• +95 (0)9 425 705 270
  • info@cdes.org.mm

Policy Papers

  • Home/
  • Policy Papers

အခြေခံအခွင့်အရေးများ

ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း (၁) နှင့်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC) ၏ ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ကို အခြေခံ၍

စုစည်းချက်များ

နိဒါန်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရခြင်း၏ ပထမရည်ရွယ်ချက်သည် ပြည်သူလူထု တရပ်လုံးက စုပေါင်းပိုင်ဆိုင်ထားသော အချုပ်အခြာအာဏာကို လူကိုယ်စားကျင့်သုံးမည့် 'အစိုးရ' ကို စနစ်တကျ ဖွဲ့စည်းထူထောင်ရေးပင် ဖြစ်ပါသည်။

          နိုင်ငံရေးအာဏာသည် တန်ခိုးကြီးသည်။ ထိုကဲ့သို့ တန်ခိုးကြီးသည့် နိုင်ငံရေးအာဏာကို ကိုင်တွယ်ကျင့်သုံးမည့် အစိုးရက အာဏာအလွဲသုံးစားခြင်း မပြုရလေအောင် ထိုအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြန်လည်ကန့်သတ်၍ ဘောင်ခတ်ထိန်းချုပ် ပေးရန် လိုအပ်ပါသည်။  ထို့ကြောင့် လူထုကိုယ်စား အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံးသော အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ထိန်းချုပ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို ပိုင်းခြားကျင့်သုံးရေး (Separation of Power) ကို စနစ်တကျ ပြဋ္ဌာန်းရပေမည်။

          ထို့အပြင် ဥပဒေပြုရေးအာဏာကို ပိုင်းခြား၍ သီးသန့်ကျင့်သုံးနိုင်ရေးအတွက် လွှတ်တော်၊ အုပ်ချုပ်ရေးအာဏာကို ပိုင်းခြား၍ သီးသန့်ကျင့်သုံးနိုင်ရေးအတွက် အစိုးရနှင့် တရားစီရင်ရေး အာဏာကို ပိုင်းခြား၍ သီးသန့်ကျင့်သုံးနိုင်ရေးအတွက် တရားရုံးဟူသော အစိုးရယန္တရားအသီးသီးကို ဖန်တီး၍ ထိုအစိုးရယန္တရား တခုနှင့်တခုအကြား အာဏာချိန်ခွင်လျှာညှိခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်း (Check and Balance) ကို ဆောင်ရွက်ရပေမည်။

          ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် အချုပ်အခြာအာဏာကို ပိုင်းခြားကျင့်သုံးရုံမျှဖြင့် မလုံလောက်ပေ။ ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-rule) နှင့် ပြည်ထောင်စုကြီးကို စုပေါင်းအုပ်ချုပ်ခြင်း (Shared-rule) တို့ကို ပေါင်းစပ်ထားသောစနစ်ဖြစ်သောကြောင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခြင်းကို စနစ်တကျ အကောင် အထည်ဖော်ရန် ဖွဲ့စည်းထားသော ပြည်နယ်အစိုးရများနှင့် စုပေါင်းအုပ်ချုပ်ခြင်းကို စနစ်တကျ အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသည့် 'ပြည်ထောင်စုအစိုးရ' တို့အကြား အာဏာခွဲဝေခြင်း (Division of Power) ရှိရပေမည်။ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို စနစ်တကျ ခွဲဝေကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရများဟူ၍ အနည်းဆုံး အစိုးရ (၂) ရပ်ကို ဖွဲ့စည်းထူထောင်ခြင်းဖြစ်ပါသည်။

          ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရခြင်း၏ ဒုတိယရည်ရွယ်ချက်မှာ ပြည်သူလူထုတရပ်လုံးက မွေးရာပါ အခွင့်အရေးများအဖြစ် ပိုင်ဆိုင်ထားသော အခြေခံအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အသေအချာ ပြဋ္ဌာန်း၍ အကာအကွယ်ပေးရန်ပင် ဖြစ်ပါသည်။

          ကမ္ဘာ့သမိုင်းအဆက်ဆက်တွင် ပြည်သူလူထုတရပ်လုံး၏ မွေးရာပါအခွင့်အရေးများကို တိုက်ရိုက်ချိုးဖောက်နိုင်သည့် အင်အားစုသည် အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံးသော အစိုးရပင်ဖြစ်ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို စနစ်တကျ ကန့်သတ်ထိန်းချုပ်နိုင်ရေးအတွက် အချုပ်အခြာအာဏာကို ပိုင်းခြားကျင့်သုံးခြင်းနှင့် ခွဲဝေကျင့်သုံးခြင်း တို့သာမက၊ ထိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများအပါအဝင်၊ ထိုတိုင်းပြည်တွင် နေထိုင်ကြကုန်သော လူထုတရပ်လုံး၏ မွေးရာပါ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို စနစ်တကျ ရေးသားပြဋ္ဌာန်းရန် လိုအပ်ပါသည်။

          ပြည်သူလူထုတို့၏ အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် "လွတ်လပ်ခွင့်" ဟူသော ဒီမိုကရေစီအခွင့်အရေးများနှင့် တိုက်ရိုက်ပတ်သက်နေပါသည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သောတိုင်းပြည်ကို ပြည်ထောင်စုစနစ်ဖြင့် ထူထောင်ရာ၌ ဖက်ဒရယ်စနစ်သာမက ဒီမိုကရေစီစနစ်ကိုပါ အပြည့်အဝပူးတွဲကျင့်သုံးရန် လိုအပ်ပါသည်။ ဥပမာ ဆိုဗီယက်ယူနီယံသည် ဖက်ဒရယ်စနစ်ကို အပြည့်အဝကျင့်သုံးခဲ့သော်လည်း ဒီမိုကရေစီစနစ်ကို ပူးတွဲကျင့်သုံးခြင်းမရှိခဲ့သောကြောင့် ဆိုဗီယက်ပြည် ထောင်စုကြီးတွင် နေထိုင်ခဲ့ကြသော ပြည်သူလူထုတရပ်လုံး "လွတ်လပ်ခွင့်" မရှိခဲ့ကြချေ။ လွတ်လပ်ခွင့် မရှိသောကြောင့် အခြေခံ လူ့အခွင့်အရေးများ ခံစားခွင့်မရှိခဲ့ကြချေ။ ထို့ကြောင့် ထူထောင်မည့် "ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု" စနစ်တွင် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို အပြည့်အဝ ကျင့်သုံးသွားရပေမည်။

 

အခြေခံလူ့အခွင့်အရေးများ

          လူသားတိုင်းတွင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အစိုးရကမျှ ရုပ်သိမ်း ပိုင်ခွင့်မရှိသော မွေးရာပါအခြေခံလူ့အခွင့်အရေးများ ရှိကြသည်။ အစိုးရတရပ်သည် နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးများကို ရုပ်သိမ်းပိုင်ခွင့်မရှိပေ။ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့်သာ ရှိသည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရတရပ်၏ အဓိကတာဝန်မှာ - နိုင်ငံသားတိုင်း၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော အခြေခံ လူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။

          လူသားတိုင်း လူ့ဂုဏ်သိက္ခာဖြင့် ပြည့်ဝ၍ လူ့ဘဝတွင် ပျော်ရွှင်ချမ်းမြေ့စွာ အသက်ရှင် နေထိုင်နိုင်ရေးအတွက် လွတ်လပ်မှုနှင့် အခြေခံအခွင့်အရေးများကို အပြည့်အဝ ခံစားရရှိရန် လိုအပ်သည်။ လူ့ဂုဏ်သိက္ခာကို လေးစား၍ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းကို အခြေခံသော လူသားချင်း လေးစားအသိအမှတ်ပြုသည့် "သည်းခံခြင်းတရား" ကို လွတ်လပ်မှု၏ အခြေခံအုတ်မြစ် အဖြစ် ချမှတ်ထားနိုင်မှသာလျှင် လူသားတိုင်းသည် မိမိတို့၏ မွေးရာပါအခွင့်အရေး အဖြစ် ပိုင်ဆိုင်ထားသော လူ့အခွင့်အရေးများကို အပြည့်အဝ ခံစားနိုင်မည်ဖြစ်သည်။

         လူ့အဖွဲ့အစည်းတရပ် (သို့မဟုတ်) တိုင်းနိုင်ငံတခုတွင် လူမျိုးခွဲခြားခြင်း၊ အသားအရောင်ခွဲခြား ခြင်း၊ ဘာသာရေးခွဲခြားခြင်းနှင့် လူတန်းစားခွဲခြားခြင်းတို့ မရှိဘဲ လူသားတိုင်း အခြေခံလူ့အခွင့်အရေး အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် လွတ်လပ်မှုကိုအခြေခံသော ဒီမိုကရေစီစနစ် လိုအပ်သည်။ အာဏာရှင်စနစ်တွင် လွတ်လပ်မှုနှင့် အခြေခံလူ့အခွင့်အရေး ပွင့်လန်းရှင်သန်နိုင်ခြင်းမရှိဘဲ ချိုးဖောက်စော်ကားခြင်းသာရှိ၏။ ဒီမိုကရေစီစနစ်တွင်မူကား လွတ်လပ်မှုနှင့် အခြေခံလူ့အခွင့်အရေး တို့ကို အာမခံချက်ပေးထားသည်။

          လွတ်လပ်ခွင့် (Freedom) နှင့် အခြေခံလူ့အခွင့်အရေးများ (Fundamental Human Rights) သည်  ခွဲခြားမရအောင် ဆက်စပ်နေသောအရာများဖြစ်ကြသည်။ ထိုအရာနှစ်ခု  ပေါင်းစပ်၍ တွဲဖက်ရှင်သန်နေမှသာ လူ့အဖွဲ့အစည်း ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်သောနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးလောကများလည်း တိုးတက်ရှင်သန်နိုင်မည်။

          သို့ဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုင်း (၂) တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ပုဒ်မ ၂၄ မှ ၅၄ အထိနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC) က ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) အခန်း (၂) တို့ကို အစဉ်တကျ စုစည်း၍ အခြေခံအခွင့်ရေးများအဖြစ် စုစည်းတင်ပြအပ်ပါသည်။

 

အခြေခံအခွင့်အရေးများ

၁။                အခြေခံအခွင့်အရေးများ

(က)    ပြည်ထောင်စုတွင် နေထိုင်သူတိုင်းသည် အခြေခံလူ့အခွင့်အရေးကို အပြည့် အဝ ခံစားခွင့် ရှိစေရမည်။ (FDC-၂၄)

(ခ)     ပြည်ထောင်စု၏ နိုင်ငံသားအဖြစ် ခံယူထားသော ပြည်ထောင်စု နိုင်ငံသားတိုင်း သည် နိုင်ငံသားများ၏ အခြေခံအခွင့်အရေး (Citizen Rights) များ၊ တသီး ပုဂ္ဂလ အခွင့်အရေးများ (Individual Rights) ရှိစေရမည်။ (FDC - ၂၆)

(ဂ)     တိုင်းရင်းသားလူမျိုးတိုင်းသည် လူပုဂ္ဂိုလ်တဦးချင်းအလိုက် ခံစားခွင့်ရှိသည့် တသီးပုဂ္ဂလအခွင့်အရေးများသာမက လူမျိုးအလိုက် ခံစားသင့်ခံစားထိုက် သော လူမျိုးရေးဆိုင်ရာ စုပေါင်းအခွင့်အရေးများ (Collective Rights) နှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Cultural Self-determination) ကို အပြည့်အဝ ခံစားခွင့်ရှိစေရမည်။ (FDC - ၂၅ နှင့် ၂၆)

(ဃ)    တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ၊ ဘာသာ စကားများကို နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများနှင့်အညီ လွတ်လပ် စွာ ထိန်းသိမ်းကာကွယ်မြှင့်တင်ခွင့်ရှိစေရမည်။ တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော အမျိုးသားလက္ခဏာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို မည်သည့်အခြေအနေတွင်မျှ ရုပ်သိမ်း ဟန့်တားခြင်း မရှိစေရ။ (FDC - ၄၅)

()     နိုင်ငံသားတိုင်းသည် အခြေခံအကျဆုံးဖြစ်သည့် တသီးပုဂ္ဂလအခွင့်အရေးများ ကို လူမျိုး၊ ယုံကြည်ကိုးကွယ်မှု၊ ကျားမ၊ ခြားနားစွမ်းမှု၊ လိင်စိတ်ခံယူမှုတို့ကို အခြေမခံဘဲ အပြည့်အဝ ခံစားပိုင်ခွင့်ရှိစေရမည်။ (FDC  - ၂၇)

၂။                 လူပုဂ္ဂိုလ်တဦးချင်းဆိုင်ရာ အခွင့်အရေးများ (FCDCC - ၁၁၊ ၁၂)

(က)    ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် -

(၁)     ငြိမ်းချမ်းစွာ အသက်ရှင်ရပ်တည်ပိုင်ခွင့် ရှိစေရမည်။

(၂)      ဘဝရှင်သန်ရေးအတွက် လွတ်လပ်စွာ ဝမ်းစာရှာဖွေခွင့်၊ အလုပ်လုပ်ပိုင် ခွင့်နှင့် မိမိ၏ လုပ်ခနှင့်အညီ ထိုက်တန်သော အကျိုးခံစားပိုင်ခွင့်ရှိစေ ရမည်။​

(၃)     လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ အသားအရောင်၊ အဆင့်အတန်း၊ အသက်အရွယ်၊ လိင်နှင့် လိင်စိတ်ကွဲပြားမှုများကြောင့် ခွဲခြားမှု မရှိ စေရဘဲ တရားဥပဒေရှေ့မှောက်တွင် တန်းတူအခွင့်အရေး ရှိစေရမည်။

(၄)     လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့် ရှိစေရမည်။

(၅)     လူပုဂ္ဂိုလ်တဦးအဖြစ် တရားဝင်အသိအမှတ်ပြုခံပိုင်ခွင့်ရှိပြီး လူ့ဂုဏ် သိက္ခာအား လေးစားစေမှုနှင့် ကာကွယ်ပေးမှု ရယူပိုင်ခွင့် ရှိစေရမည်။

(ခ)     ဖက်ဒရယ်ပြည်ထောင်စုအတွင်းနေထိုင်သူ မည်သူမဆို -

(၁)     ကျွန်ပြုခြင်း မခံစေရ။

(၂)      အတင်းအဓမ္မစေခိုင်းခံခြင်း မရှိစေရ။

(၃)     နှိပ်စက်ညှင်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုခြင်း၊ လူမဆန် သော ရက်စက်စွာ ပြုမူဆက်ဆံခြင်း မခံစေရ။

၃။                ရုပ်သိမ်းပိုင်ခွင့်မရှိသော အခွင့်အရေးများ (FCDCC - ၁၂)

အထက် ဖော်ပြပါ ၁ နှင့် ၂ ပါ အခွင့်အရေးများကို မည်သည့်အခြေ အနေအောက်တွင်မျှ ရုပ်သိမ်းပိုင်ခွင့် မရှိစေရ။

 

၄။                အခြေခံရပိုင်ခွင့် (FCDCC - ၁၃)

ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် -

(က)    လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ သတင်းရယူ  ခွင့်၊ သတင်းဖြန့်ချိခွင့် ရှိစေရမည်။

(ခ)     လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ ဘာသာရေးထုံးတမ်းစဉ်လာများကို ကျင့် သုံးခွင့်ရှိစေရမည်။

(ဂ)     လွတ်လပ်စွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့် ရှိစေရမည်။

(ဃ)    တရားဥပဒေရှေ့တွင် တန်းတူညီမျှရှိပြီး၊ တရားရေးဆိုင်ရာ အခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိသည်။

(င)     နိုင်ငံသားများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို မည်သူမှ အကြောင်းမဲ့ သိမ်းပိုက် ခြင်းမရှိစေရ။

၅။                ကိုယ်ပိုင်လွတ်လပ်ခွင့် အခွင့်အရေး (FCDCC - ၁၄)

ဖက်ဒရယ်ပြည်ထောင်စုတွင်း နေထိုင်သူ မည်သူမဆို ဥပဒေနှင့်အညီ အထောက် အထား ခိုင်လုံမှုမရှိဘဲ -

(က)    လူပုဂ္ဂိုလ်ကို ရှာဖွေခံရခြင်း၊ နေအိမ်ဥပစာအတွင်း ဝင်ရောက်ရှာဖွေခံရခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများကို ရှာဖွေသိမ်းဆည်းခံရခြင်း မရှိစေရ။

(ခ)     စာပေးစာယူဖုန်း၊ အီးမေးလ်၊ ဖက်(စ်)ကြေးနန်းစာနှင့် အခြားဆက်သွယ်ရေး ဆိုင်ရာ လွတ်လပ်မှုတို့ကို ချိုးဖောက်ခံရခြင်းတို့မှ ကာကွယ်ခွင့်နှင့် အကာ အကွယ် ရယူပိုင်ခွင့်ရှိရမည်။

(ဂ)     သိက္ခာနှင့် ဂုဏ်သတင်းကို ထိခိုက်ခြင်း မခံထိုက်စေရ။

 

 

၆။                ကျား-မ တန်းတူအခွင့်အရေး (FCDCC - ၁၆)

ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် မိသားစု အစရှိသည့် နယ်ပယ်အသီးသီး၌ ကျား-မ တန်းတူအခွင့်အရေး ရှိစေရမည်။

၇။                နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး (FCDCC - ၁၇)

ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် ဖက်ဒရယ်ပြည်ထောင်စုဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားအဖြစ် လျှောက်ထားပိုင်ခွင့်ရှိသည်။

၈။                ဖမ်းဆီးချုပ်နှောင်ခံရသူ၏အခွင့်အရေး (FCDCC - ၁၈)

(က)    ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူမည်သူမျှ ပြစ်မှုကျူးလွန်သည်ဟု ထင်မြင်ယူဆနိုင်ဖွယ်ရာ ခိုင်လုံသောအကြောင်း မရှိဘဲ သံသယဖြင့် ချုပ်နှောင် ခံရခြင်း၊ ထောင်သွင်းအကျဉ်းချခံရခြင်း မရှိစေရ။

(ခ)     ဖမ်းဆီးချုပ်နှောင်ခံရသူတိုင်းအပေါ် ဆက်ဆံရာတွင် လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံမှု ခံထိုက်စေရမည်။

(ဂ)     ဖမ်းဆီးချုပ်နှောင်ခံရသူ မည်သူ့ကိုမဆို ဝရမ်းအရ မဟုတ်လျှင် (၂၄) နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမရှိစေရ။ (၂၄) နာရီထက်ကျော်လွန်၍ ချုပ် နှောင်ရန် လုံလောက်သောအကြောင်းရှိလျှင် အာဏာရှိသည့် သက်ဆိုင်ရာ တရားရုံးသို့ အစီရင်ခံတင်ပြပြီး တရားသူကြီးတဦးဦး၏ ချုပ်မိန့်ဖြင့်သာ တည်ဆဲတရားဥပဒေများနှင့်အညီ ဆက်လက်ချုပ်နှောင် ပိုင်ခွင့် ရှိစေရမည်။

၉။                ပြစ်မှုဆိုင်ရာစွဲဆိုခြင်း (FCDCC - ၁၉)

(က)    မည်သူမဆို ပြစ်မှုတခုခုနှင့် တရားစွဲဆိုခြင်းခံရပါက-

(၁)     အဆိုပါပြစ်မှုနှင့် စွဲဆိုထားကြောင်းကို နှောင့်နှေးခြင်းမရှိ ကြားသိစေ ရမည်။

(၂)      အမြန်ဆုံးအချိန်ကာလအတွင်း စစ်ဆေးကြားနာရမည်။

(၃)     တရားစွဲဆိုခြင်းခံရသူ၏ဆန္ဒနှင့် ဆန့်ကျင်၍ သက်သေထွက်ဆိုရန် အတင်းအကျပ်ပြုခြင်း မခံစေရ။

(၄)     ဥပဒေနှင့်အညီ ခုခံချေပခွင့် အပြည့်အဝ ရှိစေရမည်။

(၅)     တရားစွဲဆိုခြင်းခံရသူ၏ကိုယ်စား ဥပဒေအကျိုးဆောင် ငှားရမ်းထုချေ ပိုင် ခွင့်ရှိစေရမည်။

(၆)     တရားစွဲဆိုခြင်းခံရသူ နားလည်နိုင်သော ဘာသာစကားဖြင့် စစ်ဆေး ကြားနာမှုကို ခံယူပိုင်ခွင့်ရှိစေရမည်။ ယင်းသို့ဆောင်ရွက်ရန် အခက် အခဲရှိ ပါက စကားပြန်၏ အကူအညီကို ရယူပိုင်ခွင့်ရှိစေရမည်။

(ခ)     ကြားနာသောတရားခွင်အားလုံးသည် အများပြည်သူတက်ရောက်နိုင်သော တရားစီရင်ရေး ဖြစ်ရမည်။

၁၀။              တရားစီရင်ခြင်းနှင့် ပြစ်ဒဏ် (FCDCC - ၂၀)

(က)    ပြစ်မှုဖြစ်ပွားစဉ်အချိန်ကာလ၌ အတည်ဖြစ်နေသော တရားဥပဒေအရသာ စီရင်ရမည်။

(ခ)     လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းသေးသိမ်စေသော ပြစ်ဒဏ်များ မချမှတ်ရ။

(ဂ)     တရားသေလွှတ်ခြင်းခံရပြီးသူ မည်သူတဦးတယောက်ကိုမျှ အဆိုပါပြစ်မှု အတွက် ထပ်မံစစ်ဆေးစီရင်ခြင်း မပြုရ။

(ဃ)    မည်သူမဆို ပြစ်မှုတခုအတွက် တကြိမ်ထက်ပို၍ ပြစ်ဒဏ်ချမှတ်ခြင်း မခံစေရ။

(င)     မည်သည့်ဥပဒေမျှ နောက်ကြောင်းပြန်အာဏာသက်ရောက်ခြင်း မရှိစေရ။

 

နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ

၁၁။              လွတ်လပ်စွာသွားလာခွင့် (FCDCC - ၂၁)

ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် ပြည်ထောင်စုအတွင်း လွတ်လပ်စွာ သွားလာခွင့် ရှိစေရမည်။

၁၂။               ပြည်ပသို့ ထွက်ခွာခွင့်၊ ပြန်လည်ဝင်ရောက်ခွင့် (FCDCC - ၂၂)

ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမှ ပြည်ပသို့ ထွက်ခွာခွင့်၊ ပြည်ပမှ ပြည်ထောင်စုသို့ ပြန်လည်ဝင်ရောက်ခွင့်ရှိစေရမည်။

၁၃။              လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအခွင့်အရေး (FCDCC - ၂၃)

(က)    အရွယ်ရောက်ပြီးသူတိုင်းသည် လူမျိုး၊ ဘာသာ၊ အဆင့်အတန်း မခွဲခြားဘဲ လွတ်လပ်သော သဘောဆန္ဒနှင့်အညီ လက်ထပ်ပိုင်ခွင့် ရှိစေရမည်။

(ခ)     လက်ထပ်ထိမ်းမြားခြင်းသည် မိမိ၏ဘာသာတရားနှင့် လူမျိုးသဏ္ဌာန် ရွေးချယ် မှု အခွင့်အရေးကို အလိုအလျောက်ပြောင်းလဲခြင်း မဖြစ်စေရ။ မိမိ၏ လွတ်လပ် သော ဆန္ဒသဘောထားအရသာလျှင် ဖြစ်စေရမည်။

(ဂ)     အရွယ်ရောက်သူ၏ အသက်သည် (၁၈) နှစ် ဖြစ်သည်။

၁၄။              နိုင်ငံရေးအခွင့်အရေး (FCDCC - ၂၄)

အရွယ်ရောက်သူနိုင်ငံသားတိုင်းသည် -

(က)    တိုက်ရိုက်သော်လည်းကောင်း၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်သော်လည်းကောင်း၊ နိုင်ငံရေးဆိုင်ရာကိစ္စများ တွင် ပါဝင်ဆောင်ရွက်ခွင့်ရှိစေရမည်။

(ခ)     လွတ်လပ်၍တရားမျှတစွာဖြင့် ကျင်းပသော အထွေထွေရွေးကောက်ပွဲများနှင့် အခါအားလျော်စွာ ကျင်းပသည့် ရွေးကောက်ပွဲများတွင် လွတ်လပ်စွာ ဆန္ဒမဲ ပေးပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခံခွင့်များ ရှိစေရမည်။

၁၅။              အသင်းအဖွဲ့များ၊ သမဂ္ဂများ တည်ထောင်ခွင့် (FCDCC - ၂၅)

(က)    ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည် ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ လွတ်လပ်စွာ အသင်း အဖွဲ့များ၊ သမဂ္ဂများ ဖွဲ့စည်းတည်ထောင်ခွင့်နှင့် ပါဝင်ခွင့်ရှိစေရမည်။

(ခ)     မည်သူမျှ အသင်းအဖွဲ့တခုခုသို့ ဝင်ရောက်ရန် အတင်းအကျပ်ပြုမူခြင်း မခံ စေရ။

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ

၁၆။              စီးပွားရေးဆိုင်ရာအခွင့်အရေးများ

(က)    ပြည်ထောင်စုနိုင်ငံသားတိုင်းသည် တရားသဖြင့် ရှာဖွေရရှိထားသော ပစ္စည်း ဥစ္စာများ ပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းခွင့်၊ ထုခွဲရောင်းချပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့် ရှိရမည်။ (FDC - ၂၈၊ FCDCC - ၂၆-က)

(ခ)     ပြည်ထောင်စုနိုင်ငံသားတိုင်းသည် အများပြည်သူ၏ အကျိုးအလို့ငှာ အစိုးရမှ မိမိ၏ ခြံ၊ မြေ၊ လယ်ယာနှင့် ပစ္စည်းများကို ဥပဒေနှင့်အညီ သိမ်းပိုက်သည် ရှိသော် သိမ်းဆည်းခံရသူအနေဖြင့် စျေးကွက်ကာလတန်ဖိုးနှင့် လျော်ညီသော နစ်နာကြေး၊ လျော်ကြေးများကို တလုံးတခဲတည်း တောင်းဆိုရယူပိုင်ခွင့်ရှိ သည်။ (Cf: FDC - ၂၉၊ FCDCC - ၂၆-ခ)

(ဂ)     ပြည်ထောင်စုနိုင်ငံသားတိုင်းသည် ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ အဆင့်အတန်း၊  ကျား-မ၊ လိင်စိတ်ခံယူမှု၊ ခြားနားသန်စွမ်းမှု၊ အသားအရောင်၊ လူမျိုး၊ အသက် အရွယ်အပေါ် မူတည်၍ ခွဲခြားခံရခြင်း မရှိစေရဘဲ အလုပ်ရွေးချယ်ပိုင်ခွင့်နှင့် အလုပ်လုပ်ပိုင်ခွင့် အခွင့်အရေး ရှိစေရမည်။ (FDC - ၃၀၊ FCDCC - ၂၇)

(ဃ)    ပြည်ထောင်စုနိုင်ငံသားတိုင်းသည် မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် လွတ်လပ်စွာ စီးပွားရှာဖွေခွင့်နှင့် စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများကို လွတ် လပ်စွာ တည်ထောင်ခွင့်ရှိသည်။ (FDC - ၃၁၊ FCDCC - ၂၈-က)

(င)     အထက်အပိုဒ်ခွဲ (ဃ) ပါ အခွင့်အရေးကို ကျင့်သုံးရာတွင် ပြည်ထောင်စုက ချမှတ်ထားသော စီးပွားရေးဆိုင်ရာမူဝါဒများ၊ စီမံကိန်းများ၊ နိုင်ငံတော် လုံခြုံ ရေး၊ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ကျန်းမာရေးတို့ကို ထိခိုက်မှု မရှိစေရ။ (FDC - ၃၂၊ FCDCC - ၂၈-ခ)

()     ပြည်ထောင်စုအဆင့် စီမံကိန်းများသည် သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် ပြည်သူလူထု၏ သဘောတူညီချက်များနှင့်အညီ ဖော်ဆောင်ရမည်ဖြစ်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်များ၏ လူမှုဘဝလုံခြုံမှုကို ခြိမ်းခြောက်ခြင်း မဖြစ်ပေါ်စေရန် ဖော်ဆောင်ရမည်။  

(ဆ)    ပြည်ထောင်စုနိုင်ငံသားတိုင်းသည် လွတ်လပ်စွာ တီထွင်ဖန်တီးပိုင်ခွင့်နှင့် နည်း ပညာမူပိုင်ခွင့်တို့ကို ဥပဒေနှင့်အညီ ခံစားပိုင်ခွင့်ရှိစေရမည်။ (FDC - ၃၃၊ FCDCC - ၂၉)

(ဇ)     မိရိုးဖလာသဘာဝ အမွေအနှစ်များ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များနှင့် ဓလေ့ထုံးတမ်းအစဉ်အလာအရ သီးသန့်ပိုင်ဆိုင်လာခဲ့သော နည်းပညာဆိုင်ရာ အမွေအနှစ်များကို သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းမှ အစဉ်အဆက် ထိန်းသိမ်း ပိုင်ခွင့်၊ အသုံးပြုပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် လက်ဆင့်ကမ်းပိုင်ဆိုင်ခွင့်ရှိစေ ရမည်။ (FDC- ၃၄၊ FCDCC- ၃၀)

(စျ)     ပြည်ထောင်စုနိုင်ငံသားတိုင်းသည် မိမိနေရင်းပြည်နယ်မှ အခြားပြည်နယ် တရပ်ရပ်သို့ အခြေချနေထိုင်ခြင်း၊ စီးပွားရှာဖွေခြင်းတို့သည် သက်ဆိုင်ရာပြည် နယ်၏ တရားဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီသာလျှင် ဖြစ်စေရမည်။ (FDC - ၃၅၊ FCDCC - ၃၁)

(ည)    နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုလုပ်ပိုင်ခွင့်၊ ပြည်နယ် လုပ်ပိုင်ခွင့်၊ ထပ်တူပြုလုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။ ကြွင်းကျန်လုပ် ပိုင်ခွင့်များသည် ပြည်နယ်များ၌ တည်ရမည်။ (FDC - ၃၆)

၁၇။              လူမှုရေးဆိုင်ရာအခွင့်အရေးများ

(က)    ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် -

(၁)     လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ရှိသည်။

(၂)      မိမိနှစ်သက်ဝါသနာပါရာ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်း ပညာ၊ အဆင့်မြင့်ပညာများကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိစေ ရမည်။

(၃)     အခြေခံပညာရေးကို မသင်မနေရအဖြစ် အခမဲ့သင်ကြားခွင့် ရရှိစေ ရမည်။ (FDC- ၃၇၊ FCDCC- ၃၂)

                   (၄)     ခြားနားစွမ်းသူများအတွက် အထူးပညာရေး ရရှိပိုင်ခွင့်ရှိရမည်။

(ခ)     တိုင်းရင်းသားများ၏ မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ကို ပြည်နယ်များ၏ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်နှင့်အညီ အကောင်အထည်ဖော်ဆောင် ရမည်။ ဖယ်ဒရယ်ဒီမိုကရေစီပညာရေးကို အကောင်အထည်ဖော်ကျင့်သုံး မည်။ (FDC- ၃၈)

(ဂ)     ပုဂ္ဂလိကကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ သိပ္ပံနှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ အဆင့်မြင့်ပညာသင်ကျောင်းများကို သတ်မှတ်ပြဋ္ဌာန်းထား သော ပညာရေးဆိုင်ရာဥပဒေနှင့်အညီ တည်ထောင်ပိုင်ခွင့်ကို အာမခံရမည်။ (FDC - ၃၉၊ FCDCC - ၃၃)

 

၁၈။              ကျန်းမာရေးဆိုင်ရာအခွင့်အရေး (FCDCC - ၃၄)

(က)    ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည် အခြေခံကျန်းမာရေးအဆင့်တွင် ကာကွယ် စောင့်ရှောက်မှုနှင့် ကုသမှုကို အခမဲ့ရယူခံစားပိုင်ခွင့်ရှိစေရမည်။

(ခ)     ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားများ၏ ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့် ရှောက်မှု၊ အသက်နှင့် ထိခိုက်ဒဏ်ရာရမှုအတွက် အာမခံထားရှိမှုနှင့် လူမှုဖူလုံ ရေးအတွက် စီမံထားရှိမှုတို့ကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရက တာဝန်ယူ ဆောင်ရွက်ပေးရမည်။

(ဂ)     ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည် မိမိ၏မျိုးပွားခြင်းဆိုင်ရာကိစ္စရပ် များနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ခံပိုင်ခွင့်ရှိစေရမည်။

(ဃ)    ပုဒ်မ (၄၂) (ဂ) ပါ မျိုးပွားခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် ဥပဒေကို ဖက်ဒရယ် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပေးရမည်။

၁၉။              သတင်းမီဒီယာအခွင့်အရေးများ

သတင်းမီဒီယာများ၏ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်။  (FDC - ၄၂)

 

 

၂၀။               ဉ်ကျေးမှုအခွင့်အရေးများ

(က)    ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ် များ၊ တိုင်းရင်းသားယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အစဉ်အလာများကို စောင့်ထိန်း ရန်နှင့် တိုးတက်ပြန့်ပွားရန်အတွက် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိစေရမည်။ (FCDCC - ၃၅)

(ခ)     ဖက်ဒရယ်ပြည်ထောင်စုတွင် မှီတင်းနေထိုင်သူတိုင်းသည် မိမိတို့လူမျိုး၏ ဘာသာစကားနှင့်စာပေတို့ကို လွတ်လပ်စွာ ပြောဆိုခွင့်၊ သင်ကြားပိုင်ခွင့်၊ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ပိုင်ခွင့်ရှိစေရမည်။ (FDC - ၄၄)

၂၁။               အထူးစီမံဆောင်ရွက်မှုဆိုင်ရာအခွင့်အရေးများ

(က)    တိုင်းရင်းသားများသည် လူမှုရေး၊ စီးပွားရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ အခွင့် အရေးများ သာတူညီမျှစွာ ခံစားခွင့်ရှိရမည်ဖြစ်ပြီး တိုးတက်မြှင့်တင်ပေးသည့် ဆောင်ရွက်ချက်များ (Progressive Actions/ Affirmative Actions) များကို လည်း ခံစားခွင့်ရှိစေရမည်။ (FDC - ၄၆)

(ခ)     လူမျိုး၊ ဘာသာ၊ ကျားမ၊ ခြားနားစွမ်းမှု(ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ)၊ လိင်စိတ်ခံယူမှု (protected characteristics)၊ အသားအရောင်ကို အခြေခံပြီး  တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ခွဲခြားဆက်ဆံမှုများနှင့် အခြားသော ခွဲခြား ဆက်ဆံမှုမှန်သမျှကို လုံးဝပိတ်ပင်ဟန့်တားရမည့်အပြင် ထိုအခွင့်အရေး များကို မြှင့်တင်ခြင်း၊ ကာကွယ်ခြင်းနှင့် လေးစားလိုက်နာခြင်းများ ရှိရမည်။ (FDC - ၄၇)

(ဂ)     ကျား-မ တန်းတူညီမျှမှုအခွင့်အရေးကို ဖော်ဆောင်နိုင်ရေးအတွက် ဖက်ဒရယ် ပြည်ထောင်စု၏ အဆင့်ဆင့်သော ဥပဒေပြုခြင်းနှင့် တန်းတူရေး အကောင် အထည်ဖော်မှုဆိုင်ရာ ပေါ်လစီများ ချမှတ်ရာတွင် အနည်းဆုံးအမျိုးသမီး (၃ဝ) ရာခိုင်နှုန်း ပါဝင်စေရန် စီမံဆောင်ရွက်ရမည်။ (FCDCC - ၃၇, FDC - ၄၈)ၐ

၂၂။                ကလေးသူငယ်များဆိုင်ရာအခွင့်အရေး (FDC - ၄၉၊ FCDCC - ၃၈)

(က)    ကလေးသူငယ်တိုင်းသည် အရွယ်မရောက်သေးသူအဖြစ် ကာကွယ်စောင့် ရှောက်မှုကို ရရှိခံစားပိုင်ခွင့်ရှိသည်။ ကလေးသူငယ်တိုင်းသည် ဖက်ဒရယ် ပြည်ထောင်စုအတွင်းရှိ အဆင့်ဆင့်သောအစိုးရများနှင့် ပြည်သူလူထုတရပ်လုံး ၏ ဖေးမကူညီမှုကို ခံစားပိုင်ခွင့်ရှိစေရမည်။

(ခ)     ကလေးသူငယ်များအား မိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့၏ ဆန္ဒမပါဘဲ ၎င်း တို့၏ မိသားစုထံမှ ကွဲကွာအောင် မပြုလုပ်ရ။ ကလေးသူငယ်တို့ကို ပြုစုစောင့် ရှောက်ခြင်းနှင့် သွန်သင်ပြုပြင်ခြင်းတို့သည် မိဘတို့၏ သဘာဝအခွင့်အရေး ဖြစ်သည်။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းထား သော ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကိုလည်း လိုက်နာကျင့်သုံးရမည်။ အကယ်၍ မိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့က ဝတ္တရားပျက်ကွက်လျှင်သော်လည်းကောင်း၊ တနည်းနည်းကြောင့် ကလေး သူငယ်များ ခိုကိုးရာမဲ့ဘဝသို့ရောက်ရှိမည့် အခြေအနေမျိုးတွင်သော်လည်း ကောင်း၊ ကလေးသူငယ်များအား မိသားစုနှင့် ကွဲကွာစေခြင်းကို ဥပဒေအတိုင်း ဆောင်ရွက်ရမည်။

(ဂ)     ကလေးသူငယ်များကို ကိုယ်ကျင့်တရား၊ ကျန်းမာရေး၊ အသက်အန္တရာယ်၊ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှု၊ ပညာရေးသင်ကြားခွင့် တစ်ခုခုကို ထိခိုက်စေသော အလုပ်လုပ်ကိုင်စေခြင်းများ အပါအဝင် စီးပွားရေး၊ လူမှုရေးနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းမှ ကာကွယ်စောင့်ရှောက်မှု ပြုရမည်။

(ဃ)    ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် နှင့်အညီ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပေးရမည်။

၂၃။               အလုပ်သမားအခွင့်အရေး (FDC - ၅၀၊ FCDCC - ၃၉)

(က)    အလုပ်လုပ်သူတိုင်း လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ရေးအတွက်-

(၁)     သင့်တင့်လျောက်ပတ်သော လုပ်ငန်းခွင်အခြေအနေများ ရရှိခွင့်

(၂)      လူမှုဖူလုံရေး ခံစားခွင့်နှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ခံစားခွင့်

(၃)     မျှတသော အလုပ်ချိန်သတ်မှတ်ချက် နှင့်အညီ အလုပ်လုပ်ခွင့်

(၄)     အားလပ်ရက်နှင့် ခွင့်ရက်များ ခံစားခွင့်

(၅)     လုပ်အားနှင့်လျော်ညီသော အခြေခံ လုပ်ခ၊ လစာ ခံစားခွင့်

(၆)     အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ တည်ထောင်ဖွဲ့စည်းခွင့် (ILO Convention 87) နှင့် စုပေါင်းညှိနှိုင်းတောင်းဆိုခွင့် (ILO Convention 98) များရရှိစေရမည်။

(ခ)     ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က အလုပ်သမားအခွင့်အရေးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပေးရမည်။

၂၄။               တောင်သူလယ်သမားအခွင့်အရေး (FDC - ၅၁၊ FCDCC - ၄၀)

(က)    တောင်သူလယ်သမားတိုင်းသည် -

(၁)     သီးနှံများကို လွတ်လပ်စွာစိုက်ပျိုးခွင့်၊ ရောင်းချခွင့်၊ ထုတ်လုပ်ခွင့်၊

(၂)      အခွန်ဟူသမျှ ငွေကြေးဖြင့် ပေးဆောင်ခွင့်၊

(၃)     တောင်သူလယ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိစေရမည်။

(ခ)     တောင်သူလယ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေများကို သက်ဆိုင်ရာကဏ္ဍ အလိုက် ပြည်နယ်လွှတ်တော်များနှင့် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်တို့ က ပြဋ္ဌာန်းပေးရမည်။

၂၅။               တန်းတူအခွင့်အရေးဖော်ဆောင်ခြင်း (FDC - ၅၂၊ FCDCC - ၄၁)

အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်းနှင့် အခွင့်အရေးများ ဆုံးရှုံးခြင်းတို့ကို ခံစားနေရသော တိုင်းရင်းသားလူမျိုးများနှင့် အစုအဖွဲ့များအတွက်ဖြစ်စေ၊ စွမ်းဆောင် နိုင်မှု အခြေအနေ နိမ့်ပါးလျက်ရှိသော နိုင်ငံသားအစုအဖွဲ့များ အတွက်ဖြစ်စေ၊ အချို့ သော ထုံးတမ်းစဉ်လာများအရ နှိမ့်ချဖယ်ကြဉ်ခြင်း ခံထားရသော နိုင်ငံသားအစုအဖွဲ့ များအတွက်ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ အထူးစီမံ ဆောင်ရွက်ချက်များဖြင့် အကာအကွယ်ပေးခြင်း၊ စီမံဆောင်ရွက်ခြင်းတို့သည် နိုင်ငံ သားတိုင်း တန်းတူအခွင့်အရေး ရရှိစေရမည်ဟူသော ပြဋ္ဌာန်းချက်ကြောင့် အဟန့် အတား မဖြစ်စေရ။

၂၆။               ပြည်နယ်များအတွင်းရှိ လူနည်းစုများ (Minority within Minority) နိုင်ငံရေးဆုံးဖြတ် ချက် အခန်းကဏ္ဍတွင် ပူးပေါင်းပါဝင်နိုင်စေရန် အဆင့်ဆင့်သော နိုင်ငံရေးကဏ္ဍတို့ တွင် ပါဝင်နိုင်ခွင့် အခွင့်အလမ်းများကို ဖန်တီးပေးရမည်။ ထို့အပြင် အခြားသောကဏ္ဍ အသီးသီးတွင် အထူးစီမံဆောင်ရွက်ချက် (affirmative action) များကိုလည်း မူဝါဒချ မှတ်ဖော်ဆောင်ပေးရမည်။ (FDC - ၅၃)

၂၇။               သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေး (FDC - ၅၄၊ FCDCC - ၄၂)

(က)    ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုကြောင့် ကြုံတွေ့ခံစားရမည့် အတိဒုက္ခများမှ ကင်းလွတ်စေရမည့် အပြင် သဘာဝတရားနှင့်ကိုက်ညီ၍ ကျန်းမာရေးနှင့် ညီညွတ်သည့် သဘာဝ ပတ်ဝန်းကျင်ကို  ရရှိရန် အခွင့်အရေးရှိသည်။

(ခ)     လူနည်းစုဌာနေတိုင်းရင်းသားတို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့် ရှောက်ခွင့်နှင့် ၎င်းတို့အခြေချနေထိုင်ရာ ဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုဖြစ်စေနိုင်သည့် သဘာဝသယံဇာတများ အလွန်အကျွံ ထုတ်ယူသုံး စွဲခြင်းအပေါ် ကန့်သတ်ထိန်းချုပ်ခွင့်ရှိခြင်းကို ဖက်ဒရယ်ပြည်ထောင်စုနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရများကလည်း အသိအမှတ်ပြုရမည်။

၂၈။               လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြားခွင့် (FCDCC - ၄၃)

လူ့အခွင့်အရေးဖောက်ဖျက်ခံရသူ မည်သူမဆို ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ် စောင့်ရှောက်မှုကို ရယူခွင့်ရှိစေရန်အတွက် လူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြား ခွင့် ရှိစေရမည်။

၂၉။               အခြေခံဥပဒေ၏ အကာအကွယ်ရယူခြင်း (FCDCC - ၄၄)

(က)    ဖက်ဒရယ်ပြည်ထောင်စုအတွင်းနေထိုင်သူတိုင်းသည် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကာအကွယ်ကိုရယူရန် လိုအပ်သောအခါ၌ ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်ခွင့်ရှိ စေရမည်။

(ခ)     ဤအခွင့်အရေးကို မည်သည့်အခြေအနေတွင်မှ ရပ်ဆိုင်းထားခြင်း မရှိစေရ။

၃၀။              ဖက်ဒရယ်ပြည်ထောင်စု၏ အကာအကွယ်ရယူခြင်း (FCDCC - ၄၅)

နိုင်ငံသားတိုင်းသည် ဖက်ဒရယ်ပြည်ထောင်စုအတွင်း၌ဖြစ်စေ၊ ဖက်ဒရယ် ပြည်ထောင် စု  ပြင်ပ၌ဖြစ်စေ ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းဆို ပိုင်ခွင့်ရှိစေရမည်။

၃၁။              အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများအား တိုက်ရိုက်ကိုးကားကျင့်သုံးခွင့် (FCDCC - ၄၆)

ဖက်ဒရယ်ပြည်ထောင်စုက အတည်ပြုသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်စာတမ်းများကို တရားရုံးများက တိုက်ရိုက်ကိုးကား ကျင့်သုံးပိုင်ခွင့် ရှိစေရမည်။

၃၂။               တာဝန်များ (FCDCC - ၄၇)

ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် -

(က)    ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်ရန် တာဝန်ရှိသည်။

(ခ)     ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန်နှင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်။

 

 

Download PDF