• +95 (0)9 425 705 270
  • info@cdes.org.mm

Briefing Papers

  • Home/
  • Briefing Papers

 စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု မှတ်တမ်း

 စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု နှင့် ရက်စွဲအလိုက်ဖြစ်စဉ်များ

(အောက်ပါအချက်အလက်များသည် သတင်းမီဒီယာအချို့၏ ရေးသားဖော်ပြချက်များကို ကိုးကားပြုစုထားခြင်းဖြစ်ပါသည်။)

 

မြန်မာနိုင်ငံတွင် စစ်တပ်က အကြမ်းဖက်အာဏာသိမ်းမှု ခုနစ်လကျော်ရှိလာပြီဖြစ်သော်လည်း ပြည်သူလူထု များစွာက လူထုတင်မြှောက်သည့် အစိုးရကိုသာ လက်ခံကြောင်း နည်းမျိုးစုံဖြင့်ဆန္ဒထုတ်ဖော် နေဆဲဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ရေဒီယိုထုတ်လွှင့်မှု၊ အောင်လံလွှင့်ချီနွေဦးထီ ရောင်းချမှုတို့သည် ပြည်သူကြားများစွာ ရေပန်းစားခဲ့ပြီးတခဲနက် ထောက်ခံအားပေးမှုများကို ရရှိခဲ့သည်။ သြဂုတ်လတွင် ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကို ဒေသအသီးသီးတွင် အဆိုးရွားဆုံးကြုံတွေ့ခဲ့ကြရသော်လည်း တဘက်တွင် အာဏာရှင် ဆန့်ကျင်ရေးအတွက်နည်းမျိုးစုံဖြင့်ဆန္ဒထုတ်ဖော်မှုများလည်း ရှိနေသည်။ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံတဝန်းအခြေအနေများကို ဖတ်ရှုနိုင်ရန် ယခုစာတမ်းတွင် မှတ်တမ်းထားရှိပါသည်။

 

သြဂုတ်လ (၁) ရက်၊ ၂၀၂၁

 

-           ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၀၀၂၀ ဦးကို စစ်ဆေးခဲ့ရာ ရောဂါပိုးကူးစက်သူ ၃၄၈၀ ဦးကို တွေ့ရှိရကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

-           စစ်ကောင်စီက ဖွဲ့စည်းထားသည့် စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်း လိုက်ကြောင်း စစ်တပ်ကအာဏာသိမ်းခြင်း ခြောက်လပြည့်သည့် ယနေ့တွင်ထုတ်ပြန်သည်။ အာဏာသိမ်း စစ်ခေါင်းဆောင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူလာသည်။

-           ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ရန်ဟုဆိုကာ ရှစ်ရက်ကြာ ရုံးပိတ်ရက်ရှည်ထပ်တိုးသည်။

-           မြန်မာနိုင်ငံတွင် ကျန်းမာရေးအသိပညာလုပ်ငန်းများနှင့် ဝန်ဆောင်မှုများအတွက် ထင်ရှားသည့် ဆေးပညာရှင် ဒေါက်တာမြင့်ဦးကွယ်လွန်သည်။

-           ရန်ကုန်မြို့ ၊လှိုင်သာယာ နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပေါက်ကွဲမှုဖြစ်သည်။

-           ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပိတ်မိနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများ နေရပ်ပြန်ခွင့် ပြန်လည်ရရှိသည်။ မြန်မာပြည်ကို ပြန်မည့် ရွှေ့ပြောင်းလုပ်သားများကို တစ်လကျော်ကြာ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

-           ကနီမြို့ပေါ်တွင် စစ်တပ်က ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာပြည်သူတစ်ဦးကျဆုံးသည်။

-           မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် ဗဟင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်းမြိုင် PDF ခေါင်းဆောင်တစ်ဦး ကျဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က DVB သတင်းဌာန ကိုပြောသည်။

-           စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးများ အစုလိုက် အပြုံလိုက်စံချိန်တင်နှုတ်ထွက်ကြသည်။

-           ကချင်ပြည်နယ် မိုးမောက်မြို့တွင် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရသည်။

-           စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ရဲတစ်ဦးပစ်သတ်ခံရသည်။

-           နေပြည်တော်၊ ပျဉ်းမနား ဆိုင်ကယ်သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် လူငယ်သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ်များတွင် လိုက်လံဖမ်းဆီးကြောင်းပျဉ်းမနားမြို့ခံတို့၏ ပြောကြားချက်ကို RFA က ရေးသားသည်။

-           ချင်းပြည်နယ်၊ဟားခါးမြို့နယ် ဆူရ်ခွာမြို့က ဖမ်းဆီးထားသည့် ကက်သလစ်ဘုန်းတော်ကြီးတပါး နှင့် ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးကို ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဟားခါး CDF အဖွဲ့က ကြေညာသည်။ဘုန်းတော်ကြီးများကို ဂိုဏ်းဃနကြောင့်ဖမ်းဆီးခြင်းမဟုတ်ဘဲ ဘာသာရေးမှိုင်းတိုက်ကာ တဖက်သတ်မဟုတ်မမှန်သတင်းဖြန့်ဝေခြင်းများ မလုပ်ကြရန် ကြေညာချက်တွင် တိုက်တွန်းထားသည်။

 

 သြဂုတ်လ (၂) ရက်၊ ၂၀၂၁

 -          စစ်ကောင်စီ၏ အိမ်စောင့်အစိုးရကို မတရားအသင်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာသည်။

-           ကယားပြည်နယ်၊ ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီမော့ဆို့ နှင့် ဖားဆောင်းမြို့နယ်များအတွင်း စစ်အင်အား တိုးချဲ့နေသော အကြမ်းဖက်စစ်ကောင်စီတပ်များကိုကရင်နီတပ်မတော် KA နှင့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF များအနေဖြင့် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်သွားမည်ဟု KNDF ကထုတ်ပြန်သည်။

-           ပင်းတယ မီးအိမ်ရှင်ဟု လူသိများသည့် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို ပုသိမ်ထောင်က ပြန်လည်လွတ်မြောက်လာသည်။

-           ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်နေသည့်စစ်အုပ်စုကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မည် ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်သည်။ အကြမ်းဖက်အုပ်စု၏ ထိုးစစ်ဆင်မှုများနှင့် ရည်ရွယ်ချက်ရှိရှိ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားစေမှုများအပေါ်လည်း ကန့်ကွက်ရှုတ်ချ ကြောင်း ဖော်ပြသည်။

-           နိုင်ငံရေးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ဆရာဝန်နှင့်ဌာနဆိုင်ရာဝန်ထမ်းများထဲက အချို့ပြန်လည်လွတ်မြောက်သည်။

-           ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၂၃၉၄ဦးကိုစစ်ဆေးရာ ရောဂါပိုးကူးစက်သူ ၃၆၈၉ ဦးတွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

-           မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခကို ကြားဝင်ဆောင်ရွက်ပေးရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း-အာဆီယံက ခန့်အပ်မည့် အထူးသံတမန်ကိုမြန်မာအနေဖြင့် လက်ခံရန် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Ratno Marsudi က တိုက်တွန်းသည်။

-           နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့၏ ယနေ့ရုံးချိန်းများကိုစစ်ကောင်စီက နောက်တပတ် သို့ ထပ်မံရက်ရွှေ့ဆိုင်းသည်။

-           အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် မကြာမီပြုလုပ်မည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် အခြားဝန်ကြီးအဆင့် အစည်းအဝေးများအတွင်း မြန်မာနိုင်ငံအရေးကိစ္စ အပါအဝင်တောင်တရုတ်ပင်လယ်အရေး၊ ကိုဗစ်-၁၉ ရောဂါ အရေးစသည့် ကိစ္စရပ်များကိုဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က ပြောသည်။

-           မြန်မာစစ်တပ်၏ လုပ်ရပ်များက နိုင်ငံတကာက တောင်းဆိုထားသည့် ဒီမိုကရေစီစနစ်ဆီပြန်သွားရေး လမ်းကြောင်းမှ မှားယွင်းသည့် ဦးတည်ရာသို့သွားနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက မှတ်ချက်ပြုသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်ကအရေးပေါ် အခြေအနေကြေညာမှုသက်တမ်းတိုးပြီး ၂၀၂၃ခုနှစ် နှစ်လယ်ပိုင်း နောက်ဆုံးထားပြီး ရွေးကောက်ပွဲကျင်းပမည်ဆိုသည့် ထုတ်ပြန်ချက်အပေါ် ကုလသမဂ္ဂက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

-           ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တံတားညီနောင်အနီးတွင် စစ်ကောင်စီ၏ စစ်ကြောင်းကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ကြားဖြတ်တိုက်ခိုက်သည်။

-           မန္တလေးမြတောင် သပိတ်စစ်ကြောင်းကို စစ်တပ်က ဇူလိုင် ၃၁ ရက်တွင်ပစ်ခတ်ဖမ်းဆီး ဖြိုခွဲခဲ့သည့်အပေါ် ဒီမိုကရေစီလိုလားသည့် ပြည်တွင်းပြည်ပသံဃာတော်များစုပေါင်း၍ နွေဦးတော်လှန်ရေးသံဃာကွန်ရက်က ပြစ်တင်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်သည်။

-           စစ်ကိုင်းတိုင်း၊ဘုတလင်မြို့ စက်မှုလယ်ယာတိုက်တန်းတွင် ကွမ်းယာဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးနှင့် ကွမ်းယာဝယ်နေသည့် လူငယ်လေးဦးကိုစစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။

-           တက္ကသိုလ်အငြိမ့်ကနေ တဆင့် လူရွှင်တော်ဖြစ်လာသည့် ရုပ်ရှင်သရုပ်ဆောင် မေတ္တာ ကွယ်လွန်သည်။

-           မြို့ပြပျောက်ကြား (PDF) များ စုပေါင်းပြီးမြန်မာအမျိုးသားကာကွယ်ရေးတပ်မတော် (MNDF) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

 

သြဂုတ်လ (၃) ရက်၊ ၂၀၂၁

 

-           အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များ လက်နက်များကိုင်ဆိုင် ဝင်ရောက်ဖျက်စီးမှု ကြောင့် နေအိမ် ၅၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းပေါက်မြို့နယ် တောင်ပိုင်းရှီ ဝန်ခြုံးရေးရွာ ဒေသခံများက ထုတ်ဖော်ပြောကြားသည်။

-           စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် နှင့် မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို အစုအလိုက်၊ အပြုံလိုက် သတ်ဖြတ်လျက်ရှိပြီး ယင်းမြို့နယ်များတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများကို ဖြတ်တောက် ထားကြောင်းဒေသခံများက ထုတ်ဖော်ပြောကြားသည်။

-           ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင် (မူတြော်ခရိုင်) အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလူငယ်လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ဇူလိုင်လအတွင်း တိုက်ပွဲ ၁၃၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၆၅ဦးသေဆုံါ်ကာ တစ်ရာကျော် ဒဏ်ရာရကြောင်း KNU တပ်မဟာ (၅) မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

-           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ အနီးတွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး မြို့ပေါ်နေအိမ်အချို့ မီးလောင်ကာ အိမ်ခြေအချို့ လက်နက်ကြီးထိမှန်မှုများရှိခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်ကို ကိုးကား၍ BBC မီဒီယာက ဖော်ပြသည်။

-           KA၊ KDF ပူးပေါင်းတပ်နှင့်စစ်အုပ်စုတပ်တို့ ယနေ့ဖြစ်ပွားသောတိုက်ပွဲလေးကြိမ်အတွင်း စစ်အုပ်စုဘက်က ၁၁ ဦးကျဆုံးကာ၊ ၂၀ ဦးထက်မနည်းဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်သည်။

-           စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုကြောင့်သေဆုံးရသည့် အပြစ်မဲ့ ပြည်သူ တစ်ထောင်ခန့်ရှိလာပြီး ဖမ်းဆီးခံရသူ ၇၀၀၀ ကျော်လာပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နေ့စဉ်သတင်းထုတ်ပြန်ချက်တွက်ဖော်ပြသည်။

-           စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ရွာသန်းကျေးရွာတွင် ဒလန်သတင်းပေးဟု စွပ်စွဲခံရသူ သားအဖ နှစ်ဦး အသတ်ခံရကြောင်း ဒေသခံများကခေတ်သစ်မီဒီယာကို ေပြောကြားသည်။

-           မြန်မာ့ရုပ်ရှင်လောက၏ ထင်ရှားသည့် အနုပညာရှင်တစ်ဦးဖြစ်သော ဝါရင့်ဟာသ သရုပ်ဆောင် ဦးစံမတူ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်သည်။

-           မြိုင်မြို့နယ်၊ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဖိုးဌေးသည် စစ်ဆင်ရေးတစ်ခု အတွင်း အဖွဲ့ဝင်များကို ကာကွယ်ရင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ပစ်ခတ်မှုကြောင့် ကျဆုံးကြောင်း PDF အဖွဲ့ဝင်များ၏ ပြောဆိုချက်ကို ကိုးကားဖော်ပြသည်။ ၎င်းအားမြိုင်မြိုင်နယ်သားများက ဦးညွတ် အလေးပြုသည့် အခမ်းအနားကို ညပိုင်းတွင် ပြုလုပ်သည်။

-           မန္တလေးမြို့ နေရာအနှံ့အပြားတွင် စစ်ကောင်စီယူနီဖောင်းဝတ်စစ်သားများက လမ်းသွားလမ်းလာများကို နယ်ကျော်ကဒ် မပါပါက သွားခွင့်မပြုဘဲ ဒဏ်ရိုက်စစ်ဆေးမှုများ ပြုလုပ်ကြောင်းဒေသခံများက ပြောကြားသည်။

-           ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအများဆုံးဖြစ်နေသည့် ရန်ကုန်မြို့တွင် မြို့နယ်အလိုက် ရပ်ကွက်များအတွင်း အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ ကိုဗစ်ကာကွယ်ဆေးထိုးရန် စစ်ကောင်စီအုပ်ချုပ်ရေးဘက်က လိုက်လံ ဆော်သြနေကြောင်း ရန်ကုန်မြို့ခံများ၏ ပြောကြားချက်ကို ကိုးကား၍ BBC မီဒီယာက ဖော်ပြသည်။

-           အကြမ်းဖက်စစ်ကောင်စီသည် အချိန်ဆွဲဆန့်ခြင်းဖြင့် အာဏာလုယူမှုကို ခိုင်မာစေရန်ပြောင်ပြောင်တင်းတင်း ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ယူကေ နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဲဘ်က ပြောဆိုသည်။

-           ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း အမှုဖွင့်ခံရသူများအား အမှုပိတ်သိမ်းခြင်း၊ ရုတ်သိမ်းပေးနိုင်ခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသော သတင်းစာက သြဂုတ်လ ၃ ရက်နေ့က ကြေညာ ခဲ့သည်။

-           ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးနေရာကို ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆက်လက်တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း DKBA ဗဟိုဌာနချုပ်က ထုတ်ပြန်သည်။

-           ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA ၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြသည် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်သည်။

-           ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ စျေးပိုင်းရပ်ကွက်တွင်ရှိသည့်မြို့နယ်စည်ပင်ရုံးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။

-           NLD အစိုးရသက်တမ်းကာလ ချင်းပြည်နယ်လွှတ်တော်၊ ဒုဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူ ဦးတိတ်ထန်းသည် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။

-           စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်ဖြူရွာတွင် ဇူလိုင် ၂၈ ရက်က ဖမ်းဆီးခံလိုက်ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၅၃ဦးထဲက တစ်ဦးသည် ကလေးမြို့၊ စစ်ကြောရေးစခန်းတွင် ကျဆုံးကြောင်း မင်းကင်းမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်ကို RFA သတင်းဌာနက ဖော်ပြသည်။

-           မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာရှိ မော်လမြိုင်တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူ နန်းစန္ဒာဝင်းနှင့် နန်းဆုပိုင်ဖူးတို့ နှစ်ဦးကို စစ်ကောင်စီတပ်များက နေအိမ်တွင်း ဝင်ရောက်ဖမ်းဆီးကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ခေတ်သစ် မီဒီယာက ဖော်ပြသည်။

 

 

 

သြဂုတ်လ (၄) ရက်၊ ၂၀၂၁

 

-           ရခိုင်ပြည်နယ်အတွင်းရှိ မတရားမှု၊ အကြမ်းဖက်မှု၊ ခိုးမှုများအပြင် မြေယာအငြင်းပွားမှုများကို ရခိုင်အမျိုးသား အဖွဲ့ချုပ် ULA/AA ကိုတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်သည်။ တရားဥပဒေ၏ အဆုံးအဖြတ်ခံယူရမည့် မှုအခင်းများအားလုံးကို အီးမေးလ်၊ တယ်လီဂရမ် နှင့် VK အကောင့်များကတဆင့် ရခိုင်အမျိုးသားအဖွဲ့ချုပ်၏ တရားရေးဌာနကို တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

-           လက်ရှိ နယူးယောက်မြို့တွင်ရှိနေသော CDM ပြုလုပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ၎င်းအပေါ် သိသာထင်ရှားသည့် ခြိမ်းခြောက်မှုတစ်ခုရှိခဲ့ဟု သြဂုတ် ၄ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရိုက်တာက ဖော်ပြထားသည်။

-           ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်က ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေသည့် အထက (၁) ကျောင်း အတွင်း ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကိုကိုးကား၍ BBC မီဒီယာက ဖော်ပြသည်။ ရဲနှစ်ဦးထိခိုက်ကြောင်းနှင့် ကာကွယ်ဆေးထိုးသူ နည်းပါးမှုကြောင့် ပြည်သူထိခိုက်မှု မကြားသိရ ကြောင်းလည်း ထည့်သွင်းဖော်ပြသည်။

-           တောင်ဥက္ကလာ စွန႖ီဂျာမေဗလီ လူမှုကူညီရေးအသင်းက ဆန်တစ်ပြည်ကို ငွေကျပ် ၁၀၀ ဖြင့် တစ်ဦးလျှင် တစ်ပြည်နှုန်းရောင်းချပေးသည်။

-           စစ်ကောင်စီက ဖမ်းဆီးထိမ်းသိန်းထားသော ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၏ အခြေအနေကို ယနေ့အထိ သတင်းတစုံတရာ မရရှိသေးကြောင်း ပြည်နယ် NLD အဖွဲ့ချုပ် နှင့်နီးစပ်သူတစ်ဦးက Mizzima News in Burmese သတင်းဌာနကို ပြောသည်။နေအိမ်အကျယ်ချုပ်မှ ဒုတိယအကြိမ် ဖမ်းဆီးခေါ်ဆောင်သွားသော ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ မည်သည့် နေရာတွင် ထိန်းသိမ်း ထားသည်ကို မသိရှိရသေးကြောင်း ဖော်ပြသည်။

-           ပဲခူးတိုင်း ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သူ ကိုမင်းမင်းထွန်းအား ဖခင်ဖြစ်သူ၏ နာရေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုနှင့်နီးစပ်သူများက Khit Thit သို့ ပြောဆိုခဲ့သည်။

-           ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းလိုက်သည့် စစ်ကောင်စီ၏လုပ်ရပ်အား ထောက်ခံပြီး စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၈) ပါတီက ၂၀၂၁ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

-           ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများအား လွှမ်းမိုးထားနိုင်သော AA သည် တရားစီရင်ရေးကဏ္ဏ အတွက်လည်း ဥပဒေများရေးဆွဲပြီးဖြစ်သောကြောင့် တရားရေးဌာနကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း Development Media Group က ဖော်ပြထားသည်။

-           စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံထားရသော ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင် သည်လည်း ကိုဗစ်ကာကွယ်ဆေးသွားရောက်ထိုးနှံချိန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း DVB က ဖော်ပြထားသည်။

-           သူနာပြုတက္ကသိုလ် (ရန်ကုန်) က တတိယနှစ်ကျောင်းသူ မသဥ္ဇာထွန်း နှင့် ရွာသား သုံးဦးသည် သြဂုတ် (၂) ရက်ညနေပိုင်းက မကွေးတိုင်းပေါက်မြို့နယ် ကင်းမရွာမှ ကံမရွာသို့သွားသည့်လမ်းတွင် စစ်ကောင်စီများက ဖမ်းဆီးလိုက်ကြောင်း သူနာပြုတက္ကသိုလ် (ရန်ကုန်) ကျောင်းသားသမဂ္ဂအဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန် သည်။

-           ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ရှရော်ခကျေးရွာရှိ တော်လှန်ပြည်သူများက ပြည်သူထဲကပြည်သူ့အလှူ ခေါင်းစဉ်ဖြင့် စားသောက်ကုန်များကိုပစ္စည်းတမျိုး ငွေ ၁၀၀ ကျပ်ဖြင့်ရောင်းချပေးသည်။

-           စစ်ကိုင်းတိုင်း၊ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များက ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှင့် ပတ်သက်ပြီး ကုလအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအတွင်းရေးမှူးချုပ်ထံသို့ စာရေးသား ပေးပို့တိုင်ကြားလိုက်သည်။

-           တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် စစ်ပညာသင်ကြားနေသော လူငယ်များထံသို့ ကိုဗစ်ရောဂါ ကူးစက်မှုများရောက်ရှိနေပီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

-           ကိုးဗစ်တတိယလှိုင်းအတွင်း ၈ သိန်းခန့်အထိ ပေါက်စျေးရှိနေသော အောက်ဆီဂျင်အိုးများအား ၎င်းတို့က ၂ သိန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း Myanmar Muslim Aid ၏ Facebook စာမျက်နှာတွင် ဖော်ပြသည်။ မြန်မာမူဆလင်ပရဟိတအသင်းများက ဦးဆောင်၍ နိုင်ငံခြားမှ အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများအား မှာယူပြီး အမြတ်မတင်ဘဲ ရောင်းချမှုများ ပြုလုပ်နေသဖြင့်စျေးကွက်အတွင်းတွင် အဆမတန်မြင့်တက်နေသော အောက်ဆီဂျင်အိုးများ၏ စျေးနှုန်းများ ကျဆင်းလာသည်။

-           ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်းမြို့) တွင်လည်းကောင်း၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကလောင်းနှင့် ကင်းမွန်းစခန်းလမ်းဆုံတွင်လည်းကောင်း၊ ကချင်ပြည်နယ်၊ ကာမိုင်းမြို့တွင် လည်းကောင်း၊ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန် (မူတြော်ခရိုင်) တွင် လည်းကောင်း ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားကြောင်း ခေတ်သစ်မီဒီယာတွင်ဖော်ပြသည်။

 

သြဂုတ်လ (၅) ရက်၊ ၂၀၂၁

 

-           လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်သူ လူနာသစ် ၄၁၃၂ ဦးရှိပြီး သေဆုံးသူ ၂၉၃ ဦးထပ်တိုးခြင်းကြောင့် လက်ရှိ မြန်မာနိုင်ငံတွင်ကိုဗစ် ကြောင့်သေဆုံးသူ ၁၀၉၈၈ ဦးရှိလာသည်။

-           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများဆက်ဖြစ်သည်။

-           ASEAN က မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ရွေးချယ်လိုက်သည့် Erywan Yusof သည် မြန်မာနိုင်ငံရေးတွင် ပါဝင်ထိုက်သူများနှင့်တွေ့ဆုံ၍ အကြမ်းဖက်မှုများရပ်ဆိုင်းရေး အစီအစဉ်ရေးဆွဲနိုင်လိမ့်မည် ဟု မျှော်လင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

-           အွန်လိုင်းမှ တဆင့် အကြောင်းအရာအမျိုးမျိုးအတွက် အလှူခံရာတွင် အသုံးပြုသော KBZ ဘဏ်၏ အွန်လိုင်း မိုဘိုင်း Banking KPay အကောင့်အများအပြား ပိတ်ပင်ခံရကြောင်း သုံးစွဲသူများ၏ ပြောကြားချက် အပေါ်မူတည်၍ မီဒီယာများက ဖော်ပြသည်။

-           ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည် သြဂုတ်လ ၅ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

-           ရန်ကုန်မြို့ ခရမ်းမြို့နယ်ရှိ ကြံ့ခိုင်ရေးအမတ် ဦးဝင်းခိုင်သည်လည်း သြဂုတ်လ ၅ရက်နေ့က လက်နက်ကိုင် လူတစ်စု၏ လုပ်ကြံခံရခြင်းကြောင့် သေဆုံးခဲ့သည်ဟု Khit Thit က ဖော်ပြထားသည်။

-           ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား လုပ်ကြံရန် ပူးပေါင်းကြံစည်မှုဖြင့် အမေရိကန်နိုင်ငံရောက်ရှိနေသော ဖြိုးဟိန်းထွဋ် ၂၈ နှစ်နဲ့ ရဲဟိန်းဇော် အသက် ၂၀ တို့အား FBI ဖမ်းဆီး၍ ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်သော ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း BBC က ဖော်ပြထားသည်။

-           ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ခြင်းအား အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုဆိုကြောင်း NUG က သြဂုတ်လ ၅ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့သည်။ NUG အနေဖြင့် အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင် စစ်ကောင်စီမှ မြန်မာကိုယ်စားပြု၍ တက်ရောက် နေသည်ကို အထူးစိုးရိမ်ကြောင်းအပါအဝင်အထူးသံအနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် အပြုသဘောဆောင် ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရန် ဖြစ်နိုင်ချေများ ရှာဖွေရာတွင် ကြိုတင်သတ်မှတ်ချက်များ ထားရှိရန်တို့ကို တောင်းဆိုထားသည်။

-           ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအားလုပ်ကြံရန် ပူးပေါင်းကြံစည်သူ နှစ်ဦးသည် စစ်တပ်နှင့် နီးစပ်သော မိသားစုများမှဖြစ်ကြောင်း ဦးကျော်မိုးထွန်းအား တိုက်ခိုက်ရန်အတွက် ၎င်းတို့အား မြန်မာစစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ထိုင်းနိုင်ငံရှိ အသက် ၆၀ အရွယ် လက်နက်ပွဲစား တစ်ဦးက အွန်လိုင်းမှတစ်ဆင့်ဆက်သွယ်ခဲ့ကြောင်း ၎င်းတို့အနေဖြင့် ဒေါ်လာ ၅၀၀၀ လက်ခံရရှိခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။

-           အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က နေပြည်တော် ဒုတိယမြို့တော်ဝန်၊ စည်ပင်သာယာရေးကော်မတီ ဒုဥက္ကဌ နှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဌ တာဝန်များကိုယူခဲ့သည့် ဦးရဲမင်းဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်နေပြည်တော်တွင်အမှုဖွင့်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

-           စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်ဘက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပုလဲ PDF၊ People Revolution Army - PRA ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုများ ရှိခဲ့ကြောင်း ပုလဲ PDF တစ်ဦး၏ ပြောကြားချက်ကို Mizzima News In Burmese ကဖော်ပြသည်။

 

သြဂုတ်လ (၆) ရက်၊ ၂၀၂၁

 

-           မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော NLD ပါတီ၏ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အားမန္တလေးဆေးရုံကြီးသို့ ဇူလိုင်လ ၆ ရက် ညပိုင်းကတည်းက ပြောင်းရွေး၍ ဆေးကုသမှုခံယူနေကြောင်း DVB က ဖော်ပြထားသည်။

-           NUG အနေဖြင့် CDM ဝန်ထမ်းများအား ကူညီထောက်ပံ့နိုင်ရန်အတွက် လောင်းကစားဥပဒေကို ပြင်ဆင်လိုက်ပြီး ထီလက်မှတ်များအား စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၆ ရက်နေ့က ထုတ်ပြန် ခဲ့သည်။

-           စစ်ကိုင်းတိုင်း၊ကနီဒေသတဝိုက်် နယ်မြေများတွင် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များလက်ချက်ဖြင့် သေဆုံးခဲ့ရသူ ရုပ်အလောင်းပေါင်း ၄ဝ ကို ပြီးခဲ့သည့်ဇူလိုင်လအတွင်း နေရာသုံးနေရာတွင် တွေ့ရှိထားရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူးတားရက်စ်ထံသို့ စာရေးသားပေးပို့အကြောင်းကြားသည်။

-           ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရသည့် မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကမှဆင့် ကိုဗစ်နှင့်ပတ်သက်သည့် ဆေးနှင့်ဆေးပစ္စည်းများတင်သွင်းနိုင်ရေး အိန္ဒိယအစိုးရဘက်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဌ ဦးလှမောင်က ပြောကြားကြောင်း BBC ကဖော်ပြသည်။

-           မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်အနီး လာအိုနိုင်ငံအပိုင် ရွှေတြိဂံနယ်မြေရှိ ကွာရန်တင်းစင်တာတွင် လနဲ့ချီနေထိုင်နေရသော မြန်မာအလုပ်သမားရာပေါင်းများစွာသည် လက်ရှိအချိန်အထိ အိမ်ပြန်ရခြင်းမရှိသဖြင့် သြဂုတ်လ ၆ ရက်တွင် ဆန္ဒပြခဲ့ကြကြောင်း BBC က ဖော်ပြထားသည်။

-           ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ခြင်းကို ကြိုဆိုကြောင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထုတ်ဖော်ပြောကြားသည်။

-           ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် ၇၈ ရပ်ကွက်၏ စစ်ကောင်စီခန့်ရာအိမ်မှူးသည် နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။

-           ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းခြင်းသည် ဒီမိုကရေစီဖြစ်ထွန်းမှုဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေ ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ကြီးမားသော အဟန့်အတားဖြစ်စေသည်ဟု NCA စာချုပ် လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ထုတ်ပြန်သည်။

-           မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် အရေးပေါ် အောက်ဆီဂျင်လိုအပ်သည့် လူနာများ များပြားလျက်ရှိသည်။ ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် လူနာ များပြားလွန်းခြင်းကြောင့် အောက်ဆီဂျင်ကျကာအရေးပေါ်ကုသမှု ခံယူရန်လိုအပ်သည့် လူနာများကို ဆေးရုံများက တိုက်ရိုက်လက်ခံကုသခြင်းများ မပြုလုပ်ပေးနိုင်၍ အသက်ဆုံးရှုံးရသည့် လူနာများရှိနေသည်။

-           ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် အာဏာသိမ်းစစ်တပ်မှ ပစ်ခတ်မှုကြောင့် ကန်ပက်လက် နှစ်ခြင်းဘုရားကျောင်းနှင့်နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းေ ဒသခံများ၏ ပြောကြားချက်ကို Khit Thit Media က ဖော်ပြသည်။

-           အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံကြောင်း ၂၈ ပါတီ ကြေညာချက်တွင် ဝအမျိုးသားပါတီ ဥက္ကဌ ဦးဆိုင်ပေါင်းနပ်က ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းသည် ၎င်းတစ်ဦးတည်း၏ သဘောထားဖြစ်သည့်အတွက် ရှုံ့ချကြောင်း ဝအမျိုးသားပါတီ (WNP) က ကြေညာချက်ထုတ်ပြန်သည်။

-           ရန်ကုန်တို်င်း၊ ကြည့်မြင်တိုင်မြို့နယ်၊ဗိုလ်သူရ လမ်းပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှု နှစ်ကြိမ်၊ ရန်ကုန်တိုင်း၊ ကမာရွတ် မြို့နယ် ရဲစခန်းအနီးတွင် ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားသည်။

 

 

 

 

သြဂုတ်လ (၇) ရက်၊ ၂၀၂၁

 

-           မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ် ပြည်လုံးနိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်သည် သေနတ်ဖြင့် အပစ်ခံရသည်။

-           ရှမ်းပြည်နယ်တောင်ပိုင်းရှိ PDF စခန်းတစ်ခုကို သြဂုတ် ၆ ရက်တွင် Drone ဖြင့် ထောက်လှမ်းရေး လုပ်ဆောင်ရန် ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ခမရ ၅၁၆ တပ်သားတစ်ဦးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ လိုက်လံပစ်ခတ်ခဲ့ပြီး သေနတ်ထိမှန်ကာ သွေးထွက်လွန်သေဆုံးကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ PDF အဖွဲ့က ထုတ်ပြန်သည်။

-           ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကယန်းသာယာစစ်ဆေးရေးဂိတ်တွင် သြဂုတ် ၆ ရက်က ကယားသာယာ ကျေးရွာသား ပြည်သူသုံးဦးကို PDF နှင့်ဆက်နွယ်သည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက သတင်းထုတ်ပြန်သည်။

-           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားစစ်ရှောင်စခန်းများဖြစ်သည့် KBC နှင့် RC စစ်ရှောင်စခန်း နှစ်ခုတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေသူများ ရှိနေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများကထုတ်ဖော်ပြောကြားသည်။

-           မကွေးတိုင်း၊ ကျောက်ထုလေယာဉ်ကွင်းအတွင်းတွင် စစ်သားများ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ဆယ်ဦးခန့် လက်နက်နှင့်ထွက်ပြေးတိမ်းရှောင်ကြောင်း Zalen က ဖော်ပြသည်။

-           ရန်ကုန်မြို့ရှိ စစ်တပ်ထိန်းချုပ်ထားသော မြန်မာ့ရုပ်မြင်သံကြားဝင်းအတွင်း လုံခြုံရေးယူထားသော စစ်ကောင်စီ တပ်များအား သြဂုတ်လ ၇ ရက်နေ့ညက ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

-           ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင်လည်း ရေတပ်မှ ဗိုလ်တစ်ဦးအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု သြဂုတ်လ ၇ ရက် ညနေတွင် ဖြစ်ပွားခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

-           သြဂုတ် (၈) ရက်တွင်ကျရောက်မည့် ရှစ်လေးလုံး အရေးတော်ပုံ ၃၃ နှစ်ပြည့်အခမ်းအနားကို ဒိန်းမတ်ရောက် မြန်မာများက ကြိုတင်ကျင်းပသည်။

-           ယူကေရောက် မြန်မာများက ရှစ်လေးလုံးနှစ်ပတ်လည်အကြိုအဖြစ် မြန်မာသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော် ကြသည်။ ယူကေရောက် မြန်မာတစ်ထောင်ကျော်ကလန်ဒန် မြို့လယ်တွင်လည်းချီတက်ဆန္ဒပြခဲ့ကြသည်။

-           မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြင်းထန်စွာဒဏ်ရာရရန် သို့မဟုတ် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သည်များနှင့်ပတ်သက်၍ အလျှင်အမြန် တုံ့ပြန်အရေးယူနိုင်ခဲ့မှုအတွက် အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ရှိကြောင်းနယူးရောက်မြို့က ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ် ဂရင်းဖီးလ်က ကြေညာချက်တစောင်ထုတ်ပြန်သည်။

-           တပ်မတော်ထောက်လှမ်းရေးခေတ်က ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အားထားရသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးစန်းပွင့် ရန်ကုန်တွင် ကွယ်လွန်ကြောင်း မိသားစုဝင်များ၏ ပြောကြားချက်ကို မီဒီယာများကဖော်ပြ သည်။

-           ရန်ကုန်မြို့ ကောင်းကင်တွင်စစ်တပ်က ရဟတ်ယာဉ်များ ပျံသန်းပြမှုကြောင့် ပြည်သူများစိုးရိမ်မှု ဖြစ်နေကြောင်း မီဒီယာများကဖော်ပြသည်။

 

 

သြဂုတ်လ (၈) ရက်၊ ၂၀၂၁

 

-           မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်အတွင်းတွင်လည်း ဩဂုတ် ၈ ရက် ည ၉ နာရီဝန်းကျင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများထွက်ပေါ်လာကြောင်း DVB က ဖော်ပြထားသည်။ ထို့နောက်တွင် ထောင်အတွင်းမှ တရားသံအကျယ်ကြီးဖွင့်သောအသံနှင့် သေနတ်သံ (၂) ချက် ထွက်ပေါ်လာကြောင်း မီဒီယာများက ဖော်ပြသည်။

-           သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သော ၈၈၈၈ အရေးတော်ပုံ၏ ၃၃ နှစ်မြောက်အထိမ်းအမှတ်အဖြစ် မြန်မာပြည်အနှံ့တွင် ၈၈ တုန်းက အကြွေးကို ၂၁ မှ ပြန်ဆပ်မယ်ဆိုသည့်ကြွေးကြော်သံဖြင့် လမ်းပေါ်ထွက် ပျောက်ကြားသပိတ်များ ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်အင်းစိန်လမ်းမပေါ်တွင် လူငယ်များက ဦးဆောင်၍ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးဦးဆောင်ကာ ဖက်စစ်တပ်က လာရောက်ဖြိုခွင်းခဲ့သည်။

-           အမှုပေါင်း ၁၁ မှုဖြင့်တရားစွဲဆိုခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းအား တရားရုံးမှ ထပ်မံရွေ့ဆိုင်း လိုက်သည်။ ထို့အပြင် သူမအတွက် လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ၅ ဦးအနက်မှ ရန်ကုန်မြို့ရှိ ရှေ့နေအချို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီဒီယာများသို့ ဖြေကြားခြင်းမပြုရန် သြဂုတ်လ ၆ ရက်နေ့ညက ခံဝန်လက်မှတ်ထိုးစေ၍ ထိန်းချုပ်လိုက်ကြောင်း Myanmar Now က ဖော်ပြထားသည်။

-           စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ညောင်လှကျေးရွာကို စစ်တပ်ကဝင်ရောက်ကာပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်စီးမှုများ ပြုလုပ်နေကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်ကို Khit Thit Media က ဖော်ပြသည်။

-           ရှစ်လေးလုံး အထိမ်းအမှတ် စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြပွဲကို ဂျပန်ရောက်မြန်မာများက ဂျပန်နိုင်ငံ၊ နာဂိုယာမြို့၊ရှီရကာဝါ ပန်းခြံတွင် ပြုလုပ်သည်။

-           အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်း ဆန်ဖရန်စစ္စကို မြို့တွင်လည်း ပြည်ပရောက် မြန်မာအင်အား ရာချီက စုပေါင်းချီတက် ဆန္ဒထုတ်ဖော်မှုများပြုလုပ်သည်။

-           ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုထားသည့် အီတလီအရှေ့မြောက်ပိုင်း ဒိုလိုမိုက်စ် တောင်ကြောပေါ်ရှိ အူရွန်ဇိုး ဒီကာဒိုးရေး အရပ်တွင်အီတလီရောက် မြန်မာများက ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားအဖြစ်ဆန္ဒပြပွဲများ၊ ဆုတောင်းပွဲများအပါအဝင် မြန်မာ့အရေးလှုပ်ရှားမှုများ ပြုလုပ်သည်။

-           ဂျာမနီနိုင်ငံ၊ ဖရန့်ဖက်တွင် NUG အစိုးရ ထောက်ခံပွဲနှင့် ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်မြောက် တော်လှန်ရေးအဖြစ် ၈၈ က သွေးကြွေးဟောင်း ၂၁ မှာအပြီးတောင်း ဟုဆိုကာ ချီတက်သပိတ်မှောက်ပြုလုပ်သည်။

-           နယ်သာလန်၊ ပြင်သစ်၊ အိုက်ယာလန် နှင့် ပြင်သစ်နိုင်ငံတို့တွင်လည်း အဝေးရောက်မြန်မာလူမျိုးများက ရှစ်လေးလုံးအထိမ်းအမှတ် စစ်အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုများ၊ ဆုတောင်းပွဲများကို ပြုလုပ်ကြကြောင်း BBC က ဖော်ပြသည်။

-           ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း PDF အချို့က ထုတ်ပြန်သည်။

-           မကွေးအခြေစိုက် PDF အဖွဲ့က စစ်ကောင်စီ၏ မကွေးလေတပ်အခြေစိုက်စခန်းအတွင်းရှိ လက်နက်သိုလှောင်ရုံ အား ဗုံးခွဲတိုက်ခိုက်ကြောင်းထုတ်ပြန်သည်။

-           မေ ၁၄ နေ့က မုံရွာမြို့ရှိ ကဗျာဆရာတစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သူအား ဩဂုတ် ၈ တွင် လက်တုံ့ပြန် သတ်ဖြတ်လိုက်ပီဖြစ်ကြောင်း ဒေသအခြေစိုက် PDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောဆိုခဲ့သည်။

-           ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ် နမ့်မကျေးရွာအနီး တိုက်ပွဲများကြောင့် စစ်ကောင်စီဘက်က တပ်သားတစ်ဦးသေဆုံးပြီး နမ့်မရွာကသက်ကြီးရွယ်အိုတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံကျေးရွာ အုပ်ချုပ်ရေးမှူး၏ပြောကြားချက်ကို BBC က ဖော်ပြသည်။

-           NUG နှင့်ဆက်သွယ်သည်ဆိုသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသော မန္တလေးရှိ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာမောင်မာင်ငြိမ်းထွန်းသည် ထောင်အတွင်းတွင် ကိုဗစ်ကူးစက်ခံရပြီးနောက် မန္တလေးဆေးရုံကြီးတွင် သြဂုတ်လ ၈ ရက်နေ့က ကွန်လွယ်သွားကြောင်း BBC က ဖော်ပြထားသည်။

-           မန္တလေးတိုင်း မတ္တရာမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်းပေါ်တွင် လက်နက်အများအပြား သယ်ဆောင် လာသော ကားတစ်စီးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး လူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။

-           အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုရေးအတွက်ဆိုကာ ပြည်ပရောက် မြန်မာများက နိုင်ငံအလိုက် Save Myanmar March အမည်ဖြင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သည်။

-           ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် သုဓမ္မာလမ်းအနီးတွင် စစ်အာဏာသိမ်းဆန့်ကျင်ရေးနှင့် ရှစ်လေးလုံး အထိမ်းအမှတ် ဆန္ဒပြရန် လူစုနေသည့် လူငယ် အချို့ဖမ်းဆီးခံရသည်။

-           မကွေးတိိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ် စစ်ကောင်စီတပ်ဖွဲ့များ အခြေစိုက်ရာနေရာများတွင် ပေါက်ကွဲမှု များ ဆက်တိုက်ဖြစ်ပွားသည်။

-           ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား နှိမ်နင်းရန်အတွက် စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့များအား စစ်ကူတောင်းထားကြောင်း ဒေသခံများက Myanmar Now ကို ပြောဆိုခဲ့သည်။

-           ကိုဗစ်ထိန်းချုပ်ရန်အတွက် အများပြည်သူရုံးပိတ်ရက် နှင့်ကျောင်းများကို တပတ်ထပ်မံပိတ်ကြောင်း စစ်ကောင်စီရုပ်သံမီဒီယာက ကြေညာသည်။ ဘဏ်တွေမှအပအလုပ်များနှင့် အခြေခံပညာကျောင်းများကို သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိ ထပ်မံပိတ်လိုက်ခြင်းဖြစ်သည်။

-           ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့ ဘီသူ (အထက်) ကျေးရွာနှင့် ဖရူးဆိုမြို့နယ် ဒိုမိုခိုကျေးရွာကြားတွင် အကြမ်းဖက် စစ်ကောင်စီနှင့်ကရင်နီတပ်မတော် KA, KNDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားပြီးစစ်ကောင်စီမှ ဆယ်ဦးထက်မနည်းကျဆုံးနိုင်ကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနက မီဒီယာများကို ပြောသည်။

-           မြန်မာနိုင်ငံကဝယ်ယူသည့် ဒုတိယအသုတ် တရုတ်နိုင်ငံ Sinovac ကာကွယ်ဆေး အလုံး ၁ သန်း သည် သြဂုတ်လ ၈ ရက်နေ့ကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပီဖြစ်ကြောင်း Popular News က ဖော်ပြထားသည်။ တရုတ်သံရုံး၏ ဖော်ပြချက်အရ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအား Sinovac ကာကွယ်ဆေး အလုံးရေ ၂ သန်း ရောင်းချခဲ့ပြီး Sinopharm ကာကွယ်ဆေး အလုံးရေ ၂.၅ သန်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။

-           လတ်တလောနိုင်ငံရေးအခြေအနေများနှင့် ကပ်ရောဂါကူးစက်မှုများကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)က လေးနှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံကိုရွှေ့ဆိုင်းလိုက်သည်။

-           မန္တလေးမြို့ပေါ်ရှိ မြေပြင်သပိတ်တိုက်ပွဲများ ပိုမိုအားကောင်းစေရန်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အင်အားမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မန္တလေးရှိနေ့စဉ်ချီတက်ဆန္ဒပြနေသော သပိတ် စစ်ကြောင်း ကိုးခု ပူးပေါင်းကာ မန္တလေးသပိတ်အင်အားစုအဖြစ်ဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။

-           ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်က IDP စစ်ဘေး ဒုက္ခသည်စခန်းပေါင်း ၃၀ ကျော်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း စခန်းတာဝန်ခံများကထုတ်ဖော်ပြောကြားသည်။

-           ဝိုင်းမော်အခြေစိုက် အမှတ် (၅၈) ခြေမြန်တပ်ရင်းတွင် လက်နက်အချက်ရေသုံးဆယ်ထက်မနည်း ပစ်ခတ်သံများ ရှိခဲ့ကြောင်း ဒေသခံများက အခိုင်အမာပြောကြားသည်။

-           အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှသည်ချင်းလူမျိုးများမှ သဘောတူလက်ခံ ရွေးချယ်ထားခြင်းမဟုတ်သည့်အတွက် ရာထူးမှနှုတ်ထွက်ပေး ရန် ချင်းအရပ်ဘက်အဖွဲ့အစည်း ခြောက်ဖွဲ့က စုပေါင်းတောင်းဆိုသည်။

 

သြဂုတ်လ (၉) ရက်၊ ၂၀၂၁

 

-           ရန်ကုန်မြို့လယ်ရှိ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းအတွင်းရှိ တိုက်ခန်းတစ်ခန်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းစဉ် လူငယ် ၅ ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု သြဂုတ်လ ၁၀ နေ့က ဖြစ်ပွားခဲ့သည်။ မျက်မြင်သက်သေတစ်ဦး၏ RFA သို့ပြောဆိုချက်အရ သေဆုံးသူ ၅ ဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး လူငယ် ၂ ဦး သို့မဟုတ် ၃ ဦးအား ရိုက်နက်၍ ဖမ်းဆီးသွားကြောင်း သိရသည်။ မီဒီယာတစ်ချို့၏ ဖော်ပြချက်အရ သေနတ်ပစ်ခံရ၍ သေဆုံးသူ ၁ ဦးနှင့် တိုက်ပေါ်မှခုန်ချ၍ သေဆုံးသူ ၅ ဦး စုစုပေါင်း ၆ ဦးရှိကြောင်း သိရသည်။ ဖမ်းဆီးစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအချင်းချင်းပြောဆိုနေသော အသံရီကော့တစ်ခုလည်း လူမှုကွန်ယက် တွင် ပေါက်ကြားလာခဲ့သည်။

-           အာဏာရှင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် နေပြည်တော် ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း မျက်မြင်သက်သေတစ်ဦးက RFA ကို ပြောဆိုသည်။

-           မန္တလေးနန်းတော်ရှေ့ ၁၉လမ်း အမှတ် ၁ ရဲစခန်း ဗုံးဖြင့်ပစ်ခံရပြီး ပေါက်ကွဲသံကျယ်လောင်စွာ ထွက်ပေါ်လာကာ သေနတ်သံများလည်း ထွက်ပေါ်ခဲ့ကြောင်း အနီးအနားပတ်ဝန်းကျင်တွင် နေထိုင်သည့် ပြည်သူများ၏ ပြောကြားချက်ကို Khit Thit မီဒီယာက ဖော်ပြသည်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ရဲစခန်း သုံးခုနှင့် စည်ပင်ရုံးတို့တွင်လည်း ညပိုင်းအချန် တပြိုင်နက်တည်းတချိန်တည်း ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အပေါ် Mizzima မီဒီယာက သတင်းဖော်ပြသည်။

-           စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြောက်ဘက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းဦးဆောင်ကာ အကြမ်းဖက် စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ကဗျာဆရာခက်သီ ကျဆုံးခြင်း သုံးလပြည့်အဖြစ် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြသည်။

-           စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊ ခင်အေး-နတ်ထိပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ တော်လှန်ရေးအဖွဲ့ PRA, စုပေါင်းအဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်ကခြောက်ဦးသေဆုံးကာ PRA ဘက်မှ တစ်ဦးဒဏ်ရာရ (မစိုးရိမ်) ကြောင်း ပြည်သူ့တော်လှန်ရေးတပ်က သတင်းထုတ်ပြန်သည်။

-           ကယားပြည်နယ်အတွင်းရှိ ပရူဆိုနှင့် ဖယ်ခုံမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်သောကြောင့် ကရင်နီတပ်မတော်နှင့် KNDF တို့ကပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားကာ အကြမ်းဖက်စစ်တပ်က ထိခိုက်သေဆုံးမှုရှိကြောင်းKNDF က သတင်းထုတ်ပြန်သည်။

-           စစ်သားအချို့၏ပြောဆိုချက်အရ စစ်ကောင်စီသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ် ပြုမှုရရှိရန် ကြိုးပမ်းနေဆဲဖြစ်သော အိန္ဒိယနိုင်ငံထုတ် Covaxinကာကွယ်ဆေးအား ကာယကံရှင်များ၏ သဘောတူညီချက်မပါရှိဘဲ ယခုနှစ်ဆန်းပိုင်းမှစတင်၍ စစ်တပ်အတွင်း တိတ်တဆိတ်စမ်းသပ်ထိုးနှံစေခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။

-           ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန်ကြံစည်မှုကိစ္စသည် မြန်မာနိုင်ငံနှင့် မည်သို့မျှသက်ဆိုင်မှုမရှိဘဲ အမေရိကန်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်သာဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ် ထားသော ရုပ်သံက သြဂုတ် ၉ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။

-           ရန်ကုန်တိုင်း၊ပုဇွန်တောင်မြို့နယ်၊ပုဇွန်တောင်စျေးအနီး ဗုံးပေါက်ကွဲခဲ့ရာ နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိ သည်။

-           ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်၊ ၅၄ မှတ်တိုင်နှင့် ဘုန်းကြီးကျောင်းဂွေ့မှတ်တိုင် အနီးရှိ ဆိုင်ကယ် တစ်စီးပေါ်တွင် ဖက်ဆစ်စစ်တပ်ဟု ဗီနိုင်းရေးသားပြီး ဆိုင်ကယ်ရပ်ထားစဉ် စစ်ကောင်စီတပ်များက အဆိုပါဗီနိုင်း ကို သွားရောက်ဖယ်ရှားရမှ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရသည်။

-           စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးပေးနေသော်လည်း ကယ်ဆယ်ရေးစခန်းများတွင်ရှိနေသော မူဆလင်များအား ဆေးထိုးပေးအုန်းမည်မဟုတ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက Narinjara ကို ပြောဆိုခဲ့သည်။ စစ်တွေမြို့ရှိ အဆိုပါကယ်ဆယ်ရေးစခန်းတွင် မူဆလင်လူဦးရေ ၈ ထောင်ခန့်ရှိနေကြောင်းလည်း သိရသည်။

-           ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အောက်ဆီဂျင်စက်ရုံအတွက် ပထမဦးဆုံးရောက်ရှိလာသည့် အောက်ဆီဂျင် ထုတ်စက်အတွက် စစ်တပ်အပေါ်ကျေးဇူးတင်ကြောင်း စကားဆိုခဲ့သူ We Love Pathein အဖွဲ့က တာဝန်ရှိသူ နှစ်ဦးကို ပုသိမ် PDF က သတိပေးခဲ့သည်။

-           စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ကားကြီးဝင်းအနီးတွင် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ရဲအရာရှိကြီး တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်းဒေသခံတစ်ဦးက Mizzima သတင်းဌာနကို အတည်ပြု ပြောကြားသည်။

-           ကဗျာဆရာကြီး အောင်ချိမ့်သည် ရန်ကုန်မြို့နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။

-           စစ်ကော်ငစီက အလိုရှိနေသည့် ရေဦးမြို့နယ်အတွင်းက ပရဟိတခေါင်းဆောင် တစ်ဦးကို ဖမ်းမမိသည့် နောက် ၎င်း၏ဆွေမျိုးသားချင်းများထံမှ ငွေနှင့် ပစ္စည်းများ လုယက်သွားကြောင်း Mizzimaက ဖော်ပြသည်။

-           စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို ရှမ်းနီအမျိုးသား တပ်မတော် (SNA) က တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း SNA ပြောရေးဆိုခွင့်ရှိသူ က Mizzima သတင်းဌာနကို ပြောသည်။

-           ပြည်တွင်းတွင် အသုံးပြုရန် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ပြည်ပက တချိန်လုံးဝယ်ယူနေရမည်ဆိုပါက တိုင်းပြည်မွဲသွားနိုင်သည့်အတွက် ပြည်တွင်းတွင်ပင်ထုတ်နိုင်အောင် ကြိုးစားရမည်ဟု နေပြည်တော်တွင် ကျင်းပသော စစ်ကောင်စီ၏ ကိုဗစ်ကုသရေးဆိုင်ရာအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ယင်းပြောကြားမှုအပေါ် ပြည်သူများနှင့် တတ်သိပညာရှင် များက ပြင်းပြင်းထန်ထန်ဝေဖန်သည်။

-           ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုလုပ်ကြံရန် ကြံစည်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်က ရှုံ့ချသည့် ကြေညာချက်မှာ သံတမန်ကျင့်ဝတ် နှင့် သွေဖီကြောင်းစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

-           ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် သပြေကုန်းအုပ်စု၊သပြေကုန်းကျေးရွာ မြောက်ပိုင်းနေ လူငယ်သုံးဦးကို စစ်ဆေးမေးမြန်းရာတွင် လက်လွန်သေဆုံးသွားသည့်လူငယ်တစ်ဦး၏ မိသားစုဝင်များအား ရဲတပ်ဖွဲ့ကငွေကျပ် သိန်း သုံးဆယ်ဖြင့် ကြေအေးပေးရန် လာရောက်ညှိနှိုင်းခဲ့ကြောင်းမိသားစုဝင်များက Mizzima မီဒီယာသို့ ထုတ်ဖော်ပြောကြားသည်။

-           ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် တာဝန်ထမ်းဆောင်ရန်တောင်ကြီးမှ ကားဖြင့်လာသော စစ်ကောင်စီတပ် မှ ဗိုလ်ကြီးနှင့် တပ်သား နှစ်ဦးကို ရှမ်းတောင် PDF က ခြုံခိုသတ်ဖြတ်နိုင်ခဲ့ကြောင်း SSS-G ရှမ်းတောင်PDF ၏ ပြောကြားချက်ကို Khit Thit မီဒီယာက ဖော်ပြသည်။

 

သြဂုတ်လ (၁၀) ရက်၊ ၂၀၂၁

 

-           မြန်မာ့အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာကို ပိုမိုချုပ်ကိုင်သွားနိုင်ရန် ရည်မှန်းလုပ်ဆောင်နေပုံပေါ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်က ပြောကြားသည်။

-           စစ်ကိုင်းတိုင်း၊ဒီပဲယင်းနယ်ထဲတွင် တကျော့ပြန်ဖြစ်လာသည့်ပစ်ခတ်မှုများကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာများထဲ စစ်ကောင်စီတပ်များက ဝင်ရောက်မွှေနှောက်ရှာဖွေမှုများ ပြုလုပ်ကြောင်းဒေသခံများ၏ ပြောကြားချက်ကို BBC မီဒီယာက ဖော်ပြသည်။

-           နာဂ တောင်တန်းဒေသတွင် ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နာဂသိန်းလှိုင်ဟု ကျော်ကြားသည့် ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင် ကွယ်လွန်သည်။

-           ကယားပြည်နယ် ဒီးမော့ဆို မြို့နယ်အတွင်းရှိ ငွေတောင်ဆည်နှင့် မြစ်ချောင်းများတွင် ဘက်ထရီ (ကျင်စက်) ဖြင့် လျော့တိုက်ငါးဖမ်းဆီးခြင်း မပြုလုပ်ရန် ဒီးမော့ဆို PDF တပ်ဖွဲ့က တားမြစ်ကြေညာချက် ထုတ်ပြန်သည်။

-           စစ်ကောင်စီတပ်မှ ရဲဘော်များအနေဖြင့် ပြည်သူကို အမိအဖအဖြစ် အသိအမှတ်ပြုပြီး ပြည်သူနှင့်အတူ ရပ်တည်လိုသည့် ရဲဘော်များအနေဖြင့် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် လာရောက်ပူးပေါင်းပါကတစ်ဦးလျှင် ဆုကြေးငွေကျပ်သိန်း ၅၀ ထုတ်ပေးမည့်အပြင် ပြည်ပနိုင်ငံများတွင်သွားရောက်ခိုလှုံနိုင်ရန် စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မင်းတပ် CDF အဖွဲ့မှ ထုတ်ပြန်သည်။

-           Chin National Organization ၏ သြဂုတ်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ် ဖလမ်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ကိုယ်ဝန်ဆောင် မိခင်တစ်ဦးလည်း ပေါင်တွင်သေနတ်ဒဏ်ရာရရှိခဲ့ပြီး သူမနှင့်အတူပါလာသော အမျိုးသားသည်လည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

-           အမေရိကန်ပြည်ထောင်စု နယူးယောခ့်၏ ဝက်ခ်ချက်စတာ ကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန်စီစဉ်မှုတွင် ထိုင်းမှလက်နက်ပွဲစားတစ်ဦး ပါဝင် ပတ်သတ်နေသည်ဆိုသည့်ကိစ္စကို စုံစမ်းစစ်ဆေးသွားရန် အသင့်ရှိနေကြောင်း တော်ဝင်းထိုင်းရဲတပ်ဖွဲ့ (RTP) က ပြောသည်။

-           အီတလီမြောက်ပိုင်း Aronzo di Cadore မြို့တွင် NUG အစိုးရထောက်ခံပွဲကို ပြည်ပရောက်မြန်မာများက ဦးဆောင်ပြုလုပ်သည်။

-           ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တည်ရှိရာ အဆောက်အအုံသည် သြဂုတ်လ ၁၀ ရက်နေ့က လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း Khit Thit က ဖော်ပြထားသည်။

-           ရန်ကုန်မြို့လယ် ဗိုလ်အောင်ကျော်ကမ်းနားဘလောက် ယာဉ်ထိန်းရုံးနား၊ ကမ်းနားလမ်းစာတိုက်ကြီးနား၊ ပုဇွန်တောင်ရဲဏခန်းနားတို့တွင် ဗုံးများဆက်တိုက်ပေါက်ကွဲသည်။

-           စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ရွာသားများအား ဖမ်းဆီးခြင်းများ သြဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်နေကြောင်း ရွာသားတစ်ဦးက Khit Thit ကို ပြောဆိုခဲ့သည်။

-           ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ၏ တပ်မဟာမှူးဗိုလ်မှူးချုပ် စောပလေ့ ကွယ်လွန်သည်။

-           တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးဂိတ်အား ပိတ်ထားသည့်အတွက် ကြက်သွန်နီနှင့် ပဲအမျိုးမျိုး စျေးချရောင်း နေရကြောင်း နယ်စပ်မှ ကုန်သည်များက ထုတ်ဖော်ပြောကြားသည်။

-           လူမျိုးကြီးဝါဒကျင့်သုံးပြီး အုပ်ချုပ်နေသောစစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားရန် KIO အနေဖြင့် ဗမာပြည်သူလူထု၊ အဖွဲ့အစည်းများနှင့်လ က်တွဲဆောင်ရွက်နေကြောင်း ယနေ့ကျရောက်သည့် ကချင်အာဇာနည် နေ့အတွက် ပေးပို့သော ကချင်လွတ်လပ်ရေးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းကြေညာချက်တွင် ထည့်သွင်းပြောကြားသည်။

-           ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့မရဲစခန်းတွင် ရဲသုံးဦးရန်ဖြစ်ရာ ဝင်ဆွဲသူ ဒုတပ်ကြပ်သေဆုံး သည်။

-           ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဘူးဂါးလျှပ်စစ်ကုမ္ပဏီရုံးမှ ဝန်ထမ်းခြောက်ဦးကို စစ်ကောင်စီ လက်နက်ကိုင်များက ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်ကို Mizzima က သတင်းဖော်ပြသည်။

 

သြဂုတ်လ (၁၁) ရက်၊ ၂၀၂၁

 

-           NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သြဂုတ်လ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ ဇွန်နှင့်ဇူလိုင်လ နှစ်လအတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၃၀ ဦးသေဆုံးခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုများကြောင်း ၁၅၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

-           နယူးဇီလန်နိုင်ငံအစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုရေး တောင်းဆိုသော လက််မှတ်စုစုပေါင်း ငါးသိန်းကျော် ရရှိခဲ့ပြီး ယင်းလက်မှတ်များကို နယူးဇီလန်ပါလီမန်သို့ အခမ်းအနားဖြင့်လွှဲပြောင်းပေးအပ်သည်။

-           ဂန့်ဂေါ-ကလေးလမ်းမပေါ်တွင် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားနှစ်ဦး သေဆုံးပြီး အနည်းဆုံးသုံးဦးဒဏ်ရာရရှိကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့-YDF ၏ ပြောကြားချက်ကို Mizzima က ဖော်ပြသည်။

-           မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ၊ မတရားဖိနှိပ် အရေးယူမှုများမှ ထွက်ပြေးတိမ်းရှောင်နေရသူများကို အကူအညီပေးရန် ဒေါ်လာ သန်း၅၀ ကျော် ထောက်ပံ့မည်ဖြစ်ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

-           သြဂုတ်လ ၈ ရက်နေ့က မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း ဆန္ဒပြမှုတွင်ပါဝင်ခဲ့သော နိုင်ငံရေး အကျဉ်းသား ၃၈ဦးအား တိုက်ပိတ်ထားကြောင်း Mizzima က ဖော်ပြထားသည်။

-           အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းဆိုပါ (Accept NUG – Reject Military) ဆိုသော ဖေ့စ်ဘွတ်စာမျက်နှာတွင် ပရိုဖိုင်ပြောင်းသော လှုပ်ရှားမှုအား General Strike Coordination Body – GSCB က သြဂုတ်လ ၁၀ ရက်နေ့က စတင်လိုက်ပြီးနောက် သုံးရက်တာကာလအတွင်း ပါဝင်သူပေါင်း နှစ်သန်းကျော်ပီဖြစ်ကြောင်း Mizzima ကဖော်ပြထားသည်။

-           မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ကင်းစောင့်နေသည့် စစ်သားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ သောကြောင့် တစ်ဦးသေဆုံးကာတစ်ဦးဒဏ်ရာရကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အပေါ် မူတည်၍ Mizzima ကသတင်းဖော်ပြသည်။

-           မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ဆိုင်နိုဖမ်းကိုဗစ် ကာကွယ်ဆေးထုတ်သည့် ကုမ္ပဏီအုပ်စုနှင့် ပူးပေါင်းကာ ကိုဗစ်ကာကွယ်ဆေးည်းပညာအသုံးပြု၍ စစ်ကောင်စီစက်မှုဝန်ကြီးဌာနက ကာကွယ်ဆေး ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက BBC Media ကို ပြောသည်။

-           ဖေဖော်ဝါရီ ၁ ရက်နှင့် အဆိုပါနေ့မတိုင်ခင် စွဲဆိုထားသော ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများအားလုံးကို ပိတ်သိမ်းရန် စစ်ကောင်စီအတွင်းရေးမှူး၏ လက်မှတ်ဖြင့် ညွှန်ကြားချက် တစ်စောင် ဩဂုတ်လ ၁၁ ရက် နေ့ကထွက်ပေါ်လာသည်။ ကိုဗစ်နိုင်တင်း ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အမှုများပိတ်သိမ်းပေးခြင်း ဖြစ်ကြောင်းထိခိုက်နစ်နာသူများနှင့် ကျန်ရစ်သူမိသားစုဝင်များက အမှုမပိတ်သင့် ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား၍ တရားရုံးများတွင် လျှောက်ထားနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။`

-           ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းတွင်လူငယ်အချို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက် ဖမ်းဆီးစဉ် ခုန်ချထွက်ပြေးသွားသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ဖောက်ခွဲရေးပစ္စည်းများလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိုဝှက်သိမ်းဆည်းထား သည်ဟု သတင်းအရဝင်ရောက်ရှာဖွေစဉ် ယင်းတိုက်ခန်းအတွင်း အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦးကို လက်လုပ်ဗုံး၊ယမ်းပျော့၊ ဗျောက်အိုးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်ဖမ်းမိကြောင်း ဖော်ပြထားသည်။

-           ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ လှေကျင်းရပ်ကွက် ၅ လမ်းရှိ အိမ်တအိမ်တွင် ငွေကြေးချို့တဲ့သူများကို ဆန်လှူရန်အတွက် ပြင်ဆင်နေသည့်အိမ်ပိုင်ရှင်အပါအဝင် ပရဟိတသမားငါးဦးကျော်ကို စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းဆီးသည်။

-           နာဂလူမျိုးအများစုပါဝင်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်ကို သြဂုတ် ၄ ရက်ကတည်းက လျှို့ဝှက် ဖွဲ့စည်းကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း Mizzima က ဖော်ပြသည်။

-           တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် ရန်ပုံငွေထောက်ပံ့ရန် မြန်မာသို့ ဒေါ်လာ ခြောက်သန်းကျော်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ် ပြန်သည်။

-           ကွယ်လွန်သူ ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင်အားရည်စူး၍ မင်းတပ်မြို့တွင် ရောက်ရှိနေသည့် ဒေါက်တာအငြိမ်းက မင်းတပ်မြို့ရှိ CDM ဝန်ထမ်းများအတွက် အလှူခံရရှိရေ သိန်းတစ်ထောင်ကျော်လှူဒါန်းသည်။

-           စစ်ကိုင်းတို်င်း၊ ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး လက်နက်များလာရှာသည်ဟုဆိုကာ ယင်းကျေးရွာတွင်နေထိုင်သူ မောင်ဖြူဆိုသူကို မေးမြန်းပြီးနောက် မတွေ့သဖြင့် ၎င်း၏ ယောက္ခမနှင့်ယောက္ခထီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Khit Thit မီဒီယာတွင် ဖော်ပြသည်။

-           ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကချင်နှင့်ရှမ်းပြည်နယ် ထိစပ်နေသော မံစီ-နမ့်ခမ်းလမ်းပိုင်းကို ကျန်းမာရေးနှင့် အရေးကြီး ကိစ္စရပ်များမှအပ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားကြောင်း Mizzima က ဖော်ပြသည်။

 

သြဂုတ်လ (၁၂) ရက်၊ ၂၀၂၁

 

-           အာဏာသိမ်းစစ်ကောင်စီက အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သြဂုတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းတပတ်ကြာ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ကြေညာသည်။ မြန်မာနိုင်ငံတွင်ယနေ့တရက်တည်းကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၄ဝဝ ကျော်၊ သေဆုံးသူ ၂၁၅ဦးရှိခဲ့ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

-           စစ်အုပ်ချုပ်ရေး သတ်မှတ်ထားသည့် လှိုင်သာယာ မြို့နယ်မှ ပရဟိတသမားတစ်ဦးဖြစ်သည့် ကိုသားဇော်အား သြဂုတ် ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း လုပ်ဖော်ကိုင်ဖက်များ၏ ပြောကြားချက်ကို Mizzima သတင်းဌာနက ဖော်ပြသည်။

-           စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်အစပ်တွင် ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် PDF - Kalay နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကြောင်း ကလေး PDF က သတင်းထုတ် ပြန်သည်။

-           ကရင်နီဒေသ၊ ဖရူဆိုမြို့နယ် ထေးကလူဒေါကျေးရွာအနီးတွင် စစ်အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီ စစ်ကြောင်းကို ကရင်နီတပ်မတော်နှင့် KNDF တပ်ဖွဲ့ဝင်များမှ ကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီမှ ငါးဦးသေဆုံး ကာ သုံးဦးဒဏ်ရာရကြောင်း Khit Thit မီဒီယာက ဖော်ပြသည်။

-           ဂျပန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လက်သုံးချောင်းထောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဂိုးသမား ပြည့်လျှံအောင်သည် ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ကြောင်း ကျိုတိုသတင်းဌာနက ဖော်ပြသည်။

-           ဩဂုတ်လ ၁၂ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် လသားအရွယ်ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

-           အဆိုပါဖြစ်ရပ်အတွက် စစ်ကောင်စီနှင့် ၎င်း၏အပေါင်းအပါများအား ပြန်လည်လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း မြင်းခြံမြို့အခြေစိုက် ပျောက်ကြားတပ်ဖွဲ့ MG6 က သတင်းထုတ်ပြန်လိုက်သည်။

-           စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ယင်းမာပင် PDF များ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကားနှစ်စီး မီးလောင်ကျွမ်းခဲ့ပြီး စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက Khit Thit ကို ပြောဆိုခဲ့သည်။

-           ကျပ်ငွေတန်ဖိုးသည် ၁၀ နှစ်တာကာလအတွင်း စံချိန်တင်ကျဆင်းခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့က ပြည်တွင်း ငွေကြေးဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၇၂၀ ကျပ်အထိ ဈေးပေါက်ခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးချိန်မှစ၍ ကျပ်ငွေတန်ဖိုး ၂၉ ရာခိုင်နှုန်း ခန့်အထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

-           အမေရိကန်နိုင်ငံ၏ ကုလသမဂ္ဂ သံတမန် လင်ဒါသောမတ်စ်သည် NUG မှဖွဲ့စည်းထားသော Covid-19 Task Force (CTF) အဖွဲ့ခေါင်းဆောင် ဒေါက်တာစင်သီယာမောင်နှင့် သြဂုတ်လ ၁၂ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သူမ၏ တွစ်တာတွင်ဖော်ပြထားသည်။

-           ဩဂုတ် ၄ရက်နှင့် ဩဂုတ် ၆ ရက်က ရှမ်းပြည်နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့အနီး MNDAA နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ၎င်းတို့၏ ကျည်ဆံများနှင့် ဗုံးဆံများ တရုတ်ပိုင်နက်အတွင်းသို့ ကျရောက်ခဲ့သောကြောင့် စစ်ကောင်စီသည် တရုတ်စစ်တပ်ထံသို့ တောင်းပန်စာပေးပို့ခဲ့ပြီး ၎င်းတို့ပစ်ခတ်ခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆို ခဲ့သည်ဟု Mizzima က ဖော်ပြထားသည်။

-           မြန်မာနိုင်ငံတွင် တရက်တည်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူပေါင်း ၃၄၀၀ ကျော်၊ သေဆုံးသူ ၂၁၅ ဦးရှိခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်ညတွင် ထုတ်ပြန်သည်။

 

 သြဂုတ်လ (၁၃) ရက်၊ ၂၀၂၁

 

-           မြန်မာနိုင်ငံတွင် ဘဏ်များ ပိတ်သိမ်းပြီး ငွေစက္ကူများ ရုပ်သိမ်းမည်ဟူသည့် သတင်းများမှာ ကောလာဟလ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ နို်င်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။

-           ဘရူနိုင်းအစိုးရအဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် စီးပွားရေးအရ ဆက်နွယ်မှုများရှိနေပြီး ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံကိုယ်စားလှယ်ခန့်အပ်ခြင်းသည်လည်း မဖွယ်မရာလုပ်ရပ်ဖြစ်ကြောင်း Justic for Myanmar က ဖော်ပြသည်။

-           ရွှေဘိုမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် အငြိမ်းစား တပ်မတော်ဆရာဝန်တစ်ဦးဖမ်းဆီး ခံရသည်။

-           ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးလေးဦးကို စစ်ကောင်စီက အဂတိလိုက်စားမှုဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် စွပ်စွဲ အမှုဖွင့်ထားကြောင်း DVB TV News တွင် ထုတ်လွှင့်သည်။

-           ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးသည် သြဂုတ် ၁၀ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ပရာယွတ်နှင့် တွေ့ဆုံပြီး မြန်မာနို်င်ငံတွင် ဖြစ်ပေါ်လျက်ရှိသောနိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ပတ်သက်ပြီးဆွေးနွေးကြောင်း အမေရိကန်က ထုတ်ပြန်သည်။

-           စစ်ကောင်စီ၏ ကန့်သတ်မှုများကြောင့် ရခိုင်စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာဖြန့်ဝေရေး လုပ်ငန်းများ နှောင့်နှေးနေကြောင်း ICRC က ပြောသည်။

-           စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏ ဝင်ငွေထွက်ငွေစာရင်းများ အားလုံးအား စစ်ဆေးမည်ဖြစ်ကြောင်း သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါကော်မရှင်သည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အားပယ်ဖျက်ကြောင်းယခင်ကကြေညာထားသည်။

-           စစ်ကိုင်းတိုင်း ဘုတလင်မြို့ရှိ CDM သွားဘက်ဆိုင်ရာဆရာဝန် ဦးဆန်းဝင်းထွန်းနှင့် တရားရုံးစာရေး တစ်ဦးတို့အား ဩဂုတ် ၁၃ ရက်နေ့က စစ်ကောင်စီတပ်များက ရိုက်နက်ဖမ်းဆီးခဲ့ကြောင်း DVB က ဖော်ပြထား သည်။

-           မကွေးတိုင်း တောင်တွင်းကြီးမြို့ရှိ ရဲဝန်ထမ်းအိမ်ယာတွင် သြဂုတ်လ ၁၃ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ဗိဿနိုးနယ်မြေတပ်မတော်က ၎င်းတို့ပြုလုပ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

-           သြဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်-အင်းစိန် ပြေးဆွဲနေတဲ့ မြို့ပတ်ရထားပေါ်တွင် ရဲတပ်ဖွဲ့ဝင် ၆ ဦး သေနတ်နှင့် ပစ်ခတ်ခံရသဖြင့် ၄ ဦးပွဲချင်းပြီးသေဆုံးကာ ၂ ဦးအားစစ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း Irrawaddy က ဖော်ပြထားသည်။

-           ဂီတအစည်းအရုံးမှ တေးရေးမြင့်မိုးအောင်၊ အဆိုတော် ဂျင်းနီအပါအဝင် ဂီတအနုပညာရှင် ၁၃ ဦးသည် စစ်ကောင်စီက အသစ်ခန့်ထားသည့်ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း ပြုလုပ်သည့် အွန်လိုင်းအစည်းအဝေး သို့ တက်ရောက်သည့်အတွက် ပြည်သူများက ပြင်းပြင်းထန်ထန်ဝေဖန်သည်။

-           မန္တလေးမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် သံဃာတော်များကိုထားရှိရန် စစ်ကောင်စီက ဆွေးနွေးမှုအား မန္တလေးတိုင်းသံဃနာယကအဖွဲ့က သဘောတူညီခဲ့သည်။

-           ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာစျေးသစ်တွင်လည်း ဒုတပ်ကြပ်ယာဉ်ထိန်းရဲတစ်ဦး ဓားဖြင့် အထိုးခံရကြောင်း မျက်မြင်သက်သေတစ်ဦးက Khit Thit ကို ပြောဆိုခဲ့သည်။

-           ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အတုအပများတင်သွင်းရောင်းချကာ ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသည့် ကာကွယ်ဆေးများ တင်သွင်းဖြန့်ဖြူးရေးဆိုင်ရာ စည်းကမ်းချက်များ လိုက်နာခြင်းမရှိဘဲ တင်သွင်းဖြန့်ဖြူးပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

-           ဇူလိုင် ၂၉ ရက်နေ့က KIA ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့သော ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ ခလရ ၅၈ တပ်ရင်း၏ တပ်ရင်းမှူးနှင့် တာဝန်ရှိသူများသည် စစ်ကောင်စီ၏ ခုံရုံးဖွဲ့စစ်ဆေး ခံနေရကြောင်း တပ်နဲ့နီးစပ်သူများက DVB ကိုပြောဆိုခဲ့သည်။

-           လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်ကြီးမင်းသစ်ဇော် စုံခုံဖွဲ့၍ တပ်တွင်း စစ်ဆေးခံနေရသလို ဇနီးဖြစ်သူ ဒေါ်စန်းစန်းမော်သည် ပုဒ်မ ၆/၁ ဖြင့်အမှုဖွင့် ဖမ်းဆီးခံထားရသည်မှာ လေးလကျော်ပြီဖြစ်ကြောင်း Myanmar Now က ဖော်ပြသည်။

-           ဒီပဲယင်းမြို့နယ်၊ စိုင်ပြင် မြို့ ရဲစခန်းရှေ့တွင် ဗုံးပေါက်ကွဲသည်။

 

သြဂုတ်လ (၁၄) ရက်၊ ၂၀၂၁

 

-           သြဂုတ်လ ၁၄ ရက်နေ့က မင်းတပ်မြို့အနီးတွင် စစ်ကောင်စီတပ်များနှင့် မင်းတပ် CDF တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF က သတင်းထုတ် ပြန်ခဲ့သည်။

-           လွိုင်ကော်မြို့နယ်တွင် ကယားပြည်နယ်၏ အမျိုးသားဒီမိုကရေစီပါတီသစ် - NDF ဥက္ကဌ ဦးဟန်သာသည် ယနေ့သြဂုတ်လ ၁၄ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း Burma Associated Press က ဖော်ပြထားသည်။ NDF ပါတီသည် ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်ဖြစ်ပြီး စစ်ကောင်စီနှင့်နီးစပ်သောပါတီ တစ်ခုလည်းဖြစ်သည်။

-           စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၁၄ ရက်နေ့မနက်မှစ၍ ကရင်နီပြည်နယ်ရှိ KNDF PDF KA ပူးပေါင်းတပ်များအား စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေပီဖြစ်ကြောင်း KNDF က ကြေညာချက် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ တပ်သားများ လည်းပါဝင်ကြောင်းလည်း ဖော်ပြထားသည်။

-           ရန်ကုန်မြို့ရှိ ဆေးဝါးသိုလှောင်သည့် ဂိုဒေါင် ၃၁ လုံးအား စျေးကစားသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အရေးယူသည့်အနေဖြင့် ချိတ်ပိတ်ထားကြောင်း Myanmar Now က ဖော်ပြထားသည်။  အဆိုပါဂိုဒေါင်များပိတ်ခံထားရခြင်းကြောင့် စျေးကွက်အတွင်း ဆေးဝါးဖြန့်ဖြူးမှုများ နှောက်နှေးကြန့်ကြာ နေရကြောင်း ဝေဖန်နေကြပါသည်။

-           အာဏာသိမ်းမှုပြီးနောက်ပိုင်း ခြောက်လအတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံဘက်သို့ ဖြတ်ကျော်ဝင်ရောက်သူ ၈၄၈၆ ကျော်ရှိပြီး ၅၇၉၆ ဦးအား မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ခဲ့ကြောင်းအိန္ဒိယသတင်းဌာန Mint ကဖော်ပြထားသည်။

-           ရန်ကုန်တို်င်း၊ မင်္ဂလာဒုံမြို့နယ် ကြံခင်းစု ရပ်ကွက်ရုံးအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရကြောင်း Mizzima က ဖော်ပြသည်။

-           တောင်သူမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်များကို ပစ်ခတ်ဖြိုခွင်းသူဟု လူသိများသည့် တောင်ငူမြို့အမှတ် (၂) နယ်မြေ ရဲစခန်းမှူး ဒုရဲမှူးဝင်းသိန်းသည် အသက်ရှုကြပ် နှလုံးရပ်ကာသေဆုံးကြောင်း တောင်ငူတွင် ပရဟိတ လုပ်ကိုင်နေသူတဦး၏ ပြောကြားချက်ကို Mizzima က ဖော်ပြသည်။

-           မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဒါတို ဟာဂျီအာရီဝမ်နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာတို့သည် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း Mizzima မီဒီယာက ဖော်ပြသည်။

-           ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကချင်ပြည်နယ် မြောက်ပိုင်းဒေသ လေးမြို့နယ်အား ခရီးသွားလာခြင်းကို ရက်အကန့်အသတ်မရှိပိတ်ပင်ကြောင်း ကေအိုင်အို မြောက်ပိုင်းတိုင်း ပူတာအိုခရိုင် အုပ်ချုပ်ရေးရုံးက ကြေညာသည်။

-           မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၊ သပြေချောင်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် အသတ်ခံရပြီး ညနေပိုင်းတွင် ရွာသားသုံးဦးအား စစ်ကောင်စီတပ်သားများမှ လာရောက်ဖမ်းဆီးသည်။

-           အင်းလေးဒေသရှိ ပြည်သူများအနေဖြင့် စစ်အုပ်စုအား ဖြုတ်ချရန်အတွက် ပူးပေါင်းပါဝင်ပေးကြရန် အင်းအမျိုးသားကာကွယ်ရေးတပ် (INDF) က ထုတ်ပြန်တိုက်တွန်းသည်။

-           မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံများနှင့် ဆက်ဆံရေးပြတ်တောက် သွားသော်လည်း တရုတ်နှင့်အာဏာသိမ်းစစ်တပ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် တရုတ်အစိုးရက ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်ကို လွှဲပြောင်းပေးမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

-           ပင်လောင်းနှင့်ဖယ်ခုံမြို့နယ်ကြားရှိ လွယ်ဟွဲကျေးရွာအနီးတွင် စစ်ကောင်စီ နှင့် PNO တပ်ဖွဲ့၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နာရီနှင့်ချီ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်သည်။

-           ယင်းမာပင် PDF ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားသုံးဦးထက်မနည်း သေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင် PDF က ထုတ်ပြန်သည်။

 

သြဂုတ်လ (၁၅) ရက်၊ ၂၀၂၁

 

-           ဒလန်သတင်းပေးမှုကြောင့် ကလေးမြို့နယ်တွင် CDM ဆရာမ ၃ ဦးနှင့် ရာဇဂြိုလ်ရွာသား ၆ ဦးတို့အား ဖမ်းဆီးသွားကြောင်း Zalen က ဖော်ပြထားသည်။

-           ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ငါးရုံးတွင်ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားသည်။

-           မီးရထားရဲတပ်ဖွဲ့မှ မြို့ပတ်ရထားလုံခြုံရေးအဖြစ် မီးရထားနောက်ဆုံးအတွဲမှ လိုက်ပါစဉ် ရန်ကုန်မြို့ အလုံ နှင့် ပန်းလှိုင်အကြားတွင်သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လေးဦးသေဆုံးသည်။

-           ရန်ကုန်တိုင်း၊ လှိုင်သာယာ အနောက်ပို်င်းမြို့နယ်မှ လူငယ် တစ်ဦးအား စစ်ကောင်စီခန့် အုပ်ချုပ်ရေးရုံးရှိ ကင်းစောင့်သူများမှ သြဂုတ် ၁၃ ရက်က ဝိုင်းရိုက်နှက်သည့်အတွက် သေဆုံးသွားကြောင်း မိသားစုဝင်များက ထုတ်ဖော်ပြောကြားသည်။

-           သြဂုတ် ၁၅ ရက်နေ့က Arakkha Media နှင့်ပြုလုပ်သော အင်တာဗျူးတွင် ရက္ခိုင့်တပ်တော်(ULA/AA) ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့အနေဖြင့် မွတ်ဆလင်များအား ၎င်းတို့၏ အုပ်ချုပ်ရေးဆိုင်ရာ နေရာများနှင့် ရဲလုပ်ငန်းများတွင် ပါဝင်လာစေရန် အစီစဉ်ရှိကြောင်း ၎င်းတို့အနေဖြင့် ကိုဗစ်ကာလနှင့် မိုးတွင်းကာလအတွင်း ပြည်သူများဒုက္ခမရောက်စေရေးအတွက် တိုက်ပွဲများအားဖြစ်နိုင်သမျှရှောင်ရှားနေကြောင်း စစ်ကောင်စီနှင့် ယာယီအပစ်ရပ်စဲရေး သဘောတူညီထားသည်မှလွဲ၍ အခြားသော သဘောတူညီမှုများမရှိကြောင်း ပြောဆိုခဲ့သည်။

-           သတင်းစာဆရာ ဦးစည်သူအောင်မြင့်သည် သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တိုက်ခန်းတခုတွင် အဖမ်းခံရသည်။၎င်းနှင့်အတူရှိနေသော BBC ၏ သတင်းထောက်အမျိုးသမီးတစ်ဦးလည်း ဖမ်းဆီးခံရကြောင်း Irrawaddy ကဖော်ပြထားသည်။

-           ထိုင်း-မြန်မာ နယ်စပ် မဲဆောက်ဘက်သို့ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား လေးဆယ်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေခံထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ KNU ဒူးပလာယာခရိုင်က သတင်းဖော်ပြသည်။

-           မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောင်ခင်ရန်းကျေးရွာတွင် ကိုဗစ်ကူးစက်ခံနေရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီက သြဂုတ် ၉ ရက်တွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း Mizzima မီဒီယာက ဖော်ပြသည်။

-           ဧရာဝတီတိုင်း၊ကျုံပျော်မြို့နယ် ရဲစခန်းရှေ့နှင့် အင်းရဲလမ်းဆုံတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ များက တားဆီးမေးမြန်း စစ်ဆေး ဒဏ်ရိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်ကို Mizzima မီဒီယာက ဖော်ပြသည်။

-           တနင်္သာရီတိုင်း၊ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်တွင် သြဂုတ် ၁၁ ရက်ညက ဖမ်းဆီးခံလိုက်ရသည့် ကိုအောင်ယုသည် သုံးရက်အကြာတွင်သေဆုံးခဲ့ကြောင်း ဇနီးဖြစ်သူက မီဒီယာများကို ပြောကြားသည်။

-           NUG ၏ အောင်လံလွှင့်ချီနွေဦးထီ စတင်ရောင်းချမည့် အချိန်ကို ညနေ ၄ နာရီသို့ ပြောင်းရွှေ့သတ်မှတ် ကြောင်း အောင်လံလွှင့်ချီ နွေဦးထီ၏ တရားဝင် facebook စာမျက်နှာတွင် ကြေညာသည်။

-           အာဏာသိမ်းစစ်ကောင်စီ၏ လုပ်နက်ကိုင် တပ်ရင်းတစ်ခုဖြစ်သည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့ အခြေစိုက် အမှတ် (၅၈) တပ်မှ တပ်ရင်းမှူးနှင့် တာဝန်ရှိသူအချို့ကို မြောက်ပိုင်းတို်င်းစစ်ဌာနချုပ်ရှိ တပ်တွင်းစုံစမ်း စစ်ဆေးရေးအဖြစ် ခုံရုံဖွဲ့စစ်ဆေးခံနေရကြောင်း အဆိုပါတပ်နှင့် နီးစပ်သူများ၏ ပြောပြချက်ကို BBC က ဖော်ပြသည်။

-           ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်များမှ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် သားအဖနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသည်။

-           မြန်မာနိုင်ငံထဲရှိ ထိုင်ဝမ်ကျွန်းမှ သူများသည် မြန်မာအဲဝေးလေယာဉ်ကို စင်းလုံးငှား၍ ပြည်တော်ပြန်လာ ကြောင်း တိုင်ပင် သတင်းဌာနများကဖော်ပြသည်။

 

 သြဂုတ်လ (၁၆) ရက်၊ ၂၀၂၁

 -          မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် စစ်ကောင်စီတပ်များက အလိုရှိသူအားရှာမတွေ့သဖြင့် ၎င်း၏ နေအိမ်ရှိ မိဘများအပါအဝင် မိသားစုဝင် ၅ ဦးအား ဓါးစားခံအနေဖြင့် ဖမ်းဆီးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

-           ပုဒ်မ ၅၀၅ (က) ဖြင့်အမှုဖွင့်ခံထားရပြီး ပဲခူးရှိအကျဉ်းထောင်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသော ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေသည် ကိုဗစ်ရောဂါဖြင့် သြဂုတ်လ ၁၆ ရက်နေ့မနက်က သေဆုံးသည်။

-           စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တွင် စစ်ကောင်စီက ထုတ်ထားသည့်အမိန့်များကို ဆန့်ကျင်သည့်အနေဖြင့် လမ်းပေါ်ထွက်ဆန္ဒပြပွဲများ ပြုလုပ်သည်။

-           ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်မတော် (CNA/F) ဌာနချုပ် Camp Victoria တွင် တပ်သားများအား အိန္ဒိယနိုင်ငံထုတ် COVISHIELD အား ပထမအသုတ်အဖြစ်ထိုးနှံပေးနေကြောင်း Chin World က ဖော်ပြထားသည်။ အဆိုပါ ကမ့်တွင် CDF/PDF များကိုစစ်ရေးလေ့ကျင့်ပေးနေသည့်ဦးရေ တစ်သောင်းခွဲခန့် ရှိကြောင်း မီဒီယာများက ဖော်ပြသည်။

-           မန္တလေးမြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် သံဃာတော်များ ထားရှိ၍ စောင့်ကြပ်ခိုင်းရန် အမိန့်ထုတ်ပြန်ထားမှုအား သံဃာတော်အများစုက သဘောမတူခြင်းကြောင့် ပြန်လည်ရပ်သိမ်းလိုက်ပီဖြစ်ကြောင်း မန္တလေးတိုင်းသံဃမဟာနာယကအဖွဲ့က BBC ကို ပြောဆိုခဲ့သည်။

-           ကျပ်ငွေ တန်ဖိုး ကျဆင်းလာပြီး အမေရိကန် ဒေါ်လာ ငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၀၀ ကျပ်အထိ မြင့်တက်လာ သည်။

-           လန်ဒန်မြို့ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းသည် လုံခြုံရေးအရ ခြိမ်းခြောက်မှုများနှင့် ကြုံနေရခြင်းကြောင့် လန်ဒန်မြို့ရဲတပ်ဖွဲ့နှင့်ဗြိတိသျှ နိုင်ငံခြားရေး ဓနသဟာယအဖွဲ့ရုံးကိုု တိုင်ကြားထားကြောင်း Myanmar Acoountability Project အဖွဲ့ဒါရိုက်တာ ၏ ပြောကြားချက်ကို VOA က ဖော်ပြသည်။

-           တောင်ပိုင်းချင်းပြည်နယ်၊ မင်းတပ်မြို့ မင်းတပ်-မတူပီကြားတွင် မင်းတပ်ကာကွယ်ရေး CDF တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားသည်။

 

သြဂုတ်လ (၁၇) ရက်၊ ၂၀၂၁

 

-           NUG ၏ ယာယီသမ္မတက တိုက်ပွဲစတင်မည့်ရက်အား ညှိနှိုင်းသတ်မှတ်ပြီးနောက် NUG ၏ အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြ၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်သောNUG အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

-           အာဏာသိမ်းပြီး ခြောက်လကျော်ကာလအတွင်း CDM တွင် ပါဝင်လာသည့် တပ်မတော်သား ၁၅၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီးအဖြစ်လူသိများသော ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကို ပြောဆိုခဲ့သည်။ အများစုသည် အောက်ခြေတပ်သားအဆင့်နှင့် တပ်ကြီးကြီးအဆင့်ဖြစ်ပြီး အရာရှိအဆင့် ရာဂဏန်းအထိပါဝင်ကြောင်း သိရသည်။

-           မန္တလေးတိုင်း သရက်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၂) မှ စစ်သား ၁၅ ဦးထက်မနည်း ၎င်းတို့၏ လက်နက်များနှင့်တကွ ထွက်ပြေးသွားကြောင်း Mizzima က ဖော်ပြထားသည်။

-           မင်းတပ် CDF နှင့်စစ်ကောင်စီတပ်ဖွဲ့တို့၏တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကတပ်သားတစ်ဦး ထွက်ပြေး တိမ်းရှောင်လာကြောင်း Chin World က ဖော်ပြထားသည်။

-           ဟားခါးမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦးလည်း CDM ပြုလုပ်၍ CDF-Patetwa သို့ ပူးပေါင်းခဲ့ကြောင်း Zalen က ဖော်ပြထားသည်။

-           စစ်ကိုင်းတိုင်း မင်းကင်းမြို့ တွင်-နှာခေါင်းစည်းလိုက်လံဝေနေသော စစ်ကောင်စီစစ်သားတစ်ဦးနှင့် နှာခေါင်းစည်း မတပ်သော ကိုဇော်မျိုးမြင့်တို့ အပြန်အလှန်စကားများကြရာမှ စစ်သားက သေနတ်ဖြင့် ၃ ချက်ပစ်ခတ် ခဲ့ကြောင်းသိရသည်။ အဆိုပါပစ်ခတ်မှုကြောင့် ဇော်မျိုးမြင့်အပါအဝင် အနီးအနားရှိ အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

-           ရန်ကုန်မြို့ ၄၄ လမ်းဖြစ်စဉ်တွင် သေဆုံးသွားပီဖြစ်ကြောင်း အများကမှတ်ယူခဲ့သော ကောင်းမင်းသန့် သည် သေဆုံးခြင်းမရှိဘဲ KNU ထိန်းချုပ်ရာနယ်မြေသို့ ထွက်ပြေးလွှတ်မြောက်သွားကြောင်း ၎င်းက လူမှုကွန်ယက်တွင် live လွှင့်၍ ပြောဆိုခဲ့သည်။ DVB နှင့် ပြုလုပ်သော အင်တာဗျူးတွင် ၎င်းအနေဖြင့် တိုက်ခေါင်မိုးပေါ်တွင် ညလုံးပေါက်ပုန်းခိုနေသဖြင့် လွှတ်မြောက်သွားခြင်းဖြစ်ကြောင်း ဗိုလ်တစ်ထောင်ရဲစခန်းက ၎င်း၏ရုပ်အလောင်းလိုချင်ပါက ၂၆ သိန်းပေးရမည်ဟု ၎င်း၏ မိသားစုဝင်များအားလိမ်လည်တောင်းဆိုခဲ့ကြောင်း ပြောဆိုခဲ့သည်။

-           လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံအခြေအနေဆိုင်ရာ ဆွေးနွေးရန်ရှိကြောင်း ထုတ်ပြန် သည်။

-           ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဒဏ်ခံနေရသည့် မြန်မာနိုင်ငံတွင် စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူများကို ကိုဗစ်ကူးစက်မှု တိုးနေသည့် အကျဉ်းထောင်ထဲတွင် ထည့်ထားကြောင်း HRW လူ့အခွင့်အရေးအဖွဲ့အစည်းကြီးက ဝေဖန်သည်။

 

သြဂုတ်လ (၁၈) ရက်၊ ၂၀၂၁

 

-           သြဂုတ်လ ၁၈ ရက်နေ့က စစ်ကောင်စီသည် NLD ပါတီမှ ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် များဖြစ်သော ဦးဝင်းမြင့်အောင် ဒေါ်နှင်းခိုင်စိုးနှင့် ဦးမိုးမင်းဝင်းတို့၏ နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့ပြီး ၎င်းတို့ကို မတွေ့သဖြင့် မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Khit Thit က ဖော်ပြထားသည်။

-           သြဂုတ် ၁၈ ရက်နေ့က စစ်ကောင်စီပြုလုပ်သော အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင်က နေပြည်တော်မြို့တွင် လူဦးရေ သန်း ၂၀ ခန့်တိုးပွားလာစေရန်မြေအောက်မီးရထားများနှင့် လျှပ်စစ်ကား ပြေးဆွဲမှုများ အကောင်အထည်ဖော်ရန်ပြောဆိုခဲ့သည်။ စစ်ခေါင်းဆောင်၏ ပြောဆိုမှုသည် လက်တွေ့နဲ့ကင်းကွာ နေပြီး အလွန်အမင်းကျဆင်းနေသော မြန်မာနိုင်ငံ၏စီးပွာရေးအခြေအနေကို လျစ်လျူရှုသည့်ပြောဆိုမှု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

-           မြန်မာနိုင်ငံကိုယ်စားပြုအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် ၎င်း၏နေရာ ဆက်လက် ရရှိရေးနှင့် NUG အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုစေရေး တို့အတွက် ကုလသမဂ္ဂသို့ လက်မှတ်ထိုးတောင်းဆိုမှုတွင် အရှေ့တီမောနိုင်ငံသမ္မတဟောင်း ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် Jose Ramos-Horta မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Derek Mitchell ဆွစ်ဇာလန် နိုင်ငံ အမျိုးသားကောင်စီအဖွဲ့ဝင် ဆွစ်မြန်မာအသင်း ဥက္ကဋ္ဌ နှင့် မြန်မာမိတ်ဆွေများအဖွဲ့ဝင် Ms. Laurence Fehlmann Rielle တို့အပါအဝင် လူဦးရေ ၁၅၆၀၀၀ ကျော်ပါဝင်လက်မှတ်ရေးထိုးကြကြောင်း Irrawaddy က ဖော်ပြထားသည်။

-           ချင်းပြည်နယ် မင်းတပ်ခရိုင် သရက်ကုန်း နှင့် ထုံကိန်း ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်လာကာနေအိမ်များကို ဖောက်ထွင်းဖျက်စီးမှုများပြုလုပ်ကြောင်း ဒေသခံများက ပြောကြား သည်။

-           နှမ်းခါးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျန်းမာရေးမကောင်း၍ ကျေးရွာမှ တိမ်းရှောင်ခြင်း မပြုနိုင်သည့် အသက်ရ၂ နှစ်အရွယ် အဘိုးအိုကို ရိုက်နှက်သွားကြောင်း Mizzima မီဒီယာက ဖော်ပြသည်။

-           ထားဝယ်တွင် စစ်သားများ လက်နက်ဖြင့် ထွက်ပြေးသွားသည်ဟူသည့် သတင်းမှာ မှန်ကန်ကြောင်း အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပြုလုပ်ထားသည့်ဗို်လ်ကြီး လင်းထက်အောင်နှင့် ဗိုလ်ကြီး မင်းမောင်မောင်က ပြောသည်။

-           ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းနှင့် ကမာရွတ်မြို့နယ်များတွင် စစ်ကောင်စီတပ်များက ဧည့်စာရင်း စစ်မွှေနှောက်ကာ လူ ၁၂ ဦးထက်မနည် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Mizzima မီဒီယာက ဖော်ပြသည်။

 

သြဂုတ်လ (၁၉) ရက်၊ ၂၀၂၁

 

-           ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏အခြေစိုက်စခန်းကို အကြမ်းဖက်စစ်ကောင်စီမှ အင်အားတစ်ရာ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီးPDF တပ်ဖွဲ့ဝင်များမှ အချိန်မှီ စခန်းအားစွန့်ခွာ၍ ရှောင်တိမ်းနိုင်ခဲ့ပြီး ထိခိုက်ကျဆုံးသူ မရှိကြောင်း Khit Thit မီဒီယာက ဖော်ပြသည်။

-           အာဏာမသိမ်းမှီကာလက လူသစ်တစ်ဦးလျင် ပညာအရည်အချင်းပေါ်မူတည်၍ ၅သိန်း မှ ၁၅ သိန်းထိပေး ၍ စည်းရုံးရကြောင်း သိရသည်။ CDM ပါဝင်သောဝန်ထမ်းများများပြားသဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး နေရာ ၂၀၀ အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များဖြင့် အစားထိုးခန့်အပ်ရန်အတွက် ရုံးတွင်းအမိန့်စာများ ဖြန့်ဝေခြင်းဖြင့် ကြိုးပမ်းလျက်ရှိကြောင်း Myanmar Now က ဖော်ပြထားသည်။

-           သြဂုတ် ၁၉ ရက်နေ့က မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်တပ်ဖွဲ့ (PDF) ၏ စခန်းတခုသည် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ခန့်ဖြင့် စီးနင်းတိုက်ခိုက်ခံခဲ့ရကြောင်း Irrawaddy က ဖော်ပြထားသည်။ တိုက်ခိုက်မှုကြောင့် သေဆုံးမှုများမရှိသော်လည်း လက်လုပ်သေနတ် ၁၅ လက်ခန့်အပါအဝင် အခြားသော ပစ္စည်းများနှင့် ဆန်ရိက္ခာများ သိမ်းဆည်းခံရကြောင်းသိရသည်။

-           ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (INUG) ကသာ လုံခြုံရေးကူညီပေးနိုင်လျှင် တစ်လအတွင်း နောက်ထပ် စစ်သား ၅ဝဝခန့် CDM လုပ်မည့် စာရင်းရှိနေကြောင်း ပြည်သူ့စစ်သားကဏ္ဍက ရေးသားဖော်ပြသည်။

-           ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ တီာလ်ကျေးရွာ ဘုရားကျောင်းအား စစ်ကောင်စီတပ်များ ဝင်ရောက် ဖျက်စီးမှုနှင့် ပတ်သက်၍ ခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့က သဘောထား ထုတ်ပြန်ချက် ထုတ်၍ သတိပေးသည််။

-           ဧရာဝတီတိုင်း၊ဖျာပုံမြို့တွင် ဒလန်ဟုကျော်ကြားသူ အောင်ကြီး(ခ) မင်းသားကြီးသည် သေနတ်ဖြင့် ပစ်သတ်ခံရသည်။

-           ဖားကန့်မြို့နယ် လုံးခင်းစျေးကုန်းတွင် ရဲတစ်ဦးအား အမည်မသိ         သေနတ်သမားများက သေနတ်ဖြင့် ငါးချက် ပစ်ခတ်သည်။

-           ကျောက်ဆည်မြို့ ရေပြစ်ကြီးကျေးရွာမှ စစ်ကောင်စီသတင်းပေး ပျူစောထီးခေါင်းဆောင်ဟု ဒေသခံများ က သတ်မှတ်ထားသည့် သူတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရသည်။

-           သရက်နှင့် ထားဝယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့   လက်နက်များဖြင့် ထွက်ပြေးသည်ဆိုသည့် သတင်း မဟုတ်မှန်ကြောင်း စစ်ကောင်စီက ငြင်းဆိုထုတြ်ပန်သည်။

-           သြဂုတ်လ ၁၉ ရက်နေ့က မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ယာအနီးတွင် စစ်ကောင်စီ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးထံတွင် ဧည့်စာရင်းတိုင်ကြားမှုများပြုလုပ်နေကြစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့သဖြင့် လူလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေများက RFA ကိုပြောဆိုခဲ့သည်။

-           သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ အဆောင်တခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ်တစ်ဦး နေရာတွင်ပင် ပစ်သတ်ခံရပြီး အခြားလူငယ်နှစ်ဦး စစ်ကြောရေးတွင် သေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

-           ဧရာဝတီတိိုင်းဒေသကြီး အသုတ်မြို့တွင် ဒလန်ဟုနာမည်ကြီးသူ ဦးဝင်းနိုင်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီက NLD ရပ်ကျေးတာဝန်ရှိသူများ၏နေအိမ်ကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးမှုများပြုလုပ်ကြောင်း Mizzzima မီဒီယာက ဖော်ပြသည်။

-           မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် အကြမ်းဖက်စစ်ကောင်စီဝင်များက တောင်ပြင် (၁) ရပ်ကွက်နှင့် တောင်ပြင် (၂) ရပ်ကွက်တွင်နေထိုင်ကြသူ သုံးဦးကို အကြမး်ဖက်ထပ်မံ ဖမ်းဆီးသွားသည်။

-           အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်မှ ထွေအုပ်စာရေး ညီထွေးကို အမည်မသိလူူအချို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနေရာတွင်ပင် သေဆုံးကြောင်း Khit Thit မီဒီယာက ဖော်ပြသည်။

-           ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များ၊ လက်အောက်ခံ BGF တပ်များနှင့် KNDO တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တို့ အချင်းချင်းRPG နှင့် ပစ်ခတ်မိပြီး စုစုပေါင်း ၂၃ ဦးထက်မနည်း သေဆုံးကြောင်း KNDO သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို Khit Thit မီဒီယာက ဖော်ပြသည်။

 

 

 

သြဂုတ်လ (၂၀) ရက်၊ ၂၀၂၁

 

-           မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်တပ်က ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူမည့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၏ တရားစီရင်ပိုင်ခွင့်ကို သဘောတူကြောင်းလက်ခံလွှာကို ICC မှတ်ပုံတင်အရာရှိထံ တရားဝင်တင်သွင်းခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

-           သြဂုတ်လ ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် မကွေးတိုင်း သရက်မြို့တွင် စစ်သား ၁၅ ယောက်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့တွင် စစ်သား ၂၅ ဦးတို့ ၎င်းတို့၏ လက်နက်များဖြင့် တပ်အတွင်းမှ ထွက်ပြေးတိမ်းရှောင် သွားကြသည်ဟု ဒေသခံများထံမှသိရှိရကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။

-           သြဂုတ်လ ၂၀ ရက်မနက်မှစ၍ မူဆယ်မြို့နယ် ပန်ဆိုင်းမြို့ရှိ ရဲစခန်းအပါအဝင် နေရာအချို့တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေကြောင်း Shwe Phee Myay က ဖော်ပြထားသည်။

-           ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) ၏ အထက်ဘက် မြင်တန်တောင်ကြောတလျှောက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများဖြစ်ပွားကြောင်းဒေသခံများ၏ ပြောကြားချက်ကို BBC က ဖော်ပြသည်။

-           သြဂုတ် ၂ဝရက် မနက် ၈နာရီ မှစ၍ NUG က Radio NUG ရေဒီယိုလိုင်းကို စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ ကြောင်း သိရသည်။ ရေဒီယိုဝယ်ယူမှုများ အလွန်များပြားနေခြင်းကြောင့် စျေးကွက် အတွင်း စျေးတက်ခြင်းများပင် ဖြစ်ပေါ်နေကြောင်း BBC က ဖော်ပြထားသည်။

-           ပီချောင်းဒေသရှိ ရွာတိုင်း တစ်ရွာလျင် လူသုံးဦးစီ အဆိုပါသင်တန်းသို့ မတက်မနေရ အတင်းအဓမ္မ ခေါ်ယူခဲ့ကြောင်း သင်တန်းအတွင်း အစာအငတ်ထားခြင်းနှင့် နိုင့်ထက်စီးနင်းမှုများကြောင့် ထွက်ပြေးရခြင်း ဖြစ်ကြောင်း ထွက်ပြေးသူများ၏ မိသားစုဝင်များက ပြောဆိုသည်။

-           သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးမောင်၏ (DNP) ပါတီနှင့် NLD အမတ်ဟောင်း ဦးစိန်ဝင်း၏ (NUD) ပါတီတို့၏ ပိုင်ဆိုင်မှုနှင့်ငွေကြေးများကိုလာမည့် သြဂုတ် ၂၃ ရက်တွင် စစ်ဆေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားသည်။

-           ငါးရက်အတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ရှောင်ပြည်သူများကို ကူညီနေသူ အရပ်သား ၁၂ ဦးဖမ်းဆီးခံထားရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို Khit Thit မီဒီယာက ဖော်ပြသည်။

-           မန္တလေးတိုင်း မတရာမြို့နယ်တံငါတောင်ရွာကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဝင်ရောက်စီးနင်း ပစ်ခတ်ခြင်းကြောင့် နှစ်ဦးသေဆုံးပြီးသုံးဦးဖမ်းဆီးခံရသည် ။

-           စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ နေရာသုံးခုအား ဝင်ရောက်ရှာဖွေခဲ့ပြီး ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်ကို Mizzima မီဒီယာက ဖော်ပြသည်။

-           Radio NUG လိုင်းသည် ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်လွှင့်ခွင့် ပြုထားသည့် ရေဒီယိုလိုင်း မဟုတ်သဖြင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်ပါက အရေးယူခံရမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာသည်။

-           မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ အိမ်ရာဝင်းတွင် Food Panda ဝန်ထမ်းတစ်ဦးကို လူရှစ်ဦးက ဓားဖြင့်ခုတ်၍ လုယက်သည်။

-           NUG အနေဖြင့် မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်ကကျူးလွန်နေသည့် ရာဇဝတ်မှုများအား ရုံးတင်စစ်ဆေး အရေးယူ နိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း သြဂုတ် ၂၀ ရက် ရက်စွဲဖြင့် စာထုတ်ပြန်လိုက်သည်။ နိုင်ငံတကာရာဇဝတ်ခုံရုံး စာချုပ်၏ ပုဒ်မ ၁၂ (၃) နှင့်အညီ လက်ခံလွှာကို ICC မှတ်ပုံတင်အရာရှိထံ ဇူလိုင် ၁၇ ရက်နေ့ကပင် လွှဲပြောင်းခဲ့ကြောင်း အဆိုပါကြေညာချက်ထဲတွင် ဖော်ပြထားသည်။

-           သြဂုတ် ၁၈ ရက်က ဂန့်ဂေါ-ကလေး ကားလမ်းအတိုင်းမောင်းနှင်လာသည့် စစ်တပ်ယာဉ်တန်းတခု မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက်သုံးဆယ်ကျော် ဒဏ်ရာရသည်ဆိုသည်မှာ သတင်းအမှား သာဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်လာသည်။

-           ရခိုင်ပြည်နယ်၊မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကို ပြည်နယ်ထဲတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် နိုင်ရန် အတွက် ဇူလိုင် ၁၅ ရက်ကတည်းက ယာယီပိတ်ထားကြောင်း ပြည်နယ်ကောင်စီက သတင်းထုတ်ပြန်သည်။

-           CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြားတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသော ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်သားများက မြို့အတွင်းသို့ ဆန်သယ်ယူခွင့်ကို ကန့်သတ်ထားလိုက်ပြီး လူတစ်ဦးလျင် ဆန် ၁ဝ ပြည်သာ သယ်ယူခွင့်‌ပြု‌သဖြင့် ဒေသခံများအခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း Mizzima က ဖော်ပြထားသည်။

 

သြဂုတ်လ (၂၁) ရက်၊ ၂၀၂၁

 

-           ချင်းပြည်နယ် မြောက်ပိုင်း ဟားခါးနှင့် ထန်တလန်ကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် CDF ထန်တလန်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသည်။

-           မြို့ပြတိုက်ပွဲများနီးကပ်လာပီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ပြင်ဆင်ထားရန်လိုအပ်ကြောင်း ရန်ကုန်မြို့ အခြေစိုက် ပျောက်ကြားအဖွဲ့ဝင်များက Myanmar Now ကို ပြောဆိုခဲ့သည်။ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်တပ်ပိုင် အထည်ချုပ်စက်ရုံအတွင်း ဗုံးဖောက်ခွဲမှုအပါအဝင် လှိုင်သာယာမြို့နယ်ရှိ ရဲစခန်းအား ဗုံးခွဲတိုက်ခိုက်မှုများအား ၎င်းတို့မှပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

-           ဘုရင့်နောင်တံတားအနီးတွင် ရဲနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

-           သြဂုတ်လ ၈ ရက်နေ့က ဗုံးခွဲတိုက်ခိုက်မှုခံခဲ့ရသော မကွေးလေတပ်စခန်းမှ စစ်သား ၃၆ ဦး သြဂုတ်လ ၂၁ ရက်နေ့က ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ယခုအခါ လုံခြုံရာနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း People’s Spring စာမျက်နှာတွင် ဖော်ပြထားသည်။

-           လက်ရှိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသော ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ထံတွင် လက်နက်ချပါက လက်ခံပေးမည်ဖြစ်ကြောင်း ဆုကြေးများလည်းပေးသွားမည်ဖြစ်ကြောင်း KNDF ၏ ကြေညာခဲ့သည်။

-           ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်ဆက်သွယ်မှုများအား သြဂုတ်လ ၂၀ ရက်နေ့ညမှ စ၍ ဖြတ်တောက်လိုက်ပီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

-           ဖမ်းဆီးခံထားရေး သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် BBC Media Action ၏ အလွတ်တန်း သတင်းထောက် မထက်ထက်ခိုင်တို့အား စစ်ကောင်စီက အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နှင့် မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) တို့ဖြင့် အမှုဖွင့်ထားကြောင်း Mizzima က ဖော်ပြထားသည်။

-           မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် သြဂုတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းကို ခံရသော အသက် ၇၂ နှစ်အရွယ် အဘိုးအိုသည် ယနေ့တွင် ကွယ်လွန်သည်။

-           ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းသည့် တပ်မတော်သားများကို လှိုက်လှဲစွာ ကြိုဆိုနေပြီး လုံခြုံရေး အထူးအာမခံသည့်အပြင် ပြည်သူများ ချီးမြှင့်သည့် ဆုငွေများကို ပေးမည်ဖြစ်သဖြင့်လာရောက်ပူးပေါင်းကြပါရန် တိုက်တွန်းကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကထုတ်ပြန်သည်။

-           စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်တွင်းပြည်ပမှသူများ စုစည်းကာ အကောင်အထည်ဖော်သည့် နွေဦးတော်လှန်ရေးကဗျာ ခံစားမှု ပြပွဲအတွက် ကဗျာစာမူများ စတင်ဖိတ်ခေါ်သည်။

-           မကွေးလေတပ်မှ စစ်သည် ၃၆ ဦးသည် လက်နက်များနှင့်အတူ ထွက်ပြေးသွားပြီး လုံခြုံသည့်နေရာသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း Mizzima က ဖော်ပြသည်။

-           စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ သူနာပြုဆရာမတို့အား စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး အသက်သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ ကြောင်း ဆွေမျိုးများက Mizzima ကို ပြောဆိုခဲ့သည်။

-           သြဂုတ်လ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အာဏာဖီဆန်ရေး (CDM) ပြုလုပ်သွားတဲ့ ရဲတပ်ကြပ်ကြီး ဦးဇော်ဝင်းမင်း၏ မိဘနှစ်ပါးအားစစ်ကောင်စီက နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း DVB က ဖော်ပြထားသည်။

-           မန္တလေး PDF အဖွဲ့ဝင် ၂၀ ကျော်အား လက်နက်များနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သြဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

-           ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ်ကျေးရွာတွင် အခြေစိုက်ထားသည့် တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်များကစွန့်ခွာသွား၍ ကရင်အမျိုးသားအစည်းအရုံး KNU က ယင်းစခန်းကိုမီးရှို့ဖျက်စီးလိုက်သည်။

-           ဖားကန့် လုံးခင်းရတနာမြေအတွင်း ဆက်သွယ်ရေးအင်တာနက်လိုင်းအချို့ကို အာဏာသိမ်းစစ်ကောင်စီ က စတင်ထိန်းချုပ်ကန့်သတ်သည်။

-           တရုတ်နယ်စပ်ဂိတ်မှ မြန်မာပြည်တွင်းသို့ ပြန်လာရန်စောင့်ဆိုင်းနေကြသူများအနက် ဦးရေ ၁၀၀ ခန့် စတင်ပြန်ခွင့် ရသည်။

-           မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ်တွင် ပေါက်ကွဲမှုများဖြစ်ပွားသည်။

 

သြဂုတ်လ (၂၂) ရက်၊ ၂၀၂၁

 

-           မြို့ပြတိုက်ပွဲဖြစ်ပွားမည်ဆိုသည့် သတင်းများကြောင့် အချို့သော စျေးဝယ်စင်တာများတွင် စားသောက်ကုန် ဝယ်ယူစုဆောင်းမှုများပြုလုပ်နေကြသဖြင့် ပစ္စည်းများပြတ်လပ်နေကြောင်း ရန်ကုန်မြို့ခံအချို့က လူမှုကွန်ယက်တွင် ရေးသားထားကြသည်။

-           ဩဂုတ် ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ရှိ သတ္တုတွင်းကုမ္ပဏီတစ်ခု၌ လုံခြုံရေး ဆောင်ရွက်နေသည့် စစ်သား ၅ ဦးသည်လည်း လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း The 74 Media က ဖော်ပြထားသည်။

-           လက်နက်နှင့်အတူထွက်ပြေးတိမ်းရှောင်လာသော တပ်ဖွဲ့ဝင်များအား သိန်း (၅၀) ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ်ရှိ CDF-Mindat က ကြေညာခဲ့ပြီးနောက် စစ်သား (၃) ဦး ၎င်းတို့နှင့်ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း CDF နှင့် နီးစပ်သူများက လူမှုကွန်ယက်တွင် ရေးသားထားသည်။

-           ချင်းပြည်နယ် ပလက်ဝမြို့နယ် ပီချောင်းဒေသတွင် သြဂုတ်လ ၁၆ ရက်နေ့က AA အဖွဲ့ ပြုလုပ်သော စစ်သင်တန်းမှ ထွက်ပြေးလာသော ချင်းလူမျိုး ၁၀ ဦးသည် ယခုအခါတွင် အသက်အန္တရာယ်အတွက် လုံခြုံသောနေရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း Khumi Media Group က ဖော်ပြထားသည်။ သင်တန်းတက်ရန် အတင်းအကြပ် ခိုင်းစေခြင်း သင်တန်းအတွင်း နှိပ်စက်ခြင်းတို့ကြောင့် ၎င်းတို့ ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

-           ဩဂုတ်လ ၂၂ ရက်မှ ၂၅ ရက်အထိကျင်းပမည့် (၄၂) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ (AIPA) တွင် ရွေးကောက်ခံအမတ်များဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အား ဖိတ်ကြားခြင်းမရှိဘဲ စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့အား လေ့လာသူအဖြစ် တက်ရောက်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်း CRPH က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

-           ရုရှားကာကွယ်ရေးဝန််ကြီးဌာနက ပြုလုပ်သည့် နိုင်ငံတကာစစ်တပ် အားကစားပြိုင်ပွဲတွင် မြန်မာစစ်တပ် ကို ပါဝင်စေမှုသည် လူသတ်စစ်အာဏာရှင်စနစ်ကိုအားပေး အားမြှောက်ပြုနေခြင်းဖြစ်ကြောင်း Justic for Myanmar က ထုတ်ပြန်ရှုံ့ချသည်။

-           ကယားပြည်နယ်ဘော်လခဲမြို့နယ်တွင် ကရင်နီကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့က ထုတ်ဖော်ပြောကြားသည်။

 

 

သြဂုတ်လ (၂၃) ရက်၊ ၂၀၂၁

 

-           ရန်ကုန် မန္တလေးအပါအဝင် မြို့အချို့တွင် အသံချဲ့စက်များဖြင့် ဝါဒဖြန့်မှုများပြုလုပ်သည်။ NUG နှင့် PDF တို့သည် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြောင်း Covid-19 အား ဇီဝလက်နက်အဖြစ်အသုံးပြုနေကြောင်း NLD ပါတီဝင်များသည်လည်း အကြမ်းဖက်မှုများပြုလုပ်နေကြောင်း ပြည်သူများအနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းခြင်း မပြုကြရန် မြို့များတွင် လိုက်လံကြေညာနေခြင်းဖြစ်သည်။

-           ကိုဗစ် တတိယလှိုင်းအတွင်း အစားအသောက်၊ ဆေးဝါး နှင့်လိုအပ်သည်များကို ကူညီပေးနေသည့် ပရဟိတ သမားအချို့ကို စစ်ကောင်စီ အုပ်ချုပ်ရေးတာဝန်ရှိသူများက ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း VOA က ဖော်ပြသည်။

-           ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်မြို့နယ်အတွင်းရှိ ပန်ဆို်င်းမြို့နယ်တွင် စစ်ကောင်စီ တပ်နှင့် MNDAA ကိုးကန့်တပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်။

-           မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားတာ ၆ လကျော် ကြာလာသည်အထိ အာဏာသိမ်း စစ်ကောင်စီကိုရော ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ဧပြီလ ၁၆ ရက်တွင်ဖွဲ့စည်းလိုက်သည့် NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကိုပါ နိုင်ငံတကာက အစိုးရအဖြစ် အသိအမှတ်ပြုခြင်း မရှိသေးကြောင်း SAC-M လို့ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ပြောကြားသည်။

 

သြဂုတ်လ (၂၄) ရက်၊ ၂၀၂၁

 

-           KNLA တပ်မဟာ (၆) ၏ ထိန်းချုပ်နယ်မြေဖြစ်သော ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးတွင် သြဂုတ်လ ၂၃ ရက်နေ့မှ စ၍ KNLA နှင့် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIC Media က ဖော်ပြထားသည်။

-           သြဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စမ်းချောင်း အလုံ သာကေမြို့နယ်များအပါအဝင် ရန်ကုန်မြို့အတွင်း ဖမ်းဆီးစစ်ဆေးမှုများ အများအပြားပြုလုပ်နေပြီး ၂ ရက်အတွင်း လူ ၃၀ ခန့် ဖမ်းဆီးခံ ခဲ့ရကြောင်း ဒေသခံများက RFA ကို ပြောဆိုခဲ့သည်။

-           ကရင်ပြည်နယ်တွင် စစ်ရေးတင်းမာနေစဉ် ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း ကေအိုင်အိုဗဟိုကော်မတီ က အချက် ၅ ချက်ပါသော ကြေညာချက်အား သြဂုတ်လ ၂၄ ရက်နေ့က ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

-           ပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် နည်းလမ်းနှစ်မျိုးဖြင့် ကြိုးစားနေကြောင်း အမျိုးသား ကျန်းမာရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဖဒိုမန်းမန်းက ဩဂုတ်လ ၂၄ရက်နေ့မှာပြုလုပ်သော NUG ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

-           သြဂုတ်လ ၂၃ ရက်နေ့ကမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် တမူး PDF က စစ်ကောင်စီ အခြေစိုက်စခန်းအချို့အား ခြုံခိုတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှ၁၇ ဦးခန့်သေဆုံးကြောင်း PDF တမူး၏ တာဝန်ရှိသူတစ်ဦးက Mizzima ကိုပြောဆိုသည်။

-           မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ဒေသခံ PDF တပ်ဖွဲ့ဝင်များ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ယာဉ်တန်းအချို့ထိခိုက်ခဲ့ပြီး ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

-           ရိုဟင်ဂျာများအပါအဝင် လူနည်းစု လူ့အခွင့်အရေးကိုအကာကွယ်ပေးရန်နှင့် ၁၉၈၂ နိုင်ငံသားဖြစ်ရေး ဥပဒေများကို ပြန်လည်ပြင်ဆင်နိုင်ရေး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ဒီမိုကရေစီရေး လိုလားတဲ့အစုအဖွဲ့များ၏ မျှော်မှန်းချက်နှင့် ကတိကဝတ်တွေကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price ကထုတ်ပြန်သည်။

-           မကွေးတိုင်း၊ ဂန့်ဂေါနယ်ထဲတွင် ဂန့်ဂေါ PDF အဖွဲ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်သည်။

-           ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လက်နက်ကိုင် KIA အဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။

-           ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် စစ်တပ်က အင်အားတိုးချဲ့မှုများပြုလုပ်နေပြီး အဆိုပါအခြေအနေများ အား ရက္ခိုင့်တပ်တော် (AA) အနေဖြင့် အနီးကပ်စောင့်ကြည့်နေကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ သြဂုတ်လ ၂၄ ရက်နေ့က ပြောဆိုခဲ့သည်။

 

သြဂုတ်လ (၂၅) ရက်၊ ၂၀၂၁

 

 -          ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသအများအပြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲကပစ်ခတ်မှုများ၊ ရှာဖွေဖမ်းဆီးခြင်းများ ရှိနေသော်လည်း ဒေသအချို့တွင် ဆန္ဒပြပွဲများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

-           အရှေ့တောင်အာရှခရီးစဉ်အတွင်း ဗီယက်နက် နိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် ဒုသမ္မတ Kamala Harries ကမြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများအပေါ် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ အဆုံးသတ်ရန် တောင်းဆိုသည်။ မန္တလေး၊ မုံရွာ၊ ကလေး၊ တန့်ဆည် စတဲ့မြို့တွေအပြင် ရွှေဘို၊ ဂန့်ဂေါ၊ ယင်းမာပင်၊ လောင်းလုံး စသည့်မြို့များတွင်လည်း ရဟန်းသံဃာ၊ လူကြီး၊ လူငယ်၊ ကျောင်းသား စသည်အားဖြင့် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

-           စစ်ကိုင်းတိုင်း၊ အရာတော်မြို့က ကျေးရွာတရွာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး ရွာသားများကို ဖမ်းဆီးသလို နေအိမ်များကိုလည်း ဖျက်စီးခဲ့ကြသည်။

-           ချင်းပြည်နယ် ၊ တီးတိန်မြို့ မြန်မာ့ စီးပွားရေး ဘဏ်ခွဲရှေ့တွင် လုံခြုံရေးအစောင့် သုံးဦး ပစ်ခတ်ခံရသည်။

-           ရုရှားနိုင်ငံက မြန်မာစစ်တပ်အတွက်ရောင်းထားသည့် Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ်ကို သက်ဆိုင်ရာ အရောင်းအဝယ်စာချုပ်ထဲတွင်ပါသည့်အတိုင်း သက်မှတ်ရက်နဲ ့အညီပေးပို ့သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆက်ရွက်ရေး ဌာနအကြီးအကဲက ပြောကြားချက်ကို ကိုးကားပြီး Interfax သတင်းဌာန သတင်းတပုဒ်တွင် ဖော်ပြသည်။

-           CDF-Hakha နှင့် CDF-Zophei တို့ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဟားခါး-ထန်တလန်အကြားတွင် သြဂုတ်လ (၂၅) ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဖက်မှ အနည်းဆုံး (၃) ကောင်သေဆုံးခဲ့ကြောင်း CDF က ထုတ်ပြန်ထားသည်။ ထန်ထလန်မြို့အတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြောင့် နေအိမ်ရှိ အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း The Thantlang Times က ဖော်ပြထားသည်။

-           စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူး သုံးဦး CDM ဝင်ရောက်လာကြောင်း ဗိုလ်ကြီး လင်းထက်အောင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

-           အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသော ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းအား ထောင်ဝင်စာ လာရောက်တွေ့ဆုံးသော ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းအား စစ်ကောင်စီက သြဂုတ်လ ၂၅ ရက်နေ့က ဖမ်းဆီး လိုက်ကြောင်း Mizzima က ဖော်ပြသည်။

-           မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ပါဝင်ပြီး တရားမျှတသည့် နည်းလမ်းဖြင့် ဆွေးနွေးမှသာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း KIA ကချင်လက်နက်ကိုင်အဖွဲ့ကသဘောထား ထုတ်ပြန်သည်။

-           စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် CDM ပြုလုပ်ထားသူအဖြစ် ဟန်ဆောင်ကာ PDF အဖွဲ့ထဲဝင်ရောက် ထောက်လှမ်းနေသော မုံရွာအမှတ် (၂) ရဲစခန်းမှ ရဲတစ်ဦးအား ယင်းမာပင် PDF က ဖမ်းဆီးလိုက်ကြောင်း Mizzima က ဖော်ပြထားသည်။

-           VOA မြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နှင့် BBC Media Action ရဲ့ ခံစားကြည့် အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ကို ဗဟန်းရဲစခန်းမှာ ချုပ်ရက်ရမန်ယူထားတယ်ကြောင်း ရှေ့နေများ၏ ပြောကြား ချက်ကို VOA က ဖော်ပြသည်။

-           မြန်မာပြည်တွင်း နှင့် ချိတ်ဆက်မည့်ရထားလမ်းသစ်ဖွင့်ပွဲကို တရုတ်နိုင်ငံ လင်ချမ်းခရိုင် အာဏာပိုင်များ က ပြုလုပ်သည်။

 

 

သြဂုတ်လ (၂၆) ရက်၊ ၂၀၂၁

-           မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေး အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အနီးကပ် ကူညီကြိုးပမ်းသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတအိမ်တော်က ထုတ်ပြန်သည်။ NUG ကို တရားဝင်အသိအမှတ်ပြု ထောက်ခံရန် လူနှစ်သိန်း ခြောက်သောင်းကျော် လက်မှတ်ရေးထိုး ပေးပို့တောင်းဆိုသည့် စာကို တောင်ကိုရီးယားနိုင်ငံအစိုးရက ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်သည်။

-           ရန်ကုန်တိုင်း ယုဇနဥယျာဉ် မြို့တော်တွင် စစ်တပ်ထိန်းချုပ်ထားသော ကြေးမုံသတင်းထောက် ကြံ့ခိုင်ရေး ပါတီဝင်ဖြစ်သူ ရဲကြီးအား သြဂုတ်လ ၂၆ ရက်နေ့ ညနေက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း Yangon Revolution Group (YRG) က ဖော်ပြထားသည်။

-           စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ ကြွေပုဂံရွာကို ဝင်ရောက်စီးနင်းပြီး လုယက်ခဲ့သည့် စစ်ကောင်စီ ယာဉ်တန်းအား ရွာအပြန်လမ်းတွင် ဒေသခံ PDF များက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။

-           ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်အတွင်းရှိ စခန်းတစ်ခုအား KNLA တပ်မဟာ ၆ လက်အောက်ရှိ တပ်ခွဲတစ်ခုက သိမ်းပိုက်နိုင်ခဲ့ကြောင်း Thoolei News က ဖော်ပြထားသည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပရဟိတကူညီပေးနေသူလည်းဖြစ် တက်ကြွလှုပ်ရှားသူလည်းဖြစ်သည့် ကိုသက်နိုင်စိုးနှင့် ရန်ကုန်မြို့ တောင်ဥက္ကလာပ ပရဟိတအဖွဲ့မှ မောင်စန်းဝင်းအောင်တို့သည် ဖမ်းဆီးခံထားရစဉ်အတွင်း သေဆုံးခဲ့ကြောင်း မိသားစုဝင်များ၏ ထုတ်ဖော်ပြောကြားမှုကို VOA က ဖော်ပြသည်။

-           ကလေးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြစစ်ကြောင်းကို အရပ်ဝတ်များဖြင့် ဖြိုခွဲမှုများပြုလုပ်ရာ မိန်းကလေးရှစ်ဦးအပါအဝင် ၁၂ ဦးထက်မနည်း ဖမ်းစီးခံရသည်။        

-           NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအပါအဝင် ၁၂ ဦးကိုလည်း CDM ဝန်ထမ်းများနှင့် PDF များအား ထောက်ပံ့ကူညီမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။

-           စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်ပစ်ခတ်၍ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

-           စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာတွင် အရဘက်ကားတွေ၊ လူမူရေးပရဟိတ ကားများဖြင့် စစ်ကောင်စီတပ်များဝင်ရောက်ပြီး သေနတ်များပစ်ဖောက်ကာ ရွာသား ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို VOA က ဖော်ပြသည်။

-           သတင်းထောက်များ သူတို့အလုပ်သူတို့လုပ်ရင်း အရေးယူခံရသည့်အကြောင်းများ ကြားသိရသည့်အတွက် တုန်လှုပ်ခြောက်ချားမိကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ကြေညာချက်ထုတ်ပြန်သည်။

သြဂုတ်လ (၂၇) ရက်၊ ၂၀၂၁

 

-           ကယားပြည်နယ် ဒီးမော့ဆိုမြိုနယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၁၀ ဦးအား ဩဂုတ် ၁၈ ရက်နေ့က လက်နက်ခဲယမ်းအများအပြားဖြင့် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

-           ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ အမျိုးသမီးတစ်ဦးကိုလည်း ကယားပြည်နယ်ရှိ PDF အဖွဲ့များအား ငွေကြေးထောက်ပံ့မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။

-           NUG/CRPH/PDF တို့၏ သတင်းပေးပို့သူအား အနည်းဆုံး ငွေကျပ် ၅ သိန်းဆုကြေးပေးမည်ဟု စစ်ကောင်စီက ကြေညာထားကြောင်း Popular News က ဖော်ပြထားသည်။

-           စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် အွန်လိုင်းမှ ပစ္စည်းမှာယူခြင်းအား ရှောင်ရှားကြရန် သြဂုတ်လ ၂၀ ရက်စွဲဖြင့် လျှို့ဝှက်စာထုတ်ပြန်ထားကြောင်း Mizzima က ဖော်ပြထားသည်။

-           မြန်မာ-ထိုင်း နယ်စပ်ဂိတ်တခုဖြစ်သည့် ဆွင်ခန် နယ်စပ်စစ်ဆေးရေးဂိတ်ကို ထိုင်းဘက်က တပတ်ပိတ်လိုက် သည်။

-           စစ်တပ်ကအာဏာသိိမ်းအုပ်ချုပ်ခြင်းကို ဆန့်ကျင်သည့် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ဆန္ဒပြပွဲတခု ဖြိုခွဲခံရပြီး ဆန္ဒပြအမျိုးသမီးတဦး ဖမ်းဆီးခံရသည်။

-           ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စစ်သားများ ပစ်ခတ်မှုကြောင့် လမ်းတွင် စျေးရောင်းနေသူတစ်ဦး သေဆုံးသည်။

-           မန္တလေးမြို့တွင် ပြီးခဲ့သည့်လက စစ်တပ်ကဖြိုခွင်းမှုအတွင်း ကျဆုံးခဲ့ရသည့် မသူသူဇင်အတွက်တလပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မြတောင်သပိတ်စစ်ကြောင်းက လမ်းမပေါ်ထွက်၍ ဆန္ဒပြသည်။

-           စစ်အာဏာသိမ်းခြင်း ရလကြာလာပြီး လုံခြုံရေး ဖမ်းဆီးမှုများရှိသည့် ကြားကပင် မုံရွာ၊ ကလေး၊ လောင်းလုံ၊ ရွှေဘို၊ မြိုင်၊ မကွေး နှင့် ဆားလင်းကြီး၊ ယင်းမာပင်မြို့နယ်တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်တိုက် ပြုလုပ်သည်။

-           နိုင်ငံတကာ သံရုံးများအနေဖြင့် သံတမန်ကျင့်ဝတ်ကို လိုက်နာရန်၊ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမျိုး မလုပ်ရန် စစ်ကောင်စီကသတိပေးသည်။

 

 

သြဂုတ်လ (၂၈) ရက်၊ ၂၀၂၁

 

-           ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြေအောက်အဖွဲ့ စုစုပေါင်း ၁၂ ဖွဲ့ ပူးပေါင်းပြီး မဟာမိတ်ဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။

-           မကွေးတိုင်း မင်းဘူးမြို့နယ် ခရိုင်ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ်လ ၂၈ ရက်နေ့ညက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။

-           ရှမ်းပြည်နယ်မြောက်ပိုင် မုံးကိုးမြို့နယ်တွင် KIA နှင့် MNDAA တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင်း စစ်ကောင်စီ၏ အမှတ် (၅၂၅) တပ်ရင်းတစ်ခုလုံးနီးပါ ကျဆုံးခဲ့ကြောင်း Kachinwaves က ဖော်ပြထားသည်။

-Sinopharm ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂ သန်း ဩဂုတ်လ ၂၈ရက်နေ့က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာကြောင်း Popular News က ဖော်ပြထားသည်။ မြန်မာနိုင်ငံတရုတ်ကုန်သည်များ အသင်းချုပ် (MCCOC) မှ ဦးဆောင်၍ သြဂုတ်လ ၂၁ ရက်နေ့မှစ၍ Sinopharm ဆေးများဖြင့် ဆေးထိုးနှံမှုများ ပြုလုပ်နေကြောင်း သိရသည်။

- သြဂုတ်လ ၂၇ ရက်နေ့ထိ အချက်အလက်များအရ စစ်ကောင်စီအနေဖြင့် အသက် ၁၈ နှစ်မပြည့်သေးသူ နှစ်ဦးအပါအဝင် စုစုပေါင်း ၆၅ ဦးအား သေဒဏ်ချမှတ်ထားကြောင်း AAPP က ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ ၆၅ ဦးအနက် ၃၉ ဦးမှာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူများဖြစ်သည်။

- မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ရပ်ကျေး NLD ဥက္ကဌ ဦးကျော်ဦး၏ နေအိမ်အား စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး မိသားစုဝင်များအား

ရိုက်နက်ခြင်း နေအိမ်အတွင်းရှိ ကျပ်သိန်း ၁၅၀ ကျော်တန်ဖိုးရှိ ပစ္စည်းများအား ယူဆောင်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း Mizziam က ဖော်ပြထားသည်။

 

သြဂုတ်လ (၂၉) ရက်၊ ၂၀၂၁

 

- ရန်ကုန်မြို့တွင် ပေါက်ကွဲမှုများဖြစ်ပွားသည်။ မြောက်ဥက္ကလာ အဝိုင်းအနီးပေါက်ကွဲသံ ခုနှစ်ချက် ခန့် ကြားခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများတွင် ဖော်ပြသည်။

-ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နိုင်ငံအနှံ့ရှိ မြို့နယ် ၄၉ ခုတွင် အထူးစစ်ဆင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း စစ်ကောင်စီက ထုတြ်ပန်ခဲ့သည်။

-စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးနေသော ရွာသားများ၏ အလောင်းများအားတွေ့ရကြောင်း ရွာသားတစ်ဦးက DVB ကိုပြောဆိုခဲ့သည်။ ဩဂုတ် ၂၆ ရက် မနက်ကတည်းက ကာပေါင်းကျကျေးရွာအတွင်းသို့ စစ်တပ်မှ အင်အားအလုံးအရင်းအရင်းဖြင့် ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

-ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား လုပ်ကြံရန် နောက်ကွယ်မှ စေခိုင်းခဲ့သူမှာ ထိုင်းနိုင်ငံတွင်နေထိုင်သော ဟိုတယ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အသက် ၆၀ အရွယ် ဦးအေးကိုဖြစ်ကြောင်း Mizzima ကဖော်ပြသည်။

-           ကိုဗစ်ကူးစက်မှုတတိယလှိုင်းဒဏ်ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှုထိန်းချုပ်ရန်ဟုဆို ကာ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားတဲ့ တားမြစ်ချက်များကို စက်တင်ဘာလကုန်အထိ သက်တမ်းတိုး လိုက်သည်။

-           ချင်းပြည်နယ် မတူပီမြို့ရှိ ခလရ-၁၄၀ တပ်တွင် သြဂုတ်လ ၂၉ ရက်နေ့က CDM ပြုလုပ်ရန်ရှိသော စစ်သားများကို ဗိုလ်မှူးတစ်ဦးမှ တပ်တွင်းဝါဒဖြန့်ကြေးနန်းစာဖတ်ပြနေစဉ် စစ်သားတယောက်မှ ၎င်းအား သေနတ်နှင့်ပစ်သတ်ခဲ့ ပြီး မိမိကိုယ်တိုင်လည်း အဆုံးစီရင်သွားသည်။

 

သြဂုတ်လ (၃၀) ရက်၊ ၂၀၂၁

 

-           တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ Dawei People Defense Force တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းမီးရှို့ခဲ့သဖြင့် ငွေကျပ်တန်ဖိုး သိန်း ၁ ထောင်ဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း PDF တာဝန်ခံတစ်ဦးက Irrawaddy ကို ပြောဆိုသည်။

-           စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ရှိ ရွှေဘို - မြစ်ကြီးနားကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ် ၅ စီးအား ဒေသခံ PDF များက မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သား ၄၀ ဦးခန့်သေဆုံးနိုင်သည်ဟု အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောဆိုသည်။

-           ရန်ကုန်မြို့ရှိနေရာ ခုနစ်ခုထက် မနည်းတွင် ပေါက်ကွဲမှုများဖြစ်ပွားသည်။

-           မန္တလေးမြို့တွင် လုံခြုံရေးတင်းကြပ်နေသည့်ကြားကပင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်သည်။ ကလေး၊ မကွေး၊ လက်ပံတောင်း၊ရွှေဘိုသည့် မြို့များတွင်လည်း ပြည်သူများက ဆန္ဒပြခဲ့ကြသည်။

-           ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲနှစ်ရက် ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း KNDF က ပြောသည်။

-           ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်မုံးကိုးဒေသဘက်တွင်် စစ်ကောင်စီတပ်နှင့် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် MNDAA တို့ကြားတိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲများအတွင်း လက်နက်ကြီးကြည်ထိမှန်ခြင်းကြောင့် ဒေသခံလေးဦးသေဆုံးကြောင်း VOA က ဖော်ပြသည်။

-           ဒေါ်အောင်ဆန်းစုကြည်ကို အမှုကိစ္စများတိုင်ပင်နိုင်ရေးတွေ့ဆုံခွင့်ရရန် တင်ပြထားကြောင်း ရှေ့နေအဖွဲ့ က ထုတ်ဖော်ပြောကြားသည်။ ကိုဗစ်ထိန်းချုပ်ရန်ဟုဆိုကာ ပိတ်သည့်ရုံးပိတ်ရက်များကြောင့်ရုံးချိန်းများ ရပ်ဆိုင်း ထားရပြီး ရှေ့နေအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်မရသည်မှာ တစ်လကျော်ရှိပြီဖြစ်ကြောင်း သတင်းများ တွင် ဖော်ပြသည်။

-           မြန်မာနိုင်ငံ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာန (Ministry of Legal Affairs) အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးကောာင်စီက ထုတ်ပြန်ကြေညာသည်။

 

သြဂုတ်လ (၃၁) ရက်၊ ၂၀၂၁

 

-           ရန်ကုန်တွင် အမျိုးသမီးများဦးဆောင်၍ ချီတက်ဆန္ဒပြပွဲပြုလုပ်သည်။

-           မန္တလေးမြို့တွင် အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းနှင့် ဖမ်းဆီးခံပြည်သူများ ကိုယ်စားပြု သပိတ်စစ်ကြောင်းတို့ ပူးပေါင်းချီတက်ဆန္ဒပြသည်။ မြတောင်နှင့်ချမ်းမြသာစည်သပိတ်စစ်ကြောင်း တို့လည်း ပူးပေါင်းချီတက်သည်။

-           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နေပြည်တော် အခြေစိုက်နိုင်ငံရေးပါတီများကို ငွေကြေးနှင့် ပိုင်ဆိုင်မှု၊ ပါတီအင်အားများနှင့် ပတ်သက်၍ စစ်ဆေးမှုများစတင်ပြုလုပ်သည်။

-           မန္တလေးတိုင်း မြစ်ငယ်မြို့ရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သော မီးရထားဝန်ထမ်း ၁၀၀၀ ကျော်အား စစ်ကောင်စီက ရာထူးမှထုတ်ပယ်လိုက်ကြောင်း Irrawaddy က ဖော်ပြထားသည်။

-           မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်တွင် လူငယ် ၃၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Myanmar Now က ဖော်ပြသည်။

-           စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းကရွာများကို စစ်ကောင်စီစစ်တပ်က ဝင်ရောက်ပြီး နယ်မြေရှင်းလင်း စဉ် ဒေသခံကာကွယ်ရေး PDF အဖွဲ့နှင့် ပစ်ခတ်တို်က်ခိုက်မှုများဖြစ်ပွားသည်။

-           တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန်သည် ကြိုတင်ကြေညာခြင်းမရှိဘဲ မြန်မာသို့ သြဂုတ် ၂၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ လာ‌‌ရောက်ခဲ့ကြောင်း the Straits Times က ဖော်ပြထားသည်။

-           စစ်ကိုင်းတိုင်း ကလေးမြို့တွင်လည်း သြဂုတ်လ ၃၁ ရက်နေ့က တပ်သားအယောက် ၂၀ လက်နက်ခဲယမ်း များနှင့်အတူ ထွက်ပြေးသွားကြောင်း We Support Heroes စာမျက်နှာက ဖော်ပြထားသည်။

-           တိုက်ပွဲများဖြစ်ပွားနေသော ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင်တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၁၃၀ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၁၈ ဦး သေဆုံး၍ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၆၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNLA ဘက်မှလည်း ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ (၅) ကသတင်းထုတ်ပြန်သည်။

-           ချင်းရေးရာအဖွဲ့ချုပ် (ICA) ၏ စာရင်းများအရ စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုများကြောင့် ယခုသြဂုတ်လ ၃၁ ရက်နေ့အထိ ချင်းတိုင်းရင်းသား ၁၀၈ ဦးသေဆုံးခဲ့သည်။

Download PDF