ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း
(၁) ကို အခြေခံ၍
စုစည်းသုံးသပ်ချက်စာတမ်း
နိဒါန်း
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အခြေခံမူများသည် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ စနစ်တို့ကို အခြေခံသော
ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ၊ ယုံကြည် ချက်များ၊ မျှော်မှန်းချက်များနှင့်
စံတန်ဖိုးတို့ကို ပေါင်းစပ်ထားသည့် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အင်္ဂါရပ်တခုပင်ဖြစ်သည်။
ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အခြေခံမူ များသည် ပြည်ထောင်စုနိုင်ငံသစ်တခုကို
ပူးပေါင်းဖွဲ့စည်းရန် သဘောတူချုပ်ဆိုထားသော ပဋိညာဉ် စာချုပ်၏ အခြေခံယုံကြည်ချက်များအပေါ်တွင်
အခြေခံထားရမည် ဖြစ်ပါသည်။
ယနေ့အချိန်အထိ ပြည်ထောင်စုမြန်မာနိုင်ငံတွင်
ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုကို ရေးဆွဲပြ ဌာန်း၍ ကျင်းသုံးခဲ့ပါသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည်
ပင်လုံစာချုပ်နှင့် ဗိုလ်ချုပ် အောင်ဆန်း၏ လမ်းညွှန်မူ (၇) ချက်အပေါ်
အခြေခံ၍ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်ဟုဆိုသော်လည်း
"ပြည်ထောင်စု၏အခြေခံမူများ" ကို စနစ်တကျ ဖော်ထုတ်ရေးဆွဲပြဋ္ဌာန်း ခြင်း မရှိသည့်အပြင်
"ပြည်နယ်-ပြည်မ" ပြဿနာကြောင့်
"ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်" (Form of the Union) ဆိုင်ရာပြဿနာကိုလည်း ပြေလည်အောင်
ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။
၁၉၇၄ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မ.ဆ.လ တပါတီ အာဏာ ရှင်စနစ်ကို စနစ်တကျထူထောင်ရန်
ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင်
ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း စစ်အာဏာရှင်စနစ်ကို အခြေခံသော
ပြည်ထောင်စုအမည်ခံ အမျိုးသားနိုင်ငံတော် ထူထောင်ရေးကို ဦးတည်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသာ ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏
စစ်အာဏာရှင်စနစ် ထူထောင်ရေး လမ်းစဉ်ကြောင့် ၂၀၂၀ နိုဝင်ဘာလတွင်
ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်နှင့် ဒီမို ကရေစီကျင့်စဉ်တရားများကို လစ်လျူရှု၍
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ဖော်ထုတ်ရေး ကြိုးပမ်းမှုများ
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်
ချုပ်ဆိုခဲ့ပါသည်။ ပင်လုံစာချုပ်၏ အရေးအကြီးဆုံးသောအချက်များမှာ - ထိုစဉ်က
တောင်တန်းဒေသများဟု ခေါ်ဆိုခဲ့သော ပြည်ထောင် စုအဖွဲ့ဝင်ပြည်နယ်များကို
ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အပြည့်အဝပေးရမည် ဆိုသောအချက် (Full Autonomy) နှင့် ထိုဒေသများတွင် ဒီမိုကရေစီ ကျင့်သုံးရမည်
ဆိုသော အချက်များပင်ဖြစ်ပါသည်။ သို့ရာတွင်
ပင်လုံစာချုပ်ချုပ်ဆိုခဲ့စဉ်တုန်းက မျှော်မှန်းခဲ့သော အခြေခံမူ များကို စနစ်တကျ ဖော်ထုတ်၍ "ပြည်ထောင်စုအခြေခံမူများ"
အဖြစ် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ရေးဆွဲပြဋ္ဌာန်းနိုင်ခြင်း မရှိခဲ့ဘဲ
လက်တွေ့ကျင့်သုံးရာတွင် တပြည်ထောင်စနစ်ကို အခြေခံ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ
ဖြစ်သွားခဲ့ပါသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း
ပြည်တွင်းစစ်ပြဿနာများကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ
ကို ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။
၁၉၆၁ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင်
ရှမ်းပြည်နယ်အစိုးရက ဦးဆောင်ကျင်းပခဲ့သော ရှမ်းပြည်နယ်၊
ပြည်လုံးကျွတ်ညီလာခံတရပ်တွင် "ပြည်ထောင်စုမြန်မာနိုင်ငံ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း" ကို တင်သွင်းပြီး ထိုစာတမ်းတွင် "ပြည်နယ်များသည် ဗမာပြည်မနှင့် တန်းတူ ညီမျှသော အခွင့်အရေးများ
ခံစားခွင့်မရှိသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်" ဟုဖော်ပြပြီး
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ တခုလုံးတွင် -
(၁) ဖွဲ့စည်းပုံစနစ်တွင်သော်လည်းကောင်း၊
(၂) အာဏာနှင့်
အခွင့်အရေးခွဲဝေမှုတွင် သော်လည်းကောင်း၊
(၃) ပါလီမန်ဖွဲ့စည်းပုံစနစ်တွင်
သော်လည်းကောင်း၊
(၄) ပြည်ထောင်စုအခွန်တော်နှင့်
ဘဏ္ဍာခွဲဝေသုံးစွဲမှုစနစ်တွင် သော်လည်းကောင်း၊ ချို့ယွင်းချက်များရှိပြီး
ပြည်နယ်များ နစ်နာလျက်ရှိသည်ဟု ထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထက်ဖော်ပြပါ ကဏ္ဍ
(၄) ခုတွင် သာမက "ပြည်နယ်များ လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေး (Complete Autonomy)" ရရှိရေး အတွက် အောက်ပါအတိုင်း တောင်းဆိုခဲ့သည်။
"အသစ်ပြုပြင်ဖွဲ့စည်းမည့် မြန်မာပြည်ထောင်စုသည်
ပြည်ထောင်စုစစ်စစ်ဖြစ်လေရာ၊ ပြည်နယ်တိုင်းသည် ဗဟိုပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်
မဆန့်ကျင်သော သီးခြားပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရရှိရမည့်အပြင်၊
သီးခြားဥပဒေပြုလွှတ်တော်၊ သီးခြားအစိုးရ၊ သီးခြားတရားရုံးများ ထားရှိရပေမည်" ဟု တင်ပြတောင်းဆိုခဲ့သည်။
ရှမ်းပြည်နယ်အစိုးရက
"ရှမ်းမူ" ဟု သမိုင်းတွင်ကျန်ရစ်သည့် "ပြည်ထောင်စုစစ်စစ်မူ"
ကို တင်ပြတောင်းဆိုပြီး၊ ထိုကိစ္စရပ်များကို
အခြားတိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေး၍ ၁၉၆၁ ဇွန်လ
(၈) ရက်မှ (၁၆) ရက်နေ့အထိ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင်
"ပြည်နယ်ပေါင်းစုံညီလာခံ" တရပ်ကို ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင်
ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသော ကချင်၊ ချင်းနှင့် ရှမ်းလူမျိုးများ သာမက ကရင်၊ ကယား၊ မွန်နှင့်
ရခိုင်လူမျိုးတို့ လည်း တက်ရောက်ခဲ့ကြပါသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည်
တောင်ကြီးညီလာခံတွင် အောက်ပါအဆို (၅) ရပ်ကို တင်ပြခဲ့ကြပါသည်။ ယင်းတို့မှာ-
(၁) ပြည်နယ်များ
ညီညွတ်ရေးအဆို
(၂) ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးဆွဲရေးအဆို
(၃) ပြည်ထောင်စုအမျိုးသားညီလာခံ
ကျင်းပရေးအဆို
(၄) မွန်၊
ရခိုင်နှင့် ချင်းပြည်နယ်များ ဖွဲ့စည်းရေးအဆို
(၅) နယ်ချဲ့ဆန့်ကျင်ရေးအဆိုတို့
ဖြစ်ပါသည်။
တောင်ကြီးညီလာခံတွင်
ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အောက်ပါတောင်းဆိုချက် (၅) ရပ် ကိုလည်း ဆုံးဖြတ်ချက်
ချမှတ်တောင်းဆိုနိုင်ခဲ့ပါသည်။
(၁) ပြည်မကို
ပြည်နယ်တနယ် ဖွဲ့စည်းရေး
(၂) လွှတ်တော်
(၂) ရပ်ကို အာဏာတူပေးရေး
(၃) လူမျိုးစုလွှတ်တော်သို့
ပြည်နယ်တိုင်းက တူညီသော ကိုယ်စားလှယ်စေလွှတ်ရေး
(၄) ပြည်နယ်များက မိမိတို့ဆန္ဒအလျောက် လွှဲအပ်ထားသော အာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေး
(၅) ပြည်နယ်တိုင်းသည် ဗဟိုပြည်ထောင်စု
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သော သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေများ
ရရှိရမည့်အပြင် သီးခြား ဥပဒေလွှတ်တော်၊ သီးခြားအစိုးရ၊
သီးခြားတရားရုံးများ ထားရှိရေး ဆိုသောအချက်များကို တောင်းဆိုခဲ့ပါသည်။
တောင်ကြီးညီလာခံတွင်
"ပြည်ထောင်စုအမျိုးသားညီလာခံ ကျင်းပရေး" အဆိုအရ- ၁၉၆၂ ဖေဖော်ဝါရီလ (၂၄)
ရက်နှင့် မတ်လ (၁) ရက်နေ့များတွင်
"ဖက်ဒရယ်နှီးနှောဖလှယ်ပွဲ" ကို ကျင်းပနိုင်ခဲ့ပါသည်။ ထို
"ဖက်ဒရယ်နှီးနှောဖလှယ်ပွဲ" ၏ နောက်ဆုံးအစီအစဉ်ကို မတ်လ (၆) ရက် နေ့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ "ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်" အခွင့်အရေးများကို အခြေခံသော ပြည်ထောင်စုတည်ဆောက် ရေး ကြိုးပမ်းမှုကို ပိတ်ပင်ဟန့်တားရန်
ရည်ရွယ်ချက်ဖြင့် မဟာလူမျိုးကြီးဝါဒီ စစ်ဗိုလ်ချုပ်များက နိုင်ငံတော်အာဏာကို ၁၉၆၂ မတ်လ (၂) ရက်နေ့တွင်
မတရားသိမ်းပိုက်ခဲ့ပါသည်။ ဤသို့ဖြင့် ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
"ပြည်ထောင်စုအခြေခံမူ" များ ဖော်ထုတ်ရေး ကြိုးပမ်းမှုသည် လည်း ကာလအတိုင်းအတာတခုအထိ ရပ်တန့်သွားခဲ့ပါသည်။
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ကာလအတွင် ပြည်ထောင်စုတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်" (NLD) နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ (၂၁)
ပါတီတို့ စုပေါင်းဖွဲ့စည်းထားသော
"ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်" (UNLD) တို့မှ ၁၉၉၀ ဩဂုတ်လ (၂၉) ရက်နေ့တွင် "ဗိုလ်အောင်ကျော်လမ်းကြေညာချက်" ကို ပူးတွဲထုတ်ပြန်
ခဲ့ကြပါသည်။ ဗိုလ်အောင်ကျော်လမ်းကြေညာချက်တွင် “တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေး
တန်းတူညီမျှမှု၊ နိုင်ငံရေးတန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရမည့်အပြင်
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို
တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာ ထူထောင်ရန် လိုအပ်ကြောင်း၊
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တညီတညွတ်တည်း
သဘောတူကြသည်” ဟု ဖော်ပြခဲ့ပါသည်။
ရှစ်လေးလုံးအရေးတော်ပုံကြီးဖြင့်
ဒီမိုကရေစီအရေးတော်ပုံကြီးကို တနိုင်ငံလုံး အတိုင်းအတာ ဖြင့် လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သော်လည်း
၁၉၈၉ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်သည့် တပ်မတော်မှ နိုင်ငံတော်အာဏာကို
ပြန်လည်သိမ်းပိုက်ခဲ့ပါသည်။ ထိုကဲ့သို့ စစ်အာဏာသိမ်းမှုကြောင့်
ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့ကြသော ကျောင်းသားလူငယ်များ၊
အမျိုးသမီးများနှင့် နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များသည် ဒီမိုကရေစီရေး၊
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ
အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာ
လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေကြသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း အသီးသီးသို့ ရောက်ရှိ လာခဲ့ကြပါသည်။
ထိုကဲ့သို့
လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ကြသည့် ဒီမိုကရေစီအင်အားစုများနှင့်
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများသည် ဖက်ဒရယ်တည် ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို
အကြိမ်ကြိမ်ကျင်းပ၍ အဆင့်ဆင့်သော သဘောတူညီ ချက်များကို
လက်မှတ်ရေးထိုးရယူနိုင်ခဲ့ကြပါသည်။ ထိုသဘောတူချက်များအနက် ထင်ရှားသော
ညီလာခံသဘောတူညီချက်များမှာ -
(၁) ၁၉၉၂
ဇူလိုင် (၃၁) ရက်တွင် သဘောတူချုပ်ဆိုခဲ့သော မာနယ်ပလော သဘောတူ စာချုပ်
(၂) ၁၉၉၇
ဇန်နဝါရီ (၁၄) ရက်တွင် သဘောတူချုပ်ဆိုခဲ့သော မယ်သရောထာ သဘောတူ ညီချက်
(၃) ၁၉၉၈
ဒီဇင်ဘာ (၁၄) ရက်တွင် သဘောတူချုပ်ဆိုခဲ့သော သူးမွဲကလိုး သဘောတူ ညီ ချက်များ ဖြစ်ကြပါသည်။
၂၀၀၅
ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် "အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရာတွင် အခြေခံရမည့် လမ်းညွှန်ချက် (၈)
ချက်ကို ခေါင်းဆောင်ကိုယ်စားလှယ် (၁၀၆) ဦးတို့က တညီတညွတ်တည်း လက်မှတ်ရေးထိုး သဘောတူနိုင်ခဲ့ကြပါသည်။
ထို
"အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံရမည့် လမ်းညွှန်မူ (၈)
ချက်" မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) အချုပ်အခြာအာဏာ (Sovereign Power)
နိုင်ငံ၏အချုပ်အခြာအာဏာဟူသမျှတို့သည်
ပြည်သူလူထုထံမှသာ ဆင်းသက်စေရ မည်။
(၂) တန်းတူရေး (Equality)
တိုင်းရင်းသားလူမျိုးတိုင်းသည်
နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ တန်းတူ ရည်တူ အခွင့်အရေး ရှိစေရမည်။
(၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)
တိုင်းရင်းသားလူမျိုးတိုင်းသည်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီးတွင်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိစေရမည်။
(၄) ဖက်ဒရယ်ပြည်ထောင်စုမူများ (Federal Principles)
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
အပြည့်အဝရှိသော ပြည်နယ်များဖြင့် ဖွဲ့စည်းမည့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရမည်။
ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်နှစ်ရပ် ထားရှိရ မည်။
(၅) လူနည်းစုများ၏အခွင့်အရေးများ (Minority Rights)
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်း
နေထိုင်ကြသော တိုင်းရင်းသားလူနည်းစု များ၏ အခွင့်အရေးများအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင်
အတိအလင်း ကာကွယ် ပြဋ္ဌာန်းပေးရမည်။
(၆) ဒီမိုကရေစီအခွင့်အရေး၊
အခြေခံလူ့အခွင့်အရေးများနှင့် ကျားမဆိုင်ရာ တန်းတူညီမျှမှု များ (Democracy, Human Rights and Gender Equality)
ဘာသာအယူဝါဒ၊
အသားအရောင်၊ လိင်ကွဲပြားမှုများကို အခြေခံသော ခွဲခြားဆက်ဆံ ခြင်း မရှိစေဘဲ အခြေခံလူ့အခွင့်အရေးများ၊
ဒီမိုကရေစီအခွင့်အရေးများကို ကာကွယ် ပြဋ္ဌာန်းပေးရမည်။
(၇) ဘာသာရေးကို အခြေမခံသောနိုင်ငံ (Secular State)
ဘာသာရေးကို
အခြေမခံသော နိုင်ငံတော် ဖြစ်စေရမည်။
(၈) ပါတီစုံဒီမိုကရေစီစနစ် (Multi-party Democracy System)
ဖက်ဒရယ်ပြည်ထောင်စုတွင်
ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးစေရမည်။
အထက်ပါ လမ်းညွှန်အခြေခံမူ (၈) ချက်ကို
အခြေခံ၍ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ
(၁၂) ရက်နေ့တွင် ဖက်ဒရယ်ပြည်ထောင်စု
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC) က ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။
သို့သော်လည်း
န.အ.ဖ စစ်အစိုးရမှ ပြည်သူလူထု၏ ဆန္ဒသဘောထားမပါဘဲ ၂၀၀၈ ခုနှစ် မေလ (၂၉) ရက်နေ့တွင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းခဲ့ပါသည်။
၂၀၁၅ အောက်တိုဘာ (၁၅) ရက်နေ့တွင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့်
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၈) ဖွဲ့ (နောက်ပိုင်း ၁၀ ဖွဲ့ ဖြစ်သွားခဲ့သည်) တို့ သဘောတူချုပ်ဆိုထားသော
"တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်" (NCA) အရ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို
ကျင်းပပြုလုပ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အစည်းအဝေးများကို ကျင်းပခဲ့ပါသည်။
ထိုကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည်
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သော
ဒီမိုကရေစီအခြေခံမူများနှင့် ဖက်ဒရယ်အခြေခံမူများကို ဖော်ထုတ်၍၊ ထိုကဲ့သို့
နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် သဘောတူထားသော အခြေခံမူများကို
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အစည်းအဝေးများတွင် "ပြည်ထောင်စုသဘော တူစာချုပ်" အဖြစ် ချုပ်ဆိုနိုင်ရေးပင်
ဖြစ်ပါသည်။ ပြည်ထောင်စုသဘောတူစာချုပ်
ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်မှာ "ပြည်ထောင်စုသဘောတူစာချုပ်" တွင်
ပါရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံ မူများကို အခြေခံ၍
"နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေအရပ်ရပ်ကို ပြင်ဆင်ခြင်း၊
ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်း" များ ပြုလုပ်ရန် ဖြစ်ပါသည်။
သို့ရာတွင်
ပြည်ထောင်စုသဘောတူစာချုပ် ဖြစ်ပေါ်လာသည်အထိ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်မှ နိုင်ငံ့အာဏာကို
မတရားသိမ်းပိုက်ခဲ့သဖြင့် "ပြည်ထောင်စုသဘောတူစာချုပ်" ဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ
အခြေခံမူများ ဖော်ထုတ်ရေး လုပ်ငန်းစဉ်သည်လည်း တခန်း ရပ်သွားခဲ့ပါသည်။
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်
"နွေဦးတော်လှန်ရေး" တွင်မူ ပြည်ထောင်စုတဝှမ်းလုံးရှိ
တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက စုစည်းညီညွတ်စွာဖြင့် "ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး" ဟူ၍ ကြွေးကြော်လာကြပါသည်။
နွေဦးတော်လှန်ရေး၏
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကြွေးကြော်သံ နှင့်အတူ စစ်အာဏာသိမ်းမှုကို အန်တုဆန့်ကျင်သည့်
အင်အားစုအသီးသီးပူးပေါင်း၍ ၂၀၂၁ မတ်လ (၃၁) ရက်နေ့တွင်
"ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂)
တို့ကို
တညီတညွတ်တည်း ထုတ်ပြန်နိုင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင်
ပြင်ဆင်ဖြည့်စွက်ချက်များ နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)
နှင့် အစိတ်အပိုင်း (၂) တို့ကို ထပ်မံထုတ်ပြန်နိုင်ခဲ့ပါသည်။ "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" အစိတ်အပိုင်း (၁) တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ (၅) ချက်နှင့် အခြေခံမူဝါဒများ (၆၄) ချက်တို့ ပါဝင်သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ
ပြည်ထောင်စု၏
စံတန်ဖိုးများ
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊
အပိုင်း (၁) တွင် ပြည်ထောင်စု၏ စံတန်ဖိုးများကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။
(က) အခြေခံလူ့အခွင့်အရေး (Fundamental Human
Rights)
(ခ) ဒီမိုကရေစီအခွင့်အရေး (Democratic Rights)
(ဂ) တိုင်းရင်းသားလူနည်းစုအခွင့်အရေး (Ethnic Minority Rights)
(ဃ) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
(Equality and Self-Determination)
(င) စုပေါင်းခေါင်းဆောင်မှု (Collective
Leadership)
(စ) စုံလင်ကွဲပြားမှုကို
အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်း (Pluralism, Mutual Respect and Mutual
Recognition)
(ဆ) သဟဇာတဖြစ်ခြင်းနှင့်
မတူကွဲပြားမှုကို လက်ခံသော ညီညွတ်ခြင်း (Unity in Diversity)
(ဇ) ဂျန်ဒါ တန်းတူရေး
(Gender Equality)
(ဈ) ခွဲခြားဆက်ဆံမှုမရှိခြင်း
(လူမျိုး၊ ကိုးကွယ်မှုယုံကြည်မှု၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကျား/မ၊
မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှု) (Non-Discrimination)
ဖော်ပြပါ စံတန်ဖိုးများအနက် အခြေခံလူ့အခွင့်အရေးကို ထည့်သွင်းခြင်းသည် အနာဂတ်
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ကြီးမားသော အရွေ့တခုဖြစ်ပေမည်။ အဘယ့်ကြောင့်
ဆိုသော် ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် နိုင်ငံသားဖြစ်သူများ၏ အခွင့်အရေးကိုသာ
အဓိက ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံသားမဟုတ်သူများ၏ အခြေခံလူ့အခွင့်အရေးများကို
ဥပေက္ခာပြုခဲ့ကြသည်။ အနာဂတ်တွင် ကမ္ဘာ့အလယ်၌ လူ့အခွင့်အရေးနှင့် ပတ်သက်၍
နိမ့်ကျခဲ့သော ပုံရိပ်များကို ပြန်လည် မြှင့်တင်နိုင်မည့် အခွင့်အလမ်းဖြစ်ပေမည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊
အပိုင်း (၂) တွင် လမ်းညွှန်အခြေ ခံမူများကို အောက်ပါအတိုင်းဖော်ပြထားပါသည်။
(က) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့်
ယင်းပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏
မူရင်းပိုင်ရှင်များဖြစ်ကြသည်။
(ခ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်
အဝရှိသော ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များအားလုံး (ဖက်ဒရယ်ယူနစ်အားလုံး) တို့သည်
နိုင်ငံရေးအရ တန်းတူသည်။
(ဂ) ပြည်ထောင်စုအဖွဲ့ဝင်
ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသည်။
(ဃ) အာဏာခွဲမှု
(Division of Powers)၊ သယံဇာတခွဲဝေမှု (Revenue Sharing) နှင့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်
(Fiscal Federalism) တို့ကို ကျင့်သုံးသည်။ ထိုသို့ခွဲဝေရာ တွင် ပြည်သူလူထုနှင့် အနီးကပ်ဆုံးအစိုးရအဆင့်က
လုပ်ဆောင်နိုင်သည်အထိ လုပ်ပိုင်ခွင့်ပြုသောစနစ် (Subsidiarity Principle) ကို
ကျင့်သုံး သည်။
(င) ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးနှင့်
ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့များအားလုံးသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ ကွပ်ကဲမှု နှင့် စီမံအုပ်ချုပ်မှုအောက်တွင်ရှိရမည်။ လူသားလုံခြုံရေးကို အခြေခံသည့် မူဝါဒ ကျင့်သုံးရမည်။
မျက်မှောက်ခေတ်
ဒီမိုကရေစီတိုင်းပြည် အများစုတွင် အချုပ်အခြာအာဏာနှင့် ပတ်သက်လျှင် နိုင်ငံသားများ
(သို့မဟုတ်) ပြည်သူလူထုထံမှ ဆင်းသက်လာသည်ဟု ဖော်ပြလေ့ရှိကြသည်။ ပြည်ထောင်စုအဖွဲ့ဝင်
ပြည်နယ်များနှင့် ယင်းပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာ အာဏာ၏
မူရင်းပိုင်ရှင်များ ဖြစ်ကြသည်ဟု ဆိုရာတွင် တည်ထောင်လတ္တံ့သော ပြည်ထောင်စုသည်
ပြည်နယ်များကို အခြေခံ၍ ထူထောင်ထားသော ပြည်ထောင်စုဖြစ်သည်ဟု မှတ်ယူနိုင်သည်။ ပြည်
ထောင်စုအဆင့် အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း လူဦးရေးအများစု၏
သဘောဆန္ဒထက် ပြည်နယ်တခုချင်းစီအလိုက် ဆန္ဒသဘောထားများကို ရယူရမည်ဟု ဆိုလိုပေမည်။
ပြည်ထောင်စုအဖွဲ့ဝင်
ပြည်နယ်များအားလုံးသည် နိုင်ငံရေးအရ တန်းတူသည်ဟု ဆိုရာတွင် အချိုးညီဖက်ဒရယ်စနစ် (Symmetrical
Federalism) ကို ကျင့်သုံးရမည်ဟု ဆိုလိုကြောင်း
အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေမည်။ အချိုးညီဖက်ဒရယ်စနစ်တွင် ပြည်နယ်များအားလုံးသည်
ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံရေးအာဏာများဖြစ်သော ဥပဒေပြုရေး၊
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို အသီးသီး ပိုင်ဆိုင်ကြရမည်ဖြစ်သည်။
အချိုးညီဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ရာတွင် အဓိက စိန်ခေါ်မှုမှာ
ပြည်နယ်သစ်များဖွဲ့စည်းရေးနှင့် ပြည်နယ်အရေးအတွက် သတ်မှတ်ခြင်း ဖြစ်လာ ပေလိမ့်မည်။
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ
ရေးဆွဲပြဌာန်းပိုင်ခွင့်သည် ခေတ်အဆက်ဆက် တောင်းဆို လာခဲ့သော ဖက်ဒရယ်ပြည်ထောင်စု၏
အခြေခံမူတရပ်ဖြစ်ပါသည်။
အာဏာခွဲဝေရေးသည် ဖက်ဒရယ်စနစ်၏
အဓိကအင်္ဂါရပ်တခု ဖြစ်သည်။ တိုင်းပြည်၏ အခြေအနေနှင့် လိုက်လျော်ညီထွေစွာ
အာဏာခွဲဝေနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာရမည် ဖြစ်ပါသည်။
သယံဇာတခွဲဝေရေး၊ ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့် Subsidiarity
Principle တို့သည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေသော
တိုင်းပြည်များတွင် အဆင့်ဆင့်ပြုပြင်ပြောင်းလဲ၍ စီမံခန့်ခွဲသော
ကဏ္ဍများဖြစ်သောကြောင့် နိုင်ငံတကာအတွေ့အကြုံများကို သင်ယူလေ့လာပြီး တိုင်းပြည်၏
အခြေ အနေနှင့် လိုက်လျောညီထွေဖြစ်အောင် ဖော်ဆောင်ရန် လိုအပ်ပါသည်။
ခေတ်အဆက်ဆက် အမြစ်တွယ်ရှင်သန်လာခဲ့သော
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေး နှင့် အနာဂတ်တွင်လည်း စစ်အာဏာရှင်စနစ်
မပေါ်ပေါက်စေရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို အရပ်သားအစိုးရ၏
ကွပ်ကဲမှုနှင့် စီမံအုပ်ချုပ်မှုအောက်တွင် ထားရှိရေးသည် အဓိကဖြစ်ပါ သည်။
မြန်မာပြည်အခြေအနေတွင် ဒီမိုကရေစီကျင့်စဉ်များအနက် အရေးပါဆုံးသော ကျင့်စဉ်တခု
ဖြစ်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများ
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊
အပိုင်း (၃) တွင် အခြေခံမူဝါဒ စုစုပေါင်း (၆၄) ချက်ကို ဖော်ပြထားပါသည်။
ယင်းအခြေခံမူများသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေ စီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ
ရေးဆွဲပြဌာန်းရာတွင် အခြေခံမူဆိုင်ရာ ပုဒ်မများ (Principle Articles) ဖြစ်လာမည်ဖြစ်ပြီး
ထိုအခြေခံမူဆိုင်ရာပုဒ်မများကို အခြေခံ၍ အကောင်အထည်ဖော် ဆောင်မှုဆိုင်ရာ ပုဒ်မများ
(Operative Articles) ကို ထပ်ဆင့်ရေးသားပြဌာန်းရပေမည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်တွင် ဖော်ပြထားသည့်
အခြေခံမူဝါဒများတွင် အောက်ပါကဏ္ဍ များပါဝင်ကြသည်။
(၁) ပြည်ထောင်စု၏
အသွင်သဏ္ဍာန်
ပြည်ထောင်စု၏ အသွင်သဏ္ဍာန်တွင်
အဓိကအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုကို ဒီမိုကရေစီရေး၊ တန်းတူရေးနှင့်
ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖြင့်
ဖွဲ့စည်းသည်ဟု ဖော်ပြထားပါသည်။ သို့ရာတွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို လူမျိုးကို
အခြေခံ၍ ဖွဲ့စည်းမည်လော၊ ပထဝီဝင်ကို အခြေခံ၍ ဖွဲ့စည်းမည်လော၊ ပြည်နယ်သစ်များ
ဖွဲ့စည်းခွင့် ရှိမည်လော စသည့် အကဲဆတ် သည့် အကြောင်းအရာကို
ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ ပြည်နယ်အတွင်းရှိ တိုင်းရင်း သားလူနည်းစုများ၏
အခွင့်အရေးကို နိုင်ငံရေးအရ ကာကွယ်ပြဌာန်းနိုင်ရေးအတွက် ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသများ ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း
ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ FCDCC ၏
ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ ဗမာပြည်နယ် ဖွဲ့စည်းရေး အပါအဝင် ပြည်နယ်သစ်များ
ထူထောင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် အမျိုးသားနယ်များ
ဖွဲ့စည်းခွင့်ကို ထည့်သွင်းဖော်ပြထားပါသည်။ အထက်ဖော်ပြပါ အကဲဆတ်သည့် ကိစ္စရပ်များ
သည် မဖြစ်မနေ ဆွေးနွေးညှိနှိုင်းအဖြေရှာ၍ အနာဂတ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်
ထည့်သွင်း ပြဌာန်းရပေမည်။
(၂) ပြည်ထောင်စု
အချုပ်အခြာအာဏာ
ပြည်ထောင်စု အချုပ်အခြာအာဏာတွင်
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်း ပြည်နယ်များအတွင်းရှိ အချုပ်အခြာအာဏာ၏
မူရင်းပိုင်ရှင်များဖြစ်ကြောင်း ထပ်မံဖော်ပြ ထားပါသည်။ ယင်းအပြင်
အာဏာပိုင်းခြားကျင့်သုံးရေး (Separation of Power) နှင့် အပြန် အလှန်ထိန်းကျောင်းရေး
(check and balance) ရှိရမည်ဟု ဖော်ပြထားပါသည်။ ပြည်ထောင်
စုအာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူပြုအာဏာ တို့ကို သတ်မှတ်ပြဌာန်းရန်နှင့် ကြွင်းကျန်
အာဏာ (Residual Power) ကို ပြည်နယ်များက ပိုင်ဆိုင်ကြောင်း
ဖော်ပြထားပါသည်။ ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူပြုအာဏာ တို့ကို အသေးစိတ်
ဆွေးနွေး ညှိနှိုင်းပြီး အခန်းတခု အနေဖြင့် သို့မဟုတ် နောက်ဆက်တွဲအဖြစ် အနာဂတ်
ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ထည့်သွင်းဖော်ပြရန် လိုအပ်ပေမည်။ သို့မှသာ
ပြည်ထောင်စုနှင့် ပြည်နယ်အကြား ဖြစ်ပေါ်လာနိုင်သည့် အာဏာကျင့်သုံးခြင်းဆိုင်ရာ
ပဋိပက္ခများကို လျော့ချနိုင်ပေမည်။
(၃) ပြည်ထောင်စု
ဥပဒေပြုရေး
ပြည်ထောင်စုဥပဒေပြုရေးကို အာဏာတူသည့်
လွှတ်တော် (၂) ရပ်ဖြင့် ဖွဲ့စည်းရမည် ဟု ဖော်ပြထားပါသည်။ ဖက်ဒရယ်အောက်လွှတ်တော်ကို
မြို့နယ်နှင့် လူဦးရေကို အခြေခံ၍ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်များဖြင့်
ဖွဲစည်းရန်နှင့် ဖက်ဒရယ်အထက်လွှတ် တော်ကို ပြည်နယ်အသီးသီး ဦးရေတူစေလွှတ်သော
ကိုယ်စားလှယ်များဖြင့် ဖွဲစည်းရမည်ဟု ဖော်ပြထားပါသည်။ အာဏာတူ လွှတ်တော် (၂) ရပ်
ကျင့်သုံးခြင်း ဆိုသည်မှာ ဥပဒေပြဋ္ဌာန်း ရာတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့သည်
ဥပဒေကြမ်းများကို သီးခြားစီ ဆွေးနွေး၍ သီးခြားစီမဲပေးဆုံးဖြတ်ပြီး လွှတ်တော် (၂) ရပ်စလုံး၏ သဘောတူဆုံးဖြတ်ချက် ရရှိမှသာ ဥပဒေအဖြစ်
ပြဌာန်းပိုင်ခွင့်ရှိရမည်ဟု ရှင်းလင်းတိကျစွာ ထပ်မံဖော်ပြရန် လိုအပ် ပေမည်။
သို့မဟုတ်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရ ကျင့်သုံးခဲ့သည့် လွှတ်တော် (၂) ရပ်
ပေါင်း၍ ပြည်ထောင်စုလွှတ်တော်ကို ခေါ်ယူကျင်းပပြီး ဥပဒေများ ပြဌာန်းသည့် အခြေအနေ
မျိုး ဖြစ်သွားနိုင်သည်။ ထိုကဲ့သို့ လွှတ်တော် (၂) ရပ်ပေါင်းပြီး
ပြည်ထောင်စုလွှတ်တော် ကျင်းပ၍ ဥပဒေများ ပြဌာန်းပါက လွှတ်တော် (၂) ရပ်စနစ်ကို
ကျင့်သုံးရခြင်း၏ အနှစ်သာရ ရှိတော့မည်မဟုတ်ပေ။
(၄) ပြည်ထောင်စု
အုပ်ချုပ်ရေး
ဖက်ဒရယ်ပြည်ထောင်စု၏ အုပ်ချုပ်ရေးစနစ်သည်
ဝန်ကြီးချုပ်ဦးဆောင်သော ပါလီမန်စနစ်ဖြစ်ပြီး ပြည်ထောင်စုဦးသျှောင်အဖြစ် သမ္မတကို
ထားရှိရမည်ဟု ဖော်ပြထားပါ သည်။ ပါလီမန်စနစ်တွင် ဝန်ကြီးချုပ်ကို လူဦးရေကို အခြေခံ၍
ဖွဲ့စည်းထားသည့် အောက် လွှတ်တော်မှ ရွေးချယ်တင်မြှောက်လေ့ရှိသည်။ သမ္မတ
ရွေးချယ်တင်မြှောက်ခြင်း အပါအဝင် ဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့်အာဏာနှင့် သမ္မတ၏
လုပ်ပိုင်ခွင့်အာဏာတို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အသေးစိတ်
ထည့်သွင်းပြဌာန်းရန် လိုအပ်ပေမည်။
(၅) ပြည်ထောင်စု
တရားစီရင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး
ပြည်ထောင်စုတရားစီရင်ရေးတွင်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေဆိုင်ရာ
တရားရုံးတို့ကို ဖွဲ့စည်းထူထောင်ရန်နှင့် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေသည်
တိုင်းပြည်၏ အမြင့်ဆုံးဥပဒေဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဖက်ဒရယ်
ဒီမိုကရေစီပဋိဉာဉ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည်
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းမည့်
တရားရုံးဖြစ်သောကြောင့် တိုင်းပြည်၏ အမြင့်ဆုံး တရားရုံးဖြစ်ပေမည်။
(၆) ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကဏ္ဍတွင်
ပြည်နယ်များသည် ကိုယ်ပိုင်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ရေးဆွဲပြဌာန်းပိုင်ခွင့်ကို အာမခံထားပါသည်။ ထို့အပြင် ဒေသန္တရ အစိုးရများ၊
ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ပြည်နယ်ရုံးသုံး
ဘာသာစကားဆိုင်ရာ ကဏ္ဍတို့ကို ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာအဖြစ် ဖော်ပြထားပါ
သည်။ အထက်ပါ ပြဌာန်းချက်များအရ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ်များ ၏
အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါမည်။ ဒေသန္တရအဆင့်အစိုးရများ ဖြစ်ကြသော ခရိုင်၊
မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာအထိ အဆင့်ဆင့်သော
အစိုးရများကို ဖွဲ့စည်းခြင်းနှင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာ
သတ်မှတ်ခြင်းတို့ကို ပြည်နယ်များက ဆောင် ရွက်ရမည်ဖြစ်ပါသည်။ ပြည်နယ်အတွင်းရှိ
တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို နိုင်ငံရေးအရ ကာကွယ်ပေးမည့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖွဲ့စည်းခြင်းနှင့် အမျိုးသား နယ်မြေများ
သတ်မှတ်ခြင်း ကိစ္စရပ်များကိုလည်း ပြည်နယ်များက ဆောင်ရွက်ရမည်ဟု မှတ်ယူနိုင်ပါသည်။
ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို သက်ဆိုင်ရာ
ပြည်နယ်က အမှန်တကယ် ဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုဖွဲ့စည်းပုံ
အခြေခံဥပဒေအားဖြင့် အခြေခံမူများကို သတ်မှတ်ပြဌာန်းရန် လိုအပ်ပေမည်။ အဘယ့်
ကြောင့်ဆိုသော် ပြည်နယ်တခု အတွင်းရှိ လူနည်းစုများသည် လူများစု၏
လွှမ်းမိုးချုပ်ကိုင်မှု အောက်သို့ ရောက်မသွားဟု အာမခံချက်
မရှိနိုင်သောကြောင့်ဖြစ်သည်။
(၇) လွတ်လပ်သောကော်မရှင်များ
ဖွဲ့စည်းရမည့် လွတ်လပ်သောကော်မရှင်များကို
ပြည့်စုံလုံလောက်စွာ ဖော်ပြထား သည်ကို တွေ့ရှိရပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အရ
အောက်ဖော်ပြပါ လွတ်လပ် သောကော်မရှင်များကို ဖွဲ့စည်းရမည်ဟု ဖော်ပြထားပါသည်။
(က) အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်
(ခ) ရွေးကောက်ပွဲကော်မရှင်
(ဂ) ခွဲခြားမှုပပျောက်ရေးနှင့်
လူ့အခွင့်အရေးကော်မရှင်
(ဃ) သတင်းအချက်အလက်
သိပိုင်ခွင့်ကော်မရှင်
(င) ဂျန်ဒါအခြေပြုအကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ
ကော်မရှင်
(စ) အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ အမှန်တရားနှင့် ပြန်လည် သင့်မြတ်ရေး
(ဆ) လူနည်းစုအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မရှင်
(ဇ) နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးကော်မရှင်
(ဈ) အမျိုးသမီးအခွင့်အရေးကော်မရှင်
(ည) ကလေးသူငယ်အခွင့်အရေးကော်မရှင်
(ဋ) အလုပ်သမားနှင့်လယ်သမားအခွင့်အရေးကော်မရှင်
(ဌ) တောင်သူလယ်သမားနှင့်
မြေယာဆိုင်ရာအခွင့်အရေးကော်မရှင်
(ဍ) ခြားနားစွမ်းသူများအခွင့်အရေးကော်မရှင်
(ဎ) လူငယ်ရေးရာကော်မရှင်
(ဏ) ဂျန်ဒါတန်းတူရေးကော်မရှင်
(၈) နိုင်ငံရေးနှင့်ဘာသာရေး
ဖက်ဒရယ်ပြည်ထောင်စုသည် နိုင်ငံရေးနှင့် ဘာသာရေး ရောယှက်ခြင်းမရှိသော၊
ဘာသာရေးကို အခြေမခံသော နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဟု
ဖော်ပြထားပါသည်။ မြန်မာ နိုင်ငံတွင် ခေတ်အဆက်ဆက်သော အစိုးရများသည် ဘာသာရေးအတွက်
တိုင်းပြည်၏ အခွန် ဘဏ္ဍာငွေများစွာကို အသုံးပြုခဲ့ကြသည်။ ဘာသာရေးသည် အစိုးရ၏
အသုံးချခံဖြစ်ခဲ့ပြီး ဘာသာရေးပဋိပက္ခများစွာကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
နိုင်ငံရေးဟူသည်မှာ ပြည်သူလူထုအတွက် တိုင်းပြည်၏ အခွန်ဘဏ္ဍာငွေများကို
နိုင်ငံရေးမဏ္ဍိုင်များ ဖြစ်ကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး
မဏ္ဍိုင်များကို အသုံးပြု၍ စီမံခန့်ခွဲခြင်းဟု နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့်
အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေးနှင့် ဘာသာရေး
ရောယှက်ခြင်းမရှိသော၊ ဘာသာရေးကို အခြေမခံသော နိုင်ငံရေးစနစ်ဆိုသည်မှာ ဘာသာရေး
အတွက် တိုင်းပြည်၏ အခွန်ဘဏ္ဍာငွေနှင့် အုပ်ချုပ်ရေးအာဏာများကို
အသုံးပြုခြင်းမရှိရဟု ရှင်းလင်းတိကျစွာ ဖော်ပြသင့်ပါသည်။
(၉) ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်စနစ်
ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်စနစ် ကဏ္ဍတွင်
အောက်ပါအတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်တွင် ဖော်ပြထားသည်။
(က) ပြည်ထောင်စုအဆင့် အစိုးရနှင့်
ပြည်နယ်အဆင့် အစိုးရများအကြား တိကျ၍ စည်းစနစ်ကျသော အခွန်ဘဏ္ဍာ
ကောက်ခံသည့်စာရင်းကို တိကျစွာ ဥပဒေပြု ပြဌာန်းထား ရမည်။ ပြည်ထောင်စုအခွန်ဘဏ္ဍာ
ကောက်ခံသော ယန္တရားနှင့်
ပြည်နယ်အခွန်ဘဏ္ဍာ ကောက်ခံသော ယန္တရားတို့
သီးခြားစီ ရှိရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုနှင့်
ပြည်နယ်တို့အကြား ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်း
(Fiscal Management and Sharing) ဆိုင်ရာဥပဒေများကို ရေးဆွဲပြဌာန်းရမည်။
ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ
ဘက်စုံညီမျှဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ သာတူညီမျှရေးအစီအစဉ်ကို
ရေးဆွဲပြဋ္ဌာန်းထားရမည်။
ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ်စနစ်တွင်
ပါဝင်သည့် အခွန်ဘဏ္ဍာကောက်ခံသည့် စာရင်များ ခွဲဝေခြင်း၊ အခွန်ဘဏ္ဍာငွေများ
မျှဝေခြင်း၊ အခွန်ဘဏ္ဍာငွေ
လွှဲပြောင်းခြင်း စသည့် ကိစ္စရပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အသေးစိတ်
ပြဌာန်းခြင်းထက် ပြည်ထောင်စုနှင့် ပြည်နယ်အကြား အာဏာခွဲဝေမှုကို အခြေခံ၍
ဥပဒေပြုလွှတ်တော်များနှင့် အစိုးရများအကြား ဆက်ဆံရေးတို့ မှတဆင့်
အကောင်အထည်ဖော်ဆောင်ရွက်လေ့ ရှိကြပါသည်။
(၁၀) မြေနှင့်
သဘာဝသယံဇာတ
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အရ မြေနှင့်
သဘာဝသယံဇာတ၏ မူရင်းပိုင်ရှင်သည် ပြည်နယ်အတွင်းနေထိုင်သော ပြည်နယ်သားများ
ဖြစ်ကြသည်။ မြေနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲ ခြင်းဆိုင်ရာဥပဒေများကိုလည်း
ပြည်နယ်များက ပြဌာန်းရမည်။ ပြည်နယ်အတွင်းရှိ သဘာဝသယံဇာတအရင်းအမြစ်များ စူးစမ်းရှာဖွေခြင်း၊
တူးဖော်ထုတ်လုပ်သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းနှင့် သယံဇာတမှ ရရှိသော ဘဏ္ဍာငွေ များကို သက်ဆိုင်ရာပြည်နယ်က စီမံခန့်ခွဲပိုင်ခွင့်နှင့်
အကျိုးခံစားပိုင်ခွင့် ရှိသည်ဟု
ဖော်ပြ ထားပါသည်။ ထို့အပြင် သဘာဝသယံဇာတ
အရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် သက်ဆိုင်ရာဒေသခံများ၏ သဘောဆန္ဒကို
ရယူရမည့်အပြင် ထိုဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း တိုက်ရိုက်အကျိုးပြုမှုရှိရမည်ဟု ဖော်ပြထားပါသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ မြေနှင့် သဘာဝသယံဇာတဆိုင်ရာ
ပြဌာန်းချက်များ သည် တိုင်းရင်းသားပြည်သူများမှ အစဉ်အဆက် တောင်းဆိုလာခဲ့သော
အချက်များ ဖြစ်ကြ သည့်အပြင် ကျိုးကြောင်းဆီလျော်သည့် ပြဌာန်းချက်များဖြစ်ပါသည်။
ပဋိပက္ခအလွန် ဖွံ့ဖြိုးမှု နောက်ကျသော တိုင်းပြည်များတွင် ဘဏ္ဍာရေးဆိုင်ရာ
အခက်အခဲများ ကြုံတွေ့ရလေ့ရှိကြ သည်။ ထိုအခြေအနေတွင် သဘာဝသယံဇာတမှ ရရှိသော
အခွန်ဘဏ္ဍာငွေ၏ အခန်းကဏ္ဍ ကြီးမားလေ့ရှိသည်။ ထို့ကြောင့် သဘာဝသယံဇာတမှ ရရှိလာသော
အကျိုးအမြတ်များကို ခွဲဝေရေး၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုကြောင့် ဖြစ်ပေါ်တတ်သော
သဘာဝပတ်ဝန်း ကျင် ယိုယွင်းမှုများကို ပြန်လည်ကုစားရေးဆိုင်ရာ ကိစ္စရပ်များကို
ပြည်နယ်တခုတည်းက သာမက ပြည်ထောင်စုနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော
အခြားပြည်နယ်များနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်ပါက သင့်လျော်ပေလိမ့်မည်။
(၁၁) အခြေခံအခွင့်အရေးများ
အခြေခံအခွင့်အရေးများ၊ တဦးချင်းအခွင့်အရေး၊
အစုအဖွဲ့လိုက်အခွင့်အရေး၊ စီးပွား ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အမျိုးသမီး၊
ကလေးသူငယ်၊ အလုပ်သမား၊ တောင်သူလယ်သမား၊ တိုင်းရင်းသားလူနည်းစုများ၊
သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် အထူးစီမံဆောင်ရွက်ရမည့် ကိစ္စရပ်များအားလုံးကို
လွှမ်းခြုံ၍ ဖက်ဒရယ်ဒီမို ကရေစီပဋိဉာဉ်တွင် ဖော်ပြထားပါသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ
အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များသည် တိုင်းပြည် ၏ အခြေအနေနှင့်
လိုက်လျော်ညီထွေရှိပြီး နိုင်ငံတကာစံချိန်စံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိ
သည့် ပြဌာန်းချက်များ ဖြစ်ကြပါသည်။
(၁၂) ဖက်ဒရယ်ပြည်ထောင်စု
လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအခြေခံမူ
ပြည်ထောင်စုအဆင့်တွင်
ပြည်ထောင်စုတပ်မတော်နှင့် ပြည်ထောင်စုရဲတပ်ဖွဲ့တို့ကို ဖွဲ့စည်းပြီး ပြည်နယ်တွင်
ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်လုံခြုံရေးတပ်တို့ကို ဖွဲ့စည်းနိုင် ကြောင်း
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်တွင် ဖော်ပြထားပါသည်။ အခြေခံမူအရ ဖက်ဒရယ်စ နစ်ကို
ကျင့်သုံးသော တိုင်းပြည်အချို့တွင် ကျင့်သုံးသည့် ပုံစံဖြစ်သောကြောင့် ပြဿနာမရှိ
ပေ။ အဓိကစိန်ခေါ်မှုမှာ နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်နှင့်
နွေဦးတော်လှန်ရေးကာလ အတွင်း ပြန့်ကျဲနေသော လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို
စနစ်တကျဖြင့် ပြည်ထောင်စု အဆင့်နှင့် ပြည်နယ်အဆင့် ယန္တရားများတွင်
ထည့်သွင်းနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို
ဆောင်ရွက်ခြင်းပင်ဖြစ်ပါမည်။ အဆိုပါကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်း ရာတွင်
လက်နက်ကိုင်တပ်ဖွဲ့အသီးသီး၏ ခေါင်းဆောင်များအကြား ညီညွတ်မှုက အရေးကြီး ပါလိမ့်မည်။
(၁၃) စီမံခန့်ခွဲခြင်းနှင့်
ပြည်သူ့ဝန်ထမ်းခြင်း
ပြည်နယ်များတွင်
ဝန်ထမ်းလေ့ကျင့်ရေးကျောင်းများ သီးခြားဖွင့်လှစ်ပိုင်ခွင့်၊ စီမံခန့်ခွဲ
ပိုင်ခွင့်နှင့် ပြည်နယ်ဝန်ထမ်းများအား ရွေးချယ်ခန့်အပ်ပိုင်ခွင့် ဖော်ပြထားပါသည်။
ထို့အပြင် ဝန်ထမ်းလေ့ကျင့်ရေးဆိုင်ရာ မူဝါဒများ ရေးဆွဲခြင်းနှင့်
သင်ရိုးညွှန်းတမ်းဆိုင်ရာ စံနှုန်းသတ်မှတ် ခြင်းတို့ကို ပြည်ထောင်စုနှင့်
ပြည်နယ်အစိုးရများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဟု ဖော်ပြ ထားပါသည်။ အထက်ပါ
ပြဌာန်းချက်များသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် အလွန်အရေး ကြီးသည့်
ပြဌာန်းချက်များဖြစ်ကြသည်။ ခေတ်အဆက်ဆက်တွင် ဝန်ထမ်းများအားလုံးကို
ပြည်ထောင်စုအဆင့်ကသာ ရွေးချယ်ခန့်အပ်ပိုင်ခွင့်ရှိခဲ့သည်။ ဖက်ဒရယ်စနစ်တွင်
ပြည်နယ်အစိုး ရများသည် ပြည်နယ်အတွင်းရှိ ပြည်သူလူထုကို တာဝန်ခံကြရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာများကို သက်ဆိုင်ရာပြည်နယ်တွင်း
ဥပဒေများ ပြဌာန်း၍ သော်လည်းကောင်း၊ မူဝါဒများ ချမှတ်၍ သော်လည်းကောင်း
အကောင်အထည်ဖော်ကြရသည်။ ထိုသို့အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့်
ပြည်နယ်ပြည်သူလူထုကို တာဝန်ခံသည့် ဝန်ထမ်းများ ရှိရေးသည် လွန်စွာအရေးကြီးပါသည်။
(၁၄) အစိုးရအချင်းချင်းအကြား
ဆက်ဆံရေး
အစိုးရအချင်းချင်းအကြား ဆက်ဆံရေးတွင်
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်၌ အောက်ပါ အတိုင်း ဖော်ပြထားပါသည်။
(က) ဖက်ဒရယ်ပြည်ထောင်စုနှင့်
ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ ပြည်နယ် အချင်းချင်းကြားတွင် သော်လည်းကောင်း အငြင်းပွားစရာများ၊
ပြဿနာများ ပေါ်ပေါက်ပါက ပူးပေါင်းကိုင်တွယ် ဖြေရှင်းရန်နှင့်
လုပ်ငန်းဆောင်တာများကို အတူအကွ
ပူးပေါင်းလုပ်ကိုင်နိုင် ရန်အတွက် အကြီးအကဲများ ပူးတွဲကော်မတီကိုလည်းကောင်း၊ လုပ်ငန်းကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်
ကဏ္ဍအလိုက် ဝန်ကြီးများ ပူးတွဲကော်မတီကို သော်လည်း ကောင်း၊
မျှဝေသုံးစွဲရန် သတ်မှတ်ထားသောဝင်ငွေများကို စီမံခန့်ခွဲရန်အတွက် ဘဏ္ဍာရေး ပူးတွဲကော်မတီကို သော်လည်းကောင်း စသည့်ပူးတွဲကော်မတီတို့ကို ဖွဲ့စည်းနိုင်သည်။ ပူးပေါင်း ဆောင်ရွက်သည့်ကိစ္စရပ်၏ လိုအပ်ချက်အရ ကော်မတီသက်တမ်းကိုသတ်မှတ် ထားရှိရမည်။
(ခ) ပြည်နယ်အကြီးအကဲများသည် ပြည်ထောင်စုအင်္ဂါစဉ်အရ
ပြည်ထောင်စုဝန်ကြီးများ၏ အထက်တွင် ရှိသည်။
အထက်ဖော်ပြပါ ပြဌာန်းချက်များအရ
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တွင် ကျင့်သုံးမည့် စနစ်သည့်
ပူးပေါင်းဆောင်ရွက်သည့် ဖက်ဒရယ်စနစ် (Cooperative Federalism) ဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။
နိဂုံး
အနှစ်ချုပ်အားဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း (၁) တွင်
ဖော်ပြထားသည့် လမ်းညွှန်အခြေခံမူများနှင့် အခြေခံမူဝါဒများအားလုံးသည် ပင်လုံစာချုပ်မှ
အစပြု၍ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက လိုလားသော၊ ခေတ်အဆက်ဆက် တစိုက်မတ်မတ်
တောင်းဆိုလာခဲ့သော အချက်များပင် ဖြစ်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း (၁) ပါ
“ပြည်ထောင်စုအခြေခံမူများ” ကို အကောင်အထည်ဖော်နိုင်ရေးအတွက် လတ်တလောတွင် အဓိက
ဖြေရှင်းရမည့် စိန်ခေါ်မှုများမှာ -
(၁) စစ်အာဏာရှင်စနစ်
ချုပ်ငြိမ်းရေး
(၂) အင်အားစုများအားလုံး
ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်း ပေါ်ပေါက်ရေး
(၃) ဗမာပြည်နယ်
ဖွဲ့စည်းရေး သို့မဟုတ် မဖွဲ့စည်းရေး အပါအဝင် ပြည်နယ်သစ်များ ဖွဲ့စည်းခြင်းဆိုင်ရာ
ကိစ္စရပ်များကို နိုင်ငံရေးအရ သဘောတူညီမှု ရယူနိုင်ရေး နှင့်
(၄) လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို
စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့ပင် ဖြစ်ကြပါသည်။