• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနှင့် ရက်စွဲအလိုက်ဖြစ်စဉ်များ

 

(အောက်ပါ အချက်အလက်များသည် သတင်းမီဒီယာအချို့၏ ရေးသားဖော်ပြချက်များကို

ကိုးကား ပြုစုထားခြင်းဖြစ်သည်။)

 

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ၊ စစ်တပ်က အာဏာသိမ်းမှု ရှစ်လကျော် ရှိလာပြီဖြစ်သော်လည်း ပြည်သူလူထုသည် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း၊ အလိုမရှိကြောင်း နည်းမျိုးစုံဖြင့် သဘောထား ဆန္ဒများ ထုတ်ဖော်လျက်ရှိနေဆဲဖြစ်သည်။ ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီ တပ်တို့အကြား ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ရှိလာသလို ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီလက်အောက်ခံနှင့် စစ်ကောင်စီဘက်တော်သား များကို သတိပေးမှုများ ပိုမိုပြုလုပ်လာနိုင်ခဲ့သည်။ ဆန္ဒပြပွဲများမှာကို လူအင်အားများစွာဖြင့်ပြုလုပ်ခြင်းထက် ပါးနပ်စွာဖြင့် ပြုလုပ်သည့် နည်းလမ်းများဖြင့် လူထုကစစ်တပ်ကို ရသည့်နည်းဖြင့် ဆန့်ကျင်နေဆဲဖြစ်သည်။ တဘက်တွင် ငွေကြောင်းဖောင်းပွမှု၊ ကုန်စျေးနှုန်း ကြီးမြင့်ခြင်းဒဏ်တို့သည် ပြည်သူလူထုကိုသာမက လုပ်ငန်းရှင်များကိုပါ တစတစ ထိခိုက်လာ နေစေသည်။ မြန်မာပြည်တွင်းတွင် ဘဏ်အပ်ငွေများထုတ်ယူရန် အခက်ကြုံနေရဆဲဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများအကြား ဆက်ဆံရေးသည် ပိုမိုခိုင်မာလာသဖွယ် မြင်နေရသည်။ အာစီယံနိုင်ငံများမှ ခေါင်းဆောင်များသည် မြန်မာစစ်တပ်၏လုပ်ရပ်အပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်သောမှတ်ချက်များ ပေးခဲ့ကြခြင်းကြောင့် လူမှုကွန်ယက်အသုံးပြုသူအများအပြားက ထောက်ခံပြောဆိုခဲ့ကြသည်။ အချုပ်အားဖြင့် အောက်တိုဘာလ တွင် ပြည်သူလူထုက ကိုယ်တိုင်ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကိုသာ ထောက်ခံနေဆဲ ဖြစ်ကြောင်း သိသာပေါ်လွင်စေည့် လှုပ်ရှားမှုအများအပြားဖြင့် လူထုဆန္ဒကို သက်သေထူနေဆဲဖြစ်သည်။ ၂၀၂၁၊ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့်နိုင်ငံတဝန်း အခြေအနေများကို ဖတ်ရှုနိုင်ရန် ယခုစာတမ်းတွင် မှတ်တမ်းထားရှိသည်။

 

 

အောက်တိုဘာ (၁) ရက်

 

Ø    မန္တလေး၊ ကလေး၊ ရွှေဘို၊ မြိုင်၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများတွင် ရွာပေါင်းစုံသပိတ်များကို ပြုလုပ်သည်။

Ø    မြန်မာကျပ်ငွေတန်ဖိုး ကျဆင်း၍ ကုန်စျေးနှုန်းများတက်ခြင်းကြောင့် သာမန်လူထု အခက်ကြုံမှု များပိုမို ရင်ဆိုင် လာရသည်ကို မီဒီယာများကဖော်ပြသည်။

Ø    ရန်ကုန်တွင် LGBT များပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ကြောင်းတစ်ခု ပေါ်ထွက် သည်။

Ø    အာဏာသိမ်းပြီးရှစ်လ ပြည့်မြောက်ခဲ့သည့်ယနေ့တွင်စစ်ကောင်စီ၏ အဆင့်မြင့်အရာရှိအချို့နှင့် နေရာတချို့တို့ ပစ်မှတ်ထားတိုက်ခိုက်ခံရသည်။ စစ်ကိုင်းတိုင်း၊မုံရွာမြို့လည် လက်ဖက်ရည်ဆိုင် တဆိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးဒဏ်ရာရမှုရှိသည်။ ရန်ကုန်တိုင်း လှိုင်ယာယာမြို့၊ မြစ်ကြီးနားမြို့ရှိ ကညနရုံးတို့တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားသည်။

Ø    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အာရှလမ်းမတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးခရီးစဉ်အတွက် သွားလာနေသော လုံခြုံရေးစစ်ယာဉ်တန်းကို ခွဲထွက် DKBA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီးစစ်ဦးစီးပထမတန်း (G1) အဆင့်အရာရှိ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း KLO FM က ဖော်ပြထားသည်။

Ø    စစ်ကိုင်းတိုင်း ကျွန်းလှမြို့လယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူး နှစ်ဦးသေဆုံးကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြသည်။

Ø    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုဖြင့် စွပ်စွဲချက် အတွက် နေပြည်တော်တရားရုံးချိန်းတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက စစ်ကောင်စီဘက်ကသက်သေ ထွက်ဆိုသည်။

Ø    ကချင်ပြည်နယ် ဖားကန့်မြို့နယ်အနီးနှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်ဖွဲ့ အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားသည်။

Ø    ဧရာဝတီတိုင်းအတွင်းဖွဲ့စည်းထားသော မြစ်ဝကျွန်းပေါ်ပြောက်ကြားစစ်ဆင်ရေးတပ်ပေါင်းစုက ရေကြည်မြို့ နယ်အတွင်းရှိ ဒလန် ၄၈ ဦး အမည်စာရင်းကို ထုတ်ပြန်ကြေငြာထားပြီး အဆိုပါစာရင်းတွင်ပါဝင်သူများအား စစ်ကောင်စီက လက်နက်များတပ်ဆင်ပေးနေသည့် သတင်းများထွက်နေကြောင်း Network Media Group က ဖော်ပြထားသည်။

Ø    စစ်တင်ဘာလ ၃၀ ရက်ညနေက စစ်တပ်ရုံးစိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ကြည်းတပ် အတွက် ကာကွယ်ရေးလက်နက်များဝယ်ယူပေးသော ကက(ဝယ်) ညွှန်ကြားရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းတို့နှင့် အမည်မဖော်လိုသောအဖွဲ့တစ်ဖွဲ့တို့၏ လက်ချက်ဖြစ် ကြောင်း နေပြည်တော် PDF က ယနေ့ထုတ်ပြန်သည်။

Ø    စက်တင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက် ၂၄ ဦးသေဆုံးခဲ့ပြီး တပ်ရင်း မှူး ၂ ဦးအပါအဝင် ၃၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။

Ø    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ၇၂ ကြိမ်မြောက် အမျိုးသားနေ့အတွက် NUG က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပြီး တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်ရန်အတွက် NUG အစိုးရက အဆင်သင့် ရှိနေကြောင်းဖော်ပြထားသည်။

 

အောက်တိုဘာ (၂) ရက်

 

Ø  မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းအပြီး လူပေါင်း နှစ်သိန်းလေးသောင်းနီးပါး နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လူသားချင်းစာနာမှု ကပ်ဘေးဆိုက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ မှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်သည်။

Ø  ကယားပြည်နယ်တွင် စစ်တပ်က အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်ခြင်းနှင့် လက်နက်ကြီးအ သုံးပြုမှုများကြောင့် နေအိမ်များမီးလောင် ပျက်စီးရသည့်အတွက် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ မှုများရှိသည်။

Ø  ချင်းပြည်နယ်မင်းတပ်မြို့တွင် စစ်ကောင်စီတပ်များက မင်းတပ် CDF ကို တိုက်ခိုက်မည်ဟူသည့် သတင်းများကြောင့် ဒေသခံများကချင်းပြည်နယ်နှင့် အနီးဆုံးဖြစ်သည့်မကွေးတိုင်း၊ ကျောက်ထုမြို့ နယ်အတွင်း ထွက်ပြေး တိမ်းရှောင်သည်။

Ø  စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဧရိယာအတွင်းရှိ စစ်ကိုင်းတိုင်း မကွေးတိုင်းနှင့် ချင်းပြည် နယ်တို့ကို ယခုလ ဒုတိယပတ်အတွင်းမှာ အကြီးအကျယ်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း မီဒီယာ များက ဖော်ပြသည်။

Ø  မန္တလေးတွင် သံဃာ့သပိတ်စစ်ကြောင်းထွက်နေစဉ် စစ်ကောင်စီတပ်များက ကားနှင့်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးခဲ့၍ သံဃာတော်ငါးပါးနှင့် လူပုဂ္ဂိုလ်သုံးဦး ဖမ်းဆီးခံရကြောင်း ဗွီအိုအေက ဖော်ပြသည်။

Ø  အာဏာသိမ်းပြီးနောက် မြန်မာပြည်အနှံ့တွင် ဒလန် (စစ်တပ်သတင်းပေး) အဖြစ် စွပ်စွဲခံရပြီး အသတ်ခံရသူ ၄၀၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၈၅ ဦးရှိကြောင်း မြို့နယ် ၃၇၂ မြို့နယ်တွင် ဗုံးဖြင့်တိုက်ခိုက်မှုပေါင်း ၂,၄၆၀ ကြိမ်ရှိ ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

Ø  NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်မှ စက်တင်ဘာ ၂၀ ရက်အတွင်း အကူအညီလိုအပ်နေသော ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီအဖြစ် စုစုပေါင်း ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံ ထောက်ပံ့ ပေးထားကြောင်း သတင်းထုတ်ပြန်သည်။

Ø  မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၂၀၁၉၁ ကို စစ်ဆေးခဲ့ရာ ရောဂါကူးစက်သူ၁၃၄ရဦး တွေ့ခဲ့ပြီး သေဆုံးသူ၄၆ ဦးရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်သည်။

 

 

အောက်တိုဘာ (၃) ရက်

 

Ø  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၅) ထိန်းချုပ်ထားသည့် ဖာပွန်ခရိုင် (မူတြော်ခရိုင်) အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးနှင့် ဒဏ်ရာရသူများပြားကြောင်း တပ်မဟာ(၅)ဘက်က သတင်းထုတ်ပြန်သည်။

Ø  အဂတိလိုက်စားမှု ငါးခုဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် အဂတိလိုက်စားမှု သုံးမှုတိုးရန်စစ်ကောင်စီဘက်က ပြင်ဆင်နေကြောင်း ရှေ့နေများက ထုတ်ဖော် ပြောကြားသည်။

Ø  ရှမ်းပြည်နယ်မှ ကယားပြည်နယ်လွိုင်ကော်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များသည် ကရင်နီ အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များ၏ ခြုံခိုခုခံတိုက်ခိုက်မှုကိုကြုံတွေ့ခဲ့ပြီး ထိခိုက်ကျဆုံးမှု များသောကြောင့် တပ်ပြန်ဆုတ်ခဲ့ကြောင်း KNDF တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကိုပြောဆိုသည်။

Ø  နှစ်ပေါင်းများစွာပဋိပက္ခများနှင့် ဖိစီးနှိပ်စက်မှု ခံနေရသည့် မြန်မာနိုင်ငံသားများငြိမ်းချမ်းရေးရစေရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သည့် စုဝေးပွဲတွင် ဆုတောင်းပေးသည်။

Ø  ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၁၄၃၉၀ ကိုစစ်ဆေးခဲ့ရာ ရောဂါကူးစက်သူ ၁၁၉၄ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၄၈ ဦးရှိကြောင်း စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန်သည်။

Ø  တရုတ်နိုင်ငံမှ Sinopharm ကိုဗစ်ကာကွယ်ဆေး ၄ သန်း အောက်တိုဘာလ ၂ ရက်နေ့က ရန်ကုန်သို့ ထပ်မံ ရောက်ရှိကြောင်း Popular News ကဖော်ပြထားသည်။ မြန်မာနိုင်ငံသည် တရုတ်ထံမှ လက်ခံရရှိသော ကာကွယ်ဆေးအလုံးရေ ၂၀.၆ သန်းရှိပီဖြစ်ပြီး ၃.၉ သန်းမှာ တရုတ်ထံမှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ၁၆.၇ သန်းမှာ ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

Ø  အောက်တိုဘာလ ၁ ရက်နေ့ ချက်သမ္မတနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စား လှယ်ရုံး ရုံးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း NUG က ကြေညာခဲ့သည်။

Ø  ချင်းပြည်နယ် ထန်တလန်မြို့အဝင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံး သွားသူ ပြည်သူနှစ်ဦးထံမှငွေကျပ် ၁၀ သိန်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုယူခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းက သတင်းထုတ်ပြန်သည်။

 

 

အောက်တိုဘာ (၄) ရက်

 

Ø  စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဒေသခံကာကွယ်ရေး ပုလဲ ပီဒီအက်ဖ်က စစ်ယာန်တန်းတခုကို မိုင်း ခွဲ တိုက်ခိုက်သည်။ မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် ကား ၅ စီး ပျက်စီးသွားကာ အသေအပျောက်ရှိကြောင်း ပုလဲ PDF က ဖော်ပြထားသည်။

Ø  ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ Denko ကုမ္ပဏီနှင့် Golden Delta ကုမ္ပဏီ ရုံးတို့အား အောက်တိုဘာ ၃ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Free Tiger Ranger အဖွဲ့ကထုတ်ပြန်သည်။

Ø  စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ် ရေးမှူး ၁၂ ဦး တစ်ပြိုင်တည်းနုတ်ထွက်သွားကြောင်း နောက်ထပ် အယောက် ၃၀ လည်း နှုတ်ထွက်ရန် ပြင်ဆင်နေကြောင်း Khit Thit Media ကဖော်ပြထားသည်။

Ø  အရှေ့တောင်အာရှ အသင်းကြီးက ချမှတ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်၍ တစုံတရာ ထူးထူးခြားခြားတိုးတက်လာအောင် လုပ်ဆောင်ခြင်းမတွေ့ရသည့် အတွက် စိတ်ပျက်မိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အရှေ့တောင်အာရှ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးတွင်ပြောသည်။

Ø  ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့်တနိုင်းမြို့နယ် အစပ်ဒေသက လီဒိုလမ်းမကြီးပေါ်တွင် စစ်တပ်နှင့် ကချင် လက်နက်ကိုင်အဖွဲ့(ကေအိုင်အေ)တပ်များ တိုက်ပွဲဖြစ်ပွားသည်။

Ø  တိုကျိုမြန်မာသံရုံးရှိ CDM ပြုလုပ်ထားသော မြန်မာသံအရာရှိ ၂ ဦးနေရာတွင် စစ်ကောင်စီက ဝန်ထမ်း ၂ ဦးအစားထိုးလိုက်ခြင်းကို ဂျပန်နိုင်ငံက ခွင့်ပြုလိုက်သဖြင့်ဂျပန်ရောက်မြန်မာနိုင်ငံသားများက တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း DVB က ဖော်ပြထားသည်။

Ø  မြန်မာနိုင်ငံရင်ဆိုင်နေရသည့် အကျပ်အတည်းကို ဖြေရှင်းရန် စစ်ကောင်စီအနေဖြင့် အာဆီယံ အထူးသံတမန်နှင့် ပူးပေါင်းဆောင်ရွက်ရန်ငြင်းဆန်မည်ဆိုပါက ယခုလအတွင်းကျင်းပရန်ရှိနေသည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာအနေဖြင့် ဖယ်ထုတ်ခံရနိုင်ကြောင်း မလေးရှားနိုင်ငံခြား ရေးဝန်ကြီးက သတိပေးလိုက်သည်။

Ø  အာဆီယံသဘောတူညီချက် (၅) ချက်အား လက်ရှိအချိန်အထိအကောင်အထည်မဖော်သေးသော စစ်ကောင်စီကို အရေးယူသည့်အနေဖြင့် အာစီယံအဖွဲ့၏ အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းထားရန် အဖွဲ့ဝင်နိုင်ငံများအတွင်း စာတစ်စောင်ပြန့်နှံ့နေကြောင်း Mizzima မီဒီယာက ဖော်ပြထားသည်။

 

 

 

အောက်တိုဘာ (၅) ရက်

 

Ø  နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးအနီးရှိ မှုခင်းတပ်ဖွဲ့ဌာနချုပ်ရုံးတွင် အောက်တိုဘာ ၅ ညနေပိုင်းက ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဒုတိယရဲမှူးကြီးဇော်သန်း ဆိုအပါအဝင် ရဲဝန်ထမ်းလေးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနပိုင် ဝန်ထမ်းကြိုပို့ယာဉ်တစ်စီး လည်း ဗုံးဖောက်တိုက်ခိုက်မှုခံခဲ့ရသည်။

Ø  မြန်မာနိုင်ငံတွင် အကူအညီလိုအပ်နေသူများထံသို့ အကူအညီပေးသူများ အဟန့်အတားမရှိ ဘေးကင်းလုံခြုံစွာ သွားရောက်နိုင်ရေး ကုလသမဂ္ဂက တောင်းဆိုသည်။

Ø  ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) တို့သည် National Unity Consultative Council မှ ၎င်းတို့၏ ပူးပေါင်းပါဝင်နေမှုများကို ရပ်ဆိုင်းထားကြောင်း Shan News က ဖော်ပြထားသည်။

Ø  စီမံခန့်ခွဲမှုညံ့ဖျင်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံထားရသော အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ဖြိုးသန့်သည် စစ်ကြောရေးတွင် လက်လွန်ပြီးသေဆုံးသွား ကြောင်း ၎င်း၏မိသားစုနှင့်နီး စပ်သူများ၏ ပြောကြားချက်ကိုဒီဗွီဘီက ဖော်ပြသည်။

Ø  စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင်လည်း PDF ထံတွင် CDM ပြုလုပ်သူ ရဲ ၂၀ ရှိကြောင်း မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးအားလုံးနီပါး နုတ်ထွက်ခိုင်းထားပြီကြောင်း ဒေသခံ PDF ၏ ပြောကြားချက်ကို Khit Thit မီဒီယာက ဖော်ပြသည်။

Ø  စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံအနှံ့အပြားတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂၀၆၀၀၀ အနက် ၇၆၀၀၀ ကျော်သည် ကလေးသူငယ်များ ဖြစ်ကြောင်း Save the Children အဖွဲ့ ကထုတ် ပြန်သည်။

Ø  ဖေ့ဘွတ်ခ် ထုတ်လုပ်ရေး မန်နေဂျာဟောင်း Frances Haugen က အမေရိကန်အထက် လွှတ်တော်ကြားနာပွဲတွင်ဖေ့ဘွတ်ခ်ကြောင့် အမုန်းစကားပွားများမှုများ ကြောက်ခမန်းလိလိ ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံကိုဥပမာပေး၍ ပြောသွားသည်။

Ø  မကွေးတိုင်း ရေစကြိုမြို့နယ်တွင်လည်း အုပ်ချုပ်ရေးမှူး ၈၉ ဦးရှိသည့်အနက် အုပ်ချုပ်ရေးမှူး ၃၉ ဦးမှာ တရားဝင် နုတ်ထွက်သွားပြီး ကျန်ရှိသော အုပ်ချုပ်ရေးမှူးများမှာ ထွက်ပြေးတိမ်းရှောင် နေကြောင်း Irrawaddy သတင်းဌာနက ဖော်ပြသည်။

Ø  စစ်ကောင်စီတပ်များ၏ ပိတ်ဆို့မှုခံနေရသော ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ စစ်ဘေး‌ရှောင် စခန်းများအပါအဝင် ကျေးရွာနေလူထု တစ်ထောင်ကျော်သည် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်တောက်သည့် ဒုက္ခကြုံတွေ့နေရကြောင်း လသားအရွယ်ကလေးငယ်အပါအဝင် ကလေးငယ် အချို့ အာဟာရချိူ့တဲ့ခြင်း ရောဂါပိုးဝင်ခြင်းတို့ကြောင့် သေဆုံးနေရကြောင်း ၎င်းတို့အား ကူညီပေးနေသော စေတနာ့ဝန်ထမ်းများ၏ ပြောကြားချက်ကို Mizzima မီဒီယာက ဖော်ပြသည်။

 

အောက်တိုဘာ (၆) ရက်

 

Ø  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ကိုသာလျှင် မြန်မာလူထု၏ ဒီမိုကရေစီနည်းကျ သဘောထားဆန္ဒကို ကိုယ်စားပြုသည့် တရားဝင်အဖွဲ့အစည်းများအဖြစ် ထောက်ခံကြောင်း ဥရောပပါလီမန်က ဆုံးဖြတ် သည်။

Ø  ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၂၀ ဦး စစ်ကောင်စီထံတွင် တစ်ပြိုင်တည်း နုတ်ထွက်စာတင်ထားကြောင်း Khayan Channel ကဖော်ပြသည်။

Ø  စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်းက ကျေးရွာအချို့ကို စစ်တပ်ကဝင်ရောက်ရှာဖွေပြီးနောက် စစ်တပ်နှင့် မင်းကင်းဒေသခံကာကွယ်ရေး မင်းကင်းပီဒီအက်ဖ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူများက မီဒီယာများကို ထုတ်ဖော်ပြောကြားသည်။

Ø  စစ်ကိုင်းတိုင်းမြောင်မြို့နယ်အတွင်းတွင်ဒေသခံကာကွယ်ရေးတပ်များရှိသည်ဟူသော သံသယဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဝင်ရောက်ရှာဖွေမှုများနှင့် နေအိမ်များကို မီးရှို့မှုများပြု လုပ်ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

Ø  အကယ်ဒမီ မီးလင်းရွှေစျေးနှုန်း အတက်အကျ မတည်မငြိမ်ဖြစ်နေဆဲဖြစ်ပြီး ယမန်နေ့က တကျပ်သားကို တဆယ့်ရှစ်သိန်းကျော် ရှိသော်လည်းယနေ့တွင် တစ်သိန်းခန့် စျေးနှုန်းထပ်မံ မြင့်လာခဲ့သည်။ အမေရိကန်ဒေါ်လာသည်လည်း ပြင်ပစျေးကွက်တွင် တဒေါ်လာကို မြန်မာငွေကျပ် ၂၁၀၀ အထိပေါက်စျေးရှိသည်။

Ø  ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်နေသော မြန်မာလူမျိုးအများအပြားအဖမ်းခံနေရပြီး လွန်ခဲ့သည့် နှစ်လ အတွင်းထိုင်းနိုင်ငံထဲ တရားမဝင်ခိုးဝင်မှုကြောင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ငါးထောင်ကျော်ရှိနေကြောင်း မီဒီယာများက ဖော်ပြသည်။

Ø  ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးရှိ အာရှလမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၁ ရက်က DKBA ခွဲထွက်အဖွဲ့၏ ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိခဲ့သော ကော့ကရိတ်အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ G-1 ဒုဗိုလ်မှူးကြီးကျော်စွာမျိုးသည် အောက်တိုဘာ ၆ ရက်နေ့တွင် သေဆုံးသွားကြောင်း Khit Thit ကဖော်ပြ သည်။

Ø  မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကို ဦးတည်သည့် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အမျိုးသားညီညွတ်ရေးအစိုးရနှင့်ဆွေးနွေးရအောင် စဉ်းစားရန် မလေးရှားနိုင်ငံအနေဖြင့် အဆင်သင့်ရှိနေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက်လွှတ်တော်တွင် ဖြေကြားကြောင်း ဗွီအိုအေက ဖော်ပြသည်။

Ø  ကယားပြည်နယ်တွင် ကလေးငယ် ၂၉၀၀၀ အပါအဝင် လူပေါင်း ၇၉၀၀၀ နေရပ်စွန့်ခွာထွက်ပြေးနေရ ကြောင်း အစာရေဆာငတ်မွတ်မှုကြောင့် လူအများအပြားသေဆုံးမှုဖြစ်လာနိုင်ကြောင်းလည်း ကုလသမဂ္ဂလူ့အခွင့်အရေးအထူးသံတမန် သတိပေးထားကြောင်း Irrawaddy သတင်းဌာနက ဖော်ပြသည်။

Ø  အမှုမစစ်ဆေးဘဲ လေးလကျော် အထိန်းသိမ်းခံခဲ့ရသည့် အမေရိကန် သတင်းစာဆရာ ဒန်နီဖော်စကာ အား စစ်အုပ်စုက ပုဒ်မ ၅၀၅-က အပြင် မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် ထပ်မံအမှုဖွင့်လိုက်ကြောင်း Burma Associated Press က ဖော်ပြထားသည်။

 

 

အောက်တိုဘာ (၇) ရက်

 

 

Ø  CDM ရဲတပ်ဖွဲ့ဝင်များကို စုစည်းပြီး CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်း လိုက်ကြောင်း NUG က ထုတ်ပြန်သည်။

Ø  စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း စစ်တပ်နှင့်မင်းကင်းဒေသခံကာကွယ်ရေး မင်းကင်း ပီဒီအက်ဖ်အဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားသည်။စစ်ကို်င်းတိုင်း၊မင်းကင်းတောင်တွင်းဒေသတွင် စစ်တပ်နှင့် ဒေသခံမင်းကင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေခြင်းဖြစ်သည်။

Ø  စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ နယ်မြေများသို့ စစ်ကောင်စီ အနေဖြင့် ခန့်မှန်းခြေအင်အားသုံးထောင် ခန့်ရှိသော တပ်ကူများအလုံးအရင်းဖြင့် ဖြည့်တင်းနေ ကြောင်း Irrawaddy သတင်း ဌာနက ဖော်ပြထားသည်။

Ø  ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှု ၁၈၇၂ရဦးအနက် ၁၃၉၄ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး ၂၄ နာရီ အတွင်း သေဆုံးသူ ၃၆ ဦးရှိကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Ø  အောက်တိုဘာလ ၅ ရက်နေ့က ဆီဘောက်ဆာအတွင်းမှ သေနတ်နှင့် ဗုံးအများအပြားအား ဖမ်းဆီးရ မိကြောင်း အဆိုပါလက်နက်များမှာ KIA ထုတ်လက်နက်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ Arakan Army ထံသို့ပို့ရန်ဖြစ် ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်ဟု Khit Thit မီဒီယာကဖော်ပြထားသည်။

Ø  စစ်ကိုင်းတိုင်းအတွင်း ဒေသခံများကို စစ်ကောင်စီဘက်ကအင်အားတိုးချဲ့၍ ထိုးစစ်ဆင်လာနေသည့် အတွက် ဒေသခံပျောက်ကြား တပ်ဖွဲ့ ၁၄ ဖွဲ့စုပေါင်း၍ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ရန်အတွက် မဟာမိတ်ဖွဲ့လိုက်ကြောင်း ထုတ်ပြန်သည်။

 

 

 

 

 

အောက်တိုဘာ (၈) ရက်

 

Ø  အာဏာသိမ်းမှု ရှစ်လကျော်ရှိလာပြီဖြစ်သော်လည်း စစ်ကောင်စီအလိုမရှိကြောင်း ဆန္ဒပြကန့်ကွက်မှု များ ဆက်လက်ရှိနေဆဲဖြစ်သည်။ အာဏာသိမ်းစကာလကကဲ့သို့ အင်အားအမြောက်အမြား ပါဝင်သည့်ဆန္ဒပြပွဲများ မဟုတ်သော်လည်း လုံခြုံရေးအခြေအနေအပေါ် မူတည်၍ ဆန္ဒပြမှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ပြုလုပ် နေကြသည်။ ယနေ့တွင် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း နှင့်မန္တလေးတိုင်းတို့တွင် စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

Ø  လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၁၄၆၆ ဦးနှင့် သေဆုံးသူ ၃၄ ဦးရှိကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Ø  နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲခံထားရသော စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား Sean Turnell အတွက် တရားရုံးအတွင်း စကားပြန်တစ်ဦးထားခွင့်ပြုရန်လျှောက်ထားမှုကို တရားသူကြီးက ပယ်ချလိုက်ကြောင်း Burma Associated Press က ဖော်ပြထားသည်။

Ø  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုငါးခုထဲမှ အမှုလေးခုကိုနေပြည်တော်သီးသန့်တရားရုံးတွင် ဒုတိယအကြိမ်ကြားနာသည်။ ပထမအကြိမ်တုန်းက စစ်ကောင်စီဘက်မှ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့သည့် အန်အယ်လ်ဒီ အစိုးရလက်ထက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အပြန်အလှန် မေးခွန်းများမေးခဲ့ကြောင်း မီဒီယာများ ကဖော်ပြသည်။

Ø  International Republican Institute (IRI) က ဒီမိုကရေစီ၊လွတ်လပ်ခွင့်နှင့် လူသားများ၏ လွတ်မြောက်ရေး ကိစ္စများတိုးတက်ရေးအတွက် ပိုင်းဖြတ်မြှုပ်နှံဆောင်ရွက်ခဲ့ကြသည့် သူများကို ပေးအပ်သည့် အမြင့်ဆုံးဆုကို ချီးမြှင့်ခံရသူ သုံးဦးတွင်မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်သည်။

Ø  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ် ဆောင်မှု ဥပဒေပုဒ်မ၅၀၅(ခ)ဖြင့် စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်သည်။

 

 

 

 

 

 

အောက်တိုဘာ (၉) ရက်

 

 

Ø  ပြင်သစ်နိုင်ငံ နာမည်ကျော် ဘိုင်ယူးစစ်သတင်းထောက်ဆု (Bayeux Calvados-Normandy Award) အတွက် ယခုနှစ်၂၀၂၁ ခုနှစ်အတွက် ပထမဆုကို New York Times သတင်းစာက မြန်မာဓာတ်ပုံသတင်းထောက်ကို ချီးမြှင့်လိုက်သည်။ မြန်မာနိုင်ငံတွင် ရှိနေသည့် ဓာတ်ပုံဆရာ အတွက် အန္တရာယ်ရှိခြင်းကြောင့် အမည်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပေ။

Ø  အိန္ဒိယအခြေစိုက် Bharat Electronics Limited (BEL) က မြန်မာစစ်တပ်ကို လေကြောင်း ကာကွယ်ရေးစနစ်များ ရောင်းချခဲ့ကြောင်း မြန်မာစစ်တပ်၏ လက်နက်ဝယ်သူသုံးစွဲမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လေ့လာစောင့်ကြည့်နေသည့် Justice For Myanmar (JFM) အဖွဲ့က ထုတ်ဖော်ပြောကြားသည်။

Ø  ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်နေရဆဲ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်း သပ်မှု ပေါင်း ၁၉၆၃၁ ဦး စစ်ဆေးခဲ့ရာတွင်ရောဂါပိုးကူးစက်သူ ၁၄၄၈ ဦးထပ်မံအတည်ပြုခဲ့ရကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်သည်။

Ø  ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဂျိုက်တောရပ်ကွက်က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်ခေါ် ကိုအောင်ဇော်လင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာလ ၉ ရက်နေ့က နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များ၏ ပြောကြားချက်ကို မီဒီယာများကဖော်ပြသည်။

Ø  စစ်ကောင်စီ ဖွဲ့စည်းထားသော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) သည် နိုင်ငံရေးပါတီတချို့နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း RFA ကဖော်ပြထားသည်။ စစ်ကောင်စီဘက်က အစည်းအဝေးပါဝင်သည့် ပါတီများစာရင်းအား ထုတ်ပြန်ကြေညာခြင်း မပြုသေးပေ။

 

 

အောက်တိုဘာ (၁၀) ရက်

 

Ø  မကွေးတိုင်း၊ ပခုက္ကူမြို့၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တို့တွင် သပိတ်စစ်ကြောင်းများ ချီတက်ဆန္ဒပြ သည်။စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ရွှေဘို၊ကလေးမြို့၊ ဆားလင်းကြီး၊ တန့်ဆည်စသည့် မြို့နယ်များတွင်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများ အသီးသီး ပြုလုပ်ခဲ့ကြသည်။

Ø  မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့် တိုက်ခို်က်မှုများ ယခုရက်ပိုင်းအတွင်း အရှိန်မြှင့် ဖြစ်ပေါ်နေရာတွင်ရန်ကုန်မြို့ သုဝဏ္ဏနှင့် ဒလရဲစခန်းအနီး၊ ဒေါပုံအုပ်ချုပ်ရေးမှူးရုံး၊ သန်လျင်တရားရုံး၊ သာကေတမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များစခန်းချရာနေရာများတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားသည်။ ကမာရွတ်ရွာမကျောင်းလမ်း ၊ဗဟန်းမြို့ ဓမ္မစေတီလမ်းနှင့် အင်းယား လမ်းထောင့်အပါအဝင် သင်္ဃန်းကျွန်းနှင့် လှိုင်မြို့နယ်တို့တွင်လည်းပေါက်ကွဲမှုများဖြစ်ကြောင်း မီဒီယာများက ဖော်ပြသည်။

Ø  ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနှင့်တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ နှစ်ဘက် အပြန်အလှန်စစ်ဆေးမေးမြန်းရာတွင် တရားလိုများဘက်က သက်သေအခိုင်အမာ ပြနိုင်ခြင်း မရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

Ø  ချင်းပြည်နယ် ဟားခါးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၏ ကိုယ်ရေးအရာရှိနှင့် ကားသမားတို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း Chin Human Rights Organization ကဖော်ပြသည်။ ၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက်အရ စစ်ကောင်စီတပ်အတွင်း အရာရှိများအပါအဝင် စိတ်ဓါတ်ကျဆင်းနေကြောင်းနှင့် တပ်အတွင်းအမိန့်မနာခံမှုများ ရှိနေသဖြင့် အဆိုပါသတင်းများ အပြင်မထွက်စေရန် တင်းတင်းကျပ်ကျပ်ဖုံးကွယ်ထားကြောင်း ပါဝင်သည်။

Ø  စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ကိုးလောင်းပြိုင်ကွေ့အနီးတွင် ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးကာ ဆိုင်ကယ်သုံးစီးပျက်စီးသွားကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်း ထုတ်ပြန်သည်။

Ø  လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၅၂၆၉ ကို စစ်ဆေးခဲ့ပြီး ၁၃၁၈ ဦးမှာ ရောဂါပိုးကူးစက်ခံနေရသည်ကိုတွေ့ရှိရကြောင်း စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန် သည်။

 

အောက်တိုဘာ (၁၁) ရက်

 

Ø  အမှုပေါင်း ၁၁ မှုနှင့် တရားရင်ဆိုင်နေရသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယမြောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် သီးခြားစွဲဆိုထားသည့် အမှုများကို ယနေ့ကြားနာခဲ့ပြီး နှစ်ပတ်ခြားတခါ ကြားနာရေးကိုလည်းရက်ပေါင်း ၁၈ဝ အတွင်း အပြီးစစ်ရမည်ဆိုသည့် အကြောင်းပြချက်ဖြင့် တရားသူကြီးက ပယ်ချခဲ့သည်။

Ø  -ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော စစ်ကိုင်းတိုင်း ကလေးမြို့တွင်လည်း အောက်တိုဘာ လ ၁၁ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တပ်ပိုင်လေယာဉ်များဖြင့် နေရာပြောင်းရွေ့မှုများ ပြုလုပ်နေသဖြင့် ဒေသခံများအကြား တိုက်ပွဲများပြင်းထန်လာမည်ကို စိုးရိမ်ပူပန်နေကြကြောင်း မီဒီယာများက ဖော်ပြသည်။

Ø  စစ်အင်အားများတိုးမြှင့်နေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ဘက် ဖိုလ်ဝင်တောင်လမ်း တွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ယင်းသို့ မိုင်းခွဲ တိုက်ခိုက်ခံရခြင်းကြောင့် မုံရွာမြို့က စစ်ကူလာသည့်ယာဉ်တန်းကိုလည်း ယင်းမာပင်မရောက်ခင် ပုလဲမြို့မင်းတိုင်ပင်ရွာအနီးတွင် ပုလဲပီဒီအက်ဖ်က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ဖော်ပြောကြားသည်။

Ø  ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၏ သပိတ်ခေါင်းဆောင်နှစ်ဦးဖြစ်သော ရဲထွန်းတောက်နှင့် ခင်မောင်ဇော်တို့

Ø  အပါအဝင် ၄ ဦးအား အောက်တိုဘာ ၆ ရက်တွင် စစ်ကောင်စီ၏ အင်းစိန်ထောင် စစ်ခုံရုံးက ထောင်တစ်သက်တစ်ကျွန်း လွတ်ရက်မရှိအဖြစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ၎င်းတို့၏ မိသားစုနှင့် နီးစပ်သူများ၏ ပြောကြားချက်ကို Burma VJ က ဖော်ပြသည်။

Ø  စစ်ကောင်စီသည် ရန်ကုန်မြို့အတွင်းရှိ မြို့နယ် (၃၁) မြို့နယ်အား ည၁ဝနာရီမှ မနက်၄နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီး အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် လူငါးဦးနှင့် အထက်ပို၍ စုဝေးခြင်း မပြုရန် တားမြစ်လိုက်သည်။

 

အောက်တိုဘာ (၁၂) ရက်

 

Ø  သမ္မတဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာ မျိုးအောင်တို့ကို အများပြည်သူ ပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နှင့် အမှုတတွဲတည်းစွဲချက်တင်ထားသည့်အမှုကို နေပြည်တော် သီးသန့်တရားရုံးတွင် စစ်ဆေးသည်။ အဆိုပါ ကြားနာစစ်ဆေးမှုအတွင်း သမ္မတ ဦးဝင်းမြင့်က တရားပြိုင်သက်သေအနေဖြင့် ပထမဆုံးအကြိမ် ထွက်ဆိုသည်။ စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သူ့အားရာထူးကဆင်းရန် စစ်တပ်အရာရှိ နှစ်ဦးက လာရောက်ဖိအား ပေးခဲ့ပြီးနောက် ၎င်းမှာဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း တရားရုံးတွင် လျှောက်ထားထွက်ဆိုမှုကို ရှေ့နေများက မီဒီယာများကို ထုတ်ဖော်ပြောကြားသည်။

Ø  ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ၆၅ ဦး နုတ်ထွက်သွားပြီး စစ်ကောင်စီ၏ အခြေခံ အုပ်ချုပ်ရေးယန္တရား ရာနှုန်းပြည့် ရပ်ဆိုင်းသွားပြီးနောက် PDF-Khayan က ခရမ်းမြို့နယ်ကြား ကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း Khayan Channel က ဖော်ပြထားသည်။

Ø  NUG ၏ ကိုယ်စားလှယ်ရုံးခန်းများဖွင့်ခွင့်ပေးသော နိုင်ငံများနှင့် NUG/CRPH ကိုယ်စားလှယ်များအား တွေ့ဆုံနေသော အစိုးရများနှင့်လွှတ်တော်ကိုယ်စားလှယ်များအား စစ်အုပ်စု၏နိုင်ငံခြားရေးဝန်ကြီး ဌာနက အပြင်းအထန်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့သည် အကြမ်းဖက် လုပ်ငန်းများအား အားပေးနေခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်သည်။ လက်ရှိအချိန်အထိ NUG ရုံးခန်းများ အား အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ဖွင့်လှစ်ထား သည်။

Ø  မကွေးတိုင်း ထီးလင်းမြို့အနီးတွင် ပျူစောထီးတပ်ဖွဲ့ဝင်များအား ထီးလင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏ တူမီးသေနတ် ၂၀ လက်အား သိမ်းဆည်းလိုက်ကြောင်း YDF ထီးလင်းက ထုတ် ပြန်ခဲ့သည်။

Ø  ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ကရင်ပြည်တွင်း စစ်ဘေးဒုက္ခသည် တစ််သိန်းကျော်ရှိလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့အစည်းက ထုတ်ပြန် သည်။

 

 

အောက်တိုဘာ (၁၃) ရက်

 

Ø  ချင်းပြည်နယ်၊ ဟားခါးနှင့် ဖလမ်းမြို့အနီးတွင် စစ်ကောင်စီ တပ်နှင့် CAN/CDF ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ချင်းပြည်နယ်ထန်တလန်၊ မတူပီ၊မင်းတပ်မြို့များတွင် စစ်တပ်နှင့် ဒေသခံပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် အောက်တိုဘာလဆန်း ကစ၍ စစ်ကောင်စီက ချင်းပြည်နယ်ဘက်တွင် တပ်အင်အားအများအပြားပို့ဆောင်နေကြောင်း ဒေသခံများက မီဒီယာများကိုထုတ်ဖော်ပြောကြားသည်။

Ø  မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းစတင်ခဲ့သည့် လူသားချင်းစာနာထောက်ကူမ အစီအစဉ်နှင့် ယာယီအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်အတွက် လိုအပ်သည့် ရန်ပုံငွေ မရသေးခြင်းကြောင့် နိုင်ငံတကာဘက်က ပိုမိုထည့်ဝင်လှူဒါန်းကြရန်ကုလသမဂ္ဂက ပန်ကြားလိုက် သည်။

Ø  အောက်တိုဘာလ ၁၄ ရက်နေ့က မကွေးတိုင်း ထီးလင်းမြို့နယ်တွင် စစ်ကောင်စီကလက်နက်တပ် ဆင်ပေးထားသောပျူစောထီးအဖွဲ့ဝင် ၃၀ ခန့်သည် ၎င်းတို့၏ တူမီးသေနတ်များနှင့်အတူ YDF ထီးလင်းထံသို့ အညံ့ခံအလင်းဝင်ခဲ့ကြောင်း YDF တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို Khit Thit မီဒီယာက ဖော်ပြသည်။

Ø  စစ်အာဏာသိမ်းပြီး နိုင်ငံရေးမတည်မငြိမ် အခြေအနေနှင့်ကြုံနေရသည့် မြန်မာနိုင်ငံရှိ လုပ်ငန်းများ အားလုံးရပ်ဆိုင်းကာ၊ ယခုနှစ်ကုန်တွင် ပြန်ရုပ်သိမ်းမည်ဖြစ်ကြောင်း ဗြိတိန်၊ အမေရိကန် ဆေးရွက်ကြီးလုပ်ငန်းက ထုတ်ဖော်ပြောကြားသည်။

 

 

 

 

အောက်တိုဘာ (၁၄) ရက်

 

Ø  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး Sean Turnell အပါအဝင် ငါးဦးအပေါ် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်သည်ဆိုသည့်အမှုကို နေပြည်တော်တွင် စစ်ဆေးကြားနာသော်လည်း စကားပြန်ကိစ္စငြင်းခုန်နေခြင်းကြောင့် အမှုမစစ်ဆေးနိုင်ခဲ့ကြောင်း ရှေ့နေများက ပြောသည်။

Ø  တနင်္သာရီတိုင်းဒေသကြီး ထားဝယ် လောင်းလုံး သရက်ချောင်းမြို့နယ်များရှိ အမေရိကန်နိုင်ငံသား အားလုံး ထွက်ခွာကြရန် အမေရိကန်သံရုံးက အောက်တိုဘာလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန် ခဲ့သည်။

Ø  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေအဖွဲ့က တရားလွှတ်တော် ရှေ့နေဦးခင်မောင်ဇော်ကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ အရ အမှုများ အကြောင်း မပြောရဟု စစ်ကောင်စီက အမိန့်ထုတ်ပြန်ကန့်သတ်လိုက်သည်။

Ø  အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁ဝ ဦးထက်မနည်းအား စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း Khit Thit မီဒီယာက ဖော်ပြသည်။

Ø  ဖလမ်းမြို့နယ်ရှိ Rialti ရွာက ဘုရားကျောင်းအပါအဝင် လူနေအိမ်အများအပြားအား စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း Tuphei ရွာတွင် ပြည်သူနှစ်ဦးအား အောက်တိုဘာလ ၁၃ ရက်နေ့က ပစ်သတ်ခဲ့ကြောင်း Zalen က ဖော်ပြထားသည်။

Ø  ချင်းပြည်နယ် ဟားခါးမြို့သို့လာနေသော စစ်ကောင်စီယာဉ်တန်းအား ဟားခါး-ဖလမ်းလမ်းတွင် ချင်းအမျိုး သားတပ်ဦး (CNA/CNF) နှင့် CDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

Ø  ပြီးခဲ့သည့် ၂၄ နာရီအတွင်းကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၈၆၉၂ ခုကို စစ်ဆေးခဲ့ရာ ပိုးတွေ့သူ ၁၅၁၄ ဦးရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

Ø  ဟားခါးနှင့် ဖလမ်းမြို့တို့တွင်စစ်ကောင်စီ တပ်နှင့် CAN/CDF ပူးပေါင်းတပ်တို့ အကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်။

 

 

 

 

 

အောက်တိုဘာ (၁၅) ရက်

 

Ø  မြန်မာနိုင်ငံတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုများသည် လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်နိုင်ခြင်းကြောင့်နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူဆောင်ရွက်ပေးရန် ကုလ သမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

Ø  မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့မှ အစိုးရမဟုတ်သောလက်နက်ကိုင်တပ်ဖွဲ့များသည် စစ်ကောင်စီ တပ်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား နယ်မြေကျော်တိုက်ခိုက် နေကြောင်း NUG က ကြေညာချက်ထုတ်ပြန်သည်။

Ø  စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဒေသခံ PDF များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး PDF များ၏ မိုင်းခွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံး အများအပြားရှိနေကြောင် ဘီဘီစီက ဖော်ပြသည်။

Ø  အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့် ၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ရာ NCA လက်မှတ်ရေး ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) နှစ်ဖွဲ့မှလွဲ၍ အခြားသောအဖွဲ့များသည် လူကိုယ်တိုင်သော်လည်းကောင်း၊ အွန်လိုင်းမှ လည်းကောင်း တက်ခဲ့ကြကြောင်း ဖော်ပြသည်။ KNU က စစ်အာဏာသိမ်းမှုသည် NCA စာချုပ်အား ချိုးဖောက်မှုဖြစ်ကြောင်း စစ်တပ်သည်နိုင်ငံရေးမှ ထွက်ခွာရန်လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန် သည်။

Ø  အာဆီယံထိပ်သီးညီလာခံတွင်မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုမဖိတ်ရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ယနေ့ အွန်လိုင်းအစည်းအဝေးတွင် သဘောတူညီခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

Ø  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အဂတိလိုက်စားမှု လေးမှု ကို နေပြည်တော်အထူးတရားရုံးတွင်ကြားနာခဲ့ရာ စစ်ကောင်စီဘက်မှ အဓိကသက်သေခေါ်ထား သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ဇနီး မလာရောက်မှုအတွက် အမှုမစစ်နိုင် ခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်။

Ø  ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၇၅၅၈ ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိသူ ၁၃၂၉ ဦးရှိကြောင်း စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန်သည်။

Ø  ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အေအေအဖွဲ့ဝင် ၆၃ ဦးအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့်ဆက်စပ်၍ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၀၀ ကျော်၏ အမှုများကို ရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

Ø   မြန်မာ့အရေး ဝိုင်းဝန်းဖြေရှင်းပေးရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (အန်စီအေ) လက်မှတ်ထိုးစဉ်ကအသိသက်သေ လုပ်ခဲ့သည့်နိုင်ငံများထံ စာပေးပို့တောင်းဆို ထားကြောင်း အန်စီအေ လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ပြောကြားသည်။

 

အောက်တိုဘာ (၁၆) ရက်

 

Ø  အောက်တိုဘာ နောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံထိပ်သီးအစည်းအဝေး အတွက် စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ကြားမည်မဟုတ်ဘဲ နိုင်ငံရေးကဏ္ဍက မဟုတ်သည့် ကိုယ်စားလှယ်တဦးကို ဖိတ်ကြားမည်ဖြစ်ကြောင်း အာဆီယံလက်ရှိအလှည့်ကျ ဥက္ကဌဘရူနိုင်းနိုင်ငံ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Ø  အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် မြန်မာစစ်ကောင်စီကို အမေရိကန်အပါအဝင် နိုင်ငံပေါင်း ရှစ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ)တို့က တောင်းဆိုလိုက်သည်။

Ø  မြန်မာ့အရေးအပါအဝင် လူ့အခွင့်အရေးကိစ္စများတွင် နှုတ်ဆိတ်နေခြင်းမှာ တာဝန်မကင်းကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ပြောကြားသည်။

Ø  ထန်တလန်မြို့နယ် CNA ချင်းအမျိုးသားတပ်ဖွဲ့ ဌာနချုပ်အနီးကစစ်ကောင်စီ၏ လုံလဲရ်တပ်စခန်းကို CNA နှင့်ချင်းကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့်စက်တင်ဘာလတွင် သိမ်းယူလိုက်ပြီးနောက် ချင်းပြည်နယ်အတွင်း စစ်ရေးတင်းမာမှုများ ပိုမိုမြင့်တက်လာနေသည်။

Ø  မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် Passport အမျိုးအစား အမျိုးမျိုးရှိသည့်ထဲမှ PJ ဟုလူသိများသည့် Job Passport ကိုင်ဆောင်သူများအနေဖြင့် ပြည်ပအလုပ်အကိုင် သက်သေခံ OWIC စမတ်ကဒ်ပြနိုင်မှ နိုင်ငံခြားထွက်ခွင့်ရှိကြောင်း စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာနက သတ်မှတ်ချက် အသစ်ထုတ်ပြန်သည်။ အောက်တိုဘာ ၁၅ ရက်စွဲဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပြီး ၁၆ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြေင့် နိုင်ငံခြားကို ထွက်ခွာကြမည့်သူအချို့ ပြည်ပထွက်ခွင့် တားဆီးခံရပြီး လေဆိပ်ကနေ လှည့်ပြန်ခဲ့ကြရသည်။

Ø  နာမည်ဆိုးဖြင့်ကျော်ကြားသော ရဲချုပ်သန်းလှိုင်၏ ယာဉ်တန်းအား အောက်တိုဘာလ ၁၆ ရက်နေ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် PDF မဟာမိတ် ၁၃ ဖွဲ့မှ ထုတ်ပြန်ကြေညာ ခဲ့သည်။

Ø  စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ကောလင်း PDF က စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည့် ဘီယာများအား တင်ဆောင်လာသည့် ယာဉ်များအား တားဆီးပြီး ကုန်ပစ္စည်းအားလုံးကို ဖျက်ဆီးလိုက်ကြောင်း ကောလင်း PDF က သတင်းထုတ်ပြန်ခဲ့သည်။

 

 

အောက်တိုဘာ (၁၇) ရက်

 

Ø  ရန်ကုန်က ဆန္ဒပြအင်အားစုများစုပေါင်း၍ ‘တော်လှန်သတင်းကျွတ်မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေ’ ဟူသည့်စာတန်းများ၊ မီးတုတ်များကိုင်ဆောင် ချီတက်ခဲ့ကြသည်။ အချို့ဆန္ဒပြ သူများက စစ်ယူနီဖောင်းတခုကို မီးရှို့ဆန္ဒပြခဲ့ကြသည်။

Ø  အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ရန် အပါအဝင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အသင်းကြီး၏ ရပ်တည်ချက်ကို မြန်မာစစ်ကောင်စီက ကန့်ကွက်လိုက်သည်။

Ø  ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီကားတစ်စီးအား KNU တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်းမှူး၏ ဇနီးသည်အပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Salween News က ဖော်ပြထား သည်။

Ø  ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ ခလရ ၅၈ တပ်ရင်းမှ စစ်ကောင်စီ စစ်သားများ၏ ဇနီးသည်များသည် ဌာနချုပ်အနီးရှိ ၎င်းတို့၏အမျိုးသားများ ထောင်ထားသည့်မိုင်းနင်းမိ၍ ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း Kachinwaves က ဖော်ပြထားသည်။

Ø  ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ဆန်၊ဆီ၊ ဆား၊ ဓာတ်ဆီများရောင်းဝယ်ခြင်းကို စစ်တပ်က ထိန်းချုပ် ထားကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

Ø  မုံးကိုးတွင်စစ်ကောင်စီတပ်နဲ့ ကိုးကန့်လက်နက်ကိုင် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မ ၉၉ စခန်းကို MNDAA က လာရောက် တိုက်ခိုက်ခြင်းကာ အရပ်သားတဦး လက်နက်ကြီးကျည်ထိမှန်ကြောင်း ကချင်သတင်းဌာန KNG ဖော်ပြသည်။

Ø  ချင်းပြည်နယ် ဟားခါးနှင့် ဖလမ်းကြားတွင်လည်း CNA/CDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များ တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ကလေးမြို့ဘက်က တက်လာသည့်စစ်ကောင်စီတပ်များကို ဒေသခံချင်းတပ်ဖွဲ့များက ကားလမ်းတလျှောက်ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်ကာ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က တာဝန်ရှိသူတဦးက ပြောပါတယ်။

Ø  အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် NUG/CRPH တို့နှင့် ပတ်သက်မှုမရှိကြောင်း နိုင်ငံရေး မလုပ်ကြောင်း စစ်ကောင်စီထံတွင် ခံဝန်ကတိလက်မှတ် ရေးထိုးထားသော အနိုင်ရလွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးရှိကြောင်း Than Lwin Times က ဖော်ပြထားသည်။ Myanmar Now ၏ ယခင်ဖော်ပြချက်အရ NLD လွှတ်တော်ကိုယ်စား လှယ်များအပါအဝင် ခံဝန်လက်မှတ်ရေးထိုးထား သော အမတ်ပေါင်း ၁၀၀ ခန့်ရှိကြောင်း သိရသည်။

 

 

 

 

အောက်တိုဘာ (၁၈) ရက်

 

Ø  စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက်ဆန္ဒပြပွဲများ မြို့ကြီးအချို့တွင် ပြုလုပ်ခဲ့ရာ အချို့မြို့နယ် များတွင် လူအင်အားအတော်အသင့် ပါဝင်ခဲ့သည်။

Ø  အင်အား ၅၀ ကျော်ဖြင့်ဆန္ဒပြခဲ့သည့် မန္တလေးမြို့က မန္တလေးလူငယ် သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက မနက် ၈ နာရီဝန်းကျင်လောက်က အိမ်စီးကားနဲ့တိုက်၊ သေနတ်များ ပစ်ဖေါက် ဖမ်းဆီးခဲ့ကြောင်း မီဒီယာများကဖော်ပြသည်။ ဆန္ဒပြလူငယ် ၇ ယောက်ထက်မနည်း ဖမ်းဆီးခံရကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။ ရန်ကုန်တွင်လည်း အမျိုးသမီးများစုဖွဲ့၍ ချီတက်ဆန္ဒပြခဲ့ကြ သည်။

Ø  စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း စစ်ကောင်စီတပ်များက လုံခြုံရေး အင်မတန်တင်းကြပ်ထားသည့် ကြားကပင် အင်အား ၅၀ ကျော်ဖြင့် သီတင်းကျွတ်အထိမ်းအမှတ် ဆန္ဒပြခဲ့သည်။

Ø  အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ၏ မြန်မာ့အရေးကြိုးပမ်းမှုများတွင် မြန်မာဘက်က ကောင်းမွန်သည့် တုံ့ပြန်မှုများမရှိခဲ့ကြောင်းနှင့်လာမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ကောင်စီအကြီးအကဲကို မဖိတ်ခြင်းမှာ မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောသည်။

Ø  KNU တပ်မဟာ (၅) သို့ အင်အားဖြည့်တင်းရန်သွားရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်မှ ဗိုလ်မှူး (၁) ဦး အပါအဝင် တပ်သား စုစုပေါင်း (၇) ဦး ၎င်းတို့၏ ချုံခိုတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ကြောင်း KNU က သတင်းထုတ်ပြန် သည်။

Ø  မူဆယ်မြို့နယ် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြီးရဲ့ အရှေ့ဘက် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA ၏တပ်မဟာ ၆၊ တပ်ရင်း ၉ နယ်မြေတွင် ဒီကနေ့ စစ်တပ်နှင့် ကချင်လက်နက်ကိုင် KIA တပ်များ တိုက်ပွဲဖြစ်ပွား သည်။

Ø  သီတင်းကျွတ်ကာလတွင် ဖမ်းဆီးထားသူ စုစုပေါင်း ၁,၃၀၀ ကျော် လွှတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။ ဆူပူဆန္ဒပြမှုများကြောင့် ပြစ်ဒဏ်ကျခံနေရသူ ၁,၃၁၆ ဦးကို နောက်တကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက အဆိုပါပြစ်ဒဏ်အပြင် ယခုကျန်ရှိတဲ့ ပြစ်ဒဏ်တို့ဖြင့် ပေါင်းကာကျခံရမည်ဟူသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာသည်။ ဆန္ဒပြမှုများတွင် ပါဝင်သည့် အတွက် တရားရုံး အသီးသီးတွင် အမှုရင်ဆိုင်နေရသူ ၄,၃၂၀ ကိုလည်း ကြားနာစစ်ဆေးနေသည့် အမှုများ ပိတ်သိမ်းကြောင်း ထည့်သွင်းထုတ်ပြန်သည်။ ယနေ့ပြန်လွတ်လာသူများထဲတွင် NLD ဗဟိုကော်မတီ ဝင်၊ ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးဖြစ်သည့် မုံရွာအောင်ရှင် ပြန်လွတ်ကြောင်း ၎င်း၏ဇနီးက အတည်ပြုသည်။

Ø  ချင်းပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာများ ဖြတ်တောက်ခံထားရတဲ့ စစ်ဘေးရှောင် များထံသို့ ကုလသမဂ္ဂက လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရေး အခက်အခဲတွေရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်သည်။ မင်းတပ်မြို့ရှိ စစ်ရှောင်စခန်း ၁၀ ခုက နေရပ်စွန့်ခွာသူများထံကို အကူအညီများ ပေးအပ်နိုင်ခဲ့သော် လည်း အခြားဒေသရှိ စစ်ဘေးရှောင်စခန်းများထံ အကူအညီများပေးနိုင်ရေး အခက်အခဲ ဖြစ်နေကြောင်း ဖော်ပြထားသည်။

Ø  စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးပြစ်ဒဏ်ချထားသည့် အကျဉ်းသား ၁၃၀၀ ကျော်ကို ကန့်သတ်ချက် ဖြင့် ပြန်လွှတ်ပေးလိုက်သည်နှင့်ပတ်သက်၍ ကုလသမဂ္ဂက အသေးစိတ်အချက်လက် များကို သိအောင်လုပ်သွားမည်ဖြစ်သလို ယခုအချိန်အထိ အဖမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တောင်းဆို ကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပြောသည်။

Ø  မြန်မာနိုင်ငံ ဗဟိုဘဏ်က ၁ ဒေါ်လာကို ကျပ် ၁၈၂၀ နှုန်းဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ထုတ် ရောင်းသည်။ ယင်းသည်ဗဟိုဘဏ်ထုတ်ရောင်းပေးသည့် ပမာဏတွင် ပမာဏအများဆုံး ဖြစ်ပါသည်။

Ø  အောက်တိုဘာလ ၁၈ ရက်က ပြောကြားခဲ့သော မိန့်ခွန်းတွင် အာဏာသိမ်းခေါင်းဆောင်က အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာခြင်းသည် NUG/CRPH နှင့် ၎င်းတို့အားကူညီထောက်ပံ့နေသော EAO တချို့ကြောင့် ဖြစ်ကြောင်းအပြစ်တင်လိုက်ပြီး အာဆီယံအဖွဲ့အနေဖြင့် ၎င်းတို့ကိုလည်း ဖိအားပေးရန်လိုအပ်ကြောင်း ပြော သည်။

 

 

အောက်တိုဘာ (၁၉) ရက်

 

Ø  သီတင်းကျွတ်အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြစ်ဒဏ်ကျနေသူနှင့် အမှုရင်ဆိုင်ဆဲ ဖမ်းဆီးခံ ထားရသူ တစ်ထောင်ကျော်ကိုအောက်တိုဘာ ၁၈ ရက်နေ့က စစ်ကောင်စီက ပြန်လွှတ်ပေး နေသော်လည်း ပြန်လွတ်လာသူအချို့ အိမ်ပြန်မရောက်ခင်မှာပင် အခြားပုဒ်မတပ်ထားသည့် အမှုများဖြင့် ပြန်လည်ဖမ်းဆီးခံခဲ့ကြရသည်။

Ø  အောက်တိုဘာ (၂၂) ရက် စစ်တပ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်၍ ဖမ်းဆီး ထောင်ချခံထားရသူ ထောင်နဲ့ချီကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ဒုတိယနေ့အဖြစ် ပြန်လွှတ်ပေးနေသည့် ထဲတွင် သတင်းသမားတချို့နှင့် တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တချို့ ပြန်လွတ်လာကြ ပါတယ်။

Ø  ယူကေနိုင်ငံ၊ လီဗာပူးလ်မြို့တွင် ဒီဇင်ဘာလအတွင်းကျင်းပမည့် ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံ၊ G7 အဖွဲ့၊ နိုင်ငံခြားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးကိုတက်ရန် အာဆီယံနိုင်ငံများကို ဖိတ်ကြားထားသော်လည်း မြန်မာစစ်အစိုးရကို ဖိတ်မည်မဟုတ်ကြောင်း ယူကေအစိုးရကပြောသည်။

 

အောက်တိုဘာ (၂၀) ရက်

 

Ø  ဒေါ်လာစျေးများ အနည်းငယ်ကျပြီး ရွှေစျေးအတက်အကျ ပြန်ငြိမ်လာသည်။

Ø  NUG ကြားကာလအအမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာကအသိအမှတ်ပြုရေး ကူညီ ဆောင်ရွက်ပေးရန် အမေရိကန်တာဝန်ရှိသူတွေကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။ International Republican Institute - IRI က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ချီးမြှင့်လိုက်တဲ့ John S.McCaing Freedom လွတ်လပ်ခွင့်ဆု ဆုပေးပွဲမှာ ပြောဆိုခြင်းဖြစ်သည်။

Ø  ချင်းပြည်နယ် ဖလမ်းမြို့ကထွက်ခွာလာသော အစီးရေ ၅၀ ခန့်ပါဝင်သော စစ်ယာဉ်တန်းက အောက်တိုဘာလ ၂၀ ရက်နေ့က ဟားခါးမြို့သို့ရောက်ရှိလာကြောင်း ဒေသခံများက လူမှုကွန်ယက်တွင် ရေးသားထားကြသည်။ ဟားခါး-ဖလမ်းလမ်းကြောတစ်လျှောက်တွင် CNF/CDF/CNDF အဖွဲ့များ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အဆိုပါစစ်ယာဉ်တန်းမှ စစ်ကား ၁၆ စီးခန့် ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။

Ø  အောက်တိုဘာလ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် KIA/PDF ပူးပေါင်းတပ်ဖွဲ့ များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေဆုံးခဲ့ကြောင်း The 74 Media ကဖော်ပြထား သည်။

Ø  ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာသည့်ဘာသာရေးနဲ့ တခြားလွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရတဲ့ကိစ္စတွေကို အတွင်းရေးမှူးချုပ် Antonio Guterres အနေဖြင့် အလေးပေး ဆောင်ရွက်ပေးရန် အောက်တိုဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့ရက်စွဲနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၉၇ ဖွဲ့နဲ့ လူပုဂ္ဂိုလ် ၁၅ ဦးတို့က လက်မှတ်ထိုး တောင်းဆိုသည်။

Ø  အောက်တိုဘာလ ၁၉ ရက် က ၎င်းတို့ နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း (၁၈) လောင်းနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်ကြောင်း MNDAA က သတင်းထုတ်ပြန်ခဲ့သည်။

 

အောက်တိုဘာ (၂၁) ရက်

 

Ø  မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေ ဆိုးရွားခြင်းကြောင့်အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေဖြင့် ဆယ်စုနှစ်နှင့်ချီ ကျင့်သုံးလာသည့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်မစွက် ရေး မူဝါဒအပေါ် ပြန်ပြီးသုံးသပ်သင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

Ø  ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဒဏ် ခံနေရဆဲဖြစ်သည့် မြန်မာနိုင်ငံတွင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲစမ်းသပ်မှုပေါင်း ၁၃,၈၀၅ ခုကို ပြုလုပ်ခဲ့ရာ ၆၃၈ ဦး ရောဂါပိုး ကူးစက်နေသည်ကို တွေ့ရှိရကြောင်း စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန်သည်။

Ø  တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာရှိသည့် NLD တိုင်းရုံးတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နှစ်ထပ်အ ဆောက်အဦတခုလုံး ပြိုကျခဲ့သည်။ ပေါက်ကွဲမှုဖြစ်တဲ့ အနီးတဝိုက်မှာ ရဲကလုံခြုံရေးယူထားပြီး NLD အလံကိုလည်း ဖြုတ်သိမ်းသွားကြောင်း မျက်မြင်ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

Ø  မွန်ပြည်နယ် ရေးမြို့နယ်တွင် KNU တပ်မဟာ ၆ ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ပြီး စစ်တပ်မှ ၎င်းတို့၏ အလောင်းများအား လာရောက်ကောက်ယ ခြင်း မရှိသေးကြောင်း KLO FM က ဖော်ပြထားသည်။

Ø  ရန်ကုန်မြို့အင်းစိန်ထောင်တွင် ဖေဖော်ဝါရီ ၁ ကတည်းက ဖမ်းခံထားရသူ ၈၈ တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးမှာ လွတ်မြောက်လာသူများထဲတွင် ပါဝင်လာခြင်း မရှိသည့် အပြင် ၎င်း၏ကျန်းမာရေးအခြေအနေသည် အလွန်ဆိုးရွားနေပြီး အနာပိုးဝင်ခြင်းကြောင့် လမ်းမလျှောက်နိုင်ကြောင်း ၎င်း၏ရှေ့နေက Myanmar Now ကိုပြောဆိုသည်။

Ø  မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူများ အပါအဝင် ထိန်းသိမ်းထားသူများကို ပြန်လွှတ် ပေးနေသော်လည်းလုံလောက်မှု မရှိသေးတာကြောင့် နိုင်ငံတကာက တွန်းအားပေးရန် နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့ကြီးတခုဖြစ်တဲ့ HRW က တိုက်တွန်းလိုက်သည်။

 

အောက်တိုဘာ (၂၂) ရက်

 

Ø  စစ်ကိုင်းတိုင်း အရာတော်မြို့နဲ့မြင်းမူမြို့ကြား စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး အဖွဲ့များက ပြောသည်။စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နဲ့ ၁၆ မိုင်ဝေးတဲ့ ကန်ရင်းကျေးရွာနားက ဒေသခံကာကွယ်ရေးအဖွဲ့စခန်းတွေကို စစ်ကောင်စီတပ်အင်အား ၂ဝဝ ခန့်ဖြင့် အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းပြီး အပြန်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်းလို့ ဒေသခံကာ ကွယ်ရေးအဖွဲ့တာဝန်ရှိသူများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

Ø  နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အဂတိလိုက်စားမှု ၄ မှုမှာ တည်ဆဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါအချက်များနှင့် ငြိစွန်းတာမရှိဘဲ တရားစွဲထားသည်ကို စိစစ်တွေ့ရှိ ရကြောင်း၎င်း၏ ရှေ့နေများက ပြောသည်။

Ø  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ တကြိမ်ထက်ပိုပြီး မဲပေးခဲ့သူတွေကို တရားစွဲဆိုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို အကြောင်း ကြားထားသည်။ ရွေးကောက်ပွဲတွင် တကြိမ်ထက်ပို၍ မဲပေးသည်ဆိုပါက မဲပေးသူသာမက အားပေးသူ၊ မဲပေးမှုကို ဖြစ်မြောက်စေသူ၊ဖြစ်မြောက်စေရန် အားထုတ်သူများမှာလည်း ရာဇသတ်ကြီး ပုဒ်မ ၁၇၁ (ဃ) ကို ဖောက်ဖျက်ကျူးလွန်ရာရောက်ကြောင်း UEC ၏အောက်တိုဘာလ ၂၂ ရက်နေ့စွဲဖြင့် ညွှန်ကြားစာတွင် ဖော်ပြထားသည်။

အောက်တိုဘာ (၂၃) ရက်

 

Ø  စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရင်ဆိုင်နေရသည့်ပြဿနာများ ယခုထက်ပိုဆိုးမလာခင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ထိထိရောက်ရောက် တုံ့ပြန်ဖြေရှင်းကြရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၈ လလောက်တွင်အခြေအနေများ ပိုဆိုးလာနေသည်ကိုလည်း မကြာခင် တာဝန်က အနားယူတော့မည့် အထူးကိုယ်စားလှယ် Christine Schraner Burgener က နယူးယောက်ကုလသမဂ္ဂရုံးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

Ø  စစ်ကောင်စီကကြေညာထားသည့် လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ပြန်လွှတ်ပေးမယ်လို့ သတင်းထွက် နေသူများထဲကလူ သိထင်ရှားသည့်သတင်းစာဆရာ၊ စာရေးဆရာနှင့် အနုပညာရှင်များ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရန်ကုန်ရှေ့နေအသိုင်းအဝိုင်း၏ ပြောကြားချက်ကို မီဒီယာများကဖော်ပြသည်။

Ø  မြန်မာနိုင်ငံတွင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲနမူနာပေါင်း ၁၉,၈၂၄ ခုကို စစ်ဆေးခဲ့ရာ ရောဂါပိုးကူးစက်သူ ၁,၀၆၇ ဦးရှိခဲ့ပြီး သေဆုံးသူ ၂၀ ဦးရှိကြောင်း စစ်ကောင်စီ၊ ကျန်းမာရေးဌာနက ထုတ်ပြန် သည်။

Ø  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲတင်ထားသည့်အမှုများအတွက်လိုက်ပါ ဆောင်နေသည့် အကျိုးဆောင်ရှေ့နေများထဲမှတဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေကြီး ဦးကြည်ဝင်း ကို အမှုစစ်ဆေးခြင်းများနှင့်ပတ်သက်၍ ပြောဆိုခြင်းမျိုး မပြုလုပ်ရန် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ သုံး၍ ပိတ်ပင်ကန့်သတ်လိုက်ကြောင်း ဗွီအိုအေက ဖော်ပြသည်။

Ø  မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်များရှိ NLD ပါတီ (မြို့နယ်ရုံး) များ တစ်ပြိုင်နက် တည်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံခဲ့ရကြောင်း Burma Associated Press က ဖော်ပြထားသည်။

Ø  မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းသည့်နောက်ပိုင်း နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများကို မီးမောင်းထိုးပြသည့် အနေဖြင့်အမေရိကန်၊ ကနေဒါနှင့် ဥရောပရောက် မြန်မာများက ဆန္ဒပြလှုပ်ရှား သည်။

 

 

အောက်တိုဘာ (၂၄) ရက်

 

Ø  အောက်တိုဘာ၂၃ ရက် ညပိုင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ၈၈မျိုးဆက်ခေါင်းဆောင်တဦး ဖြစ်သည့်ကိုဂျင်မီခေါ် ကိုကျော်မင်းယုသည် ဖမ်းဆီးခံရစဉ်က ဦးခေါင်းဒဏ်ရာရရှိခဲ့သည်ဟု ကြားသိရ ခြင်းကြောင့် အသက်အန္တရာယ်အတွက် အထူးစိုးရိမ်မိကြောင်း မိသားစုဝင်များက ထုတ်ဖော်ပြောကြား သည်။

Ø  ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် သတင်းရဲတပ်ဖွဲ့ (SB) မှ ဒုရဲမှူးတစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရကြောင်း News Ambassador က ဖော်ပြထားသည်။

Ø  အာစီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် တစ်ရက်တွင် ပြင်ဦးလွင်၊ မတ္တရာ၊ နေပြည်တော်၊ မြစ်ကြီးနား ပူတာအို စသည့် မြို့ ၅ ခု ၆ ခုခန့်တွင် စစ်ကောင်စီကို ထောက်ခံကြောင်း လှည့်လည်ဆန္ဒပြမှုအချို့ ပေါ်ပေါက်လာခဲ့သည်။ မန္တလေးတိုင်း မိတ္ထီလာမြို့တွင် ကျင်းပခဲ့သော တပ်ထောက်ခံပွဲအပြီးတွင် ကင်းလှည့်နေသောစစ်ကားတစ်စီးအား အမည်မသိအဖွဲ့တစ်ခုက ဗုံးခွဲတိုက်ခိုက်ခံရသဖြင့် ရဲနှစ်ဦးသေဆုံးပြီး စစ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

Ø  ရှမ်း-ကယားနယ်စပ် မိုးဗြဲတွင် စစ်ကောင်စီတပ်များနှင့်နှင့် ကရင်နီတော်လှန်ရေးစုပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများက စစ်တပ်နှင့်အပစ်ရပ်ထားသော ကယန်းပြည်သစ်အဖွဲ့၏ ဝတ်စုံများအားဝတ်ဆင်ကာ ထိုးစစ်များဆင်နွဲနေကြောင်း PDF များနှင့် နီးစပ်သူများက လူမှုကွန်ယက်မီဒီယာများတွင် ရေးသားထားကြသည်။

Ø  နေပြည်တော်မှ ပထမဆုံး CDM ပြုလုပ်သူ ရဲအုပ်ခွန်အောင်ကိုကို၏ ဇနီးနှင့် ၉ နှစ်အရွယ် သမီးငယ်တို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း Mizzima မီဒီယာက ဖော်ပြထား သည်။

Ø  ကယားပြည်နယ် မိုးဗြဲမြို့ပေါ် လက်နက်ကြီးကျည်ကျ၍အမျိုးသမီးတဦး သေဆုံးပြီးကလေးငယ်နှစ်ဦး အပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရသည်။

 

 

အောက်တိုဘာ (၂၅) ရက်

 

Ø  စစ်အာဏာရှင်ဖြုတ်ချရေးကိုလိုလားသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲသွားမည် ဖြစ်ကြောင်း KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအန်ဘန်လက KIO အထိမ်းအမှတ်နေ့ မိန့်ခွန်းမှာပြောသည်။ အခုအချိန်တွင် အာဏာရှင်စနစ်နှင့်ဗမာလူမျိုးကြီးဝါဒကို မချေမှုန်းနိုင်ပါက အနာဂတ်မှာ အမြစ်ဖြုတ်နိုင်ဖို့ ခက်ခဲသွားလိမ့်မည်ဟုကချင်ဘာသာစကားဖြင့် ပြောသည့် ဗိုလ်ချုပ်ကြီး အန်ဘန်လမိန့်ခွန်းကိုကိုးကား၍ ကချင်သတင်းများ တွင်ဖော်ပြသည်။

Ø  မိုးဗြဲမြို့အနီး စစ်ယာဉ်တန်းတခုအပေါ် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် မိုးဗြဲမြို့ဘက်သို့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း မိုးဗြဲမြို့ခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

Ø  အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်များနှင့်အောက်တိုဘာလ ၂၅ ရက်နေ့တွင် အွန်လိုင်းကနေတဆင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Ø  ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဂျင်မီသည်ဖမ်းဆီးခံရစဉ် ဦးခေါင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သောကြောင့် မင်္ဂလာဒုံစစ်ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်၌ အရေးပေါ်ကုသမှုခံယူနေရဆဲဖြစ်ကာ အခြေအနေစိုးရိမ်ရကြောင်း တပ်မတော်သတင်းရင်းမြစ်တစ်ခု ၏ ပြောာကြားချက်ကို Myanmar Now က ဖော်ပြသည်။

Ø  Euro Burma Office ၏ ဒါရိုက်တာ စဝ်ဟန်ယောင်ဝေ အား NCA လက်မှတ်ရေးထိုးထားသော PPST အဖွဲ့၏ နိုင်ငံတကာကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင့် PPST ၏ ပြောရေးဆိုခွင့်ရှိသူက CNI ကို ပြောဆိုခဲ့သည်။

 

အောက်တိုဘာ (၂၆) ရက်

 

Ø  မြန်မာကိုယ်စားလှယ်မပါဝင်သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပသည်။

Ø  မြန်မာနိုင်ငံအတွင်း ရာသီတုပ်ကွေး ကူးစက်ခံရမှု ပြင်းထန်လာသည်။

Ø  ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအပေါ် စွပ်စွဲထားသည့် အမှုများထဲက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုအတွက် ကိုယ်တိုင် သက်သေထွက်ဆို ခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်။

Ø  ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စစ်တပ်နှင့်လုံခြုံရေးများနှင့်အတူ မီတာရုံးဝန်ထမ်းများက လျှပ်စစ်မီတာခ လိုက်လံကောက်ခံနေရာ မီတာခချက်ချင်းဆောင်ခိုင်းပြီး မဆောင်သည့်အိမ်အချို့က မီးကြိုးများကို ဖြတ်သွားခြင်း၊ မီတာပုံးဖြုတ်သွားခြင်းများ ပြုလုပ်ကြောင်း မီဒီယာများကဖော်ပြသည်။

Ø  EU က မြန်မာနိုင်ငံကိုပေးထားသည့် ကုန်သွယ်ရေး အထူးခံစားခွင့်များကို အမြန်ဆုံး ပြန်ရုပ်သိမ်း ပေးရန် ဥရောပကော်မရှင်၊ ဥရောပပါလီမန်နှင့် ဥရောပကောင်စီတို့ကို Industrial All Europe နဲ့ Industrial All Global Union အဖွဲ့များက တောင်းဆိုသည်။

 

အောက်တိုဘာ (၂၇) ရက်

 

Ø  အိန္ဒိယနိုင်ငံအခြေစိုက် Adani ဆိပ်ကမ်းများကုမ္ပဏီက မြန်မာနိုင်ငံမှာ ကုန်သေတ္တာအတင်အချ ဆိပ်ကမ်းတခု တည်ဆောက်ဖို့စီမံကိန်းကို ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း ပြောကြားသည်။

Ø  စစ်ကိုင်းတိုင်းကောလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ မှ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့ကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။

Ø  စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ရှိ ကျေးရွာများအား အင်အား ၁၅ဝကျော်ဖြင့် စစ်ကောင်စီက ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့သဖြင့် ဒေသခံအများအပြား ညအချိန်ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း မီဒီယာများက ဖော်ပြသည်။

 

 

အောက်တိုဘာ (၂၈) ရက်

 

Ø  စစ်ကိုင်းတိုင်း ကျွန်းလှမြို့နဲ့ မိုင် ၂၀ ဝေးတဲ့ ကျွဲတဲ ကျေးရွာအနီးတွင် စစ်တပ်က ရဟတ်ယာဉ်များ ဖြင့်ဝေဟင်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်ကို မီဒီယာများကဖော်ပြ သည်။

Ø  မြန်မာနိုင်ငံတွင်ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းလိုက်သည့် စစ်တပ်သည် နိုင်ငံတဝန်း ဖမ်းဆီး ထိန်းသိမ်းထားသူများကို စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ခဲ့သည်ကို အေပီသတင်း ဌာနက စုံစမ်းသိရှိရကြောင်း ဖော်ပြထားသည်။ ညှဉ်းပန်း နှိပ်စက်ခံရသူများထဲတွင် ဆယ်ကျော်သက် အရွယ်လူငယ်များနှင့်ကလေးငယ်တွေပါ ပါဝင်ကြောင်းဖော်ပြသည်။ ကျောင်းသားလူငယ်များ အပါအဝင် လူတန်းစားအလွှာအသီးသီးက ဖမ်းဆီးနှိပ်စက်ခံခဲ့ရသူ ၂၈ ဦးကို အေပီသတင်းဌာနက ဆက်သွယ်မေးမြန်းပြီး ၎င်းတို့၏အတွေ့အကြုံကို ဖော်ပြထားခြင်းဖြစ်သည်။

Ø  မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်နှင့် ATM နေရာ အနည်းဆုံး ၈ ခုတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွါး ခဲ့ကြောင်း Khit Thit မီဒီယာက ဖော်ပြထားသည်။

Ø  စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ကောလင်း PDF များက စစ်ကောင်စီတပ်များအား အလစ်အငိုက်တိုက်ခိုက်ခဲ့သဖြင့် တပ်သား ၂၅ ဦးခန့်သေဆုံးသွားပြီး ကောလင်း PDF ဘက်မှ ၃ ဦး ကျဆုံးကြောင်း Kawlin Revolution-KR က ၎င်းတို့၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

Ø  မြန်မာအတိုက်အခံအင်အားစုများဖြင့် တွေ့ဆုံဆွေးနွေးလာအောင် စစ်ကောင်စီပေါ် ဖိအားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌအဖြစ် စပြီးလွှဲပြောင်းယူလိုက်ပြီဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကပြောကြားသည်။

Ø  ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ် အပါအဝင် ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်များအတွင်းက မြို့နယ် ၄၄ ခုတွင် Stay at Home အစီအစဉ် ပယ်ဖျက်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဌာနက ထုတ်ပြန်သည်။ အဆိုပါ မြိုကနယ်များတွင် ပြီးခဲ့တဲ့ ၁၄ ရက် အတွင်း ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု လျော့နည်းလာပြီး အစုလိုက်ကူးစက်မှု လျော့ကျလာခြင်း ကြောင့် ခုလိုမလိုအပ်ဘဲအိမ်ပြင်မထွက်ရန် ကန့်သတ်ထားမှုက ဖြေလျှော့ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ø  မြန်မာနိုင်ငံအတွင်း လိုအပ်နေသည့် စာနာမှုဆိုင်ရာအကူအညီတွေအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးက တဆင့် EU ဥရောပသမဂ္ဂက ယူရိုငွေ ၄ သန်း လှူဒါန်းခဲကြောင်း WFP က ကြေညာသည်။

Ø  မန္တလေးမြို့တွင် ဖမ်းဆီးခံခဲ့ရသော LGBT စာရေးဆရာမ မစောဟန်နွေဦးက သူမအား စစ်သားများက စစ်ကြောရေးတွင် မျက်နှာကိုအဝတ်စဖြင့်စည်းပြီး ဓားဖြင့်မွှန်းခြင်း ရေနွေးပူလောင်းခြင်း ဝါယာကြိုးဖြင့်ရိုက်နှက်ခြင်း လိင်ပိုင်းဆိုင်ရာစော်ကားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း Khit Thit Media သို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

 

အောက်တိုဘာ (၂၉) ရက်

 

Ø  စစ်ကောင်စီတပ်များနှင့် ဒေသခံ PDF တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးနောက် တမြို့လုံးဘေးလွတ်ရာ တိမ်းရှောင် နေရသည့်ထန်တလန်မြို့တွင် ဒီကနေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်များက မီးရှို့သည့် အတွက် နေအိမ်တွေ မီးလောင်ကျွမ်းနေသည်။ ဒေသခံများသည် ယခင်လက တိုက်ပွဲများကြောင့် မြို့အားစွန့်ခွာသွားပြီးဖြစ်သဖြင့် မီးငြိမ်းသတ်မည့်သူများမရှိသောကြောင့် မနက် ၉ နာရီကျော်ကနေ စတင်လောင်ကျွမ်းသည့်မီးသည် နောက်နေ့မနက်ပိုင်းအထိ ငြိမ်းသတ်မည့်သူမရှိဘဲ လောင်ကျွမ်း နေပြီး နေအိမ်အလုံး ၁၆၀ ကျော် မီးလောင်ကျွမ်းနေကြောင်း မီဒီယာများက ဖော်ပြသည်။ ယခုလို မီးလောင်ခြင်းသည် တိုက်ပွဲဖြစ်ပွားခြင်းကြောင့်မဟုတ်ဘဲ စစ်ကောင်စီတပ်က မီးရှို့ခြင်းဖြစ်ပြီး မီးလောင်ပြီးနောက် စစ်ကောင်စီဘက်က သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်ကြောင်း ထန်တလန် CDF က အတည်ပြုပြောသည်။

Ø  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်ကို နေပြည်တော် အထူးတရားရုံးတခုက နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်မှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက် ပါတယ်။ ဒီပြစ်ဒဏ်အတွက် အယူခံတင်သွားမယ်လို့ ဦးဝင်းထိန်ရဲ့ ရှေ့နေက မီဒီယာများကိုပြော သည်။

Ø  စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့ပြင်ဘက်ကို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သည့် အတွက် တောင်ယာခင်းတခုအပေါ် လက်နက်ကြီးကျည်တခုကျပြီး အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသားတဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

Ø  မြန်မာနိုင်ငံတဝန်းတွင်ဖမ်းဆီးခံရသူများကိုစစ်တပ်က စနစ်တကျနည်းလမ်းဖြင့် နှိပ်စက်ညှဉ်းပန်း နေသည်ဆိုသည့် သတင်းအပေါ်အလွန်အမင်း ထိတ်လန့်တုန်လှုပ်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ထုတ်ဖော်ပြောကြားကာ စုံစမ်းစစ်ဆေးရန် တောင်းဆိုလိုက်သည်။ စစ်တပ်က ဖမ်းဆီးသွားပြီးတဲ့နောက် ညှဉ်းပန်းနှိပ်စက်ခံရပြီး ပြန်လွတ်လာသူတွေထဲက ၂၈ ယောက်ကို အေပီသတင်းဌာနက တွေ့ဆုံမေးမြန်းပြီး ဖော်ထုတ်ရေးသားထားမှု ထွက်လာပြီးနောက် အမေရိကန်နိုင်ငံခြားရေးဌာနက တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

Ø  မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနှင့် ပတ်သက်ပြီး IIMM ခေါ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းမှုယန္တရားက ဖေ့စ်ဘုတ်နဲ့ ပုံမှန်ထိတွေ့ ဆွေးနွေးမှုများ ရှိနေကြောင်း IIMM ၏ အကြီးအကဲ Nicholas KoumJian က ပြောကြားလိုက်သည်။

Ø  စစ်ကောင်စီ၏ရက်စက်ကြမ်းကြုတ်မှုအပေါင်းကနေ ပြည်သူတရပ်လုံးကို အကာအကွယ်ပေးရန် အလေးအနက်လိုအပ်နေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးက တောင်းဆိုလိုက်သည်။ ၇၆ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံတွင်ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကသူ့မိန့်ခွန်းတွင်ယခုကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်သည်။

 

အောက်တိုဘာ (၃၀) ရက်

 

Ø  မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့်စစ်တပ်အတွက် ငွေကြေးအထောက်အပံ့တွေ မရစေရန် ရည်ရွယ်ပြီး အမေရိကန်အပါအဝင် နိုင်ငံတကာရောက်မြန်မာများက ဆန္ဒပြ လှုပ်ရှားကြသည်။ သွေးစွန်းတဲ့ငွေကြေး Blood Money Campaign အဖြစ် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူရှေ့မှာ စုဝေးဆန္ဒပြသူများထဲက မြန်မာ့အရေးလှုပ်ရှားသူအချို့၏ ပြောကြားချက်ကို သတင်းဌာနများကဖော်ပြသည်။

Ø  မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှု အားလုံးကို ချက်ချင်းရပ်ဆိုင်းရန်ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၃ ဦးက ပူးတွဲတောင်းဆိုလိုက်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Schraner Burgener၊ ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Virginia Gamba၊ ကလေးများပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဒေါက်တာ Najat Maalla M'jid တို့က ထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။

Ø  စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့မှုကြောင့် တစ်ရက်ကျော်ကြာမီးလောင်ခဲ့ရသည့် ထန်တလန် မြို့တွင် မြို့၏အထင်ကရသက်တမ်းရှည်ဘုရားကျောင်းများအပါအဝင် အိမ်ခြေတစ်ရာ့ခြောက်ဆယ် ကျော် မီးလောင်ပျက်စီးခဲ့ရသည်။ အဆိုပါပျက်စီးဆုံးရှုံးမှုအပေါ် တက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင် များအပါအဝင် ပြည်သူအများက ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြ သည်။

Ø  အောက်တိုဘာလ ၂၉ နေ့ကထိ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် ထွက်စာတင်ထားသော အုပ်ချုပ်ရေးမှုး ၁၇ ယောက်ခန့်ရှိကြောင်း Irrawaddy သတင်းဌာနက ဖော်ပြထားသည်။

 

အောက်တိုဘာ (၃၁) ရက်

 

Ø  ချင်းပြည်နယ်အတွင်းဖြစ်ခဲ့သည့် လူနေအိမ်များမီးလောင်ပျက်စီးမှုနှင့် မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်သားများ၏ ဖျက်ဆီးမှုများသည် ချင်းလူမျိုးများအပေါ် စစ်တပ်က လူမျိုးတုံး သတ်ဖြတ်သော စစ်ပွဲဆင်နွဲနေခြင်းဖြစ်ကြောင်း NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ချင်းလူမျိုးဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောကြားခဲ့သည်။

Ø  ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတဦးဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင် ၏ ဟားခါးမြို့ကနေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ဒေါက်တာလျန်မှုန်း ဆာခေါင်းက သူ့လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့မှုအပေါ် မီဒီယာများကသတင်း ဖော်ပြသည်။

Ø  ထန်ထလန်မြို့အား စစ်တပ်ကဖျက်ဆီးမှုအား ရှုံ့ချကြောင်း ချင်းပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသော KIO၊ AA၊ MNDAA နှင့် TNLA တို့က ထုတ်ပြန်ကြေညာခဲ့သည်။

Ø  စစ်ကောင်စီနှင့် ဆက်စပ်နေသည့် ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း၏ သားပိုင်ဆိုင်သော Omni Focus ယာဉ်လိုင်းကိုလည်း ထန်တလန်ဖြစ်ရပ်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ဒေသပျောက်ကြားကာကွယ်ရေးတပ်၏ Kamaryut Information ကို ပြောဆိုခဲ့သည်။

Ø  အလားတူပဲ ဟားခါးမြို့ပေါ်မှာရှိတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရုံးကိုလည်း စစ်ကောင်စီက ချိတ်ပိတ်သိမ်းယူခဲ့တယ်လို့ Chinland Post က ထုတ်ပြန်ခဲ့ပါတယ်။

Ø  နေအိမ်အဆောက်အဦး တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ရသည့်ချင်းပြည်နယ်၊ ထန်တလန်မြို့ အပါအဝင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားပြည်သူ များ ထိခိုက်နစ်နာနေရသည့်ကိစ္စများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် တက်ကြွ လှုပ်ရှားသူများက တောင်းဆိုသည်။

Ø  စစ်ကောင်စီအဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်းနှစ်ခုအပါအဝင် နေအိမ် ၁၆၄ လုံးခန့် မီးလောင်ပျက်စီးခဲ့သောထန်တလန်မြို့ဖြစ်စဉ်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အောက်တိုဘာလ ၃၁ ရက်နေ့က ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ခဲ့သည်။

Ø  ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရိုဟင်ဂျာအဖွဲ့ဖြစ်သော ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း Development Media Group က ဖော်ပြထားသည်။

 

 

Download PDF