• +95 (0)9 425 705 270
  • info@cdes.org.mm

Speeches

  • Home/
  • Speeches

နှစ်ပတ်လည်အခမ်းအနားတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်

လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား အမှာ

စကားပြောကြားခွင့် ရရှိသည့်အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဦးစွာပြောကြား

လိုပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကျနော်တို့ တိုင်းရင်းသား

လက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ

စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာ ဒီနေ့ဆိုရင် (၂) နှစ် တင်းတင်းပြည့်ပါပြီ။ ကျနော်တို့အားလုံး တန်းတူ

ရည်တူ ပူးပေါင်းဆောင်ရွက်မှုဖြင့် NCA စာချုပ်ကို ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်ဟာ

ပြည်ထောင်စုကြီးတွင် လွတ်လပ်ရေးရရှိသည့် အချိန်မှစ၍ ယနေ့တိုင် ဖြစ်ပွားနေသော

လက်နက်ကိုင် ပဋိပက္ခအားလုံးကို ချုပ်ငြိမ်းစေနိုင်ရေးအတွက် နိုင်ငံရေးပြဿနာများကို စစ်ရေး

ဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး၊ ရေရှည်တည်တံ့

ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေးပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်များက ၁၉၄၇ ခုနှစ်၊

ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး၊ ပြည်ထောင်စုကို

အတူတကွ ထူထောင်ခဲ့ကြခြင်း ရည်ရွယ်ချက်ဟာ ပြည်ထောင်စုဖွား တိုင်းရင်းသား

လူမျိုးများအားလုံး ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် လေးစားအသိအမှတ် ပြုကာ

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်

ပေးနိုင်သည့် ပြည်ထောင်စုကြီးကို အတူတကွထူထောင်ရေးပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်

နိုင်ရေးအတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး လွတ်လပ်ရေးကို ရအောင်ယူနိုင်ခဲ့

ပါတယ်။ ပြည်ထောင်စုကြီးကိုလည်း ထူထောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပင်လုံစာချုပ်ကို

ယနေ့အထိ အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ အထူးသဖြင့်

ပင်လုံစာချုပ် အပိုဒ် (၅) မှာ ကျနော်တို့ တိုင်းရင်းသား လူမျိုးများကို အာမခံချက်ပေးထားတဲ့

”နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” တို့ကို ယနေ့အထိ အကောင်အထည်

မဖော်နိုင်သေးပါဘူး။ ပင်လုံစာချုပ် အပိုဒ် (၇) မှာ အာမခံချက်ပေးထားတဲ့ ဒီမိုကရေစီ

အခွင့်အရေးများကိုလည်း ယနေ့တိုင် အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေး

ပါဘူး။

ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားလူမျိုးများရဲ့အမြင်မှာ - ယနေ့တိုင် ဖြစ်ပွားနေတဲ့

ပြည်တွင်းစစ်ကြီးဟာ ပင်လုံစာချုပ်ကို အပြည့်အဝအကောင်အထည် မဖော်နိုင်သေးလို့ ဖြစ်ပါ

တယ်။ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိုင်လို့ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ကြီးကို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစု ပင်လုံအစည်းအဝေးများတွင် ချုပ်ငြိမ်းအဆုံးသတ်

နိုင်ရေးအတွက် NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနေရ

ခြင်းဖြစ်ပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲများကို

အဆင့်ဆင့် ကျင်းပနေတဲ့အခါမှာ- NCA စာချုပ်တွင် သဘောတူထားသည့် အဆင့် (၇)ဆင့်

ပါရှိတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ NCA စာချုပ်

ချုပ်ဆိုပြီး (၂)နှစ်အတွင်း ထိုစာချုပ်ကို အကောင်အထည်ဖော်နိုင်မှုကို ပြန်သုံးသပ်ရင်-

ကျနော်တို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ

အဆင့်ဆင့်(JMC) ကို ဖွဲ့စည်းပြီး ပစ်ခတ်တိုက်ခိုက်မှုများကို ထိန်းသိမ်းလျော့ချ နိုင်ခဲ့ပါတယ်။

ထို့နည်းတူ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းပြီး

နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကိုလည်းကျင်းပပြီး ပြည်ထောင်စုသဘောတူစာချုပ်

အစိတ်အပိုင်း (၁) အဖြစ် သဘောတူညီချက် (၃၇) ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သော

ကြောင့် NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၅)ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ

ဟုလို့ ဆိုနိုင်ပါတယ်။

ဒီလို NCA စာချုပ်ကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကျင်းပနိုင်ခဲ့

သော်လည်း ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စိန်ခေါ်မှုများ နှင့် အားနည်းချက်များစွာ

ရှိနေတယ် ဆိုတာကိုလည်း ကျနော်တို့အားလုံး ပကတိအတိုင်း လက်ခံရမှာဖြစ်ပါတယ်။

ကျနော်တို့ရဲ့ အားနည်းချက်များထဲမှာ - JMC ကို ပြည်ထောင်စုအဆင့်နှင့် တချို့ ပြည်နယ်

အဆင့်များမှာ ဖွဲ့စည်းနိုင်ခဲ့သော်လည်း၊ NCA ကို လက်မှတ်ရေးထိုး ထားကြသော

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒေသအချို့တွင် ပြည်နယ်အဆင့် JMC - S ကို

ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့်အတွက် JMC အဆင့်ဆင့်၏ လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင်

အခက်အခဲများ ရှိနေပါတယ်။

ထိုနည်းတူ နိုင်ငံရေးဆွေးနွေးမှုကို ကြီးကြပ်လမ်းညွှန်နေသည့် UPDJC မှာလည်း

အားနည်းချက်များစွာ ရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အပြီးသတ်

ပြင်ဆင်ရေးဆွဲနိုင်ခြင်း မရှိသေးသလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း NCA

စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက

ဦးဆောင်ကျင်းပမည့် ဒေသတိုင်းတွင် ကျင်းပနိုင်ခြင်းမရှိသေးပါ။ ထို့အပြင် နိုင်ငံရေးဆွေးနွေးမှု

ဆိုင်ရာ မူဘောင်တွင် ဖော်ပြထားသည့်အတိုင်း လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်း

အရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ခြင်း

မရှိခဲ့ပါဘူး။ ဒါတွေဟာ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်

အဟန့်အတား ဖြစ်စေပါတယ်။

NCA စာချုပ်ကို အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်

နေတဲ့အချိန်မှာ - အဓိက အားနည်းချက်တစ်ခုက JICM အစည်းအဝေးကို ပုံမှန်ခေါ်ယူ

ကျင်းပနိုင်ခြင်းမရှိတဲ့ ကိစ္စဖြစ်တယ်လို့ မြင်မိပါတယ်။ NCA စာချုပ်အရ ငြိမ်းချမ်းရေးဖြစ်စဉ်ကို

အကောင်အထည်ဖော်ရာတွင် JICM သည် အမြင့်ဆုံး အစည်းအဝေး ဖြစ်ပါတယ်။ JICM က

JMC နှင့် UPDJC တို့ကို ဖွဲ့စည်း တာဝန်ပေးအပ်ထားတာဖြစ်သလို JMC နှင့် UPDJC တို့မှာ

မဖြေရှင်းနိုင်တဲ့ အရေးကိစ္စများကို တာဝန်ယူဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် JICM

အစည်းအဝေးဆိုတာ ပြဿနာရှိမှ ကျင်းပတာမျိုး မဟုတ်ဘဲ ၎င်းရဲ့ TOR မှာ ဖော်ပြထားတဲ့

အတိုင်း သုံးလ တစ်ကြိမ် ပုံမှန်ကျင်းပပေးရန် လိုအပ်တဲ့အကြောင်း အလေးထား တင်ပြချင်

ပါတယ်။ ဒီအားနည်းချက်အားလုံးကို ကျနော်တို့ အမြန်ဆုံးပြင်ဆင်ရန် လိုအပ်ပါတယ်။

နိဂုံးချုပ် အနေဖြင့် တင်ပြလိုတာက - နှစ်ပေါင်း (၇၀) နီးပါးကြာမြင့်နေပြီဖြစ်သော

ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေပြီး၊ ၁၉၄၇ ပင်လုံညီလာခံမှာ မျှော်မှန်းခဲ့သည့် အတိုင်း

ပြည်ထောင်စုကြီးကို ပြန်လည် ထူထောင်ရေးဟာ ကျနော်တို့အားလုံးရဲ့ အဓိကပန်းတိုင် ဖြစ်ပါ

တယ်။ ဒီပန်းတိုင်ကို ချီတက်တဲ့နေရာမှာ NCA စာချုပ်မှာပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းသာလျှင် အကောင်းဆုံးနည်းလမ်း ဖြစ်ြပီး

ပါဝင်သင့်သူများအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန် လိုအပ်ပါတယ်။

ဒါကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးအတွက် NCA

စာချုပ်ပါ သဘောတူညီချက်အတိုင်း တန်းတူရည်တူ ပူးတွဲအကောင်အထည်ဖော်နိုင်ရေးသည်

တစ်ခုတည်းသောလမ်းကြောင်းဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


ရက်စွဲ။ ။ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်။

နေပြည်တော်။

Download PDF