• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနှင့်

ရက်စွဲအလိုက်ဖြစ်စဉ်များ

 

(အောက်ပါအချက်အလက်များသည် သတင်းမီဒီယာအချို့၏ ရေးသားဖော်ပြချက်များကို

ကိုးကားပြုစုထားခြင်းဖြစ်သည်။)

 

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလသည် ၂၀၂၀ ရွေးကောက်ပွဲ တစ်နှစ်ပြည့်သည့် ကာလလည်းဖြစ်သည်။ ဆန္ဒမဲပေးခဲ့ သည့် လူထုသဘောထားကိုလက်မခံဘဲ စစ်တပ်၏အာဏာသိမ်းမှုသည်လည်းပဲ ကိုးလကျော်ရှိလာပြီဖြစ်သည်။ သို့သော် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ပြည်သူလူထု၏ သဘောထားဆန္ဒထုတ်ဖော်မှုများသည် အရှိန် လျော့ကျသွားခြင်းမရှိခဲ့ပေ။ တဘက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်းလည်း ပြည်သူလူထုက နည်းလမ်းမျိုးစုံဖြင့် သက်သေပြနေဆဲဖြစ်သည်။

နိုဝင်ဘာလအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ခိုက်မှုများလည်း ရှိနေဆဲဖြစ်ကာ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည် နယ်တို့တွင် ထိတွေ့တိုက်ပွဲများစွာ ရှိခဲ့သည်။ စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများကို လူ့အခွင့်အရေးနှင့် မညီညွတ်သော လုပ်ဆောင်ချက်များမှာလည်း ဆက်လက်ရှိနေဆဲ ဖြစ်သည်။ မိမိဆန္ဒကို ထုတ်ဖော်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ယခင်အစိုးရလက်ထက် အစိုးရဝန်ကြီးများအပေါ် ကြီးလေးသောပုဒ်မများဖြင့် တရားစွဲဆိုခြင်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းတို့ကြောင့် ပြည်သူလူထုကသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အံ့သြတုန်လှုပ်ကြရသည်။ အချုပ်အားဖြင့်ဆိုရလျှင် စစ်အာဏာသိမ်းမှု ကာလရှည်လာ သည့်တိုင် မြန်မာပြည်သူလူထုသည်လည်း တတ်နိုင်သည့်နည်းလမ်းပုံစံပေါင်းစုံဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြဆဲဖြစ်ကြောင်း ဖော်ပြရင်း ၂၀၂၁၊ နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံတဝန်း အခြေအနေ များကို ဖတ်ရှုနိုင်ရန် ယခုစာတမ်းတွင် မှတ်တမ်းထားရှိပါသည်။

 

 

နိုဝင်ဘာ (၁) ရက်၊ ၂၀၂၁


§  “ထန်တလန်ကိုရှို့တဲ့မီးတပြည်လုံးရင်ကိုလောင်တယ်” ဟူသောကြွေးကြော်သံဖြင့် စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက သပိတ်စစ်ကြောင်းပြုလုပ်၍ ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြသည်။

§  ထားဝယ်ခရိုင်လူထုလှုပ်ရှားမှုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေယံစိုး၏ နေရပ်ရွာကို အကြမ်း ဖက်စစ်တပ်က ညပိုင်းတွင် ဝင်ရောက်ရှာဖွေခဲ့ပြီး နေအိမ်ကိုမီးရှို့ခဲ့ကြောင်း MPA သတင်းဌာနက ဖော်ပြသည်။

§  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်သည်ဆိုသည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေပြည်တော်အထူးတရားရုံးတွင်  သက်သေထွက်ဆိုခဲ့ကြောင်း မီဒီယာများကဖော်ပြသည်။ နေပြည်တော်သီးသန့်တရားရုံးတွင် တနင်္လာနေ့တိုင်း စစ်ဆေးနေသည့်  သမ္မတဦးဝင်းမြင့်၏ သဘာဝ ဘေးအမှုတမှုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၃ မှုတို့ကို ကြားနာစစ်ဆေးခဲ့ရတွင်  သဘာဝဘေး အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပထမဆုံးအကြိမ် သက်သေထွက်ဆိုခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက သတင်းမီဒီယာများကို သတင်းမပေးရန် တားမြစ်ခံထားရ သည့်အတွက် ထွက်ဆိုချက်ကို အသေးစိတ်မသိရကြောင်း မီဒီယာများက ဖော်ပြသည်။

§  ထန်ထလန်မြို့အား စစ်တပ်က ဖျက်ဆီးမှုအားရှုံ့ချကြောင်း ချင်းပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်း ကြေကွဲရကြောင်းမြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသော KIO AA၊ MNDAA နှင့် TNLA တို့က ထုတ်ပြန် ကြေညာသည်။

§  ချင်းပြည်နယ်အတွင်း ဖြစ်ခဲ့သည့်လူနေအိမ်တွေမီးလောင်ပျက်စီးမှုနှင့် မင်းတပ်မြို့အတွင်း စစ်ကောင် စီတပ်သားများ၏ ဖျက်ဆီးမှုများသည် ချင်းလူမျိုးများအပေါ် စစ်တပ်က လူမျိုးတုံးသတ်ဖြတ်သော စစ်ပွဲဆင်နွဲနေခြင်းဖြစ်ကြောင်း NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး၊ ချင်းလူမျိုးဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောကြားခဲ့သည်။ စစ်ကောင်စီကမူ  ထန်တလန်မြို့ရှိ နေအိမ်များ လောင်ကျွမ်းခြင်းသည် ဒေသခံ CDF များက စစ်ကောင်စီအားအပြစ်ဖို့ရန် ၎င်းတို့ကိုယ်တိုင် မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်အပေါ် အခြေအမြစ်မရှိသည့် စွပ်စွဲ ချက်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများ၏ တုံ့ပြန်မှုကို မီဒီယာများကဖော်ပြသည်။

§  စစ်ကောင်စီဖွဲ့စည်းထားသော ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ Kachin Peace-Talk Creation Group (PCG) နှင့် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ကိုယ်စားလှယ်များနေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း PCG ၏ ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်ကို ဘီဘီစီမီဒီယာက ဖော်ပြသည်။ အဆိုပါအဖွဲ့နှစ်ဖွဲ့သည် ကချင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော KIO နှင့် စစ်တပ်တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် ကြားခံဆောင်ရွက်ပေးလေ့ရှိသော အဖွဲ့များဖြစ်သည်။

§  မန္တလေးတိုင်းကျောက်ဆည်မြို့နယ်တွင် လျှပ်စစ်မီတာအခွန်ပေးသွင်းရန် ကြေညာနေသော စစ်တပ် ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးအား Dragon Kyaukse Defense Force (DKDF) အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

§  ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင်နှင့်အဖွဲ့အား အမည်မသိအဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မီဒီယာက ဖော်ပြထားသည်။

§  တနင်္သာရီတိုင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ နေအိမ်မီးရှို့ခံရပြီးနောက် ၎င်းအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း Khit Thit မီဒီယာက ဖော်ပြသည်။

§  အာဏာသိမ်းခေါင်းဆောင်သည် ရန်ကုန်မြို့တွင် အနုပညာအချို့နှင့် တွေ့ဆုံခဲ့ကာ ငွေကျပ်သိန်း ၄၀၀၀ နှင့်အတူ ရိက္ခာများပေးအပ်ခဲ့ကြောင်း DVB သတင်းဌာနက ဖော်ပြသည်။ စစ်တပ်သည် နာမည်ကျော်ကြား နေသူများအား ငွေကြေးပေး၍ စည်းရုံးနေခြင်းဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်သော အနုပညာရှင်များအား လူမှုကွန်ယက်အသုံးပြုသူများက ဝေဖန်သည်။

 

နိုဝင်ဘာ (၂) ရက်၊ ၂၀၂၁

 

§  ကယားပြည်နယ် (ကရင်နီပြည်) ဒီးမော့ဆိုမြို့က လူနေအိမ်တွေရှိရာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဒီးမော့ဆိုမြို့ ထူလွီးဘီလာရပ်ကွက်မှာ KA နဲ့ KNDF တပ်ရင်း ၁၉ ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF ပြန်ကြားရေး တာဝန်ခံတဦး၏ ပြောကြားချက်ကို VOA သတင်းဌာနကဖော်ပြသည်။

§  အမေရိကန်ပြည်ထောင်စု၏ ကုလသမဂ္ဂဆိုင်ရာသံတမန်ဟောင်း ဘေလ်ရစ်ချက်ဆန်သည် မြန်မာ နိုင်ငံသို့ ရောက်ရှိနေပြီး အာဏာသိမ်းခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းသည် မြန်မာ့အရေးစိတ်ဝင်စားသော အမေရိကန် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးများ လှူဒါန်းရန်နှင့် လူသား ချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးအစီအစဉ်များအတွက် စစ်ကောင်စီနှင့် လာရောက်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း စစ်တပ်၏ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို BBC သတင်းဌာနက ဖော်ပြသည်။

§  မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးခံထားရသော သတင်းသမားအားလုံးကို လွှတ်ပေးရန်နှင့် သတင်း သမားများသည် ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်ကြောက်လန့်မှုမရှိ‌ဘဲ လုပ်ဆောင်ခွင့်ပြုရန် ယူကေအစိုးရက တောင်းဆိုသည်။ ယနေ့ ကျရောက်သည့် သတင်းထောက်များ အပေါ် ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းမရှိစေရေးနိုင်ငံတကာနေ့ IDEI အထိမ်းအမှတ်အနေဖြင့် ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

§  ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မစျေးကြီး၊ ဟင်းသီးဟင်းရွက်စျေးတန်းရှေ့တွင် ရခိုင်လူငယ်တချို့ ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများကောက်ခံခဲ့ကြောင်း MPA သတင်းဌာနက ဖော်ပြသည်။

§  ကလေးမြို့ကနေထွက်လာသည့် စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးအဖွဲ့များက  မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေရှိကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

 

နိုဝင်ဘာ (၃) ရက်၊ ၂၀၂၁

 

§  အကြမ်းဖက်စစ်တပ်က စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုးကို စစ်ကိုင်းတိုင်းအတွင်းရှိ တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် တစ်လခွဲခန့် ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များ၏ ပြောကြားချက်ကို MPA သတင်း ဌာနက ဖော်ပြသည်။

§  ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်တွင် ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ် စိုင်းဘုန်းမင်းသန့်၏ရုပ်အလောင်းကို ကျဆုံးပြီးရက်ပေါင်း ၄၀ ကြာမှ ပြန်လည်ရှာဖွေတွေ့ရှိ ခဲ့ကြောင်း စိုင်းဘုန်းမင်းသန့်၏ မိခင်ဖြစ်သူက မီဒီယာများကိုထုတ်ဖော်ပြောကြားသည်။

§  ရခိုင်ပြည်နယ် သံတွဲမြို့တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့များက ဆယ်တန်းကျောင်း သူတစ်ဦး အပါအဝင်အမျိုးသမီးသုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သည်ဟု စွတ်စွဲကာ ဖမ်းဆီးသည်။ သံတွဲမြို့ ၊ အမှတ် (၇) ရက်ကွက်မှ အသက် ၁၇ နှစ်သာရှိသေးသည့် ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်းသံတွဲမြို့ အမှတ် (၁) ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် မခင်စန္ဒာဝင်း၊ ငပလီမြို့၊ ဇီးဖြူကုန်း ရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် မငြိမ်းအေးဖြိုးကျော်တို့ကို နိုဝင်ဘာ ၃ ရက်နေ့ညပိုင်းက ၎င်းတို့နေအိမ်တွင် ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။

§  ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ဝှဲကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း ဖယ်ခုံ PDF ၏ ပြောကြားချက်ကို မီဒီယာ များက ဖော်ပြသည်။ လက်နက်ကြီးများ ရွာထဲကျရောက်၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း လည်း ဒေသခံများ၏ ပြောစကားများကို ကိုးကား၍ရေးသားသည်။

§  အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ၏ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်သစ်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမည့် ကမ္ဘောဒီးယားနိုင်ငံက ဒီဇင်ဘာလကုန်တွင် ခန့်ထားမည်ဖြစ် ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်ကို VOA သတင်း ဌာနက ဖော်ပြသည်။

§  ပြည်ပသို့ကုန်တင်ပို့ပြီး ရလာသည့် နိုင်ငံခြားငွေပမာဏကို သက်ဆိုင်ရာဘဏ်များတွင် စာရင်းမရှင်းဘဲ ဆက်၍ကိုင်ဆောင်ထားသည့် ပြည်တွင်းကုမ္ပဏီပေါင်း ၆၀၀ ကျော်၏စာရင်းကို ဗဟိုဘဏ်က ထုတ် ပြန်လိုက်သည်။ နောက်ထပ် ရက်ပေါင်း ၃၀ အတွင်း စာရင်းရှင်းလင်းမှု မရှိဘူးဆိုပါက ပို့ကုန်/သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအတိုင်း ဆက်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်ကသတိပေးသည်။

§  Meta လို့ နာမည်ပြောင်းလဲခဲ့တဲ့ Facebook ကုမ္ပဏီက သူတို့ကုမ္ပဏီနှင့်ပတ်သက်၍ ပေါက်ကြား ခဲ့သည့် မူဝါဒပိုင်းဆိုင်ရာအားနည်းချက်များရှိနေသည်ဆိုသည့် အစွပ်စွဲခံရသည့်ကိစ္စများကို ပြန်လည် ပြင်ဆင်ပြီးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ သင်ခန်းစာယူခဲ့ကြောင်း ပြန်လည်ရှင်းလင်း သည်။ 

§  လက်နက်ကိုင်တင်းမာမှုများပေါ်ပေါက်နေသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အောက်တို ဘာလ ၂၉ ရက်နေ့က မီးလောင်မှုကြောင့် နေအိမ်အဆောက်အဦး ၁၆၀ ကျော်နဲ့ ခရစ်ယာန်ဘုရား ကျောင်း ၂ ခု မီးလောင်ပျက်စီးခဲ့သည့်သတင်းများရရှိခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာရုံး (UNOCHA) က သတင်းထုတ်ပြန်သည်။

§  စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံ PDF တို့ ၂ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၀ ဦးခန့် သေဆုံးခဲ့ကြောင်း Kachin News က ဖော်ပြထားသည်။

§  နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံထားရသော ကျောင်းသားတပ်မတော် ABSDF ၏ အဖွဲ့ဝင်လေးဦး အား စစ်ကောင်စီကပြန်လွှတ်ပေးလိုက်ကြောင်း Salween News ကဖော်ပြထားသည်။ အာဏာရှင် အား တော်လှန်မည်ဖြစ်ကြောင်း ABSDF ကနိုဝင်ဘာလ ၁ ရက်နေ့တွင် ကြေညာပြီးနောက် မြဝတီမြို့ ရှိရုံးတွင် ၎င်းတို့လေးဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။

§  ကလေးမြို့တောင်ပိုင်းနှင့် ဂန့်ဂေါမြို့အထွက်ကြားက စည်သာ၊ နတ်ချောင်း ၊ နတ်မြောင်း၊ ချောင်းခွ စသည့် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနှင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံများသေဆုံး၊ ဒဏ်ရာရခြင်း များရှိခဲ့ကြောင်း ဒေသခံတဦး၏ ပြောကြားချက်ကို VOA သတင်းဌာနက ဖော်ပြသည်။

 

နိုဝင်ဘာ (၄) ရက်၊ ၂၀၂၁

 

§  ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်သူ ကိုစည်သူအောင်တင်ကို မြောက်ဥက္ကလာပစစ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ကိုစည်သူအောင်တင်ကို လိုက်ပါဆောင်ရွက်ပေးသည့်ရှေ့နေပင် သိခွင့်မရဘဲ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-(က) နှင့် ပုဒ်မ ၅၀၅(က) တို့ဖြင့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းနှင့်နီးစပ်သူများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

§  မြန်မာနိုင်ငံတွင်ဒေဝါလီနေ့ (Diwali) ဟု လူသိများပြီး အချို့နိုင်ငံများတွင် ဒီပါဝလီ (Deepavali) ဟု ခေါ်ကြသည့် နိုဝင်ဘာလ ၄ ရက်၊ ယနေ့ကျရောက်သောဟိန္ဒူဘာသာဝင်တို့၏ မီးထွန်းပွဲတော်ကို ရခိုင် မှာ တိုးတိုးတိတ်တိတ်သာပြုလုပ်ကြသည်။ အဆိုပါ ဒီပါဝလီပွဲတော်မှာ ဟိန္ဒူဘာသာဝင်တို့၏ ပွဲတော် များထဲမှ အကျော်ကြားဆုံးတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဆောင်းဦးအချိန်တွင် ကျင်းပပြုလုပ်ကြ သည်။ ယခုနှစ်ကျရောက်သော ပွဲတော်နေ့ကိုမြန်မာပြည်တွင် စစ်အာဏာရှင်သိမ်းမှုကြောင့် ပွဲတော်ကို မကျင်းပဖို့ ဟိန္ဒူဘာသာရေးအဖွဲ့ကြီးက သဘောထားထုတ်ပြန်ထားသည်။

§  စစ်တပ်ပိုင် Mytel ကုမ္ပဏီအကြီးအကဲ Chief Financial Officer ဗိုလ်မှူးဟောင်း သိန်းအောင်နှင့် ဇနီး ဒေါက်တာသိမ့်အောင်သူတို့သည် ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်အနီးတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သိန်းအောင်သည် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Mytel ကုမ္ပဏီ၏ CDM ဝန်ထမ်းများက Myanmar Now ကို ပြောဆိုသည်။ ၎င်းအား PDF များက လုပ်ကြံခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော် လည်းဘဲ ၎င်းသည်စစ်တပ်၏ အရေးကြီးသောသူဖြစ်သောကြောင့် စစ်တပ်ခေါင်းဆောင်များအချင်း ချင်း လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

§  မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာ ဒေသများတွင် ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေ ပိုများလာကြောင်းနှင့် မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာအထူးစိုးရိမ်ရသည့် နိုင်ငံစာရင်းထဲတွင် ဆက်လက်ထားရှိရန် အမေရိကန်အစိုးရကို တိုက်တွန်းသည့်အစီရင်ခံစာကို နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) က ထုတ်ပြန်ပါတယ်။

§  IMF ၏ ပြောရေးဆိုခွင့်ရှိသူ Gerry Rice က ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် အာဏာသိမ်း မှုမတိုင်ခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့လိုက်သော အမေရိကန်ဒေါ်လာ ၃၇၂ သန်း သည် လက်ရှိစစ်ကောင်စီလက်ထဲတွင် ပျောက်ဆုံးနေသည်ဟု နိုဝင်ဘာ ၃ ရက်က ပြောဆိုခဲ့ကြောင်း The Diplomat က ဖော်ပြထားသည်။

§  ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုတွင် နိုဝင်ဘာ ၂ ရက်နေ့ကနေ ဒီနေ့ ၄ ရက်နေ့အထိ စစ်ကောင်စီ တပ်နှင့် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေကြောင်း မီဒီယာများက ဖော်ပြသည်။

 

 နိုဝင်ဘာ (၅) ရက်၊ ၂၀၂၁

 

§  Federal Liberation Army ရန်ကုန်အခြေစိုက်တပ်ခွဲ (၁) အား လှိုင်သာယာမြို့နယ်တွင် စတင် ဖွဲ့စည်းပြီးကြောင်းနှင့် လှိုင်သာယာမြို့နယ် စကစလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်း များ အားလုံး မိမိတို့တပ်ခွဲ (၁) အခြေစိုက်စစ်‌ဆင်ရေးနယ်မြေများမှ အမြန်ဆုံးထွက်ခွာသွားကြရန်နှင့် ပြည်သူ့ထောက်ခံမှူမရှိသော မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံပြန်သွားမည်ဟု ထုတ်ပြန်ထား ကြောင်း MPA သတင်းဌာနက ဖော်ပြသည်။

§  မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ပိုးစစ်ဆေးမှု ၂၂,၇၁၅ ခု လုပ်ခဲ့ရာတွင် ပိုးတွေ့သူ ၁,၀၅၇ ယောက်ရှိပြီး သေဆုံးသူ ၁၇ ဦးရှိသည်။ ပိုးတွေ့ရာခိုင်နှုန်းမှာ ၄.၆၅% ဖြစ်ပြီး သေဆုံးနှုန်းက ၃.၇၂% ဖြစ်သည်။ စစ်ကောင်စီကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလဆန်းပိုင်းလောက် ကစ၍ ပိုးတွေ့သူ ၁,၀၀၀ ဝန်းကျင်ထိ နေ့စဉ်လိုပြန်တက်လာနေကြောင်း VOA သတင်းဌာနက ဖော်ပြသည်။

§  အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အသစ်ဖွဲ့ထားသည့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများအချိုးကျကိုယ်စားပြုမှု (PR) စနစ်နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြသည်။ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း မီဒီယာများက ဖော်ပြသည်။

§  မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းများနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် အာဆီယံအထူးကိုယ်စား လှယ်များဆက်ဆံလုပ်ကိုင်ပြီး ထိထိရောက်ရောက် နည်းလမ်းရှာကိုင်တွယ်ဖြေရှင်းရန် မြန်မာ အာဏာပိုင်များကို Bill Richardson က တိုက်တွန်းခဲ့သည့်အကြာင်း ခရီးစဉ်အပြီး ထုတ်ပြန်သည့် ကြေညာချက်ကို အေပီသတင်းမှာ ကိုးကားဖော်ပြထားသည်။

§  အာဏာသိမ်းစစ်ကောင်စီအပေါ် လက်နက်ကိုင်ခုခံတော်လှန်မှုတွေ အများအပြားရှိနေသည့် ချင်းပြည် နယ်တွင်းနှင့် နယ်စပ်ဒေသတွင် အကြမ်းဖက်မှုများတိုးလာနေသည်ကို ရပ်တန့်အောင် ကူညီဆောင် ရွက်ပေးရန် လူ့အခွင့်အရေးအဖွဲ့ ၅၀၀ ကျော်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းတောင်း ဆိုလိုက်သည်။

 

နိုဝင်ဘာ (၆) ရက်၊ ၂၀၂၁

 

§  အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြာင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ဂျေရောဘလို ရပ်ကွက်ရှိ ကတ်သလစ်သီလရှင်ကျောင်းကို ထိမှန်ပြီး ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့ကြောင်း ဒေသခံများ ၏ ပြောကြားချက်ကိုမီဒီယာများက ဖော်ပြသည်။ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် တပ်ရင်း ၄၂၂ မှ နိုဝင်ဘာ ၆ ရက်နေ့လယ်ပိုင်းက ဖယ်ခုံမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် လူနေအိမ် အချို့နှင့် သီလရှင်ကျောင်း၏ မီးဖိုဆောင်အတွင်း ကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ပြောကြားချက်ကို ဖော်ပြသည်။

§  နိုဝင်ဘာလ ၅ ရက်‌နှင့် ၆ ရက်နေ့က ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့နှင့် ဟားခါးမြို့တို့တွင် လည်း စစ်ကောင်စီတပ်စခန်းများအား ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် Chin National Army တို့က တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီ ၂၀ ဦးခန့်သေဆုံးခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက် သတင်းမီဒီယာ များက ဖော်ပြထားသည်။

§  “စစ်ကောင်စီကိုပြည်သူ့တရားခွင်မှာစီရင်ဖို့သာငါတို့အလိုရှိသည်” သပိတ်ကို စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ရန်ကုန်မြို့တစ်နေရာတွင် ပြုလုပ်ခဲ့သည်။

§  မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများသည် လူသားထုအပေါ်ကျုးလွန်သည့် ရာဇဝတ်မှုမြောက်နိုင်ခြင်းကြောင့် ဆန်းစစ်လေ့လာနေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တယား (IIMM) အကြီးအကဲက ပြောသည်။ ကနဦးစုဆောင်းရရှိသည့် အချက်အလက်တွေအရ အာဏာသိမ်းမှုဆန့်ကျင်သူတွေကို စနစ်တကျ၊ ပစ်မှတ်ထားဖိနှိပ်သည့် အထောက်အထားများတွေ့ရကြောင်းလည်း (IIMM) အကြီးအကဲ Nicholas Koumjian ၏ ပြောကြားချက်ကို မီဒီယာများကဖော်ပြသည်။

§  ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်မြန်မာနိုင်ငံသားတွေ နေ့စဉ် ရာနဲ့ချီ အစုလိုက်အပြုံလိုက်ဝင်လာ သည်ကို ဖမ်းဆီးခဲ့ရာတွင် စက်တင်ဘာလထက် အောက်တိုဘာလတွင် တရားမဝင်ခိုးဝင်မှုအရေ အတွက်က ၂ ဆ မြင့်တက်ခဲ့ကြောင်း ထိုင်းဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီးဒမ်ရွန်စတ်ကစ်တီပရဖာ့က၏ ပြောကြားချက်ကို ထိုင်းမီဒီယာများကဖော်ပြသည်။

§  ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်တွင် ကင်းလှည့်နေသော စစ်ကားတစီးတိုက်ခိုက်ခံရသဖြင့် ၇ ဦး သေးဆုံးပြီး ၁၃ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်သည်။


နိုဝင်ဘာ (၇) ရက်၊ ၂၀၂၁

 

§  နိုင်ငံတော်အာဏာကို အကြမ်းဖက်အာဏာသိမ်းထားသည့် စစ်ကောင်စီက ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီကို အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်နေကြောင်း နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းက အကြမ်းဖက်စစ်တပ်ပိုင်ဝါဒဖြန့် မီဒီယာမှတဆင့် ထုတ်ပြန်ခဲ့သည်။ ကိုဂျင်မီကို ရန်ကုန်မြို့ရှိ ၎င်းတိမ်းရှောင်ရာ နေအိမ်တစ်ခုတွင် အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးခဲ့ကာ ဖမ်းဆီးခံရပြီး ၁၇ ရက်ကြာမှ ယခုကဲ့သို့ သတင်း ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

§  “စစ်တပ်အသိုင်းအဝိုင်းနှင့် တရုတ်ထုတ်ကုန်များကို "Boycott" လုပ်ခြင်းဖြင့် ပြည်သူအားလုံး တော်လှန်စို့” သပိတ်စစ်ကြောင်းကို စစ်အာဏာရှင်းကိုတော်လှန်နေသည့် လူငယ်များက နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့တစ်နေရာတွင် ပြုလုပ်ခဲ့သည်။

§  အာဇာနည်သူရဲကောင်းများအတွက် အောက်မေ့သတိရခြင်းဆုတောင်းပွဲကို နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ကယန်းအမျိုးသားအာဇာနည်ဗိမာန်တွင် ပြုလုပ်ခဲ့သည်။

§  ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၂၀ ဈေးအနောက်ဘက်တွင် အကြမ်းဖက်စစ်တပ်၏ သတင်းပေး ဒလန်တစ်ဦးဖြစ်သူ လူမိုက်နဂါးလေး (ခ) အောင်မြင့်နိုင်ကို ယနေ့မွန်းလွဲပိုင်းက သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နဂါးလေးသည် မူးယစ်‌ဆေးဝါးမှု၊ လုယက်မှုတို့ ကျူးလွန်ထားသဖြင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းတွင်းက ဖမ်းဆီးထောင်ချခံခဲ့ရသော်လည်း အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

§  မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းအတွင်း အနည်းဆုံး ၃ နေရာခန့်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အသက်ဆုံးရှုံးမှုများလည်းရှိသည်ဟု သတင်းများလည်း ထွက်ပေါ်သည်။

§  စစ်ကိုင်းတိုင်းကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသခံ PDF အဖွဲ့များအကြား တိုက်ပွဲများ ရက်အတန်ကြာဖြစ်ပွားနေတဲ့ဒေသများတွင် စစ်ကောင်စီတပ်များက လေကြောင်းက တဆင့် တိုက်ခိုက်မှုများ ပြုလုပ်နေသည့်မှတ်တမ်းဗွီဒီယိုများလည်း လူမှုကွန်ယက်တွင် ပြန့်နှံ့လာ သည်။

§  မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့နှစ်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်ကိုလေးစားရန် အမေရိကန်နှင့် ကနေဒါရောက်မြန်မာများက တောင်းဆိုသည်။ ဝါရှင်တန်ဒီစီ စစ်သံရုံးရှေ့နဲ့ သံအမတ်ကြီး နေအိမ်ရှေ့ တွင်စုဝေး၍ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြသလို ကနေဒါနိုင်ငံ Vancouver မြို့တွင်လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားရန် ဆန္ဒပြတောင်းဆိုကြသည်။

§  ကချင်ပြည်နယ် ဟိုပင်မြို့ ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိသည့် ထူးထိုက်စံ လက်ဖက်ရည်ဆိုင်တွင် မနက် ၈ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားသည်။ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် သံဃာတော်တပါးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးသည်။

§  မြန်မာစစ်ကောင်စီအကြီးအကဲနှင့် သွားရောက်တွေ့ဆုံခဲ့သည့်ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson ၏ မြန်မာပြည်ခရီးစဉ်တွင် စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုသည့် သဘောဆောင်ရာ ရောက်သည်ဆိုကာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ကြသည့်အကြောင်း New York Times သတင်းစာက ရေးသားဖော်ပြသည်။

§  မကွေးတိုင်းရှိ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်၏ သတိပေးစာထုတ်ပြန်ပြီးနောက် နိုဝင်ဘာလ ၄ ရက်မှ ၇ ရက်အတွင်း ဌာနဆိုင်ရာဝန်ထမ်း ၃၀၀ ကျော် နှုတ်ထွက်စာတင်ခဲ့ကြောင်း ၎င်းတို့၏ လှုမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

§  ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် စစ်အုပ်စုတပ်သားတစ်ဦးက အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက Mizzima ကို ပြောဆိုခဲ့သည်။ အဆိုပါတပ်သားအား ၎င်း၏တပ်ရင်းက အရေးယူမှုမပြုသေးကြောင်းလည်း ဖော်ပြသည်။

 

နိုဝင်ဘာ (၈) ရက်၊ ၂၀၂၁

 

§  ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) ပါတီက ကြေညာချက်ထုတ်ပြန်ရာတွင် မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်း ကျော်ကို NLD ပါတီက အနိုင်ရအောင်မဲပေးခဲ့သည့် ပြည်သူများကို ကျေးဇူးတင်ကြောင်းဖော်ပြသည်။ မဲစာရင်းမှားသည်ဟုအကြောင်းပြ၍  စစ်ခေါင်းဆောင်တချို့က လက်နက်အားကိုးဖြင့် နိုင်ငံတော် အာဏာကို ဥပဒေမဲ့လုယူခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားသည်။ လက်ရှိတွင် အခက် အခဲ၊ အတားအဆီးများရှိနေသော်လည်း စစ်အာဏာရှင်စနစ်အောက်က အပြီးတိုင် လွတ်မြောက်ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရန် တိုင်းရင်းသားများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်သည်။

§  မြန်မာပြည်သူ ၃ သန်းခန့်သည် အရေးပေါ်လူသားချင်းစာနာမှုအကူအညီလိုအပ်နေကြောင်း ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ Martin Graffiths က သတိပေးပြောဆိုခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြထားသည်။ အာဏာသိမ်းပြီး တိုက်ပွဲများကြောင့် ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကယားပြည်တို့တွင် စစ်ဘေးရှောင် သိန်းချီတိုးပွားလာခဲ့သည်။

§  “စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီ” လမ်းကြောင်းပေါ်ကိုပြန်သွားရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သောင်ပြိုကမ်းပြို ရွေးကောက်ပွဲနိုင် နှစ်ပတ်လည်နေ့တွင် အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုသည်။ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၉၈ နေရာအနက် ၃၉၆ နေရာကို အနိုင်ရရှိခဲ့ သည်။

§  မတရားအာဏာသိမ်းထားသော အကြမ်းဖက်စစ်တပ်၏ မြောက်ဥက္ကလာစစ်တရားရုံးက အစိုးရကို မေတ္တာပျက်အောင် လှုံ့ဆော်မှုဥပဒေကိုအသုံးပြုကာ တတိယနှစ်ကျောင်းသူတစ်ဦးဖြစ်သည့် မသဥ္ဇာဇော်ကို ထောင်ဒဏ် ၁၀ နှစ်ချခဲ့ကြောင်း သိရသည်။ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မသဥ္ဇာဇော်ကို မြောက်ဥက္ကလာပမြို့နယ် အကြမ်းဖက်စစ်တပ်တရားရုံးက နိုဝင်ဘာလ ၈ ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-ခ(က) ဖြင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ ခြင်းဖြစ်ကြောင်း မီဒီယာများကဖော်ပြသည်။

§  နယ်စည်းမခြားသတင်းထောက်များအဖွဲ့၊ အင်္ဂလိပ်လိုအတိုအားဖြင့် RSF အဖွဲ့က Myanmar Now သတင်းထောက် မကေဇင်နွေးကို သတင်းလွတ်လပ်ခွင့်ဆုအတွက် အဆိုပြုသည်။

 

နိုဝင်ဘာ (၉) ရက်၊ ၂၀၂၁

 

§  မြန်မာနိုင်ငံအနောက်ဖက်အစွန်ဆုံး မောင်တောမြို့နယ်သို့ အကြမ်းဖက်စစ်ကောင်စီမှ စစ်အင်အား အများအပြားတိုးချလာပြီးနောက် ယနေ့နံနက်ကစတင်ကာလက် နက်ကြီးပစ်သံများကြားရကြောင့် ဒေသခံများက ပြောသည်။

§  ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတဦးဖြစ်သူ ဦးစည်သူအောင်မြင့်ကို နိုင်ငံတော်အကြည် ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) နဲ့ ထပ်မံ တရားစွဲဆိုလိုက်ကြောင်းနှင့် ဗဟန်းမှာစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (က) အမှုအတွက် ဒီကနေ့မှာ တရားလိုကို စပြီးစစ်ဆေးနေကြောင်း ၎င်း၏ရှေ့နေက ပြောသည်။

§  NLD အစိုးရလက်ထက်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှုများ ဖြင့် ထောင်ဒဏ် ၇၅ နှစ် ချလိုက်သည်။ ဘားအံအကျဉ်းထောင်တွင်း တရားလွှတ်တော်ကနေ အဂတိ လိုက်စားမှု ၅ မှုအတွက် တမှုကို ထောင်ဒဏ် ၁၅ နှစ်စီနဲ့ စုစုပေါင်း ၇၅ နှစ်ချလိုက်ခြင်းဖြစ်သည်။ ပုဒ်မ ၅၅၊ အဂတိလိုက်စားမှုနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်အပေါ် တဦးတည်းအတွက် စွဲထားသည်က ၁ မှု၊ ကရင်ပြည်နယ် ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် ပေါင်းစွဲဆိုထားသည့် ၄ မှုအတွက် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်းမီ ဒီယာများကဖော်ပြသည်။ အလားတူ ကရင်ပြည် နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကိုလည်း တဦးတည်းအဂတိလိုက် စားမှု ၂ မှု၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့အတူ အမှုတွဲစွဲဆိုထားတဲ့ ၄ မှုတို့အတွက် ထောင်ဒဏ် အနှစ် ၉၀ ချမှတ်လိုက်သည်။

§  အာဏာသိမ်းထားသည့် မြန်မာစစ်တပ်အနေဖြင့် ပြည်သူများအပေါ် အကြမ်းဖက်နေခြင်းများ ရပ်တန့် ပြီး သြစတြေးလျပါမောက္ခ Sean Turnell အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး ပြန်လွှတ်ပေး ရန် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က တောင်းဆိုသည်။

§  ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပနေသည့် အာဆီယံ-သြစတြေးလျ ဆွေးနွေးပွဲတွင်ဝန်ကြီး Payne က မြန်မာ့အရေးကို ဒီကနေ့ ထည့်သွင်းပြောကြားသည်။

§  ဇွန်လကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲများ စတင်ဖြစ်နေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ တယ်ပင်ကန်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် စုပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်း ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦး၏ ပြောကြားချက်ကို မီဒီယာများ က ဖော်ပြသည်။

§  နိုဝင်ဘာလ ၇ ရက်နေ့တစ်ရက်တည်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း စစ်သား ၁၂၂ ဦးသေဆုံးခဲ့ကြောင်း Khit Thit မီဒီယာက ဖော်ပြထားသည်။

§  နိုဝင်ဘာလ ၉ ရက်နေ့က ကသာမြို့နယ်တွင် KIA နှင့် KPDF တို့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဗိုလ်မှူး အဆင့်အပါအဝင် စစ်သား ၄၀ မိုင်းထိသေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

§  နိုဝင်ဘာ ၉ ရက်နေ့ နေ့လည်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)၏ နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်များဝင်ရောက်လာသဖြင့် တစ်နှစ်နီးပါး ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ပြောခွင့်ရသူ ခိုင်သုခက Narinjara ကို အတည်ပြုပြောဆိုသည်။ တိုက်ပွဲအတွင်း လက်နက်ကြီးအသုံးပြုမှုများရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူများရှိကြောင်းလည်း သိရသည်။ စစ်အုပ်စု၏ ပြောရေးဆိုခွင့် ရှိသူကမူ ARSA အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RFA ကို ပြောဆိုခဲ့သည်။

§  နိုဝင်ဘာ ၉ ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ်အနီး ထိုင်းနယ်နိမိတ်အတွင်း အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၁၈ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးရမိကြောင်း Than Lwin Times ကဖော်ပြထားသည်။ ၎င်းတို့သည် ပွဲစားများအား ခရီးစရိတ် အဖြစ် တစ်ဦးလျင် ဘတ် ၂၅၀၀၀ မှ ဘတ် ၂၆၀၀၀ အထိ ပေးခဲ့ရကြောင်းလည်း သိရသည်။


နိုဝင်ဘာ (၁၀) ရက်၊ ၂၀၂၁

 

§  "သွေးစွန်းပညာရေးအားမပေးအဆုံးထိတော်လှန်ပေး" သပိတ်ကို LGBT သပိတ်စစ်ကြောင်း၊ ကြည့်မြင်တိုင်သပိတ်စစ်ကြာင်း၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ၊ အလုပ်သမားအဖွဲ့အစည်းတို့မှ ဦးဆောင်ကာ ရန်ကုန်မြို့တစ်နေရာတွင် ပြုလုပ်ခဲ့သည်။

§  မြန်မာကုမ္ပဏီတခုက အနည်းဆုံးတပိုင်းတော့ပိုင်ဆိုင်မှုပါရှိရမည်ဟု စစ်ကောင်စီကတောင်းဆိုသည့် အတွက် တယ်လီနော၏ကုမ္ပဏီရောင်းချရေးအစီအစဉ်က ရှေ့ဆက်မရ ဖြစ်နေကြောင်း မီဒီယာများက ဖော်ပြသည်။ လက်ဘနွန် စီးပွားရေးအုပ်စု M1 ကို ဒေါ်လာ ၁၀၅ သန်းနဲ့ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းကို ရောင်းချမည်ဟု တယ်လီနောက ဇူလိုင်လတွင် ကြေညာထားသည်။

§  ASEAN စာရင်းကိုင်များအဖွဲ့ချုပ် (AFA) နှစ်ပတ်လည်ညီလာခံတွင် မြန်မာစစ်ကောင်စီ ပြည်ထောင်စု စာရင်းစစ်ချုပ်ဒေါက်တာကံဇော်ပါဝင်တက်ရောက်မည်ဖြစ်သည့်အတွက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် စာရင်းကိုင်များစီမံခန့်ခွဲမှုနဲ့ ငွေကြေးဆိုင်ရာပညာရှင်များအသင်းကြီး (IMA) က ညီလာခံကနေ နုတ်ထွက်လိုက်သည်။ AFA နှစ်ပတ်လည်ညီလာခံကို AFA နဲ့ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း (MICPA) တို့က ပူးတွဲကမကထပြုပြီး နိုဝင်ဘာလ ၂၅ ရက် နေ့တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

§  မြန်မာနိုင်ငံတလွှား အကြမ်းဖက်မှုတွေ ကြီးထွားလာနေတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနှင့် ပြဿနာကို ဆွေးနွေးညှိနှိုင်းဖြေရှင်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းသည်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် လုံခြုံရေးကောင်စီ၏ကြေညာချက်တွင် တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ရန်နှင့် စစ်တပ်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

 

 နိုဝင်ဘာ (၁၁) ရက်၊ ၂၀၂၁

 

§  မန္တလေး လူထုသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုတေဇာဆန်း၏ ဇာတိကျေးရွာကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရဟတ်ယာဉ် ၂ စီးပါ အသုံးပြုပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ကိုတေဇာဆန်း၏ ဇာတိဖြစ်သည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွှေအိုးရကျေးရွာကို အကြမ်းဖက်စစ်တပ်မှ အရပ်ဘက်သုံး မော်တော်ယာဉ် ၄ စီး၊ ရဟတ်ယာဉ် ၂ စီးဖြင့် ဝင်ရောက်စီးနင်းရှာဖွေကာ ဒေသခံများ၏ နေအိမ်များ၊ အမျိုးသမီးအသုံးပစ္စည်းများမှအစ ဖျက်ဆီး ပစ်ခဲ့ကြောင်း MPA သတင်းဌာနက ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြသည်။

§  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖွဲ့ခေါင်းဆောင် ရဲအုပ် ပြည့်ဖြိုးနိုင်သည် ဖမ်းဆီးထိန်းသိမ်းခံရပြီး လက်ရှိအချိန်တွင် မိသားစု၊မိတ်ဆွေအပေါင်းအသင်းများ နှင့်ပါ အဆက်အသွယ်မရရှိဖြစ်နေကြောင်းကို ၄င်း၏ မိသားစုဝင်များထံမှ သိရကြောင်း မီဒီယာများ ကဖော်ပြသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်တပ်က အာဏာသိမ်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကဖမ်းဆီးခဲ့သော်လည်း သက်တော်စောင့်များကိုတော့ နေပြည်တော်ရှိ ဝန်ထမ်းလိုင်းခန်းများတွင် စောင့်ကြည့်ကာ စက်တင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း MPA သတင်းဌာနက ဖော်ပြသည်။

§  မီတာခများပေးဆောင်ကြရန် တိုက်တွန်းနေသည့် စစ်ကောင်စီက ရန်ကုန်တိုင်းရှိ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ် စသည့် မြို့နယ်များ အပါအဝင် နေရာအတော်များများတွင် လျှပ်စစ်မီတာများ ဆောင်ကြရန် အော်လံများဖြင့် ဆော်သြသည်။ လျှပ်စစ်မီတာခ ဆောင်မထားသည့် အိမ်များမှ မီးကြိုးများဖြတ်ခြင်း၊ ဖြူးတွေဖြုတ်သိမ်းသွားခြင်းများပြုလုပ်ကာ မီတာခကို အတင်း အကြပ်ပေးဆောင်ခိုင်းခြင်းမျိုး လုပ်ဆောင်ကြောင်း လူထု၏ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

 

 နိုဝင်ဘာ (၁၂) ရက်၊ ၂၀၂၁

 

§  တနင်္သာရီတိုင်း၊ ထားဝယ်တက္ကသိုလ်မှ ပထမနှစ်ကျောင်းသူ မဆုမြတ်မွန်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့သဖြင့် အဒေါ်ဖြစ်သူပါ လိုက်ပါဖမ်းဆီးခံခဲ့ကြောင်း ဒေသခံများနှင့်ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ပြောကြားချက်ကိုမီဒီယာများက ဖော်ပြသည်။ ဆန္ဒပြပွဲများတွင် ပါဝင်သည်ဟု ဆိုကာ မဆုမြတ်မွန်ကို ထားဝယ်ရှိနေအိမ်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးခဲ့သဖြင့် အဒေါ်ဖြစ်သူ မအိလှိုင်ကပါ လိုက်ပါဖမ်းဆီးဖမ်းခဲ့ခြင်း ဖြစ်သည်။

§  ဖရွန်းတီးယားမြန်မာသတင်းဌာန သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖန်စတာကို အင်းစိန်ထောင် တွင်းတရားရုံးက ထောင် ၁၁ နှစ် ချမှတ်ခံလိုက်ရကြောင်းကို ဖရွန်းတီးယားမြန်မာသတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင် အတွင်းတွင်ပြုလုပ်ခဲ့သည့် အထူးတရားရုံးကစွဲဆိုထားသည့်အမှု စုစုပေါင်း ၅ မှုတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က၊ မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၇ (၁) နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃(၁) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

§  ချင်းပြည်နယ်ထဲမှာ လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ဘာသာရေးအဆောက်အဦး ၂၂ ခုထက် မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့များက ထုတ်ဖော်ပြောကြားသည်။

§  ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်း၊ မွန်ပြည်နယ်အတွင်းက မြို့နယ် ၁၇ ခုတွင် Stay at Home အစီအစဉ်ပယ်ဖျက်ကြောင်း စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန်သည်။ Stay at Home အစီအစဉ်ပယ်ဖျက်လိုက်သည့်အထဲတွင် ပဲခူးတိုင်းအတွင်းမှ အုတ်တွင်း၊ ကဝ၊ ဒိုက်ဦး၊ ပြည်နဲ့ နတ်တလင်းစသည့် မြို့နယ်များလည်း ပါဝင်သည်။ ကိုဗစ်စည်းမျဉ်းတွေကို ဖြေလျှော့ပေး လိုက်သော်လည်း မြေပြင်အနေအထားအရမူ ကိုဗစ်ဖြစ်ပွားမှုမှာ စိတ်ချရသည့်အနေအထား မရောက် သေးကြောင်း ဝေဖန်မှုများရှိသည်။

§  ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏တောင်းဆိုမှုအရ ဒေါ်အောင်ဆန်းစုကြည်ကိုပေးရန် ရွှေချောင်းနှင့်ဒေါ်လာများ စီစဉ်ပေးခဲ့ရကြောင်း ဇနီးဖြစ်သူဒေါ်ခင်မိမိကြွယ်က ဒေါ်အောင်ဆန်းစု ကြည်အပေါ် တရားစွဲထားသည့် အဂတိလိုက်စားမှုအတွက် ကြားနာပွဲတွင် ထွက်ဆိုသည်။

§  မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် Yohei Sasakawa နှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံကြောင်း စစ်ကောင်စီသတင်းဌာနက ထုတ်ပြန်သည်။ မစ္စတာ Sasakawa သည် ယနေ့မြန်မာနိုင်ငံကို ရောက်လာခြင်းဖြစ်ပြီး တွေ့ဆုံချိန်အတွင်း မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်း လဲမှုအခြေအနေများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စနှင့် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

§  မြန်မာနိုင်ငံတွင် ကလေးငယ်ပေါင်း ၁၂ သန်းကျော်သည် ကျောင်းမတက်နိုင်သည်မှာ ၁၈ လကျော်သွား ပြီဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ထုတ်ဖော် ပြောကြားသည်။

 

နိုဝင်ဘာ (၁၃) ရက်၊ ၂၀၂၁

 

§  ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဗုံးပေါက်ကွဲမှုများ နေရာတိုင်းလိုလိုဖြစ်ပွားလျှက်ရှိရာ ဒေသခံ ကာကွယ်ရေးတပ်များသည် အစိုးရရုံးနှင့် အကြမ်းဖက်စစ်ကောင်စီ၏အနီးအနားများတွင် သွားလာနေ ထိုင်ခြင်းမပြုလုပ်ကြရန် ပြည်သူများကို အသိပေးထုတ်ပြန်ချက်များ မကြာခဏထုတ်ပြန်ထားသည်။

§  Frontier Myanmar သတင်းဌာနရဲ့ အမှုဆောင်အယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ကို အင်းစိန်အထူးတရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ခြင်းအတွက် အမေရိကန်အစိုးရ က ရှုတ်ချလိုက်သလို ၎င်းကိုအမြန်ပြန်လွှတ်ပေးရန် ကုလသမဂ္ဂနှင့် နယ်စည်းမခြားသတင်းသမား များအဖွဲ့ RSF အဖွဲ့က တောင်းဆိုသည်။

§  စစ်အုပ်စုလက်အောက်ရှိ သမ္မတရုံးတွင်တာဝန်ထမ်းဆောင်နေခဲ့သော ဒုညွှန်မှူးအဆင့်ရှိသူ အရာရှိ တစ်ဦးကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ဦးကျော်မင်းယုနှင့် ဆက်သွယ် ခဲ့သည်ဆိုသောစွပ်စွဲချက်ဖြင့် စစ်သားများက နိုဝင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးသွားကြောင်း Mizzima သတင်းဌာနက ဖော်ပြထားသည်။

§  နိုဝင်ဘာလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးဖြစ်သော နိပွန်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ Yohei Sasakawa သည် အာဏာသိမ်းခေါင်းဆောင်နှင့် နေပြည်တော် တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြသည်။

§  နိုဝင်ဘာလ ၁၃ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရဲစခန်းတစ်ခုကို PDF ၇ ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

§  နိုဝင်ဘာ ၁၂ ညက စစ်အုပ်စုယာဉ်တန်းတစ်ခုအား ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် PDF များက ခြုံခိုတိုက်ခိုက်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင်ပြန့်နှံ့လာသည်။ NUG သည် ရန်ကုန်တိုင်းတွင် စစ်ဆင်ရေးတစ်ရပ်ပြုလုပ်နေပြီး စက်တင်ဘာလမှအောက်တိုဘာလအထိ တိုက်ခိုက်မှု ၉၉ ကြိမ်နှင့် ဗုံးခွဲတိုက်ခိုက်မှု ၂၅၆ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

§  နိုဝင်ဘာ ၁၁ ရက်နေ့ညက ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Akluai ရွာတွင် စစ်သား ၃ ဦးက ကလေး မွေးထားသည်မှာ တလခွဲခန့်သာရှိသေးသော အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား မုဒိမ်းပြု ကျင့်ခဲ့ပြီး ၎င်း၏အမျိုးသားအားရိုက်နှက်၍ နေအိမ်အတွင်းမှ အဖိုးတန်လက်ဝတ်ရတနာများကို ယူဆောင်သွားကြောင်း နစ်နာသူများက Chinland Defense Force - Kalay Kabaw Gangaw (CDM Siyin) ကို တိုင်ကြားခဲ့ကြောင်း RFA က ဖော်ပြထားသည်။


နိုဝင်ဘာ (၁၄) ရက်၊ ၂၀၂၁

 

§  စစ်တပ်က အာဏာသိမ်းမှု ၉ လကျော်လာသော်လည်း ရန်ကုန်၊ မန္တလေးနှင့် မြို့နယ်အများစုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ယနေ့အထိ ဆက်လက်ပြုလုပ်နေသည်။

§  မန္တလေးမြို့တွင် မန္တလာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများစစ်ကြောင်း၊ စက်မှုစစ်ကြောင်း၊ မြတောင်စစ်ကြောင်းနှင့် အရမ်းညီသည့် ချမ်းစည်စစ်ကြောင်းများ ပေါင်း၍ “တော်လှန်ပုန်ကန် CDM၊ စစ်အုပ်ချုပ်မှု ဒို့လက်မခံ” ဆိုသည့် စာတန်းများ၊ ပိုစတာများကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

§  ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်လည်း ကျောင်းသားလူငယ်တချို့က စစ်ကောင်စီလက်အောက် တွင် ကျောင်းမတက်ကြရန်တောင်းဆိုသည့်အနေဖြင့် ကျောင်းများတွင် စာတန်းများချိတ်ဆွဲခြင်း၊ ဆေးများမှုတ်ကာ ကျောင်းမတက်ရေးလှုပ်ရှားမှုများပြုလုပ်၍ ဆန္ဒပြခြင်းများရှိသည်။ ပန်းဆိုးတန်း ကုန်းကျော်တံတားနှင့် မင်္ဂလာဒုံကလူကူးကုန်းကျော်တံတားတွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပိုစတာများကို ချိတ်ဆွဲဆန္ဒပြခဲ့ကြသည်။

§  ကချင်ပြည်နယ် ဖားကန့်မြို့တွင် လူထုရာနှင့်ချီ ဆန္ဒပြခဲ့ကြပြီး KIA နဲ့ PDF တို့ကို ထောက်ခံကြောင်း ကြွေးကြော်သံများ အော်ဆိုခဲ့ကြသည်။

§  ကလေး၊ ရွှေဘို၊ ဆားလင်းကြီး၊ ယင်းမာပင်၊ မြိုင်မြို့နယ်တွေမှာလည်း ဒေသခံတွေက စစ်အာဏာ ရှင်စနစ်ကိုဆန့်ကျင်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ဆန္ဒပြ ကြသည်။

§  ထိုင်းနိုင်ငံ၏ ဒုဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai သည် နေပြည်တော်တွင် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းဌာနကဖော်ပြသည်။

§  မကွေးတိုင်း၊ နတ်မောက်မြို့နယ် နတ်မောက်မြို့မစျေးကြီးမှာ နိုဝင်ဘာလ ၁၃ ရက် ညပိုင်းတွင် တစျေးလုံးနီးပါး မီးလောင်ကျွမ်းခံခဲ့ရသော်လည်း အကြောင်းရင်းကို မသိရသေးကြောင်း မီးငြိမ်းသတ် မှုနှင့် ရှင်းလင်းရေးလုပ်ဆောင်နေသည့် မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။ နိုဝင်ဘာလ ၁၃ ရက် ညပိုင်း ၉ နာရီခွဲ အချိန်မှစ၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည ၁၁ နာရာရီခွဲချိန်တွင် မီငြိမ်းခဲ့ခြင်းဖြစ်သည်။ ညမထွက်ရအချိန်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သဖြင့် နတ်မောက်မြို့မဈေးမီးလောင်ကျွမ်းမှုမှာ အကြမ်းဖက်စစ်တပ်၏ လုပ်ဆောင်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

 

နိုဝင်ဘာ (၁၅) ရက်၊ ၂၀၂၁


§  မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မင်းတံတားရပ်ကွက်မှ ဆိုင်ကယ်တက္ကစီသမားတစ်ဦးဖြစ်သူ အသက် ၄၉ နှစ်အရွယ် ကိုစိုးနိုင်ကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ဖမ်းဆီးသွားခဲ့ပြီး နေအိမ်ရှိပစ္စည်းများ ကို လုယူသွားခဲ့ကြောင်း မီဒီယာများကဖော်ပြသည်။ တော်လှန်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ဆက်နွယ် ခြင်းမရှိသည့် အဆိုပါကိုစိုးနိုင်၏ နေအိမ်သို့ လက်နက်အပြည့်စုံပါဝင်သည့် အကြမ်းဖက်စစ်တပ်မှ စစ်ကား ၆ စီးဖြင့် နံနက် ၉ နာရီအချိန်ခန့်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း MPA သတင်းဌာန က ရေးသားဖော်ပြသည်။       

§  “စစ်ကျွန်ပညာရေးအမြစ်ဖြတ်ဖို့ ငါတို့ကျောင်းသားတွေ ကျောင်းမတက်စို့’’ သပိတ်ကို စစ်အာဏာ ရှင်တော်လှန်နေသည့် လူငယ်များက ရန်ကုန်မြို့ရှိ ဒဂုံ (၁) ကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။

§  ငါးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အမေရိကန်နိုင်ငံသား သတင်းထောက်တစ်ဦးဖြစ်သူ Danny Fenster ကို ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထောင်မှလွှတ်ပြီး ပြည်နှင်ဒဏ်ပေးခဲ့သည်။ အင်းစိန်ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် Frontier Myanmar ၏ စီမံခန့်ခွဲမှု အယ်ဒီတာဖြစ်သူ Danny Fenster ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်။

§  မဲမသမာမှုနဲ့မတရားမှု ကျူးလွန်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အခြားခေါင်းဆောင်များကို စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်နေ့ တွင် တရားစွဲဆိုသည်။ တရားစွဲဆိုသူစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ရွေးကောက်ခံအစိုးရသမ္မတဦးဝင်းမြင့်၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် နေပြည်တော်ကောင်စီဥက္ကဌ ‌‌‌ဒေါက်တာမျိုးအောင်တို့ ပါဝင်သလို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြ သည့် ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့လည်း ပါဝင်ကြပြီး စုစုပေါင်း ၁၆ ဦးဖြစ်ကြောင်း စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

§  စစ်တပ်ဘက်က စစ်အင်အားတွေတိုးချဲ့နေသည့် စစ်ကိုင်းတိုင်းမင်းကင်းနယ်တွင် ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့များကစစ်တပ်စစ်ကြောင်းတခုကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။ ကျောက်ခဲတက်ကျေးရွာနှင့် သင်တောကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မင်းကင်း ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦး၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

§  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာစွန်ကော့ရှင်းသည်   မြန်မာ နိုင်ငံကိုရောက်ရှိလာပြီး အာဏာသိမ်းစစ်ကောင်စီဥက္ကဌမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံ သည်။ တရုတ်အထူးသံတမံနဲ့ တွေ့ဆုံသည့်ကိစ္စတွင် ဆွေးနွေးချက်အသေးစိတ်ကို မသိရသော်လည်း အာဏာသိမ်းစစ်ကောင်စီဘက်က ထုတ်ပြန်ချက်များအရ  ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင် ရေး၊ မြန်မာနှင့်အာဆီယံဆက်ဆံရေး၊ မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

§  စစ်အုပ်စုလက်အောက်တွင် ကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ ရလဒ်များအသိအမှတ် ပြုမည်မဟုတ်ကြောင်း NUG ၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

§  ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်မီးပွိုင့်တစ်ခုရှိ ယာဉ်ထိန်းရဲများအား တစ်ပြိုင် တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သတင်းထုတ် ပြန်သည်။

 

 နိုဝင်ဘာ (၁၆) ရက်၊ ၂၀၂၁

 

§  ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ မိုးဗြဲမြို့ရှိ လူနေရပ်ကွက်များကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ မိုးဗြဲမြို့အခြေစိုက် မိုးဗြဲပြည်သူ့ကာကွယ်ရေးကင်းစခန်းကို တိုက်ခိုက်ပြီးနောက် လူနေရပ်ကွက်များအတွင်းသို့ အကြမ်းဖက်စစ်တပ်က ယင်းသို့လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံ များ၏ နေအိမ်အချို့ထိခိုက်ပြီး ဒေသခံများမှာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း MPA သတင်းဌာနက ဖော်ပြသည်။

§  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ မိုင် ၂၀ ခန့်အကွာတွင်ရှိသည့်  နဂါးဗွက်ကျေးရွာအနီး တောထဲက ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စခန်းတခုကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး အဆိုပါစီးနင်းတိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ခဲ့ကြသလို စစ်ကိုင်းတိုင်း တပ်ရင်း ၃ အကြမ်းဖက်စစ်တပ်က အမျိုးသမီးဆေးတပ်သား ၈ ဦးကို ဖမ်းဆီးသွားကြောင်း မီဒီယာ များက ဖော်ပြသည်။

§  နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei Sasakawa ၏ ခရီးသည် ဂျပန်အစိုးရကို ကိုယ်စား မပြုကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ပြောကြားသည်။

§  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲအားကျင်းပခဲ့ပြီး လက်ရှိ NUCC အား အဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့မှ ကိုယ်စားလှယ် ၅၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်းနှင့် federal charter အား ဒုတိယအကြိမ်ပြန် လည်သုံးသပ်နေကြောင်း ပြည်သူ့ညီလာခံကို ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောဆို သည်။

§  စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲတွင် စစ်တပ်ယာဉ်တန်းများကို ဒေသခံကာကွယ်ရေးအဖွဲ့များက နိုဝင်ဘာလ ၁၅ ရက်တနင်္လာနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF ခေါင်းဆောင် တဦးက မီဒီယာများကိုထုတ်ဖော်ပြောကြားသည်။

 

နိုဝင်ဘာ (၁၇) ရက်၊ ၂၀၂၁

 

§  မိုးဗြဲမြို့ပေါ်မှာ ပြည်သူ့လုံခြုံရေးအတွက် ကင်းစောင့်ပေးနေသည့် မိုးဗြဲ PDF ကင်းစခန်းတခုကို စစ်ကောင်စီအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းချိန် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်ကို ကိုးကား၍ VOA သတင်းဌာနက ဖော်ပြသည်။

§  ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) တပ်ဖွဲ့ဝင်များ နှင့်ကရင်နယ်ခြားစောင့်တပ် BGF နှင့် မြန်မာစစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက် ခိုက်မှုများရှိကြောင်း မီဒီယာများက ဖော်ပြသည်။ BGF စစ်ယာဉ်တန်းကို KNU ဘက်က တိုက်ခိုက် ခဲ့ကြောင်းလည်း ဒေသခံတာဝန်ရှိသူများ၏ ပြောကြားချက်ကို ဖော်ပြသည်။

§  ရန်ကုန်တိုင်းအတွင်း PDF အဖွဲ့ဝင် ၃၉ ဦးနှင့် ထောက်ပံ့ကူညီသူ ၈ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ သတင်းဌာနက နိုဝင်ဘာ ၁၇ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းတို့အားလုံးမှာ နိုဝင်ဘာ ၁၂ မှ ၁၇ အတွင်း ပစ်ခတ်မှုများနှင့် ဆက်စပ်သူများဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ သို့သော် ဖမ်းဆီးခံရသူများ အနက် ၂၀ ဦးခန့်သည်သာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF များဖြစ်ပြီး အခြားသူများမှာ PDF နှင့် သက်ဆိုင်သူများမဟုတ်ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က Myanmar Now ကိုပြောခဲ့သည်။


နိုဝင်ဘာ (၁၈) ရက်၊ ၂၀၂၁

 

§  “ဝတ်ချင်တာဝတ်မယ် မုဒိမ်းလာမကျင့်နဲ့။ မုဒိမ်းကောင်တွေကို လက်နက်သိမ်းကြ၊ လိင်မှုဝါဒကို ချေမှုန်းကြ” ဆိုသည့်သပိတ်ကို စစ်အာဏာရှင်ကိုတော်လှန်နေသည့် ကြည့်မြင်တိုင်သပိတ်အဖွဲ့နှင့် Women Alliance က နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့တစ်နေရာတွင်ပြုလုပ်ခဲ့သည်။

§  နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဖြိုးဇေယျာသော် ခေါ် မောင်ကျော်ကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ နှင်းဆီအိမ်ယာတွင် ဖမ်းဆီးခဲ့ကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်သည်။ အဆိုပါအိမ်ယာ တိုက်အမှတ် (3/B) တွင် ဦးဖြိုးဇေယျာသော်ကို သတင်းပေးများ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ နှင်းဆီအိမ်ယာသို့ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က အကြမ်းဖက် စစ်တပ်များ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

(ဒဂုံဆိပ်ကမ်းမြို့နယ်၊ နှင်းဆီအိမ်ရာသို့ ယနေ့ညနေ ၅ နာရီအချိန်ခန့်က အကြမ်းဖက်စစ်တပ်များ ဝင်ရောက်စစ်ဆေးမှုပြုလုပ်ရာတွင် ဦးဖြိုးဇေယျာသော်ဖမ်းဆီးခံရသည်ဟု သတင်းထွက်ပေါ်နေခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဖမ်းဆီးခံရကြောင်း သတင်းများမထွက်ပေါ်ခင်ကတည်းက အကြမ်းဖက်စစ်တပ် က ဦးဖြိုးဇေယျာသော်ကို အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည်ဟု စွပ်စွဲထားမှုများ ရှိခဲ့သည်။ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ ပင်လုံအိမ်ရာရှိ နေအိမ်တလုံးတွင် အောက်တိုဘာလ ၂၃ ရက်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ခေါ် ဦးကျော်မင်းယုကို အကြမ်းဖက်စစ်တပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက်တွင် ယင်းသို့  အခိုင်အမာစွတ်စွဲခဲ့ခြင်းဖြစ်သည်။ ကိုဂျင်မီကို Moon Light Operation အဖွဲ့အား ဦးဆောင်သူ အနေဖြင့်လည်းကောင်း ဦးဖြိုးဇေယျာသော်ကို Yangon Urban Guerilla-YUG အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ဦးဝေဖြိုးဟန်ကို ရန်ကုန်တိုင်း PDF အဖွဲ့များခေါင်းဆောင်အဖြစ်လည်းကောင်း အကြမ်းဖက် စစ်တပ်က ပုံဖော်ထားသည်။

§  ရန်ကုန်မြို့၊ ဆူးလေလမ်းမပေါ်က မီးတုတ်များဆွဲကိုင်ကာ စစ်အာဏာရှင်ကိုတော်လှန်နေသည့် လူငယ်များက “စစ်ဖိနပ်အောက်ဒူးမထောက်ဘူး” သပိတ်ကို နိုဝင်ဘာ ၁၈ ရက်နေ့ညပိုင်းက ပြုလုပ်ခဲ့သည်။

§  Mytel ၏ မန်နေဂျာကို နိုဝင်ဘာလ ၄ ရက်နေ့က လုပ်ကြံသတ်ဖြတ်သူများအား ဖမ်းဆီးထားမိပြီ ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

 

 နိုဝင်ဘာ (၁၉) ရက်၊ ၂၀၂၁

 

§  မကွေးတိုင်း၊ အောင်လံမြို့အခြေစိုက် အောင်လံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၁၉ ရက်နေ့ညက ဝင်ရောက်စီးနင်းခဲ့ပြီး PDF ရဲဘော်တစ်ဦး ကျဆုံးကာ တစ်ဦးမှာ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

§  မကွေးတိုင်းဒေသကြီး ဆောမြို့နယ်တွင် အကြမ်းဖက်စစ်တပ်ဘက်က ရုရှားနိုင်ငံထုတ် Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အသုံးပြုတိုက်ခိုက်သည့်တိုင် အကြမ်းဖက်စစ်တပ်မှ အကျအဆုံး များခဲ့ကြောင်း ဒေသခံပျောက်ကြားတပ်ဖွဲ့များထံမှ သိရသည်။ ဆောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်သားဦးရေ ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း ဆော PDF က သတင်းထုတ်ပြန်ထားသည်။

§  မြန်မာ့အရေးနဲ့ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) တွင် ခေါင်းဆောင်အားလုံး သဘောတူချမှတ်ထားသည့် အချက်ငါးချက်ပါသဘောတူညီချက်ကို အပြည့်အဝအကောင်အထည် ဖော်ရန် ကမ္ဘောဒီးယားနှင့်ဂျပန်နိုင်ငံတို့က မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်သည်။ ဂျပန််နိုင်ငံ ခြားရေးဝန်ကြီး Yoshimasa Hayashi နှင့် ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့စက်တင်ဘာလ ၁၈ ရက်၊ ကြာသပတေးနေ့က တယ်လီဖုန်းဖြင့်စကားပြောချိန် အတွင်း မြန်မာနိုင်ငံအခြေ အနေနှင့်ပတ်သက်ပြီး ဝန်ကြီးနှစ်ဦးအချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပြီး လက်ရှိ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရေး၊ ငြိမ်းချမ်းတဲ့ချဉ်းကပ်နည်းတခု ရှာဖွေရာတွင် မြန်မာ နိုင်ငံကို အထောက်အကူပြုရန် အာဆီယံသည်အရေးပါသည့်အခန်း ကဏ္ဍတခုတွင် ရှိနေသည်ဆိုသည် ကို နှစ်ဘက်သဘောတူညီကြကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

§  ရန်ကုန်တိုင်း လှိုင်သာယာ၊ မရမ်းကုန်း၊ သာကေတအပါအဝင် မြို့နယ်တချို့တွင် ပေါက်ကွဲမှုနှင့် လက်နက်ငယ်ပစ်ခတ်မှုများ ယမန်နေ့ညပိုင်းကဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါမြို့နယ်များတွင် စစ်ကောင်စီဘက်က လုံခြုံရေးအင်အားအများအပြားနှင့် လမ်းတချို့ကိုပိတ်၍ ရပ်ကွက်အတွင်း ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်လာသည်။

§  စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းကြီးများအနေဖြင့် စစ်ကောင်စီကို ငွေကြေးပေး သွင်းနေသည်များရပ်ဆိုင်းရန် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုသည်။

§  စစ်ကောင်စီတပ်သား ၃ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်နေ့က ကြေညာသည်။ ၎င်းတို့အား နိုင်ငံတကာဥပဒေများနှင့်အညီ ထိန်းသိမ်းထားကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) သို့ ဆက်သွယ်အကြောင်း ကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

နိုဝင်ဘာ (၂၀) ရက်၊ ၂၀၂၁

 

§  “သေမှာမကြောက်လို့ ပေတရာလျှောက် တော်လှန်နေသောအခြောက်” သပိတ်ကို ရန်ကုန်မြို့ တစ်နေရာ၌ LGBT Community Yangon နှင့် ကြည့်မြင်တိုင်မြို့နယ်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်ကို ချီတက်သပိတ်မှောက်သည်။

§  ဆံတော်ရှင်ကျိုက်နဲရေလယ်ဘုရားနတ်လမ်းတွင် နိုဝင်ဘာလ ၂၁ ရက် နံနက်အစောပိုင်းက လှိုင်းပုတ် သဖြင့် လူ ၃၀ ဦးထက်မနည်း ရေထဲပြုတ်ကျခဲ့ပြီး ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်ကကျေးရွာနှင့် အံခဲကျေးရွာကြားရှိ ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားပွဲနောက်ဆုံးနေ့တွင် လာရောက်လည်ပတ်ကြစဉ် နတ်လမ်းတွင် လှိုင်းပုတ်ခံရ ပြီး မျောပါသေဆုံးခဲ့ရခြင်းဖြစ်ပြီး ရုပ်အလောင်းများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း မီဒီယာ များက ဖော်ပြသည်။

§  လှိုင်သာယာမြို့နယ်တွင် ပြည်သူ့တော်လှန်ရေးအဖွဲ့များက မဟူရာစစ်ဆင်းရေး စတင်သည့်အနေဖြင့် လှိုင်သာယာမြို့နယ် အနော်ရထာလမ်းကြီးရှိ သောင်ကြီးရဲစခန်းကို ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။ လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ CGF(HTY)၊ Spring Revolution Flames (SAF) တို့ ပူးပေါင်းပြီး နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက်ပိုင်းတွင် သောင်ကြီးရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ စုဝေးအလေးပြုနေချိန်၌ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CGF(HTY) က သတင်းထုတ် ပြန်ထားသည်။

§  အကြမ်းဖက်စစ်တပ်ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် စစ်တပ်ရိက္ခာပို့ရထားကို နိုဝင်ဘာလ ၂၀ ရက် မနက်ပိုင်းက တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က သတိပေးသည့်အနေဖြင့် ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်တပ်ရိက္ခာပို့ရထားတစ်စီးကို နိုဝင်ဘာ ၂ဝ ရက် မနက် ၆ နာရီ ကျော်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပန်းခင်းရပ်ကွက် (၆) လမ်းအနီး ရထားသံလမ်းအရောက် တွင် Pyinmana Revolutionary Army (PRA) က အသင့်စောင့်၍ မိုင်းဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု MPA သတင်းဌာနက ဖော်ပြသည်။

 

နိုဝင်ဘာ (၂၁) ရက်၊ ၂၀၂၁

 

§  အာဏာသိမ်းကာလ ၉ လ ကြာမြင့်သည့်တိုင် စစ်အာဏာရှင်ကို စဉ်ဆက်မပြတ် ရဲရဲဝံ့ဝံ့ တော်လှန် နေဆဲလူငယ်များက ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို နိုဝင်ဘာ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ တနေရာ၌ ပြုလုပ်ခဲ့သည်။

§  စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲများဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ကနီမြို့နယ် ယင်းယိမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များတိုက်ပွဲဖြစ်ပွား ခဲ့ရာ စစ်တပ်မှ လက်နက်ကြီးများအသုံးပြုပစ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲတွင် အကြမ်း ဖက်စစ်တပ်မှ ၈ ဦး သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားသည်ဟုယူဆရကြောင်း ကနီပြည်သူ့ ကာကွယ်ရေးအဖွဲ့ (၁) မှ သတင်းထုတ်ပြန်ထားသည်။

§  အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ဒုတိယအကြီးအကဲ၏ မကြာသေးခင်က ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် စစ်အာဏာသိမ်းပြီး နိုင်ငံရေးနှင့်လူသားချင်း စာနာမှုအကျပ်အတည်းများ ပေါ်ပေါက်နေသည့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံသတင်းများက ဖော်ပြသည်။

§  လှိုင်းဘွဲမြို့က အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားအပြီး ဘားအံမြို့ဘက်ကို ပြန်လာသည့် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စောမြင့်ဦးလိုက်ပါလာသည့်ယာဉ်တန်း မိုင်းခွဲတိုက် ခိုက်ခံရသည်။ တိုက်ခိုက်ခံရမှုအတွင်းယာဉ်တချို့ထိခိုက်မှုရှိခဲ့သော်လည်း လူသေဆုံးမှုမရှိခဲ့ပေ။

§  ဇွန်မှ နိုဝင်ဘာ ၂၀ ရက်အထိ ငါးလတာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် လူနေအိမ် ၈၇၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး ချင်းပြည်နယ်တွင် ၄၄၇ လုံးနှင့် မကွေးတိုင်းတွင် ၃၂၈ လုံးရှိကြောင်း နိုဝင်ဘာလတစ်လအတွင်း စစ်ဘေးရှောင်ပြည်သူ ၅၃,၀၀၀ ကျော် တိုးလာကြောင်း ISP-Myanmar က ဖော်ပြထားသည်။

§  နိုဝင်ဘာလ ၂၃ ရက်မှ ၂၅ ရက်ထိ သုံးရက်ကြာကျင်းပမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာဆီယံညီလာခံသို့ NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး Dr. Tu Hkawng အား တက်ရောက်ဆွေးနွေးရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။ သို့သော် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်အား အာစီယံနိုင်ငံအချို့၏ ကန့်ကွက် မှုကြောင့် တက်ရောက်ခွင့်မပေးခဲ့ကြောင်း Irrawaddy သတင်းဌာနကဖော်ပြသည်။ အလားတူပင် နိုင်ငံပေါင်း ၅၁ နိုင်ငံ ပါဝင်သည့် ၁၃ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးတွင်လည်း မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမရှိကြောင်း သိရသည်။

 

နိုဝင်ဘာ (၂၂) ရက်၊ ၂၀၂၁

 

§  အမျိုးသားညီညွတ်ရေးအစိုးရ၏ နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရောင်းချခဲ့ရာ ၃နာရီခွဲအတွင်း ဒေါ်လာ ၃ သန်းကျော် ရောင်းချခဲ့ရကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ အထူးငွေတိုက်စာချုပ်များကို မွန်းလွဲ ၂ နာရီတွင် စတင်၍ ရောင်းချခဲ့ပြီး နှစ်နာရီအတွင်း ဒေါ်လာ ၂ သန်းနီးပါး ရောင်းချခဲ့ရကြောင်း NUG ၏ လက်အောက်ခံ PVTV မှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ငွေတိုက်စာချုပ်အား ဒေါ်လာ ၁၀၀ မှစ၍ ဒေါ်လာ ၅၀၀၀ ဖိုးအထိ ဝယ်ယူနိုင်ကြောင်း သိရသည်။

§  မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)မှ ဥက္ကဋ္ဌဟောင်းဖြစ်သူ မသဲစုနိုင် ကို အကြမ်းဖက်စစ်အုပ်စုမှ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး ဖမ်းဆီးခြင်းခံရကြောင်း မီဒီယာများက ဖော်ပြသည်။ ထို့ပြင် မသဲစုနိုင်၏ဖခင်ဖြစ်သူကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နေအိမ်ရှိဖုန်းအား လုံးကိုလဲ သိမ်းယူသွားခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

§  NLD အစိုးရရဲ့ ရခိုင်ပြည်နယ်ဝန်ဦးချုပ် ဦးညီပုကို အများပြည်သူကြား တည်ငြိမ်အေးချမ်းမှုပျက်ပြား အောင်လုပ်ဆောင်မှု ဥပဒေပုဒ်မ ၅၀၅-ခ ဖြင့်စစ်တွေ မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အောက်တိုဘာလ ၈ ရက်နေ့က ချမှတ်ထားသည်။ အဆိုပါဆုံးဖြတ်ချက်အတွက် အယူခံ တင်တားသည်ကို စစ်တွေခရိုင်၊ ခရိုင်တရားရုံးက ပယ်ချလိုက်ကြောင်း ဦးညီပုအမှုအတွက် လိုက်ပါ ဆောင်ရွက်နေသည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းက အထက်တန်းရှေ့နေ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

§  အင်တာပိုလ်ဟုသိကြသည့် နိုင်ငံတကာရဲတပ်ဖွဲ့၏ညီလာခံသို့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက် ရောက်ခွင့်မပြုရန် မြန်မာအရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၅၉ ဖွဲ့က တောင်းဆိုလိုက်ကြသည်။ အင်တာပိုလ်အဖွဲ့ဥက္ကဋ္ဌ Kim Jong Yang၊ အထွေထွေအတွင်းရေးမှူးချုပ် Jürgen Stock နှင့် အလုပ်အမှုဆောင်အဖွဲ့ဆီသို့ စာပေးပို့တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။

§  ရန်ကုန်တိုင်းထဲက လှိုင်သာယာတပ်မတော်အထည်ချုပ်စက်ရုံနားအပါအဝင် နေရာတချို့တွင် အသေး စားပေါက်ကွဲမှုတွေ ဆက်ပြီးရှိနေသည်။ ပေါက်ကွဲမှုနှင့် နီးစပ်သည့်နေရာတဝိုက်တွင် နေထိုင်၊ သွား လာနေသူများကိုလည်း စစ်ကောင်ဆီဘက်က စစ်ဆေးမေးမြန်းနေခြင်းကြောင့် ဒေသခံများက စိုးရိမ် နေကြသည်။

§  ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းအတွင်း ဖွင့်လှစ်ထားသော ဂရုဏာဆေးပေးခန်းကို စစ်အုပ်စု ၂၀၀ ဝန်းကျင်က စီးနင်းခဲ့ပြီး ကျောင်းထိုင်ဆရာတော် အပါအဝင် အခမဲ့ ဆေးကုပေးနေသော ဆရာဝန်များ၊ သူနာပြုများ စုစုပေါင်း ၁၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား နောက်တစ်ရက်တွင်ပြန်လွှတ်ပေးခဲ့သော်လည်းဘဲ တရားမဝင်ဆေးကုခြင်း ကြောင့် အမှုဖွင့်ထားကြောင်း စစ်ကောင်စီ သတင်းဌာနက ထုတ်လွှင့်သည်။

 

နိုဝင်ဘာ (၂၃) ရက်၊ ၂၀၂၁

 

§  စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အခြေစိုက်စခန်းတစ်ခုသည် နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး သတင်းတုများ ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။ မုံရွာမြို့နယ် သက္ကယ်ကျေးရွာ၊ ကိုင်းတောကျေးရွာ၊ သပြေ ပင်စုကျေးရွာ၊ ဇီးကျွန်းကျေးရွာနှင့် ပလ္လင်ကျေးရွာတို့အနီးရှိ မုံရွာ PDF စခန်းတစ်ခုကို ဝင်ရောက်စီးခဲ့ရာတွင် PDF များကိုပါ ဖမ်းမိသယောင် သတင်းတုများ ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း MPA သတင်းဌာနက ဖော်ပြသည်။

§  အာဏာသိမ်းမြန်မာစစ်ကောင်စီကို ဖြုတ်ချမည့် တော်လှန်ရေးအတွက် ရံပုံငွေဆိုကာ ရောင်းချသည့် ငွေတိုက် စာချုပ်များကို ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (အင်န်ယူဂျီ) က ယမန်နေ့က  စတင်ရောင်းချခဲ့ရာတွင် တရက်တည်းဖြင့် ဒေါ်လာ ၆.၃ သန်း ရောင်းချခဲ့ရကြောင်း NUG က ကြေညာသည်။ ငွေတိုက်စာချုပ်အတွက် အတိုးမပေးသော်လည်း ပထမသုံးနာရီအတွင်းတွင်ပင် ဒေါ်လာသုံးသန်း ရောင်းချခဲ့ရကြောင်း အင်န်ယူဂျီက ရိုက်တာသတင်းဌာနကို ပြောသည်။

§  နိုင်ငံတဝန်းက ဆိုင်ကယ်အသုံးများသည့် ဒေသများတွင် ဆိုင်ကယ်တစီးကို လူတဦးသာ စီးရန်၊ အမျိုးသားနှစ်ဦး လိုက်ပါစီးနင်းတာမျိုးမလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက  တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးမှူးများက  ဒေသအလိုက် အမိန့်များ ထုတ်ပြန်သည်။ ဆိုင်ကယ်တွင် လူ ၂ ယောက်စီးပါက အမျိုးသားတွေ နောက်တွင် မထိုင်ရဟု အဓိကကန့်သတ်ခြင်းဖြစ်သည်။ ယင်းကန့်သတ်ချက်ကြောင့် ဆိုင်ကယ်အားကိုး၍ သွားလာနေကြရသူများ အခက်အခဲဖြစ်မှုများရှိကြောင်း လူထုကထုတ်ဖော်ပြောကြားချက်ကို မီဒီယာ များက ဖော်ပြသည်။

 

နိုဝင်ဘာ (၂၄) ရက်၊ ၂၀၂၁

 

§  ပုန်ကန်နေဆဲ ရန်ကုန်သူပုန်သပိတ်ကို စစ်အာဏာရှင်ကိုတော်လှန်နေသည့် လူငယ်များက နိုဝင်ဘာ ၂၄ ရက် နေ့က ရန်ကုန်မြို့တစ်နေရာတွင်ပြုလုပ်ခဲ့သည်။

§  မုံရွာ-မန္တလေးလမ်းမပေါ်တွင် မုံရွာမှစစ်ကိုင်းသို့သွားသည့် စစ်ကောင်စီကားတန်းကို ဒီကနေ့မနက် ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

§  မန္တလေးမြို့၊ ၄၁ လမ်း ကုန်စျေးတန်းညစျေးတွင်ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်မှုရှိကြောင်း ဒေသခံများ၏ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

§  ညနေ ၆ နာရီ ၂ဝ ခန့်မှ ၇ နာရီ ၃၅ မိနစ်ခန့်အထိ လောင်ကျွမ်းခဲ့သော စလင်းမြို့မဈေးမီးလောင်မှုတွင် ဈေးကြီးအတွင်းရှိ ဆိုင်ခန်းပေါင်း ၇၆၃ ဆိုင်အနက်မှ ၁၂ဝကျော်မီးထဲ ပါသွားခဲ့ကြောင်း စလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို MPA သတင်းဌာနက ဖော်ပြသည်။

§  မြန်မာဘီယာထုတ်လုပ်နေသည့် မြန်မာဘရူဝါရီလီမိတက်ကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအတွက် စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL က ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှာ လျှောက်ထားသည်။ ဦးပိုင်ကုမ္ပဏီဘက်က တရားရုံးကိုလျှောက်ထားသည့်အပေါ်တွင် နိုင်ငံတကာ ဖက်စပ်ကုမ္ပဏီဖြစ်သည့် Kirin ဂျပန်ကုမ္ပဏီဘက်က ကန့်ကွက်ထားသည်။

§  နိုဝင်ဘာ ၁၃ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ ကျေးရွာတစ်ခုတွင် မန္တလေး မကွေးနှင့် စစ်ကိုင်းတိုင်းတို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ရောင်းချရန် စုဆောင်းထားသည့် လက်နက်များအမျိုးအစား ၅၀ ကျော် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီသတင်းဌာနက ကြေညာသည်။

 

နိုဝင်ဘာ (၂၅) ရက်၊ ၂၀၂၁


§  အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကြောင်းနှစ်ခုခွဲပြီး ကယား(ကရင်နီ)ပြည်နယ် အတွင်းသို့ ထိုးစစ်ဆင်လျက်ရှိရာ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့များက အပြင်းအထန်ခုခံ ကာကွယ်နေကြကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်ဟု MPA သတင်းဌာနက ဖော်ပြသည်။

§  မြန်မာပလာဇာ သပိတ် စစ်အာဏာရှင်ကိုတော်လှန်နေသည့် လူငယ်များက နိုဝင်ဘာ ၂၅ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာပလာဇာတွင် ပြုလုပ်ခဲ့သည်။ ယင်းသပိတ်ပြုလုပ်နေစဉ် ဆန္ဒပြလူငယ် ၂ ဦးကို ပလာဇာလုံခြုံရေးဝန်ထမ်းများက ၀ိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့သော်လည်း လူငယ် ၂ ဦး ထွက်ပြေး လွတ်မြောက်လာခဲ့သည်။

§  နေပြည်တော်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း၊ မန္တလေးတိုင်းအပါအဝင် မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၂၈ မြို့နယ်တွင် နိုဝင်ဘာ ၂၅ ရက်နေ့မှစ၍ Stay at Home အစီအစဉ်ပယ်ဖျက်ကြောင်း စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန်သည်။ 

§  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားအဖြစ် ယနေ့နံနက်က Women Generation အဖွဲ့မှ ဦးဆောင်ပြီး “စက်ဘီးစီးကမ်ပိန်း” ကို စစ်တွေမြို့တွင် ပြုလုပ်ကြသည်။

§  ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအနောက်ပိုင်းက ကချင်လက်နက်ကိုင် KIA တပ်ရင်း ကို ဒီကနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အင်းတော်ကြီး ဒေသတွင် ယခုရက်ပိုင်းအတွင်း နှစ်ဘက်ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

§  နိုဝင်ဘာလ ၂၅ ရက်နေ့အထိ NLD လွတ်တော်ကိုယ်စားလှယ်များနှင့် ပါတီထောက်ခံသူစုစုပေါင်း ၅၅ ဦး၏နေအိမ်များအား စစ်အုပ်စုကချိတ်ပိတ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD Central Working Committee က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် NLD ပါတီဝင်များ၏ နေအိမ်အများအပြားအား ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်အတွင်းရှိ ပစ္စည်းတွေ သိမ်းယူသွားခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကိုလည်း လုပ်ဆောင်လျက်ရှိနေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 

နိုဝင်ဘာ (၂၆) ရက်၊ ၂၀၂၁

 

§  မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရက်စက်တဲ့သတ်ဖြတ်မှုတွေ ထပ်ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်ကြောင်း အမေရိကန်အပါအဝင် နိုင်ငံ ၇ နိုင်ငံက ထုတ်ဖော်ပြောကြားသည်။ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်တို့၏ ဒီကနေ့ ပူးတွဲထုတ်ပြန်ချက်တွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။ စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ရှိသည့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံတဝန်းအကြမ်းဖက်လုပ်ရပ်များကို ချက်ခြင်းအဆုံး သတ်ရန် အဆိုပါခုနစ်နိုင်ငံက တိုက်တွန်းထားသလို ပြည်ပနိုင်ငံတွေအနေဖြင့် မြန်မာစစ်ဘက်အတွက် စစ်ဆင်ရေးဆိုင်ရာ အထောက်အပံ့များအားလုံးကို ဆိုင်းငံ့ထားသင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

§  စစ်အာဏာရှင်ကိုတော်လှန်နေသည့်လူငယ်များက မြန်မာပလာဇာလုံခြုံရေးဝန်ထမ်းများ၏ အကြမ်း ဖက်စစ်ကောင်စီအလိုကျ ဆန္ဒပြလူငယ်များကို ယခုကဲ့သို့ဖမ်းဆီးခြင်းအပေါ်ရှုတ်ချပြီး ပြည်သူများ အနေဖြင့် မြန်မာပလာဇာကို Social Punishment လုပ်ကြရန် တောင်းဆိုကြသည်။

§  အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့်နိုဝင်ဘာလ ၂၃ ရက်နေ့က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ် ခြင်းခံထားရသည့် Young Myanmar Ranger (YMR) မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုရဲထက်အောင် သည် ထပ်မံ၍ စစ်ခုံရုံးတစ်ခုနှင့်မြို့နယ်တရားရုံးတစ်ခုတို့တွင် တရားရင်ဆိုင်ရန် ကျန်ရှိနေကြောင်း မီဒီယာများက ဖော်ပြသည်။ တောင်ဒဂုံမြို့နယ်အတွင်းက စစ်တရားရုံးတွင် ပုဒ်မ ၅၀(ဈ) ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံခြင်း ခံခဲ့ရသကဲ့သို့ ဒဂုံအရှေ့ပိုင်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် တို့တွင် ဆက်လက်တရားရင်ဆိုင်ရမည့်အမှုများရှိနေသေးကြောင်း ၎င်း၏ရှေ့နေပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

§  မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနယ်စပ်အနီး ယူနန်ပြည်နယ်၊ ရွှေလီမြို့ဝမ်တိန်ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မန်မန်းဂိတ် (ကျင်ဆန်းကျော့ဂိတ်) ကို ယနေ့ နံနက်ပိုင်းမှစတင်ပြီး စမ်းသပ်ကာလအဖြစ် ငါးရက်ထပ်မံဖွင့်လှစ်သည်။

§  ၂၀၂၁-၂၀၂၂ အခြေခံပညာစာသင်နှစ်ကာလမှာ ၆ လခန့်သာ ရှိမည်ဖြစ်ကာ အဆိုပါ ၆ လတာ ကာလအတွင်း အတန်းလိုက်စာမေးပွဲများကို သင်္ကြန်မတိုင်ခင် အပြီးစစ်ဆေးသွားမည်ဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ ကျောင်းအပ်သည့် ကျောင်းသားအရေအတွက်ထက် အမှန်တကယ် တက်ရောက်နေသည့်အရေအတွက်က ပိုနည်းနေသည်ကိုလည်း ဒီကနေ့ပြောသွားသည့် ကိန်းဂဏန်း များတွင်တွေ့ရသည်။

§  မြန်မာနိုင်ငံက အမျိုးသမီးနှင့်မိန်းခလေးငယ်များအတွက် တိကျခိုင်မာသည့် ကာကွယ်စောင့်ရှောက် မှုများ ပေးနိုင်ရေးယခုထက်ပိုမိုလုပ်ဆောင်သွားကြရန် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ (UNFPA) နှင့်ကုလသမဂ္ဂအမျိုးသမီးဌာနမြန်မာနိုင်ငံ UN Women in Myanmar တို့က ပူးတွဲကြေညာချက်ထုတ်ပြန်တိုက်တွန်းသည်။

 

နိုဝင်ဘာ (၂၇) ရက်၊ ၂၀၂၁

 

§  လူသူကင်းမဲ့နေပြီဖြစ်သည့် ချင်းပြည်နယ်ထန်တလန်မြို့မှ လူနေအိမ်များကို နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။ ထန်တလန်မြို့ရှိ နေအိမ်များကို တိုက်ပွဲများဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ဆက်လက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့တပ်စခန်းချရာ အနီးတစ်ဝိုက်ရှိ နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စက်တင်ဘာ ၉ ရက်ကစ၍ နိုဝင်ဘာ ၂၇ ရက် အထိ ထန်တလန်မြို့တွင် မီးလောင်မှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဘာသာရေးအဆောက်အအုံများ အပါအဝင် နေအိမ် ၃၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း CNF တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို DVB သတင်းဌာနက ဖော်ပြသည်။ 

§  ချင်းပြည်နယ် ထန်တလန်မြို့တွင် ဒုတိယအကြိမ်အကြီးစားမီးလောင်မှုဖြစ်ပွားခဲ့ပြီး St. Nicolas Catholic ဘုရားကျောင်းအပါအဝင် နေအိမ် ၉၆ လုံး မီးလောင်ပျက်စီးသွားကြောင်း ထန်တလန်မြို့နယ် နေရာချထားရေးကော်မတီက ထုတ်ပြန်ထားသည်။

§  စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ဖြစ်ရပ်အမျိုးမျိုး အတွင်း စစ်တပ်၊ ရဲနဲ့ စရဖ စစ်ထောက်လှမ်းရေးတို့၏ လက်ချက်ကြောင့် သေဆုံးရ သူပေါင်း ၁,၂၉၅ ဦး ရှိပြီဖြစ်ကြောင်း စောင့်ကြည့်မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဖော်ပြသည်။ လက်ရှိမှာ ဖမ်းဆီးခံထားရသူပေါင်း ၇,၅၉၅ ယောက်ရှိပြီး ပြစ်ဒဏ်ချခံထားရသူက ၃၄၁ ယောက်ရှိကာ ထိုအထဲတွင်ကလေးငယ် ၂ ဦး အပါအဝင် ၃၄ ဦးကို သေဒဏ်ချမှတ်ထားကြောင်းလည်း AAPP ကပြောသည်။

§  မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ရန် အာရှနှင့်ဥရောပနိုင်ငံ ၅၀ ကျော်က ခေါင်းဆောင်များက တိုက်တွန်းတောင်းဆိုသည်။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့အားလုံးအနေဖြင့် အကြမ်းဖက်မှုများရပ်ကြရန် မြန်မာစစ်ကောင်စီခေါင်းဆောင်တက်ခွင့် မရသည့် အာရှ-ဥရောပ (ASEM) ထိပ်သီးအစည်းအဝေးအပြီး ယခုလိုထုတ်ပြန်တာဖြစ်ပြီး မတရား ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ရန်လည်း စစ်ကောင်စီကို တောင်းဆိုသည်။

§  RFA သတင်းဌာန၏ အချက်အလက်စုဆောင်းမှုများအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကျူးလွန်သော မုဒိမ်းမှု ၁၀ ခုခန့်ရှိကြောင်းလည်း သိရသည်။ မီဒီယာများမသိရှိသော အမှုပေါင်းများစွာလည်း ရှိနိုင်ကြောင်း RFA က ဖော်ပြထားသည်။ ထို့အပြင် လူမှုကွန်ယက်တွင် ပြန့်နှံ့လာသောစစ်အုပ်စု၏ တပ်တွင်းစာတစောင်တွင် ဗိုလ်မှူးအဆင့်အထိပါဝင်ပတ်သက်နေသော တပ်အတွင်းရှိ မုဒိမ်းမှုနှင့် လူမှုရေး ဖောက်ပြန်မှု ၅ မှု အကြောင်း ဖော်ပြထားပြီး အလားတူဖြစ်ရပ်များ မဖြစ်ပွားစေရန် ညွှန်ကြားထားသည်ကို တွေ့ရကြောင်းလည်း ဖော်ပြထားသည်။

 

နိုဝင်ဘာ (၂၈) ရက်၊ ၂၀၂၁

 

§  မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသည်မှာ ၁၀ လနီးပါး ကြာလာတဲ့အချိန်အထိ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည့်လှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာချီတက်ဆန္ဒဖော်ထုတ်မှုများ မြို့အသီးသီးတွင် ပြုလုပ်နေဆဲဖြစ်သည်။ ယနေ့ကျရောက်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်အပါအဝင် နယ်မြို့တချို့တွင် စစ်အာဏာရှင်ဆန့်ကျင်ချီတက်ဆန္ဒပြမှု များရှိသည်။

§  “ပြည်သူ့ဒီမိုကရေစီအတွက် အာဏာရှင်စနစ် အမြစ်ဖြတ်” ဆိုသည့် စာတန်းများ ကိုင်ဆောင်ထား သည့် လူငယ်များက ရန်ကုန်မြို့၊ တာမွေစျေးရှေ့တွင် ချီတက်ဆန္ဒပြကြသည်။

§  ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က ဗကသ ကျောင်းသားများကလည်း ရန်ကုန်တိုင်းအတွင်း မြို့နယ် အသီးသီးက ကျောင်းသားသမဂ္ဂများ၊ သပိတ်ကော်မတီများနှင့်ပူးပေါင်းပြီး ချီတက်ဆန္ဒပြခဲ့ကြသလို ရွှေပြည်သာမြို့နယ်အတွင်းတွင်လည်း စစ်တပ်ထုတ်ကုန် မသုံးစွဲရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ကြသည်။

§  မန္တလေးမြို့တွင် “အာဏာရှင်ဆိုတာ ဘယ်တော့မှအရှင်မထွက်ဘူး” ဆိုတဲ့ခေါင်းစဉ်ဖြင့် ချီတက်ဆန္ဒ ပြသည်။ ရတနာပုံတက္ကသိုလ်ကျောင်းသားများကလည်း “ဖက်စစ်စစ်တပ်ဖြုတ်ချရေးနဲ့ စစ်ကျွန် ပညာရေးအလိုမရှိ” ကြောင်း မန္တလေးမြို့တွင်း လှည့်လည်ဆန္ဒပြသည်။

§  ကလေးမြို့ခံများကလည်း ချီတက်ဆန္ဒပြကာ စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးမြို့၊ မကွေးတိုင်း မြိုင်မြို့၊ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နှင့် တနင်္သာရီတိုင်းလောင်းလုံမြို့တို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ကြသည်။

§  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ ပြန်ကြားရေး ဗဟိုအတွင်းရေးမှူး ဦးအောင်ရှင်(မုံရွာအောင်ရှင်) သည် ထောင်မှ ပြန်လည်လွတ်မြောက်ပြီးနောက်မကြာခင် နိုဝင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခွဲခန့်က ရန်ကုန်မြို့နေအိမ်တွင် နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားခဲ့ ကြောင်း မီဒီယာများက ဖော်ပြသည်။

§  ထားဝယ်တက္ကသိုလ် ပထမနှစ်(သင်္ချာ) ကျောင်းသားတစ်ဦးဖြစ်သည့် ကိုဇင်လင်းဦးအပါအဝင် ကျောင်းသား ၄ ဦးကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၂၈ ရက် နံနက် ၂ နာရီခန့်တွင် အင်အားသုံး ဖမ်းဆီးခဲ့ကြောင်း MPA သတင်းဌာနကဖော်ပြသည်။

§  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၂၇ ရက် ယမန်နေ့ ညနေပိုင်း က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် နိုဝင်ဘာလ ၂၈ ရက်နေ့ ယနေ့မနက်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ ညနေပိုင်းလေးနာရီခွဲခန့်မှ စတင်ပြီး‌ညောင်လှကျေးရွာနှင့် အနီးတဝိုက်တွင် ရဟတ်ယာဉ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာဒေသခံ ငါးဦးထက်မနည်းသေဆုံးနိုင်ကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့များ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။


နိုဝင်ဘာ (၂၉) ရက်၊ ၂၀၂၁

 

§  အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကိုတော်လှန်နေသည့် လူငယ်များက ရန်ကုန်လူထု သပိတ်ကို ရန်ကုန်မြို့တစ်နေရာတွင်ပြုလုပ်သည်။

§  သြစတြေးလျအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုရံပုံငွေများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်နေသည့်အထဲ မြန်မာစစ်တပ် နှင့် ဆက်နွယ်မှုရှိသည့် စစ်လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီများလည်း ပါဝင်နေကြောင်း ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ဖော်ပြောကြားချက်ကို မီဒီယာများကဖော်ပြသည်။

§  သြစတြေးလျအစိုးရလက်အောက်ခံ Future Fund က ကြီးကြပ်ရင်းနှီးမြှုပ်နှံနေသည့်ရံပုံငွေ ဒေါ်လာ ၁၅၈ သန်းထဲတွင် မြန်မာစစ်တပ်ကို တိုက်လေယာဉ်များ ရောင်းချပေးနေသည့် စစ်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီအပါအဝင် အများပြည်သူရင်းနှီးမြှုပ်နှံနိုင်သည့် ကုမ္ပဏီပေါင်း ၁၄ ခု ပါဝင်သည် ဆိုသည်ကို အများပြည်သူ သတင်းအချက်အလက် လွတ်လပ်ခွင့်ရရှိရေးဆိုင်ရာ ဥပဒေ (FOI) အရ တောင်းဆိုရရှိထားသည့် အထောက်အထားများတွင် တွေ့ရကြောင်း တက်ကြွလှုပ်ရှားသူများ၏ ပြောကြားချက်ကိုလည်း ဖော်ပြသည်။

§  နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခံထားရသော ကလေး PDF တပ်ရင်း ၃ မှ ဆေးတပ်သား အမျိုးသမီး ၉ ဦးကို စစ်အုပ်စုက ကလေးထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကလေးမြို့ PDF အဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်ကို Burma VJ သတင်းဌာနက ဖော်ပြသည်။


နိုဝင်ဘာ (၃၀) ရက်၊ ၂၀၂၁

 

§  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က မတရားစွဲဆိုထား သည့်အမှုသုံးခုအတွက် ယနေ့တွင် အမိန့်ချရန်ရှိသော်လည်း လာမည့်ဒီဇင်ဘာလ ၆ ရက်နေ့သို့ ရွှေဆိုင်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်သမ္မတ၊ ဒေါက်တာမျိုးအောင်တို့ သုံးဦးအပေါ် စွဲဆိုထားသည့် သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့အတွက် ယနေ့နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အမိန့်ချရန် မူလကလျာထားခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရှိရမှုကို မီဒီယာများက ဖော်ပြသည်။

§  ရန်ကုန်မြို့လယ်ရှိ ဖရေဇာလမ်းပေါ်တွင် 'Antifascist - Action' ဆိုသည့် ဘန်နာကိုင်ဆောင်ပြီး ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကို နိုဝင်ဘာ ၃၀ ရက်နေ့က ပြုလုပ်သည်။ အဆိုပါလှုပ်ရှားမှုကို GSC နှင့် ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ မင်္ဂလာတောင်ညွန့်မြို့နယ်သပိတ်ကော်မတီ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်လူငယ်သပိတ်ကော်မတီ၊ တာမွေမြို့နယ်သပိတ်ကော်မတီ၊ သာကေတ မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း MPA သတင်းဌာနက ဖော်ပြသည်။

§  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဦးဆောင်ခဲ့သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ထားထားလင်းကို အကြမ်း ဖက်စစ်တပ်က အဂတိလိုက်စားမှုဥပဒေဖြင့် မတရားအမှုဖွင့်ထားကြောင်း သိရသည်။ ဒေါက်တာ ထားထားလင်းနှင့်အတူ ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ငြိမ်းဒေါက်တာစိုးဦးကို အကြမ်း ဖက်စစ်တပ်က နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် အဂတိလိုက်စားမှုဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

§  ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ဧရာရပ်ကွက်က ပြည်နယ်တရားလွှတ်တော်ရုံးဝင်းအတွင်းတွင် အသံမိုင်းတလုံး ပေါက်ကွဲသည်။

§  တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်း ရေးမှူးဖြစ်သူ ကိုထူးမြတ်လွင်နှင့်အတူ လူငယ်နှစ်ဦးကို ဘုမ္မော်ရပ်ကွက်ရှိ ၎င်းတို့နေထိုင်ရာ နေအိမ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း၌ အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖမ်းဆီးကြောင်း မီဒီယာများက ဖော်ပြသည်။

Download PDF