• +95 (0)9 425 705 270
  • info@cdes.org.mm

Speeches

  • Home/
  • Speeches

(၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး

၂၀၂၀ ခုနှစ် သြဂုတ်လ (၁၇) ရက်

MICC-1 ၊ နေပြည်တော်

 

လေးစားအပ်ပါသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ UPDJC ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်အပေါင်းတို့ခင်ဗျား-

 

                အခုလို (၁၉) ကြိမ်မြောက် UPDJC အစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ကိုယ်စား အဖွင့်အမှာစကား ပြောကြားခွင့် ရရှိတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ ကျနော်တို့ဟာ Coronavirus pandemic ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါ ဆိုက်ရောက်မှုကြီးကာလမှာ တွေ့ဆုံပြီး ဒီအစည်းအဝေးကို ကျင်းပတာ ဖြစ်တယ်။ ကမ္ဘာကြီးမှာ ဘယ်လိုကပ်ဆိုက်မှုကြီးဘဲ ကြုံနေပါစေ၊ ကျနော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးက သိပ်ပြီးအရေးကြီးတယ်ဆိုတဲ့ ခံယူချက်နဲ့ ဒီအစည်းအဝေးကို ကျင်းပတာဖြစ်တယ်။

 

                ကျနော်တို့ UPDJC ရဲ့ အဓိကတာဝန်က NCA စာချုပ်အရ အကောင်အထည်ဖော်ဆောင်ရွက်နေသော "နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ဦးဆောင်လမ်းညွှန်ကြီးကြပ်" ဖို့ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်ကလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီနိုင်ငံရေးဦးတည်ချက် နဲ့အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်နေသော ဒီမိုကရေစီအခြေခံမူများနှင့် ဖက်ဒရယ်အခြေခံမူများ ဖော်ထုတ် ရေးက ကျနော်တို့ UPDJC ရဲ့ တာဝန် ဖြစ်ပါတယ်။

 

                ဒီမိုကရေစီအခြေခံမူများနှင့် ဖက်ဒရယ်အခြေခံမူများကို ဖော်ထုတ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ပြီဆိုရင် ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရကိုရရှိနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်နိုင်ပြီဆိုရင် နှစ်ပေါင်း (၇၀) ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်စေရ မယ်လို့ တထစ်ချ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ကျနော်တို့တတွေ ဆွေးနွေးရင်း၊ ဆွေးနွေးရင်း ဒီမိုကရေစီ အခြေခံမူများနဲ့ ဖက်ဒရယ်အခြေခံမူတွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း တစ်ဆို့မှုတွေ ခဏခဏ ကြုံခဲ့ရပါ တယ်။

 

                ဘာဖြစ်လို့ ဒီလိုတစ်ဆို့မှုတွေနဲ့ ခဏခဏ ရင်ဆိုင်နေရသလဲဆိုတာကို ကျနော် ပြန်ပြီးလေ့လာသုံး သပ်ကြည့်တယ်။ ၂၀၁၁ သြဂုတ်လ (၁၈) ရက်နေ့မှာ သမ္မတသိန်းစိန်အစိုးရက ကျနော်တို့ကို ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့ အချိန်ကစပြီး ဒီနှစ် ၂၀၂၀၊ မတ်လ (၁၂) ရက်မှာကျင်းပခဲ့တဲ့ (၁၈) ကြိမ်မြောက် UPDJC အစည်းအဝေးအထိ မှတ်တမ်းများကို ပြန်ပြီး လေ့လာသုံးသပ်ကြည့်ပါတယ်။ (၁၀) နှစ်နီးပါး ရှိပါပြီ။ ကျနော်တို့ လုပ်ခဲ့တဲ့ အစည်းအဝေးတွေလည်း မနည်းတော့ပါဘူး။ ကျနော်တို့လုပ်တဲ့ အစည်းအဝေးတွေကို ပြန်ကြည့် ရင်လည်း အစိုးရနဲ့ တွဲဖက်လုပ်တဲ့ အစည်းအဝေးက ၂၀ ရာခိုင်နှုန်း၊ အများဆုံးရှိမှ ၂၅ ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ်။ ကျန်တဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်း ကျော်အစည်းအဝေးတွေက ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေ သပ်သပ်လုပ်တဲ့ အစည်းအဝေးတွေပဲ ဖြစ်ပါတယ်။

 

                ဒီအစည်းအဝေးအားလုံးကို ခြုံပြီးသုံးသပ်ကြည့်တော့ ကျနော်တို့ကျင်းပခဲ့တဲ့ အစည်းအဝေးများ ထဲမှာ ကျနော်တို့ရဲ့ ဆွေးနွေးချက် ၆၀ ကနေ ၇၀ ရာခိုင်နှုန်းနီးပါးဟာ ဘယ်လိုမှ ဆုံးဖြတ်ချက်ချလို့ မရတဲ့ ဆွေးနွေးချက်တွေ ဖြစ်နေပါတယ်။ ဒါမှမဟုတ် ဆုံးဖြတ်ချက် ချလို့မရအောင် ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေ ဖြစ်နေပါတယ်။ ပြီးတော့ ကျနော်တို့ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက် ၄၀ ကနေ ၅၀ ရာခိုင်နှုန်းလောက် ဟာလည်း ဘယ်လိုမှ အကောင်အထည်ဖော်လို့မရတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေပါတယ်။ ဘာဖြစ်လို့ ဒီလို ဖြစ်သွားခဲ့သလဲ။ ပြန်သုံးသပ်ကြည့်တော့ ကျနော်တို့ရဲ့ဆွေးနွေးချက်တွေ၊ ဆုံးဖြတ်ချက် ချလို့မရအောင်၊ ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်လို့မရအောင် အများဆုံး အဟန့်အတားဖြစ်နေတဲ့ စကားလုံးတလုံး ရှိပါတယ်။ ဒီစကားလုံးက ဘာလဲဆိုတော့ "စိုးရိမ်မိတယ်" ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ကျနော်တို့ အစည်းအဝေးမှာ တနေ့လုံး ဆွေးနွေးတယ်။ ဆုံးဖြတ်ချက် ချတော့မယ် ဆိုတဲ့အချိန်မှ တယောက်ယောက်က ထပြီး "ကျနော် စိုးရိမ်မိပါတယ်။ အချိန်မတန်သေးဘူးလို့ ထင်ပါတယ်" လို့ ပြောလာရင် ဘယ်လိုမှ ဆုံးဖြတ်ချက်ချလို့ မရတော့ဘူး။

 

                ဒီစိုးရိမ်မှုတွေ ရှိနေတာ ဘာကြောင့်လဲ။ ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ။ ဘယ်လိုကျော်လွှား ရမလဲ။ ဒီစိုးရိမ်မှုကြောင့် ကျနော့အမြင်မှာတော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး ထင်ပါတယ်။ ဒီစိုးရိမ်မှု ဆိုတဲ့ စကားဟာ ကျနော်တို့ ဘဝထဲက လာတာဖြစ်တယ်။ ကျနော်တို့ရဲ့ ဘဝအတွေ့အကြုံကနေ လာတာ ဖြစ်တယ်။ နှစ်ပေါင်း (၇၀) ကျော်ကြာပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတာဖြစ်တယ်။ ကျနော်တို့ရဲ့  ဘဝအတွေ့အကြုံကြောင့် စိုးရိမ်စိတ်နဲ့ ကျနော်တို့ ပြောထားပြီးသား စကား၊ ကျနော်တို့ ကိုယ်တိုင် အဆိုပြုထားပြီးသား အခြေခံမူများ၊ ကျနော်တို့ ကိုယ်တိုင် ဆုံးဖြတ်ထားပြီးသား ဆုံးဖြတ်ချက် များကို စိုးရိမ်စိတ်နဲ့ ထပ်ခါထပ်ခါ ဆွေးနွေးနေကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲက ရှေ့မတိုးဘဲ တစ်ဆို့သွားတတ်တယ်။ ဒီစိုးရိမ်မှုတွေအားလုံးကို ကျော်လွှားဖို့ တစ်ခုတည်းသော နည်းလမ်းက ငြိမ်းချမ်းရေးဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆွေနွေးပွဲ ရှေ့မတိုးနိုင်ဘဲ တားဆီးနေတာလဲ စိုးရိမ်မှု ဖြစ်နေပြန်တယ်။ ဒါကျနော်တို့ရဲ့ လက်တွေ့အခက်အခဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ငြိမ်းချမ်း ရေးကဘဲ အနိုင်ရပါလိမ့်မယ်။ စိုးရိမ်မှုကို ငြိမ်းချမ်းရေးနဲ့ ကျော်လွှားသွားရလိမ့်မယ်။ ဒါကြောင့် ငြိမ်းချမ်း ရေးကို ရကိုရစေရမယ်ဆိုတဲ့ သံဋိဌာန်ချပြီး ဆက်ကြိုးစားသွားဖို့ဘဲ လိုတယ်။

 

            အားလုံးသိတဲ့အတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ကို ၂၀၁၈ ဇူလိုင်လမှာ ကျင်းပပြီးတဲ့နောက်ပိုင်း ကျနော်တို့ရဲ့  နိုင်ငံရေးဆွေးနွေးပွဲများ တစ်ဆို့သွားခဲ့ပါတယ်။ ဒါကြောင့် NCA စာချုပ်အရ တစ်ဆို့မှုများကို ဖြေရှင်းဖို့ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တဲ့ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုအစည်းအဝေး” (Joint Implementation Coordination Meeting – JICM) ကို ခေါ်ယူကျင်းပခဲ့ပါတယ်။ အမှန်မှာတော့ ဒီနေ့အစည်းအဝေးဟာ (၉) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်ကို အတည်ပြုဖို့ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော် ပြောသင့်ပြောထိုက်တယ်လို့ ထင်တဲ့စကားကို ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။

ဒီနေ့ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ (၉) ကြိမ်မြောက် JICM အစည်းအဝေးက ဆုံးဖြတ်ပေးလိုက်တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာ ပါဝင်မယ့် အခြေခံမူများထဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချပေးလိုက်တဲ့ ဖက်ဒရယ်အခြေခံမူ (၅) ထဲက အဓိကအရေးကြီးဆုံး အခြေခံမူ (၁) ခု ကျန်သွားတယ်။ အလုပ်အဖွဲ့အစည်းအဝေးမှာ ကျနော်တို့ မူလသဘောတူ ထားတာက ၂၀၁၉ အောက်တိုဘာလ (၂၈) ရက်နေ့မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုတဲ့ လေးနှစ်မြောက် အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့ မိန့်ခွန်းမှာပါတဲ့ ဖက်ဒရယ်အခြေခံမူ (၅) ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အဖြစ် ချုပ်ဆိုသွားရန် သဘောတူခဲ့ပါတယ်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများကလည်း အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းကို အခြေခံပြီး တင်ပြလိုက်တဲ့ အဆိုပြုချက်အတိုင်း သဘောတူနိုင် ခဲ့ပါတယ်။ သို့သော် JICM အကြိုညှိနှိုင်းရေး အလုပ်အဖွဲ့အစည်းအဝေးမှာ ဆွေးနွေးရင်း ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒ ဆိုတဲ့နေရာမှာ “ဖွဲ့စည်းပုံ” ဆိုတဲ့ စကားတစ်လုံးတစ်လုံး အနီရောင်နဲ့ ကျန်သွားခဲ့ပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့အမြင်မှာ ဖွဲ့စည်းပုံဆိုတဲ့ စကားလုံး ပါလည်းရတယ်။ မပါလည်း ရပါတယ်။ ပါရင် ပိုကောင်းတာပေါ့။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေလို့ သုံးရင် ပိုကောင်းတာပေါ့။ ဒါက နိုင်ငံရေးဆန္ဒအရ ကျနော်တို့ တိုင်းရင်းသားလူမျိုးများ တောင်းဆိုနေတာဖြစ်တယ်။ ဒါပေမယ့် ဆင်ခြင်တုံ တရားကိုသုံးပြီး ဥပဒေရှု့ထောင့်နှင့် ဖက်ဒရယ်သီအိုရီရှု့ထောင့်ကကြည့်ရင် ပြည်နယ်အခြေခံဥပဒေ ဆိုပြီး သုံးလို့လည်း ရပါတယ်။ ကျနော်တို့ အားလုံးသိတဲ့အတိုင်း ဂျာမဏီပြည်ထောင်စုဟာ ကမ္ဘာမှာ အကောင်းဆုံး ဖက်ဒရယ်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဂျာမဏီမှာ ပြည်ထောင်စုအဆင့်မှာ Grundgesetz (Basic Law) လို့ သုံးပြီး ပြည်နယ်အဆင့်မှာ  Länder Verfassung (State Constitution) ဆိုပြီးသုံးပါတယ်။ ဒါကို ကြည့်ရင် ဖက်ဒရယ်စနစ်မှာ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်မှာ သုံးတဲ့စကားလုံးတွေ တူညီနေရမယ်ဆိုတဲ့ ဖက်ဒရယ်သီအိုရီ မရှိပါဘူး။ အဓိကအရေးကြီးတာက ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနဲ့ တိုင်းဒေသ ကြီးများက မိမိတို့ကျင့်သုံးရမယ့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို မိမိတို့အခြေအနေနဲ့ ကိုက်ညီ အောင် ရေးသားပြဌာန်းပြီး ကျင့်သုံးဖို့ဘဲ လိုပါတယ်။

 

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ကျနော်တို့တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်း (၇၀) ကျော် တောင်းဆိုလာတဲ့ ဖက်ဒရယ်အခြေခံမူထဲမှာ အရေးကြီးဆုံး အခြေခံမူ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန် ရေး ဆင်နွှဲရခြင်းရဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းခွင့်ဆိုတဲ့ အခြေခံမူဟာ ငြိမ်းချမ်းရေးသော့ချက် ဖြစ်ပါတယ်။ ဒါကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ဒရယ်အခြေခံမူ (၅) ချက် ထဲမှာလည်း ပါပြီးပြီ။ တပ်မတော်ကလည်း ပြည်နယ်အခြေခံဥပဒေလို့ သုံးရအောင်ဆိုပြီး သဘောတူထားပြီးပြီ။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်အခြေခံဥပဒေတို့ဟာ အဓိပ္ပါယ် အတူတူဘဲ ဖြစ်တယ်ဆိုတာ ကျနော် အခိုင်အမာ ပြောချင်ပါတယ်။

 

ဒါကြောင့် ငြိမ်းချမ်းရေးသော့ချက်ဖြစ်တဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ လို့ဘဲခေါ်ခေါ်၊ ပြည်နယ် အခြေခံဥပဒေ လို့ဘဲခေါ်ခေါ်၊ ဒီဖက်ဒရယ်အခြေခံမူကြီးကို လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာ ပါမလာနိုင်ဘဲ ကျန်ရစ်သွားမှာ ယူကြုံးမရ ဖြစ်မိပါတယ်။ ဖြစ်နိုင်တဲ့ နည်းလမ်းရှိရင် ဒီညီလာခံ မတိုင်ခင်မှာ ပြန်ပါနိုင်အောင် ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံချင်တယ်။ အနီရောင်စကားလုံး နဲ့ ကျန်သွားတဲ့ “ဖွဲ့စည်းပုံ” ကို ဖြစ်နိုင်ရင် နက်ပေးလိုက်ပါ။ မဖြစ်နိုင်ဘူးဆိုရင်လည်း ဖြုတ်ပေးလိုက်ပါ။ အကယ်၍ ဒီညီလာခံ မတိုင်ခင်မှာ ပြန်လည်ထည့်သွင်းနိုင်တဲ့ နည်းလမ်းမရှိတော့ဘူးဆိုရင် နောက်တစ်ကြိမ် ကျင်းပမယ့် ညီလာခံမှာ ဒီအခြခံမူကို ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ချုပ်ဆိုပေးကြပါလို့ မေတ္တာ ရပ်ခံချင်ပါ တယ်။ ဒါဟာ ငြိမ်းချမ်းရေးသော့ချက်ကြီး ဖြစ်ပါတယ်။

 

                နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဒီနေ့အစည်းအဝေးမှာ ကျနော်တို့ကို ငြိမ်းချမ်းရေးကြိုးပမ်း သူများဆု ချီးမြှင့်မယ်လို့ ကြားသိရတဲ့အတွက် များစွာဂုဏ်ယူဝမ်းသာမိပါတယ်။ ကျနော်က ခရစ်ယာန်ဆို တော့ ခရစ်ယာန်သမ္မာကျမ်းစာကို ကိုးကားပြီး ဒီကျေးဇူးတင်စကားကို ပြောချင်ပါတယ်။ ကျမ်းစာထဲမှာ ပါတာက - "ငြိမ်းချမ်းရေးကိုဆောင်သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့ကို ဘုရား သခင်၏ သားတော်၊ သမီးတော်များဟု အခေါ်ခံရမည်" လို့ ပါပါတယ်။

 

                ကျနော်တို့ UPDJC အဖွဲ့ဝင်များသာမက နိုင်ငံတော်အကြီးအကဲများ၊ EAO ခေါင်းဆောင်ကြီးများက ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လို့ရှိရင် ကျနော်တို့အားလုံး ဘုရားသခင်ရဲ့ သားတော်၊ သမီးတော် များလို့ အခေါ်ခံရမယ့် မင်္ဂလာတရားကို ရမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓအရှင်တော်ရဲ့ သားတော်၊ သမီးတော်များ၊ ခရစ်ယာန်ဘာသာဝင်များအတွက် ခရစ်တော်ရဲ့ သားတော်၊ သမီးတော်များ၊ မွတ်ဆလင်ဘာသာဝင်များအတွက် တမန်တော်မိုဟာမက်ရဲ့ သားတော်၊ သမီးတော်များ၊ ဟိန္ဒူဘာသာဝင် များအတွက် ဟိန္ဒူနတ်ဘုရားဗိဿနိုးရဲ့ သားတော်၊ သမီးတော်များလို့ အခေါ်ခံရမှာ ဖြစ်ပါတယ်။ ဘုရား သခင်ရဲ့ သားတော်၊ သမီးတော်လို့ အခေါ်ခံရခြင်းဆိုတဲ့ မင်္ဂလာတရားဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ဘွဲ့ထူးဂုဏ် ထူးတွေထက် ပိုပြီးမြင့်မြတ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ စည်းစိမ်ဥစ္စာတွေထက်လည်း ပိုပြီး တန်ဖိုးကြီး မားပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့သားတော်၊ သမီးတော်လို့ အခေါ်ခံရခြင်း မင်္ဂလာတရားကို ခံယူနိုင်ဖို့ ငြိမ်းချမ်းရေးကို မရမက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရအောင်လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

 

 

ဒေါက်တာလျန်မှုန်းဆာခေါင်း

(Dr. Lian Hmung Sakhong)

ဒုတိယဥက္ကဌ (UPDJC)

ဒုတိယဥက္ကဌ - ၂ (ချင်းအမျိုးသားတပ်ဦး)

 

Download PDF