• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု နှင့် ရက်စွဲအလိုက်ဖြစ်စဉ်များ

(အောက်ပါအချက်အလက်များသည် သတင်းမီဒီယာအချို့၏ ရေးသားဖော်ပြချက်များကို ကိုးကားပြုစုထားခြင်းဖြစ်ပါသည်။)

 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုသည် ဇူလိုင်လကုန်တွင် ခြောက်လပြည့်ခဲ့သည်။ လူထုအနေဖြင့် ၎င်းတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်ထားသည့် လူထုအစိုးရကိုသာထောက်ခံကြောင်းနှင့် စစ်ကောင်စီ၏ အာဏာသိမ်းမှုနှင့် ဆောင်ရွက်ချက်များကို လက်မခံကြောင်း နည်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။ ဇူလိုင်လသည် ဒေသတွင်း တိုင်းနှင့် ပြည်နယ် အများစုတွင် ကိုဗစ်-၁၉ ကပ်ဘေးအန္တရာယ်သည် လူထုကျန်းမာရေးနှင့် အသက်ဘေးကို အထူးခြိမ်းခြောက်သည့် ကာလလည်းဖြစ်ခဲ့ပြီး ကပ်ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူ အမြင့်ဆုံးအထိ ရောက်ခဲ့သည်။ အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးယန္တယားတစ်ခုလုံး ယိုယွင်းပျက်စီး သွားပီး ကျန်းမာရေးကဏ္ဍတစ်ခုလုံး ပြိုကျခဲ့သော မြန်မာနိုင်ငံတွင်ပြည်သူများသည် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း၏ဒဏ်အား အပြင်းအထန် ခံစားနေရသည်။ အကျဉ်းထောင်ထဲရှိနေသော နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစောင့် ရှောက်ခံရမှု အပြည့်အဝမရရှိခြင်း၊ ကပ်ရောဂါကြား လူထုဆေးကုသရေးအခွင့်အလမ်း ဆုံးရှုံးခြင်း၊ လူထုအား အကူအညီပေးနေသည့် ပရဟိတအဖွဲ့အစည်းများ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံရခြင်း စသည့် အကြောင်းအရာများသည် ဇူလိုင်လသတင်းဖော်ပြမှုများတွင် အများစုထင်ဟပ်နေသည်။ မိုဘိုင်းဒေတာ များကိုလည်း ပြည်သူများက အကန့်အသတ်နှင့်သုံးစွဲနေရဆဲ ဖြစ်သည်။ ဇူလိုင်လသည် နိုင်ငံအတွင်း အောင်မြင် ထင်ရှားသည့် ပညာရှင်အချို့ ကြွေလွင့်ကွယ်လွန်မှု များပြားခဲ့သည့်လလည်း ဖြစ်ခဲ့သည်။ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံတဝန်း အခြေအနေများကို ဖတ်ရှုနိုင်ရန် ယခုစာတမ်းတွင် မှတ်တမ်းထားရှိပါသည်။

 

ဇူလိုင် (၁) ရက် ၊၂၀၂၁

 

•           အကြမ်းဖက်နှိပ်ကွပ်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် စစ်တပ်အပေါ် ဆွဇ်ဇလန်နိုင်ငံက ဒဏ်ခတ်အရေးယူမှုများ ထပ်မံချမှတ်သည်။ နိုင်ငံတော်ရှေ့နေချုပ်၊ ဝန်ကြီး ငါးဦး နှင့် ဒုဝန်ကြီး နှစ်ဦးပါဝင်သည်။

•           စစ်အာဏာသိမ်း ငါးလပြည့်နေ့တွင် ရန်ကုန်အပါအဝင် မြို့နယ်အချို့တွင် စုပေါင်းသပိတ်ပွဲ များပြုလုပ်သည်။

•           ရန်ကုန် နှင့် ကသာမြို့တွင် ပေါက်ကွဲမှုများ ဖြစ်သည်။

•           မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းထောက် Daniel Fenster ၏ အမှုကို အင်းစိန်အကျဉ်းထောင် အထူးတရားရုံးတွင် ကြားနာစစ်ဆေးသည်။ ရုံးချိန်ကို နှစ်ပတ် ပြန်ချိန်းသည်။

•           ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ချက်ချင်းပြန်လွှတ်ပေးရန် မြန်မာစစ်တပ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုသည်။ 

•           မေလက စတင်ခဲ့သည့် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း တစ်လကျော်ကာလအတွင်း ကိုဗစ် ဖြစ်ပွားသည့် ပိုးကူးစက်သူ အရေအတွက်သည် ဇူလိုင်လအစတွင်ပင် အမြင့်ဆုံး အနေအထား ရောက်လာသည်။

 

ဇူလိုင် (၂) ရက် ၊၂၀၂၁

 

•           စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နှင့်ကောလင်းမြို့တို့တွင် ဒေသခံ PDF များနှင့် စစ်ကောင်စီတို့  တိုက်ပွဲဖြစ်ပွားသည်။ တိုက်ပွဲကြောင့် နှစ်ဘက် အကျဆုံးရှိသလို ကောလင်းမြို့တွင် စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ဒေသခံများ ဒဏ်ရာရသည်။  စစ်ကိုင်းတိုင်း၊ ဒီပဲယင်း မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် PDF တို့၏ တိုက်ပွဲတွင် PDF ဘက်မှ ၁၈ ဦးကျဆုံးပြီး ဒဏ်ရာရရှိသူ ၁၀ ဦးအထက်ရှိကာစစ်ကောင်စီဘက်မှ ၄ ဦးကျဆုံးခဲ့ကြောင်း PDF ဒီပဲယင်းက သတင်းထုတ်ပြန်သည်။

•           ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲဘက်တွင် မိုင်းခွဲခံရသည့် မြန်မာစစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် တုန်ဟုန်းကျေးရွာအနီး လယ်လုပ်နေသည့် ရွာသားများ ထိခိုက်ဒဏ်ရာရသည်။ 

•           အာဏာသိမ်းစစ်ကောင်စီ၏ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် စွဲဆိုခြင်းခံထားရသည့် နေပြည်တော် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အထူးတရားရုံးတွင် ပြုလုပ်သည့် ရုံးချိန်းတွင် ယင်းပုဒ်မဖြင့် စတင်စစ်ဆေးသည်။ 

•           မြန်မာစစ်အရာရှိကြီးများပါဝင်သည့် လူပုဂ္ဂိုလ် ၂၂ ဦးနှင့် စစ်တပ်နှင့် ဆက်သွယ်လုပ်ကိုင် နေသည့် ကုမ္ပဏီလေးခုကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်အရေးယူသည်။

•           မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးကူးစက်မှုများ မြင့်တက်လာသည့်အတွက် Stay At Home ကြေညာထား သည့် မြို့နယ် ၂၃ ခုရှိလာသည်။

•           မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်ဟောင်းများ ဖြစ်ကြသောလင်မယားနှစ်ဦးသည် ပျူစောထီးအဖွဲ့၏လုပ်ကြံမှုကြောင့် သေဆုံးသည်။

•           နှစ်ရက်အတွင်း နိုင်ငံတဝန်း စစ်ကောင်စီက ခန့်ထားသော အုပ်ချုပ်ရေးမှူး တစ်ဦးအပါအဝင် စစ်ကောင်စီ နှင့် ဆက်စပ်နေသူ ခြောက်ဦး လုပ်ကြံသတ်ဖြတ်ခံရသည်။ 

•           ပုဒ်မများစွာဖြင့် တရားစွဲဆိုခံထားရသော NLD အစိုးရ၏ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အား မကွေးထောင်အထူးတရားရုံး ပုဒ်မ ၅၀၅ (ခ) အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ်ချ မှတ်သည်။

 

ဇူလိုင် (၃) ရက် ၊၂၀၂၁

 

•           စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် သပိတ်များကို နိုင်ငံတဝန်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်၊ ရေဦး၊ မြိုင်၊ ထားဝယ်၊ ရေး၊ လောင်းလုံ၊ နမ္မတီး စသည့် မြို့များတွင် ရှိခဲ့သည်။

•           ဆန္ဒပြပွဲများနှင့် CDM အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုများကို စစ်ကောင်စီက ဖြိုခွင်း ရာတွင် အသက်ငယ်ရွယ်လွန်းသည့် ကလေးငယ်များကိုပါမချန် ဖမ်းဆီးနေသည့်အပေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က မြန်မာ စစ်ကောင်စီ ကို ဝေဖန်လိုက်သည်။ 

•           အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၆၅ နှစ်ပြည့် မွေးနေ့အဖြစ် အသုဘအခမ်း အနားသပိတ်များကို ပြည်သူများက နည်းလမ်းပေါင်းစုံဖြင့် ဆင်နွှဲသည်။ အာဏာသိမ်းမှုမဖြစ် ပေါ်ပါက ယနေ့သည် ၎င်း သက်ပြည့်ပင်စင်ယူ၍ ရာထူးမှ နုတ်ထွက်ရမည့်နေ့ဖြစ်သည်။

•           ကိုဗစ်-၁၉ ရောဂါကူးစက်မှုများသည် အလွန်များပြားလာပြီး စစ်ကိုင်းတိုင်း ကလေးမြို့ တစ်ခုထဲ တွင်ပင် တစ်ရက်လျင် သေဆုံးသူ ၂၀ ခန့် ရှိလာနေသည်။

•           အမှတ် ၁၄ စစ်မြေပြင်ဆေးတပ်ရင်းမှ ပထမတန်း ခွဲစိတ်ပါရဂူဖြစ်သူ ဗိုလ်ကြီး မင်းမောင်မောင်သည် CDM လှုပ်ရှားမှုတွင် ပါဝင်လာသည်။


ဇူလိုင် (၄) ရက် ၊၂၀၂၁

•           စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း ရွာများတွင် စစ်တပ်ဘက်က လိုက်လံရှာဖွေ ဖမ်းဆီးမှုများပြုလုပ်သည်။ 

•           မြင်းခြံတွင် ချောင်းမြောင်းပစ်ခတ်မှု တချို့ ဖြစ်ပွားသည်။

 

ဇူလိုင် (၅) ရက် ၊၂၀၂၁

 

•           သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရား စွဲဆိုထားသည့် အမှုများကို နေပြည်တော် သီးသန့်တရားရုံးတွင် ယနေ့ ဆက်လက်စစ်ဆေးသည်။ အမှု ခုနစ်ခုနှင့် တရားစွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအမှုများနှင့် ပတ်သက်၍ မလျော်ကန် သည့် လုပ်ထုံးလုပ်နည်းများဖြစ်နေသည် ဆိုသည့် သူ့အမြင်ကို ၎င်း၏ ရှေ့နေကိုပြောကြားသည်။ 

•           ရန်ကုန်တိုင်းတွင် ရွေးကောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အစည်း အဝေးကို အွန်လိုင်းမှတစ်ဆင့် ကျင်းပသည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRYH) ၏ ဆောင်ရွက်မှုများနှင့် CDM ဝန်ထမ်းများအတွက် ထောက်ပံ့မှုများကို ဆွေးနွေးခဲ့ကြကြောင်း NUG ၏ စာမျက်နှာတွင် ဖော်ပြသည်။

•           မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပေါက် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ နှစ်ဘက်အ ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားသည်။

•           ရန်ကုန်မြို့ရှိ ဂျပန်သံရုံး သံတမန်ဝန်ထမ်းများနှင့် ဂျပန်လူမှုကူညီရေးရုံးဝန်ထမ်းများ တည်ရှိ ရာခြံဝင်းအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ အတင်းအကြပ် ဝင်ရောက်ရှာဖွေမှုကို ဂျပန် အစိုးရက ကန့်ကွက်လိုက်သည်။ 

•           မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို Myanmar Witness က စတင်စုံစမ်းသည်။

 

ဇူလိုင် (၆) ရက် ၊၂၀၂၁

 

•           ကိုဗစ်-၁၉ရောဂါကြောင့်အင်းစိန် အထူးတရားရုံး များ ကြားနာမှု ယာယီရပ်ဆိုင်းလိုက်သည်။ 

•           ဗြိတိန်နိုင်ငံတွင် ပြည်ဝင်ခွင့်ဗီဇာ ကုန်ဆုံးပြီး မြန်မာနိုင်ငံကို ပြန်ရမည့် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန်အတွက် အထူးဆောင်ရွက်ချက်များကို လုပ်ဆောင်သွားရန် ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က ဗြိတိန်ပြည်ထဲရေးဝန်ကြီး Priti Patel ကို တောင်းဆိုလိုက်သည်။

•           အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထောင်စုဝန်ကြီးများနှင့် ဂျပန်လွှတ်တော် အမတ်များ ၏ အွန်လိုင်းတွေ့ဆုံ ဆွေးနွေးမှုတွင် ဂျပန်အမတ်များကိုယ်စား အောက်လွှတ်တော် အမတ် Mr. Ichiro Aisawa က မြန်မာနိုင်ငံတွင် NUG မှလွဲ၍ အခြားအစိုးရမရှိကြောင်း စစ်တပ်၏ အာဏာသိမ်းမှု လက်ခံနိုင်စရာမရှိကြောင်း NUG အစိုးရကို ကူညီမည်ဖြစ်ကြောင်း ပြောသည်။

•           ၂၀၁၅ ခုနှစ်မှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံရေးခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး အငြိမ်းစားဗိုလ်ကြီး ဇော်နိုင်ဝင်းကို နေပြည်တော်ရှိ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ယုံကြည်အပ်နှံဖောက်ဖျက်သည့် ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည်။

•           ရန်ကုန်မြို့အခြေစိုက် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (Anti-Fascist Armed Force) က ယာဉ်ထိန်းရဲများအပါအဝင် အခွန်ကောက်နေကြသော စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများအား စစ်ကောင်စီ ယန္တရားများလည်ပတ်စေရေးမကူညီကြရန် သတိပေးချက်ထုတ်ပြန်သည်။

•           ရန်ကုန်ရှိ မြို့နယ်တချို့တွင် မီတာခ ပေးဆောင်ခြင်းမပြုသည့် နေအိမ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးကြိုးများ လိုက်လံဖြတ်တောက်နေသည်။

•           စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၈ ဦး နှုတ်ထွက်စာတင်ကြသည်။ 

 

ဇူလိုင် (၇) ရက် ၊၂၀၂၁

 

•           နိုင်ငံတဝန်းကမြို့များတွင် သမိုင်းဝင် 7 ဇူလိုင်နေ့ အထိမ်းအမှတ် လျှပ်တပြက်ချီတက် ဆန္ဒပြပွဲများ ပြုလုပ်ကြသည်။ အဆိုပါမြို့နယ်အသီးသီးရှိ ဆန္ဒထုတ်ဖော်မှုများအား စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်နေကြသည့် ကျောင်းသားလူငယ်များ ဦးဆောင်ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

•           အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အားပေးထောက်ခံမှု နှင့်အတူ မြန်မာအာဏာသိမ်း စစ်ကောင်စီနှင့်သာမကဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားသည့် ခေါင်းဆောင်များနှင့်ပါ နိုင်ငံရေးဆွေးနွေးမှုများ စလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးက တိုက်တွန်း လိုက်သည်။

•           မြန်မာနိုင်ငံတွင် ကပ်ရောဂါနှင့် လုံခြုံရေး အခြေအနေများကြောင့် ပညာသင်ကြားရေးတွင် ထိခိုက်မှုများ ကြုံတွေ့နေရသည့်အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားသည်။

•           တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီကြားတိုက်ပွဲများ ဖြစ်ပွားသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးမှုများပြုလုပ်သည်။ 

•           မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် ပျူစောထီးများ၏ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်များနှင့် ဒေသခံ PDF တပ်တို့ တိုက်ပွဲဖြစ်ပွားသည်။ 

•           ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ဇွန် ၃၀ ရက်နေ့က တတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်ယူခဲ့ခြင်းကို အရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်က ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းခဲ့ပြီ ဖြစ်သောကြောင့် လွှတ်တော်ခေါ်ယူခြင်းအား မပြုလုပ်သင့်ကြောင်း တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုနှင့်ယုံကြည်မှုတည်ဆောက်နိုင်ရေးကို ထိခိုက်နိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားသည်။

•           ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ၏ စစ်ကြောင်းအား KIA တပ်ဖွဲ့ဝင်များက မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိသည်။

•           NCA စာချုပ်လက်မှတ်ရေးထိုးထားသော PPST အဖွဲ့တွင် ယာယီဥက္ကဌတာဝန်ယူထားသော ဗိုလ်ချုပ်ကြီးယွတ်စစ်သည် တာဝန်မှအနားယူသည်။ ၎င်းအနေဖြင့် ရှမ်းပြည်နယ်တွင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ပိုမိုအာရုံစိုက်လို၍ နှုတ်ထွက်စာတင်ခြင်းဖြစ်ကြောင်း နှင့် PPST အား မွန်ပြည်သစ်ပါတီ ဒုဥက္ကဌအပါအဝင် အဖွဲ့ဝင် (၃) ဦးဖြင့် ဦးဆောင်သွားမည်ဖြစ်ကြောင်း PPST က ထုတ်ပြန်သည်။ 

•           တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က လက်ရှိ မြန်မာနိုင်ငံ အကြပ်အတည်း ညှိနှိုင်းဆွေးနွေးအဖြေရှာရန်အတွက် တိုက်တွန်းသည်။

•           မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းရာတွင် နိုင်ငံတကာ အသိုင်းအဝန်းက တာဝန်ပျက်ကွက်နေကြောင်း လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဝေဖန်သည်။

 

ဇူလိုင် (၈) ရက် ၊၂၀၂၁

•           လက်ရှိဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဆေးကုသစရိတ်နှင့် ပါတီရုံးမြေနေရာကိစ္စဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှု ရှိခဲ့သည်ဆိုကာ အဂတိလိုက်စားမှုနှင့် စစ်ကောင်စီက ၁ မှုထပ်တိုး  တရားစွဲလိုက်သည်။ 

•           မြန်မာနိုင်ငံတွင် အကြီးဆုံးထောင်ဖြစ်သည့် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားနေသဖြင့် ၁၄ ရက်ကြာမည့် semi- lockdown စတင်ပြုလုပ်သည်။ 

•           ရန်ကုန်မြို့၊ လသာမြို့နယ်မှာရှိသည့် ရွှေနန်းတော်ရတနာရွှေဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည်။

•           မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု စိုးရိမ်စရာ ပြန်ဖြစ်နေသည်ဟုဆိုကာ မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို တရုတ်ဘက်က ပိတ်လိုက်သည်။

•           တယ်လီနောမြန်မာကုမ္ပဏီအား လက်ဘနွန် ဝန်ကြီးချုပ်ဟောင်း ဘီလျံနာသူဌေးပိုင် M1 Group ထံသို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချလိုက်ကြောင်း Telenor Group က ထုတ်ပြန်သည်။

•           မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းက သွေဖီပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျုးလွန်သူများ တာဝန်ခံမှုရှိအောင် ကြိုးပမ်းမယ့်အကြောင်း အမေရိကန်က ပြောသည်။

 

ဇူလိုင် (၉) ရက် ၊၂၀၂၁

 

•           ရန်ကုန်တိုင်းအတွင်း လမ်းမတော်၊စမ်းချောင်းအပါအဝင် မြို့နယ်အချို့က လျှပ်စစ်မီတာရုံးများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားသည်။

•           ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့များ ပစ်ခတ် တိုက်ခတ်မှုများ တနေ့လုံးနီးပါးဖြစ်ပွားပြီးစစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက် ခိုက်မှုများပါရှိသည်။

•           ကင်ဆာဝေဒနာခံစားနေရသော NLD အစိုးရ၏ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ထောင်ဆေးရုံတွင် ဆေးကုသခွင့်မရရှိသည့်အတွက် ကျန်းမာရေးဆိုးဝါးနေကြောင်း ဖော်ပြသည်။ ၎င်းသည် အဂတိ လိုက်စားမှုအပြင် ပုဒ်မများစွာဖြင့် စစ်ဆေးခြင်းခံနေရ ခြင်းဖြစ်သည်။ 

•           ချင်းပြည်နယ်အခြေစိုက် Chinland Defence Force က ကလေး-ကဘော်-ဂန့်ဂေါဒေသ အတွင်းရှိ တပ်ဖွဲ့ဝင်များပါဝင်သော Chinland Defense Force—Kalay Kabaw Gangaw (CDF-KKG) ကို ဖွဲ့စည်း လိုက်ကြောင်း ထုတ်ပြန်သည်။

•           စစ်ကောင်စီသည် ရုရှားထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေး ၇ သန်းနှင့် တရုတ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေး ၅ သန်း ဝယ်ယူထားကြောင်း စစ်ကောင်စီ၏ ဇူလိုင်လ ၉ ရက်နေ့ အစည်း အဝေးထုတ်ပြန်ချက်ကို ၎င်းလက်အောက်ခံသတင်းဌာနများက ဖော်ပြသည်။ NLD အစိုးရ လက်ထက်က ကမ္ဘာ့အသိအမှတ်ပြုဖြစ်သည့် အိန္ဒိယထုတ် AstraZeneca ကို ၁ ဒသမ ၅ သန်း ဝယ်ယူခဲ့ပြီး ပြည်သူများအား ထိုးနှံပေးခြင်းဖြစ်သည်။

 

ဇူလိုင် (၁၀) ရက် ၊၂၀၂၁

 

•           ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့တွင် CDF- Mindat နှင့် စစ်ကောင်စီတို့အကြား အပစ် အခတ်ရပ်စဲမှု ဆက်လက်ပြုလုပ်ရန် သဘောတူထားကြောင်း ထုတ်ဖော်ပြောကြားသည်။

•           ကိုဗစ်ရောဂါကုသရေးအတွက် ပြစ်မှုကင်းရှင်းသူ ပုဂ္ဂလိကဆရာဝန်များအား ကန်ထရိုက်စနစ်ဖြင့် အလုပ်ခန့်ရန်ခေါ်ယူရန် စစ်ကောင်စီ ပြင်ဆင်နေကြောင်း ရုံးစာ ပေါက်ကြားလာသည်။

•           ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ဗန်ကူးဗားမြို့ လယ်က ပြည်သူ့စာကြည့်တိုက်ကြီးရှေ့တွင် မြန်မာနွယ်ဖွား တိုင်းရင်းသားများ စုဝေးဆန္ဒပြသည်။ 

•           စစ်ကောင်စီတပ်ဖွဲ့များက အောက်စီဂျင်ထုတ်လုပ်ရေးလုပ်ငန်းများအား ပြည်သူ့ဆေးရုံကြီးမျာ နှင့် ကိုဗစ်-၁၉ ရောဂါကုစင်တာများအား ဦးစားပေး၍ဖြည့်တင်းပေးရင် အမိန့်ပေးထားသဖြင့် အဆိုပါလုပ်ငန်းများသည် သာမန်ပြည်သူများအား ဖြည့်တင်းပေးနိုင်ခြင်းမရှိတော့ဘဲ လုပ်ငန်းများ ရပ်တန့်ခဲ့ မှုများရှိသည်။

•           မန္တလေးမြို့တွင် လျှပ်စစ်မီတာခ လိုက်လံကောက်ယူသော ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသည်။

 

ဇူလိုင် (၁၁) ရက် ၊၂၀၂၁

 

•           ရန်ကုန်၊ မန္တလေး နှင့် မြို့ကြီးအချို့တွင် လျှပ်တပြက် ဆန္ဒပြပွဲများ ပြုလုပ်သည်။ 

•           စစ်ကောင်စီတပ်နှင့် PDF နှင့် KIA ပူးပေါင်းတပ်တို့ ၄ ရက်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗျူဟာမှူးတစ်ဦးအပါအဝင် ၁၈၀ ခန့်သေဆုံးခဲ့ကြောင် Katha People Defense Force က ထုတ်ပြန်သည်။

 

ဇူလိုင် (၁၂) ရက် ၊၂၀၂၁

 

•           ကိုဗစ်-၁၉ ရောဂါကို လူထုအချင်းချင်း ညီညီညွတ်ညွတ်ရင်ဆိုင်ရန် ဒေါ်အောင်ဆန်းစုကြည်မှာကြား ကြောင်း ရှေ့နေများထုတ်ဖော်ပြောကြားသည်။

•           နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိလိုက်စားမှုဖြင့် နောက်ထပ် အမှု ၄ မှုထပ်တိုး တရားစွဲလိုက်သည်။

•           ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် စက်မှုဇုန် ၁ အနီးတွင် အောက်ဆီဂျင်ဖြည့်တင်းရန်အတွက် တန်းစီစောင့်ဆိုင်းနေသူများအား စစ်ကောင်စီတပ်သားများက သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့သဖြင့် ပြည်သူများ ကြောက်လန့်ထွက်ပြေးရသည်။ 

•           အောက်ဆီဂျင်ထုတ်လုပ်မှုနှင့် သက်ဆိုင်သောပစ္စည်းများအား နိုင်ငံခြားမှတင်သွင်းခြင်းအား ပိတ်ပင် ထားမှုမရှိကြောင်းစစ်ကောင်စီက ကြေညာခဲ့သော်လည်းဘဲ ပြည်တွင်းရှိ အောက်ဆီဂျင်ထုတ်လုပ်သော စက်ရုံများအား ၎င်းတို့အနေဖြင့် ပိတ်ပင်ထားကြောင်း စစ်ကောင်စီကဝန်ခံသည်။

•           ထိုင်းနှင့်တရုတ်နယ်စပ်တွင်ရှိသည့် တိုင်းရင်းသားများနေထိုင်ရာ ဒေသတကျောတွင် မြန်မာစစ်တပ်က တိုက်ခိုက်မှုများ တိုးလုပ်လာနေကြောင်း ထိုင်းအခြေစိုက် Free Burma Rangers အဖွဲ့က ပြောသည်။

•           ကူးဆက်ခံရသူ အလွန်အမင်းများပြားသဖြင့် ဆေးရုံများက ကိုဗစ်-၁၉ ရောဂါပိုးရှိသူများအား လက်မခံ တော့ပေ။

•           စစ်ကိုင်းတိုင်း၊ ကနီမြို့ ချင်းတွင်းမြစ်ဘေးရှိ ယင်းရွာအနီးတောထဲတွင် ခြေလက်များ ကြိုးတုပ်လျက် အစုလိုက်အပြုံလိုက် သေဆုံးနေသည့် အမျိုးသားအလောင်း ၁၅လောင်း တွေ့ရှိသည်။

 

ဇူလိုင် (၁၃) ရက် ၊၂၀၂၁

 

•           ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အပါအဝင် မြို့ကြီးများတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဆက်လက်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံအတော်များ များတွင် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဒဏ်ရင်ဆိုင်နေရသည့်အချိန်မှာပင် ကိုဗစ်ကာကွယ်ရေး နှာခေါင်းစည်းများတပ်ဆင်၍ ဆန္ဒ ထုတ်ဖော်နေကြခြင်းဖြစ်သည်။ ဆန္ဒပြပွဲများကို စစ်တပ် နှင့် ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများလည်း ရှိသည်။

•           ရန်ကုန်တိုင်း သုသာန်များတွင် မီးသဂြိုလ်ပေးရမှု ပုံမှန်ထက် အဆများစွာပိုလာသည်။

•           ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုရန်နှင့် ၎င်းကို စွဲဆိုထားသည့် အမှုများအတွက် တရားရင်ဆိုင်ရန် မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးရေး မြန်မာစစ်ကောင်စီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနကို တောင်းဆိုသည်။ 

 

ဇူလိုင် (၁၄) ရက် ၊၂၀၂၁

 

•           မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည် ဖော်ဆာင်ရေးနှင့် မတရား ဖမ်းဆီးခံရသူများ အားလုံး ပြန်လည်လွတ်မြောက်ရေးတွင် အာဆီယံဘက်က လက်တွဲ၍ အရေးယူ ဆောင်ရွက်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများကို တိုက်တွန်းသည်။

•           မန္တလေးတိုင်းတွင် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူအချို့ အသတ်ခံရမှုများရှိသည်။ ပစ်ခတ်မှုနှင့် ပေါက်ကွဲမှုများလည်း ရှိသည်။ 

•           ကပ်ရောဂါကာလ မြန်မာနိုင်ငံတွင်း ကြုံနေရသည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတကာ အနေဖြင့် အရေးတကြီး ကူညီဆောင်ရွက်ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းသည်။

•           ကိုဗစ်ရောဂါကြောင့် သေဆုံးမှုများလာသည့် ရန်ကုန်တွင် သေဆုံးသူများရုပ်အလောင်းများကို သက်ဆိုင်ရာ မြို့နယ်အလိုက် သုသာန်ခွဲ၍ သဂြိုလ်ရန် စီစဉ်ညွှန်ကြားမှုများရှိလာသည်။

 

ဇူလိုင် (၁၅) ရက် ၊၂၀၂၁

 

•           စစ်အာဏာသိမ်းမှု ငါးလခွဲကျော်ကြာသည်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ရပ်တန့် မသွားဘဲ ဆက်ရှိနေသည်။ မုံရွာတွင် အမျိုးသမီးများ ဦးဆောင်သည့် အင်အားတစ်ရာဝန်းကျင်ခန့် ကြွေးကြော်သံများ အော်ဟစ်ကာ ချီတက်ဆန္ဒပြခဲ့သည်။

•           ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း ICU တွင် ကုသမှု ခံယူနေရကြောင်း ၎င်းရှေ့နေများက ထုတ်ဖော်ပြောကြားသည်။

•           မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အကျပ်အတည်း ပိုမိုဆိုးရွားစေနိုင်သည့် အခြေအနေများကို၊ အရေးပေါ် ကိုင်တွယ်ဖြေရှင်းကြရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းသည်။

•           စစ်ကိုင်းတိုင်းကလေးမြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး PDF အကြားတိုက်ပွဲများ ဖြစ်ပွားနေသည်။

•           ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်မားလာမှုကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှု စတင် ရပ်ဆိုင်းသည်။ 

•           အကျဉ်းထောင်များအတွင်း ထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် ကိုဗစ်-၁၉ ရောဂါဖြင့် ထိခိုက်သေဆုံးစေရန် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိလုပ်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပြောဆိုသည်။


ဇူလိုင် (၁၆) ရက် ၊၂၀၂၁

 

•           မြန်မာ့နိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာကလေးငယ် မျိုးဆက်တခုလုံး ထိခိုက်ပျက်စီး သွားစေနိုင်ကြောင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီ (CRC) က သတိပေးလိုက်သည်။

•           စစ်ကိုင်းတိုင်း၊မင်းကင်းနယ်ဘက်က ကျေးရွာများတွင် စစ်တပ်က ဖမ်းဆီးပြီး သတ်ပစ်ခဲ့၍ တပတ်အတွင်း လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

•           NLD ပါတီ သဘာပတိအဖွဲ့ဝင် တဦးဖြစ်သူဦးဝင်းထိန်ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲချက်တင်ရန် တရားရုံးက ဆုံးဖြတ်လိုက်သည်။

•           မြန်မာနိုင်ငံတွင် ကြီးမားသည့် ကိုဗစ် တတိယလှိုင်းကိုကြုံနေရပြီး အရေးပေါ်အကူအညီများ အရေးတကြီးလိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M က ထုတ်ပြန်သည်။

•           မန္တလေးမြို့ရှိ နာမည်ကြီး ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာသက်ဌေးကိုလည်း စစ်ကောင်စီက ဇူလိုင်လ ၁၆ ရက်နေ့က ရိုက်နှက်ပြီး ဖမ်းဆီးသွားကြောင်း Medical Family – Mandalay Facebook Page တွင် ဖော်ပြသည်။

•           ဗြိတိန်အစိုးရအနေဖြင့် NUG အမျိုးသားညီညွှတ်ရေးအစိုးရကို အသိအမှတ်ပြုရန်နှင့် မြန်မာ စစ်ကောင်စီကို တရားဝင်သလိုမဖြစ်စေရန် ယူကေလွှတ်တော်က တောင်းဆိုသည်။ 

•           မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ ပြည်တွင်းတွင် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူက ၂၂၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq ကပြောသည်။

•           အာဏာသိမ်း စစ်ကောင်စီ၏ ကျန်းမာရေးစနစ်အောက် ပြည်သူအများအပြား သေဆုံးနေပြီး ရန်ကုန်မြို့ သုသာန်များတွင် အလောင်းများ ပုံနေကြောင်း ပရဟိတ အဖွဲ့အစည်းများက ထုတ်ဖော်ပြောကြားသည်။

 

ဇူလိုင် (၁၇) ရက် ၊၂၀၂၁

 

•           စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်အဖြစ် မလိုအပ်ပါက အပြင်မထွက်ရန် ကြေညာထားသည့် ကိုးရက်တာကာလ ပထမနေ့ဖြစ်သော်လည်း ဒေသအချို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်တိုက် ရှိနေသည်။

•           စစ်ကိုင်းတိုင်းကလေးမြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး PDF အကြား တိုက်ပွဲများကြောင့် ကျေးရွာများမှ ရွာသားထောင်ချီ စစ်ဘေးတိမ်းရှောင်သည်။

•           မန္တလေးမြို့တွင် စစ်ကောင်စီက ထိန်းချုပ်ထားသည့် လျှပ်စစ်ဓါတ်အားပေးဌာနရုံး တရုံး တွင် လက်လုပ်ဗုံး တလုံး ပေါက်ကွဲ၍ အနည်းဆုံး လူခုနစ်ဦး ဒဏ်ရာရသည်။

•           မြန်မာနိုင်ငံကစစ်အာဏာသိမ်းမှုကို ကမ္ဘာ့နိုင်ငံအချို့တွင် ပြည်ပရောက်မြန်မာများက ဆက်လက် ဆန့်ကျင်နေရာ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့တွင် ဆန္ဒပြသည်။ 

 

ဇူလိုင် (၁၈) ရက် ၊၂၀၂၁

 

•           ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့ကြီးများတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့်ပစ်ခတ်ဗုံး ဖောက်ခွဲမှုများ ဆက်ရှိနေဆဲဖြစ်သည်။ 

•           ဧပြီလ ၂၄ ရက်နေ့မှစ၍ စစ်ကောင်စီနှင့် CDF-Mindat တို့အကြားတွင် အကြိမ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကား ၆ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး တပ်သား ၂၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့ကြောင်းနှင့် ၎င်းတို့ဘက်က ၂၄ ဦး သေဆုံးခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်သည်။

•           ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဆိုးရွားလာသဖြင့် ရန်ကုန်မြို့ရှိ အိမ်များတွင် အဝါရောင်အလံလွှင့်ထူသည့် လှုပ်ရှားမှုတစ်ခုကို ပြည်သူများက စတင်ပြုလုပ်နေကြသည်။

•           စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုရဲမှူးသန်းစိုးတို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဇူလိုင် ၁၈ ရက် ညပိုင်းမှာ ဖမ်းဆီးသွားသည်။

•           ကိုဗစ်ကူးစပ်ခံရသူများအတွက် ကိုယ်ခံအားကောင်းစေသည်ဆိုသည့် ကောလဟာလကြောင့် ဈေးကွက် အတွင်း ကြက်ဥဈေးများ အဆမတန်မြှင့်တက်နေသည်။ တပ်မတော်အနေဖြင့် ကြက်မွေးမြူရေးလုပ်ငန်းများကို လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ကတည်းက စတင်ပြုလုပ်ခဲ့သဖြင့် ကြက်ဥဈေးနှုန်းမြင့်တက်ခြင်းအတွက် စိုးရိမ်ရန် မလိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသည်။

 

ဇူလိုင် (၁၉) ရက် ၊၂၀၂၁

 

•           ၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင်ကျင်းပရာ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်အချို့နှင့် စစ်ကောင်စီတာဝန်ရှိသူအချို့သာ တက်ရောက်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဇာနည်ကြီးများ၏ မိသားစုဝင် အချို့တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။ နိုင်ငံတကာသံတမန်များလည်း တက်ရောက်မှုမရှိပေ။ 

•           ၇၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်နဲ့ မြို့ကြီးတချို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။  

•           ရန်ကုန်ရှိနိုင်ငံတကာသံရုံးများက ယနေ့ကျရောက်တဲ့အာဇာနည်နေ့တွင် နိုင်ငံအတွက် အသက်စွန့်သွား ခဲ့သည့် အာဇာနည်များကိုဂုဏ်ပြုကြောင်း ဖေ့ဘုတ်စာမျက်နှာများကတဆင့် ကြေညာချက်  ထုတ်ပြန်သည်။

•           ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးပုဂ္ဂိုလ် Sean Turnell ၏ ဇနီးသည်က ၎င်း၏ခင်ပွန်းကို ပြန်လွှတ်ပေးရန် ပန်ကြားသည်။

•           စစ်ဘေးရှောင်များအတွက် အစားအစာမဟုတ်သည့် ကူညီထောက်ပံ့မှုများသယ်ဆောင်ထားသော UNHCR ယာဉ်တန်းသည် ဇူလိုင်လ ၁၉ ရက်နေ့တွင် မင်းတပ်မြို့သို့ရောက်ရှိကြောင်း UNHCR က ဖော်ပြထားသည်။

•           ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ပြင်းထန်နေချိန် လူနာများကို အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့် ရှောက်မှုပေးနေသည့် မြောက်ဒဂုံ ကိုဗစ်ရောဂါကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုအဖွဲ့ က ဆရာဝန် ၅ ဦး ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးခံရသည်။

•           မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်ရန်ကုလသမဂ္ဂကဆိုင်ရာ လွတ်လပ်သည့် လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားသည်။

 

ဇူလိုင် (၂၀) ရက် ၊၂၀၂၁

 

•           အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သည့် ဝါရင့် နိုင်ငံရေးသမား ဦးဉာဏ်ဝင်းသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သည်။ 

•           ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အခြေစိုက် သံလွင်သွေးချင်းဌာနမှ အယ်တီတာချုပ်နှင့် သတင်းထောက်နှစ်ဦး စစ်ကောင်စီ၏ ဖမ်းဆီးခံရသည်။

•           ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က သယ်ဆောင်လာသော အထောက် အပံ့ပစ္စည်းများအား စစ်ကောင်စီက မင်းတပ်မြို့ပေါ် ရှိစစ်ရှောင်စခန်းများအတွက်သာ ခွင့်ပြုမည်ဖြစ်ပြီး ကျေးရွာနှင့် တောတွင်းရှိစစ်ဘေးရှောင်များအတွက် ပို့ဆောင်ခွင့်မပြုကြောင်း စစ်ကောင်စီ၏ ပြောကြားချက် အပေါ် ကိုးကား၍  ဖော်ပြသည်။

 

ဇူလိုင် (၂၁) ရက် ၊၂၀၂၁

•           မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလနောက်ပိုင်း လူ ၆၅ ယောက်ကို သေဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်သည်။

•           ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ဒေသခံကာကွယ်ရေးCDFအဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့အကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးရာမှာ သဘောတူညီချက်မရ၍ နှစ်ဖက်တပ်ဖွဲ့ အကြား တိုက်ပွဲတဖန် စတင်ဖြစ်ပွားသည်။

•           ကိုဗစ်-၁၉ရောဂါတတိယလှိုင်းအတွင်း သေဆုံးမှု တရှိန်ထိုးမြင့်တက်လာနေ သည့်ရန်ကုန်မြို့ တွင် စစ်ကောင်စီ၏ ဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းနှင့် မြေပြင်အခြေအနေများစွာကွာဟမှု ရှိသည်။ 

•           ဖမ်းဆီးခံရစဉ် ကိုဗစ်-၁၉ကူးစက်ခံရပြီး ဇူလိုင်လ ၂၀ ရက်နေ့က သေဆုံးသွားသော NLD ဗဟို အလုပ်အမှုဆောင်ဦးဉာဏ်ဝင်းအတွက် CRPH က ဝမ်းနည်းကြောင်းသဝဏ်လွှာကို ထုတ်ပြန်သည်။ စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပျက်ကွက်နေကြောင်း ပျက်ကွက်မှုအတွက် တာဝန်အပြည့်ယူရမည်ဖြစ်ကြောင်းလည်း သတိ ပေးသည်။

•           မန္တလေးတိုင်း မြင်းခြံမြို့စက်မှုဇုန်တွင် စစ်ကောင်စီနှင့်ပူးပေါင်းမှုမရှိဟုစွပ်စွဲပြီး ပြည်သူများအား အောက်ဆီဂျင်ဖြည့်ပေးနေသော ကားဝပ်ရှော့ပိုင်ရှင်အပါအဝင် လူငါးဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။

•           ‌စစ်အာဏာသိမ်းပြီးနောက် လူမှုရေးနှင့် စီးပွားရေမတည်ငြိမ်မှုများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ဩစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ဒေါ်လာသန်း ၃၀၀ တန် ဘော်တွင်းသတ္တုတူးဖော်ရေးစီမံကိန်းမှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်ကိုကိုးကား၍ ပြည်တွင်း မီဒီယာများကဖော်ပြသည်။

•           ကိုဗစ်-၁၉ရောဂါ ကြောင့် မူးယစ်ဆေးဝါးအမှုအချို့နှင့် ပြည့်တန်ဆာအမှုများအပါအဝင် ဖေဖော် ဝါရီ ၁ ရက်နေ့မတိုင်ခင်က တရားရုံးတွင် စွဲဆိုထားသောအမှုအချို့ကို ပိတ်သိမ်းလိုက်ပြီးတရား ခံများအား အချုပ်မှ လွှတ်ပေးရန်စီစဉ်နေကြောင်း စစ်ကောင်စီက ကြေညာသည်။

 

ဇူလိုင် (၂၂) ရက် ၊၂၀၂၁

 

•           ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ညဘက်အိမ်ပြန်လာသည့် လူငယ်တစ်ဦးကို စစ်တပ်ကလိုက်လံ ပစ်ခတ်ကာ အိမ်ကို မီးရှို့သည်။ မီးရှို့မှုကြောင့် လူငယ်သေဆုံးကာ ဖခင်ဖြစ်သူ မီးလောင် ဒဏ်ရာများ ရရှိသည်။ 

•           မြန်မာနိုင်ငံက လူ့အခွင့်အရေးနှင့် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်သင်းသင်းအောင် အပါအဝင် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို ချက်ခြင်း ပြန်လွှတ်ပေးရန် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ကြီးက တောင်းဆိုသည်။


ဇူလိုင် (၂၃) ရက် ၊၂၀၂၁

 

•           ရန်ကုန်ရှိ၊ အင်းစိန်ထောင်အတွင်းတွင် အကျဉ်းသားအခွင့်အရေးရရှိရန် တောင်းဆိုသည့် ကြွေးကြော်ဆန္ဒ ပြပွဲဖြစ်ပွားသည်။ အကျဉ်းထောင်အတွင်း ကိုဗစ်ကူးစက်မှုစိုးရိမ်ရသည့် အခြေအနေနှင့် မတရားဖမ်းဆီး ခံထားရသူများ ပြန်လွှတ်ရေးအတွက် အကျဉ်းသားများက ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်းဆန္ဒပြသည်ကို ကိုယ်တိုင်သိရှိခဲ့သည့် ရှေ့နေများက ပြောသည်။

•           ရွှေဘိုမြို့ မြန်မာ့ရှေ့ဆောင်ဘဏ် အနီးတွင် ပေါက်ကွဲမှုဖြစ်သည်။

•           ရန်ကုန် အင်းစိန်ထောင်အတွင်း ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားနေသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး အကျဉ်းသားများက ဆန္ဒပြတောင်းဆိုနေကြသည်ကို လေးစားလိုက်နာပေးရန် မြန်မာ စစ်ကောင်စီကို အနောက်နိုင်ငံ သံရုံးများက တိုက်တွန်းလိုက်သည်။ 

•           ဖမ်းဆီးခံထားရသည့် အမေရိကန်သတင်းထောက်ကို ပြန်လွှတ်ပေးရန် စစ်ကောင်စီကို အမေရိကန်က ထပ်မံတောင်းဆိုသည်။

•           NUG အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် နယူးဇီလန်အစိုးရက အသိအမှတ်ပြုနိုင်ရေးအတွက် လက်မှတ် ၁ သိန်း စုဆောင်းနေကြောင်း Democracy for Myanmar အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၉ ရက်နေ့မှစ၍ သြဂုတ်လ ၉ရက်နေ့အထိ နယူးဇီလန်ပါလီမန် အင်တာနက်စာမျက်နှာတွင် https://www.parliament.nz/.../petition-of-democracy-for... ပါဝင်လက်မှတ်ရေးထိုးနိုင်ကြောင်း နှိုးဆော်ထားသည်။

•           မြန်မာနိုင်ငံတွင်း လက်ရှိ ရင်ဆိုင်နေရသည့် ကိုဗစ်တတိယလှိုင်းကြောင့် နေ့စဉ်နှင့်အမျှ လူသေဆုံးမှု များလာနေသည့်အတွက် မြန်မာပြည်သူများလွတ်လပ်စွာ ဆေးကုသခွင့်ရရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရန်အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ အပါအဝင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အကူအညီပေးကြရန် ဆေးနဲ့ ဆေးနှီးနွယ် ကျောင်းပေါင်း (၁၆) ကျောင်းကကျောင်းသားသမဂ္ဂများက တောင်းဆိုသည်။

•           ရန်ကုန်မြို့၊ အင်းစိန်ထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ ဦးကျော်ဟိုးနှင့် ဦးဟံသာမြင့်တို့ ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လွှဲပြောင်းကုသ နေရေကြောင်း ရှေ့နေများက ထုတ်ဖော်ပြောကြားသည်။

•           စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လက်နက်ကိုင်တိုက်ပွဲဝင်ရာတွင် အရပ်ဘက်နေရာများကို တိုက်ခိုက်ခြင်း၊ အရပ်သားများအပေါ် ခြိမ်းခြောက်ခြင်း မပြုလုပ်ရန် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

•           ဆေးရုံများတွင် ဆရာဝန်များမလောက်ငှမှုများဖြစ်ပေါ်လျက်ရှိရာ CDM ဆရာဝန်များ ဆေးရုံသို့ပြန်လာ ကြရန် စစ်ကောင်စီခေါင်းဆောင်က နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးပွဲတွင် ပြောသည်။

 

ဇူလိုင် (၂၄) ရက် ၊၂၀၂၁

 

•           COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ရန်အတွက်ဆိုကာ ဇူလိုင်လ ၁၇ ရက် မှ သြဂုတ်လ ၁ ရက်အထိ မလိုအပ်ဘဲ အပြင်မထွက်ရန် နှင့် မလိုက်နာပါက အရေးယူမည်ဟု စစ်ကောင်စီက ကြေညာထားသည့် ကြားတွင်ပင် နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ ဆက်ရှိနေသည်။မန္တလေး နှင့် မုံရွာတွင်လည်း နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒပြချီ တက်ပွဲများ ပြုလုပ်နေသလို ရန်ကုန် နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း ကြွေးကြော်ဆန္ဒပြပွဲများ ဆက်တိုက်ပြုလုပ်နေသည်။

•           စစ်တပ်အာဏာသိမ်းယူထားချိန် ဖြစ်ပွားနေသည့် ကိုဗစ် တတိယလှိုင်းအတွင်း သေဆုံးမှု တရှိန်ထိုးမြင့်တက်နေပြီး သေဆုံးသူအရေအတွက်သည် ရှေ့တွင်ဖြစ်ပွားခဲ့သည့် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် သေဆုံးခဲ့သူ အရေအတွက်ထက် ကျော်လွန်လာပြီဖြစ်သည်။

•           မကွေးတိုင်းအတွင်းရှိ မြို့နယ် ၁၃ ခုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား စုပေါင်းပြီး မကွေးတိုင်း ဒေသကြီးတပ်မတော် (MDA) အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

•           ကိုဗစ်-၁၀ရောဂါတုံ့ပြန်ရေးအတွက် အရေးပေါ်ရံပုံငွေ ယူရို ၂ သန်းအား မြန်မာပြည်အတွက် ဥရောပသမဂ္ဂက ပေးအပ်လိုက်ကြောင်းနှင့် အဆိုပါအထောက်အပံ့များအား UN နှင့် Red Cross ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများမှတစ်ဆင့် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်သည်။

 

ဇူလိုင် (၂၅) ရက် ၊၂၀၂၁

 

•           ချင်းပြည်နယ် မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ဒေသခံကာကွယ်ရေး အဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်။ ဇူလိုင်လ ၂၄ ရက်နေ့က ချင်းပြည်နယ်ရှိ မင်းတပ်-မတူပီလမ်းပိုင်းတွင် CDF (Matupi) နှင့် စစ်ကောင်စီတပ်တို့ ပထမဦးဆုံးအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ဘက်က တစ်ဦးကျဆုံးကြောင်း Chinland Defense Force Matupi က ထုတ်ပြန်သည်။

•           တမူးမြို့အနီး တမူးမြို့လုံခြုံရေးအဖွဲ့ (TSG) နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်က ပျူစောထီးလက်နက်ကိုင်တဦးနှင့် မဏီပူကသည်းတဦး အပါအဝင် စုစုပေါင်း (၉) ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Tamu Security Group က ကြေညာချက်ထုတ်ပြန်သည်။

•           မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် အပြင်မထွက်ရသတ်မှတ်ချိန်တွင် ကျန်းမာရေးကိစ္စကြောင့် အပြင်ထွက်သူများအား စစ်ကောင်စီတပ်များက ရိုက်နှက်ကြောင်း ဒေသခံအချို့က ထုတ်ဖော်ပြောကြားသည်။ စစ်ကောင်စီက ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွက် ရ အမိန့်ထုတ်ပြန်ထားဆဲဖြစ်သည်။ 

 

ဇူလိုင် (၂၆) ရက် ၊၂၀၂၁

 

•           မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်ကဖြိုခွင်းသည့် လုပ်ရပ်မှာ လက်ခံနိုင်စရာမရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ထုတ်ဖော် ပြောကြားသည်။

•           မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက် လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်သည့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်မှုအပေါ် NLD ပါတီအပါအဝင် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် နေရာအများအပြား အနိုင်ရရှိခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင် အမျိုးသားပါတီတို့က အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။

•           စစ်ကောင်စီတပ်များနှင့် ဒေသခံ PDF တို့ ကနီနယ် ဇီပင်ကွင်းနဲ့ ညောင်ပင်သာ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များကလက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း ကြောင့် ဒေသခံ PDF များဘက်က နောက်ဆုတ်ပေးခဲ့ပြီး PDF တွေဘက်က ဒဏ်ရာရ ဖမ်းဆီးခံရသည် များရှိသည်။

•           အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ ကိုးဦးရှိပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံသတင်းစာက ထုတ်ပြန်သည်။

 

ဇူလိုင် (၂၇) ရက် ၊၂၀၂၁

 

•           နေ့စဉ်လိုလိုထွက်နေသည့် မန္တလေးက မြတောင်သပိတ်အဖွဲ့သည် သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခံရ၍ ထိခိုက်ဒဏ်ရာရသူများရှိသည်။ စစ်အာဏာသိမ်းပြီး ခြောက်လပြည့်ခါနီး အချိန်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲများက နိုင်ငံတဝန်း ဆက်ရှိနေဆဲဖြစ်သည်။

•           စစ်တပ်က ပစ်ခတ် ဖြိုခွဲခြင်းကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကနေ ဇူလိုင်လ ၂၇ ရက်နေ့အထိ သေဆုံးရသူပေါင်း ၉၃၄ ယောက်ရှိပြီဖြစ်ပြီး ခုချိန်ထိ ဖမ်းဆီးခံထားရသူပေါင်းက ၅၄၀၀ နီးပါးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်သည်။

•           သံတွဲ၊ရမ်းဗြဲအပါအဝင် ရခိုင်ဒေသ မြို့နယ်အချို့တွင် ရေကြီးမှု အကြီးအကျယ် ကြုံတွေ့သည်။   

•           မွန်ပြည်နယ် သထုံမြို့နယ်တွင် ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည်ဆိုသော ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုအား ဖောက်ခွဲဖျက်ဆီးခံရသည်။

•           မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က Fever Clinic များအား ဦးဆောင်တည် ထောင်ခဲ့သူ ပါမောက္ခ ဒေါက်တာမာမာကြည်သည် ဇူလိုင်လ ၂၇ ရက်နေ့က ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

•           စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထဲသို့ဝင်ရောက်မည့် တပ်သားသစ်များရှားပါးလာခြင်းကြောင့် အခြေခံ မူလတန်း ၄ တန်း အောင်လျှင် တပ်မတော်သို့ ဝင်ခွင့်ပြုရန် ညွှန်ကြားထားကြောင်း စစ်သားစုဆောင်းရေး လုပ်နေသော စစ်မှုထမ်းဟောင်းတဦးက ထုတ်ဖော်ပြောကြား သည်။ 

•           ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် နှစ်ရက်အတွင်း တိုက်ပွဲငယ် (၉) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ခွဲမှူးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၅ က ထုတ်ပြန်သည်။

 

ဇူလိုင် (၂၈) ရက် ၊၂၀၂၁

 

•           မင်းကင်းမြို့နယ် တောင်ဖြူရာတွင် PDF အဖွဲ့ဝင် ငါးဆယ်ကျော်ဖမ်းဆီးခံရသည်။ ၎င်းတို့သည် တောင်ဖြူရွာသားများ၏ လှည့်ဖျားမှုကိုခံရပြီး ထောင်ချောက်ဆင် ဖမ်းခံရခြင်းဖြစ်ကြောင်း တောင်ဖြူရွာအတွင်းသို့ မဝင်ခဲ့သော PDF ၁၂ ဦးမှာလွတ်မြောက်ခဲ့ကြောင်း PDF အဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ပြောကြားသည်။ 

•           မကွေးနှင့် ယောနယ်တွင် စစ်ကောင်စီ နှင့် PDF တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားသည်။

•           ရန်ကုန်၊ သင်္ဃန်းကျွန်းတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တကသ သပိတ်စစ်ကြောင်း ထွက်ပြီး တက္ကသိုလ်ကျောင်းသားလူငယ်များ ကြွေးကြော်ဆန္ဒပြသည်။ မန္တလေးမြို့မှ လွန်ခဲ့သည့် ဖြိုခွင်းခံခဲ့ရသည့် မြတောင်သပိတ်စစ်ကြောင်းမှာလည်း ဆန္ဒပြ မပျက်ပေ။ နေ့စဉ်လို ဆန္ဒပြပွဲများရှိနေသည့် မကွေးတိုင်း၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင်လည်း စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ မြိုင်မြို့နယ်၊ မုံရွာမြို့နယ်၊ မန္တလေး၊ ထားဝယ်နှင့်လောင်းလုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖားကန့်မြို့တို့သည် ဆန္ဒပြမှုများကို ဆက်တိုက်အရှိန်အဟုန်မြင့်ဆောင်ရွက်နေသည့် မြို့များလည်းဖြစ်သည်။

•           အိန္ဒိယ နိုင်ငံအတွင်း ခိုလုံခွင့်တောင်းခံထားသည့် ထိန်းသိမ်းခံမြန်မာများအားလုံးကို ချက်ချင်း ပြန်လွှတ် ပေးရန် လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် HRC က အိန္ဒိယ အစိုးရကို တောင်းဆို သည်။

•           လွတ်လပ်သည့် သတင်းပညာရပ်အပေါ် ရာဇဝတ်မှုသဖွယ် မြန်မာအာဏာသိမ်းစစ်ကောင်စီက သဘောထားပြီး ရန်ပြုနေသည်ဟု သတင်းသများများကိုအကာအကွယ်ပြုရေး ကော်မတီ CPJ အဖွဲ့က အစီရင်ခံစာထုတ်ပြန်သည်။

•           ကိုဗစ်ကူးစပ်မှုဆိုင်ရာအသုံးစရိတ်များအတွက် ဘဏ်များတွင် ငွေထုတ်ယူခွင့်ကန့်သတ်ထားမှုများအား ဖြေလျော့ပေးရန် ဗဟိုဘဏ်က ဘဏ်များအားလုံးကို ညွှန်ကြားသည်။


ဇူလိုင် (၂၉) ရက် ၊၂၀၂၁

 

•           KIA တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း ၃ အဖွဲ့က ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းအား သွားရောက်တိုက်ခိုက်ရာစစ်ကောင်စီဖက်က ၂ ဦးသေဆုံးပြီး ထိခိုက်သူများပြား သည်။

•           ကိုဗစ်-၁၉ စပ်မှုကြောင့် သေဆုံးနှုန်းမြင့်မားနေသော ရန်ကုန်မြို့ရှိတွင် စစ်ကောင်စီက အောက်စီဂျင် စက်ရုံများအား အများပြည်သူထံရောင်းချခြင်း မပြုရန်နှင့် ပြည်သူများအနေဖြင့် အောက်စီဂျင်အလိုရှိပါက ၎င်းတို့ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာရယူ ရမည်ဟု ကြေညာထားသည်။ 

•           ဖမ်းဆီးခံထားရတဲ့ သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်လ်အပါအဝင် အကျဉ်းသား များအား အင်းစိန်ထောင်တွင် ဇူလိုင်လ ၂၈ ရက်နေ့က ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးခဲ့ကြောင်း ဓာတ်ပုံများကို စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြလာသည်။

•           တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများကဦးဆောင်၍ တောင်ကိုရီးအစိုးရအနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရကို တရားဝင်အသိမှတ်ပြုရန် အွန်လိုင်းမှတဆင့် ထောက်ခံလက်မှတ် ကောက်ခံနေရာ သတ်မှတ်အရည်အတွက်ဖြစ်သည့် နှစ်သိန်းထက်ကျော်လွန်သွားသည်။

 

ဇူလိုင် (၃၀) ရက် ၊၂၀၂၁

 

•           အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ပြီးခဲ့သည့် ရက်ပေါင်း ၁၀၀ အတွင်း မင်းတပ်၊ ကရင်နီ၊ ဖယ်ခုံ၊ ဖလူ၊ ကင်းမ(ပေါက်)၊ ကျုံပျော် အပါအဝင် တိုက်ပွဲဖြစ်ရာဒေသများရှိ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ကျပ် ၇၁၅ ဒသမ ၄ သန်း ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်သည်။ 

•           စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ရန်ကုန် ဆန္ဒပြပွဲတစ်ခုကို အရပ်ဝတ်နှင့် လက်နက်ကိုင် များက ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် ဆန္ဒပြသူတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရပြီး သုံးယောက်ထက်မနည်း အဖမ်းဆီးခံရသည်။

•           ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်သံများသည် လူထုနေထိုင် သည့် နေရာများအထိ ပြန့်နှံ့လာသည်။

•           မြန်မာ့စာပေလောကတွင် ထင်ရှားသည့် စာရေးဆရာကြီး မင်းယုဝေသည် Covid-19 ရောဂါဖြင့် ကွယ်လွန် သည်။

•           ကချင်ပြည်နယ်မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရသဖြင့်တပ်သား ၈ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရသည်။

 

ဇူလိုင် (၃၁) ရက် ၊၂၀၂၁

 

•           ကမ္ဘာပေါ်တွင် ငတ်မွတ်ခေါင်းပါးမှုဒဏ် ဆိုးဆိုးရွားရွားကြုံရမယ့်နိုင်ငံ ၂၃ နိုင်ငံထဲတွင် မြန်မာ နိုင်ငံကိုလည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက ထည့်သွင်းလိုက်သည်။

•           ဝါရင့်နိုင်ငံရေးသမားဖြစ်သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ပူကျင့်ရှင်းထန် ကွယ်လွန်သည်။

•           မန္တလေးမြို့ရှိ မြတောင်သပိတ်တွင် ပါဝင်သောသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များကလိုက်လံ ဖမ်းဆီးစဉ် သေနတ်ဖြင့်အပစ်ခံရသူ စိုင်းရဲရင့်သည် သေနတ်ဒဏ်ရာဖြင့် ဇူလိုင်လ ၃၁ ရက်နေ့က ကျဆုံးသည်။

•           လွိုင်ကော်မြို့အနီးတွင် ကရင်နီတပ်မတော် (KNA) ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည်။

•           စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် စစ်ကောင်စီခန့်ထားသော အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ဇူလိုင် ၃၁ ရက် မနက် ၁၁ နာရီလောက်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသည်။  

Download PDF