။ မေတ္တာတရား၊ သစ္စာတရားနှင့် သမ္မာတရားများကို အခြေခံသော 'သြဇာ'ကိုသာ အသုံး ပြုကြပေသည်။ ဘာသာရေးသြဇာကို အသုံးပြု၍ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုကို လေ့လာသုံးသပ်ပြီး နောက် ယခုထုတ်ဝေသော ငြိမ်းချမ်းရေးစာစောင် အမှတ် (၂) တွင် နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုအပေါ်အမြင်နှင့် သဘောထားများကို တင်ဆက်သွားမည်ဖြစ်ပါသည်။ နိုင်ငံရေးပါတီ များနှင့် နိုင်ငံရေးခေါင်းဆောင်ကြီးများသည် နိုင်ငံရေးအာဏာကို လက်ဝယ်ရရှိရန် ကြိုးပမ်းနေသူများ ဖြစ်ကြ ပါသည်။ ထိုကဲ့သို့ နိုင်ငံရေးအာဏာကို လက်ဝယ်ရရှိရန် ရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၀ မကုန်မီ ကျင်းပရန်ရှိသောရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်ကြီး များက ပြည်တွင်းငြိမ်းချမ်းရေးကို မည်ကဲ့သို့သော မူဝါဒနှင့် ပေါ်လစီများ ချမှတ်၍ လူထုတရပ်လုံးကို စည်းရုံး မဲဆွယ်ကြမည်နည်းဟူသောအမြင်သည် ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အထူးပင် အရေးကြီးမည်ဖြစ်ပါသည်။ ထို့အပြင် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းသည် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးတွင် အဆုံးမသတ်သင့်ပေ။ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေးကို အစိုးရပေါ်လစီတရပ်အဖြစ် ချမှတ်၍ အကောင်အထည်ဖော်ရန် အလွန်အရေးကြီးပါသည်။

"တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)" ကိ်ု အခြေခံ၍ ဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အစိ်ုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၏ ပါဝင်ပတ်သက်မှုအခန်းကဏ္ဍကို သိသာထင်ရှားစွာ မြင်နိုင်ပါသည်။ သို့ရာတွင် နိုင်ငံရေးပါတီများ၏ အခန်း ကဏ္ဍသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပေါ်လွင်သင့်သလောက် မပေါ်လွင်နိုင်သေးပေ။ ထို့ကြောင့် နိုင်ငံရေး ပါတီများအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုထိရောက်စွာပါဝင်နိုင်ရေးအတွက် တိကျပြတ်သားသော ပေါ်လစီများချမှတ်၍ ရွေးကောက်ပွဲတွင် လူထုတရပ်လုံး၏အားပေးထောက်ခံမှုရရှိအောင် ကြိုးပမ်းဆောင် ရွက်သင့်သည်။ အထူးသဖြင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၏ ဘုံနိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကြိုးပမ်းမှုဖြစ်စဉ်တွင် နိုင်ငံရေးပါတီ အသီးသီးက ချမှတ်ထားသော ဒီမိုကရေစီအခြေခံမူနှင့် ဖက်ဒရယ်အခြေခံမူများကို လူထုထံသို့ချထားပေး၍ ရွေးကောက်ပွဲအပြီးတွင် မည်သို့မည်ပုံ အကောင်အထည်ဖော်ရန် စီမံကိန်းများ ချမှတ်ထားကြောင်းကိုပါ ရှင်းလင်းတင်ပြရန် လိုအပ်မည်ဖြစ်ပါသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးသည် ပင်လုံစာချုပ် အပိုဒ် (၅) နှင့် (၇) တို့ကို အပြည့်အဝ ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ ပင်လုံစာချုပ် ကို ယနေ့တိုင် အပြည့်အဝအကောင်အထည် မဖော်နိုင်သောကြောင့် နှစ်ပေါင်း (၇၀) ကျော်ကြာ ပြည်တွင်းစစ် နှင့် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေရန်အတွက် ပင်လုံစာချုပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ ထိုသို့ ပင်လုံစာချုပ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများကို ဖော်ထုတ်၍ ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် လက်မှတ်ရေး ထိုးရန် လိုအပ်ပါသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် ဖက်ဒရယ်အခြေခံမူများကို လက်ရှိအာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမြင်နှင့် သဘောထားများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉၊ အောက် တိုဘာ (၂၈) ရက်နေ့တွင် ကျင်းပခဲ့သည့် "တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)"  (၄) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် တိုင်းသိပြည်သိတရားဝင်ကြေညာခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖက်ဒရယ်အခြေခံမူ (၆) ချက်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း တင်ပြခဲ့ပါသည်။

(၁) စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုုစနစ်ကို ထူထောင်ရမယ်။

[ယင်းသည် NCA စာချုပ် အပိုဒ် (၁) နှင့် ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း (၁) တို့တွင် ပါရှိသည့်- နိုင်ငံတော်ကို ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုစနစ် ဖြင့် ထူထောင်ရမည်ဟူသောအချက်ကို ထပ်လောင်းအတည်ပြုခြင်းဖြစ်သည်။]

(၂) ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှုရှိရမယ်။

[ယင်းအချက်သည်လည်း NCA စာချုပ် အပိုဒ် (၁) နှင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) တွင် သဘောတူထားသော ပြည်ထောင်စုနှင့်ပြည်နယ်အကြား အာဏာခွဲဝေမှုရှိရမည်ဟူသော အချက်ကို ပို၍ရှင်းလင်းပြတ်သားစွာ ထပ်လောင်းတင်ပြခြင်း ဖြစ်သည်။]

(၃) သယံဇာတခွဲဝေမှုနှင့် အခွန်ဘဏ္ဍာ ခွဲဝေမှုရှိရမယ်။

[ယင်းအချက်သည် စစ်မှန်သောဖက်ဒရယ်စနစ်တွင် မရှိမဖြစ် လိုအပ်သော Fiscal Federalism အခြေခံမူကို လက်ခံသဘောတူပေးခြင်းဖြစ်သည်။]

(၄) ဖက်ဒရယ်ယူနစ်တွေအားလုံး တန်းတူရည်တူရှိရမယ်။

[ယင်းအချက်သည် တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်း (၇၀) ကြာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲ၍ တောင်းဆိုခဲ့သော "ပြည်ထောင်စုအဖွဲ့ ဝင်ပြည်နယ်အားလုံး နိုင်ငံရေးအာဏာ တန်းတူရည်တူပေး ရမည်ဆိုသည့် အမျိုးသားတန်းတူရေး" ပင်ဖြစ်ပါသည်။]

(၅) ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ ကိုယ်ပိုင်ဥပဒေတွေရှိရမယ်။

[ယင်းအချက်သည် တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်း (၇၀) ကျော် တောင်းဆိုခဲ့သည့် တောင်းဆိုချက် အားလုံး၏ အနှစ်ချုပ်ပင်ဖြစ်ပါသည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုသည်မှာ ပြည် ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးထားသောစနစ်ဖြစ်သည်။ ပြည်နယ်များ တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခြင်း၊ မရှိခြင်းသည် ထိုပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွက် ပြည် နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ (ဝါ) ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေရှိခြင်း၊ မရှိခြင်းအပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိခြင်းသည် တိုင်းရင်းသားလူမျိုးများ နှစ် (၇၀) ကျော်ကြာတောင်းဆိုခဲ့သော တောင်းဆိုချက်ကို လက်ခံသဘောတူလိုက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် ပင်လုံစာချုပ် အပိုဒ် (၅) ပါ သဘောတူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ရန် လမ်းစဖွင့်ခြင်းလည်း ဖြစ်ပါသည်။]

(၆) ပြည်နယ်တွေရဲ့ အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့အခါ ပြည်သူလူထုကို အခြေခံရမယ်။

[ယင်းသည် ပင်လုံစာချုပ် အပိုဒ် (၇) တွင် ဖော်ပြထားသော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ခြင်းပင် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် အာဏာသည် လူထုထံတွင်ရှိသည်။ ထို့ကြောင့် အာဏာ များကို ခွဲဝေကျင့်သုံးသောအခါ ပြည်သူလူထုကို အခြေခံရမယ်ဆိုခြင်းသည် ဒီမိုကရေစီစနစ်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမည်ဟု နားလည်နိုင်ပါသည်။]

အထက်ပါဖက်ဒရယ်အခြေခံမူများကို လက်ရှိအာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြည်သူလူထုထံ တင်ပြသည့်နည်းတူ အခြားနိုင်ငံရေးပါတီများကလည်း သူတို့၏ ပေါ်လစီ၊  အမြင် နှင့်သုံးသပ်ချက်များ၊ ပေါ်လစီနှင့်ရှေ့လုပ်ငန်းစဉ်များကို လူထုထံသို့ ရှင်းလင်းတင်ပြသင့်သည်ဟူသော ရည် ရွယ်ချက်ဖြင့် ယခုထုတ်ဝေထားသော ငြိမ်းချမ်းရေးစာစောင် အမှတ် (၂) တွင် နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခန်းကို စုဆောင်းတင်ပြအပ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တင်ပြထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ဖက်ဒရယ် အခြေခံမူကို လေ့လာနိုင်ရန် မိန့်ခွန်းအပြည့်အစုံကို နောက်ဆက်တွဲတွင် ဖော်ပြပေးထားပါသည်။

တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES) မှ ဤစာအုပ်အတွက် မေးခွန်းများကို မေးမြန်းခြင်းသာဖြစ်၍ ဖြေကြားချက်များသည် ပါတီအသီးသီး၏ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏အမြင်နှင့် သဘောထားများသာလျှင်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။



လေးစားစွာဖြင့်

အယ်ဒီတာအဖွဲ့

တိုင်းရင်းသားလူမျိုးရေးရာဖွံ့ဖြိုးရေးနှင့်သုတေသနအသင်း (CDES)


Download PDF