• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

 

 

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု မှတ်တမ်း

 

စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု နှင့် ရက်စွဲအလိုက်ဖြစ်စဉ်များ

 

(အောက်ပါအချက်အလက်များသည် သတင်းမီဒီယာအချို့၏ ရေးသားဖော်ပြချက်များကို ကိုးကားပြုစုထားခြင်းဖြစ်ပါသည်။)

 


၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံတွင် ပြည်သူအများစု စားဝတ်နေရေးခက်ခဲမှုများ ရှိလာသည်။ စက်တင်ဘာလအတွင်း ငွေကြေးဖောင်းပွမှု၊ ကုန်စျေးနှုန်းနှင့် စက်သုံးဆီစရိတ်မြင့်တက်မှုသည် အဆိုးရွား ဆုံးအနေအထား သို့ရောက်ရှိလာသည်။ အာဏာသိမ်းမှု ခုနစ်လကျော်လာသော်လည်း ပြည်သူများ ကစစ်ကောင်စီကို မလိုလားကြောင်းနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆန္ဒထုတ်ပြသနေဆဲလည်းဖြစ်သည်။ တဖက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်ပစ်ခတ်၊ ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာအဝန်းအဝိုင်းတွင် အသိအမှတ်ပြု ခံရမှု ပိုများလာကာ ပြည်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း စစ်ကောင်စီကို တိုက်စစ်ဆင်မှုများ ပိုမိုပြု လုပ်လာသည်။ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့တွင် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထိတွေ့တိုက်ပွဲများပိုမိုဖြစ်ပွားလာသည်။ အထူးသဖြင့်စစ်ကိုင်းတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကစစ်တပ်နှင့် ၎င်းတို့ပိုင်လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆန့်ကျင်၊ တိုက်ခိုက်ခဲ့ ကြသည်။ပြည်သူများသည် လူထုက တင်မြှောက်ထားသော အမျိုးသားညီညွတ်ရေး အစိုးရအား ထောက်ခံမှု ကိုလည်း နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်သည်။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံတဝန်း အခြေအနေများကို ဖတ်ရှုနိုင်ရန် ယခုစာတမ်းတွင် မှတ်တမ်းထားရှိပါသည်။


စက်တင်ဘာ (၁) ရက် 

 

-       တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ၁၉ခုပူးပေါင်းပြီး Spring Revolution Brothers Network (SRBN) ကို စတင်ဖွဲ့စည်းကြောင်း ဒီဗွီဘီက ဖော်ပြသည်။

-       ထားဝယ်ခရိုင် ထား​ဝယ်၊ လောင်းလုံးနှင့် ရေဖြူမြို့တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်သည်။

-       အကြမ်းဖက်စစ်ကောင်စီက ခွင့်ပြုလိုက်သည့် တရားမဝင်ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းရှစ်ခုအား ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးလိုက်သည်။

-       ပုလဲမြို့နယ်၊ရေသာရွာနှင့် ဆည်ကြီးရွာအကြားအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပုလဲဒေသခံ PDFပျောက်ကျား တပ်တို့ တိုက်ပွဲဖြစ်ပွားသည်။ 

-       မြင်းခြံမြို့နယ်၊ ငါးန်ဇွန်မြို့နယ် မြို့သာရှိ နေအိမ်တအိမ်ကို စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့​ဝင်များက ဝင် ရောက်စီးနင်းကာ အမျိုးသားလေးဦးကို ဖမ်းဆီးသည်။ 

-       အာဏာသိမ်းပြီး ခုနစ်လအတွင်း စစ်ကောင်စီတပ်ကြောင့် ချင်းတိုင်းရင်းသား ၁၀၈ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ချင်းရေးရာအဖွဲ့က သတင်းထုတ်ပြန်သည်။

-       ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ရွှေ့ပြောင်း မြန်မာလုပ်သား ၂၄ ဦး ထိုင်းစစ်တပ်၏ ဖမ်း ဆီးခံရသည်။

-       အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ ရက်ပေါင်း တစ်ရာကျော်ရှိလာပြီဖြစ်သည့် အမေရိကန်ဂျာ နယ်လစ် ဒန်နီဖန်စတာကို အမြန်ဆုံး ပြန်လွှတ်ပေးရန် မိသားစုက တောင်းဆိုသည်။

-       ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ကေအဲန်ယူ ဒူးပလာယာခရိုင် ကြိတ် နှင့် ပိုင်ကဒုံကျေးရွာ အကြားတွင် ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွား သည်။

-       တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် အခြေစိုက် Eleven Media သတင်းထောက်တဦးကို စစ်ကောင်စီတပ်ဖွဲ့​ဝင်များက ဖမ်းဆီးသည်။ 

-       မြန်မာနိုင်ငံတွင် မတရားအာဏာသိမ်းကာလ ရလအကြာ အကြမ်းဖက် စစ်တပ်က ပစ်ခတ်မှုကြောင့် အပြစ်မဲ့ကျဆုံးရသည့် ပြည်သူ ၁၀၄၁ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) က ထုတ်ပြန်သည်။

-       မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲဗီဇသစ် Delta မျိုးစိတ်ကူးစက်ခံထားရသည့် လူနာ ၁၅ ဦးတွေ့ရှိ ထားကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

-       နာမည်ကြီး ဂျာမန်လက်ကားကုမ္ပဏီ METRO Wholesale Myanmar က နှစ်လအတွင်း မြန်မာနိုင်ငံမှ လုပ်ငန်း လည်ပတ်မှုများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

-       ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုများ မြင့်တက်နေသည့် မြန်မာနိုင်ငံတွင် သြဂုတ် ၃၁ ရက်အထိ အကြိမ် ပြည့်ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်မှာ ၂ ဒဿမ ၁သန်းကျော်ရှိခဲ့ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာ ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

-       ထင်ရှားသည့် စွယ်စုံရ စာရေးဆရာ၊ သတင်းစာဆရာ၊ ဒါရိုက်တာ မောင်မိုးသူကွယ်လွန်သည်။ 

-       မကွေးတိုင်း၊ မြို့သစ်မြို့နယ် ၊ အိုင်မကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာနေအိမ်တွင် နေထိုင်သည့်စစ် ကောင်စီခန့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရသည်။

-       မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စုပြုတ်ကျရေး ဆည်းဆာသပိတ်ပြုလုပ် သည်။

-       မြစ်ကြီးနားတွင် ဘဏ်စောင့် စစ်သားများ ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးသည်။

-       နတ်မောက်တွင် ပြည်သူသုံးဦး နှင့် သံဃာတော်တစ်ပါး ဖမ်းဆီးခံရသည်။ 

-       ပုလဲမြို့နယ် ခင်သာကျေးရွာတွင် ရွာသားနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၅၀ တပ်က သတ်ဖြတ်သွားကြောင်း ရွာသားများ၏ ပြောကြားချက်ကို ဒီဗွီဘီကသတင်းဖော်ပြသည်။

-       တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ပြည်သူ့ကာကွယ်ရေးတပ် (၁၄) ခု ပူးပေါင်းပြီး Spring Revolution Alliances (SRA) အဖြစ် မဟာမိတ်ဖွဲ့သည်။

-       အကြမ်းဖက် စစ်ကောင်စီအဖွဲ့ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ ရုရှားနိုင်ငံသို့သွားသည်။

-       မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဲအိမ်ကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးစစ်ကောင်စီ ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့သည်။

-       ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ တံတားဖြူးမှတ်တိုင်အနီးညောင်တုန်း လမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသူ လေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ရာ တစ်ဦးသေဆုံးသည်။

 

စက်တင်ဘာ (၂) ရက်

 

-       ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့နယ် ၊နားကွမ်းလုံကျေးရွာတွင် နေထိုင်ကြသည့်ကျောင်းဆရာများ အပါအဝင်ပြည်သူ ခုနစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု ယူဆကာ ဖမ်းဆီး သွားကြောင်းဒီဗွီဘီက ဖော်ပြသည်။

-       စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မုံရွာမြို့တို့က ကျေးရွာနေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးပြီး  ဒေသခံရှစ်ဦးခန့်ကို အကြမ်းဖက် ရိုက်နှက်ဖျက်ဆီးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။ 

-       စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် နိုင်ရန် နွေဦးတော်လှန်ရေးကြီးနှင့်အတူ တညီတညွတ်တည်း တိုက်ပွဲဝင်ရေး KNU Concerned Group က တိုက်တွန်း ကြောင်း ထုတ်ပြန်သည်။

-       မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း  ဝန်ခြုံးကျေးရွာရှိ  လူနေအိမ်များကို စစ်ကောင်စီတပ်များက မီးရှို့ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မူတည်၍ သတင်းမီဒီယာများက ဖော်ပြသည်။

-       သြဂုတ် ၃၀ ရက်ကနေပြည်တော် PDF ပူးပေါင်း အဖွဲ့ နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁ ဦးခန့် ကျဆုံးကြောင်း နေပြည်တော် PDF က သတင်းထုတ်ပြန်သည်။ 

-       စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသည့် မင်္ဂလာဒုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (MGDN-PDF) နှင့် ပြည်သူ့ပျောက်ကြားတပ်ဖွဲ့(မင်္ဂလာဒုံမြို့နယ်)တို့ မဟာမိတ်အဖြစ် ပူးပေါင်းကြောင်း ထုတ်ပြန်သည်။ 

-       မြန်မာစီးပွားရေးလုပ်ငန်းရှင်ဦးတေဇနှင့် ထူးလုပ်ငန်းစုကို ပိတ်ဆို့ဒဏ်ခတ် အရေးယူမည်ဖြစ်ကြောင်း  ယူကေ အစိုးရက ကြေညာသည်။

-       မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဖခင်ဖြစ်သူ ဒေါက်တာချစ်မောင် ကွယ်လွန်သည်။ 

-       စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်သည်ဆိုကာ ကျေးရွာများအတွင်း ဝင်ရောက်ရှာဖွေဖျက်ဆီးဖမ်းဆီးသောကြောင့် ကျေးရွာ ဆယ်ရွာမှ ဒေသခံထောင်ချီ ထွက်ပြေးနေရသည်။ 

-       ကုလသမဂ္ဂတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ကို လက်ခံပေးရန်နှင့် စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို ငြင်းပယ်ရန်အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသားများက တိုကျိုမြို့ရှိ နိူင်ငံတကာသံရုံးများကို လိုက်လံမေတ္တာရပ်ခံသည်။

-       ဒီပဲယင်းမြို့နယ်၊မူခတွင်းရွာမှ   အကြောင်းမဲ့ဖမ်းဆီးခံရသည့် ရွာသား ၇ ဦး ပြန်လည်လွတ်မြောက် သည်။

-       ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အမှတ် (၁) ရပ်ကွက်မှ စစ်ကောင်စီကို သတင်းပေးနေသည့် ရာအိမ်မှူး တစ်ဦး  သေနတ်ဖြင့် ပစ်သတ်ခံရသည်။

-       စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် ဆူးလေးကုန်းရပ်ကွက်က အကြမ်းဖက်စစ်ကောင်စီသတင်းပေးဒလန်ဟု လူသိများ သူတစ်ဦး အသတ်ခံရသည်။

-       ရွှေဘိုမြို့ စစ်သားစုဆောင်းရေးတပ်ရှေ့က လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို နပန်းဝင်လုံးသည့် ပြည်သူတစ်ဦး သေဆုံးသည်။

 

စက်တင်ဘာ (၃) ရက်

 

-       မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။

-       ရှမ်းပြည်နယ်မြောက်ပိုင်း၊  ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်ခွဲတွင် ဓားပြတိုက်မှု ဖြစ်ပွားသည်။

-       မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်စပ်ဖြစ်သည့်  မွန်ပြည်နယ်၊ ရေးမြို့နယ်၊ကျုံလောင်းကျေးရွာအနီးတွင် အာဏာရှင်စစ်တပ်အင်အားငါးဆယ်ကျော် လာရောက်လာကြောင်းဒေသခံများ၏ ပြောကြားချက်ကို ဒီဗွီဘီက သတင်းဖော်ပြသည်။ 

-       အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပထမဆုံးအကြိမ်အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ပမာဏရှိ သည့် ဘတ်ဂျက်တခုကို ပြင်ဆင်နေပြီဖြစ်ကာ မကြာမီထုတ်ပြန်သွားရန်ရှိသည့်အကြောင်း ဂျပန်အခြေစိုက် Nikkei Asia သတင်းစာက ရေးသားဖော်ပြသည်။ 

-       စစ်တပ်အာဏာသိမ်းထားသည့် (၇)လအတွင်း ကြံ့ခိုင်ရေးပါတီဝင်၊ မိသားစုနဲ့ ထောက်ခံအားပေး သူပေါင်း ၂၅၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်သည်။

-       မွန်ပြည်နယ်၊ ရေးမြို့ မြို့မစခန်းအနီးတွင်ရဲသားတစ်ဦး ပစ်ခတ်ခံရသည်။

-       မြိတ်မြို့က ဖမ်းဆီးခံရသည့် Eleven Media သတင်းထောက် နှစ်ရက်အကြာတွင် ခံဝန်ဖြင့် ပြန်လွတ်သည်။ 

-       မြန်မာနိုင်ငံတွင် တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၄၀၀ ကျော်နှင့် ၉၃ ဦးထပ်မံသေဆုံး ကြောင်း  စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

-       ယင်းမာပင်မြို့နယ်တွင် စျေးသည်တစ်ဦးကို  စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒီဗွီဘီက ဖော်ပြသည်။

-       စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ လဲကန်ကျေးရွာနှင့် ဝက်ကျကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ပုလဲပြည်သူ့ ကာကွယ်ရေး ပြောက်ကျားအဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားသည်။

-       ပြည်ပပို့ကုန်က ရလာသည့် နိုင်ငံခြားငွေများကို လေးလအတွင်း ပြန်ရောင်းချရမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က အမိန့်ထုတ်သည်။

-       မကွေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအလုပ်အမှုဆောင် အမျိုးသမီးနှစ်ဦးကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးသွားကြောင်း ပါတီဝင်များ၏ ပြောကြားချက်ကိုဒီဗွီဘီက သတင်းဖော်ပြသည်။ 

-       ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင်သော့ခတ်ထားသည့် အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌ၏ နေအိမ်ကို စစ်တပ်နှင့်ရဲက ဖောက်ထွင်းဝင်ရောက်ပြီး  ဆိုင်ကယ်နဲ့ပစ္စည်းခိုးယူသွားကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဒီဗွီဘီက ဖော်ပြသည်။ 

-       ပြည်မြို့က အသက်မပြည့်သေးသည့် အခြေခံပညာကျောင်းသား သုံးဦးကို စစ်ကောင်စီတပ်များက ရိုက်နှက် ဖမ်းဆီးသည်။ဧရာဝတီတိုင်း၊ ကျုံမငေးမြို့နယ်တွင်လည်း အမျိုးသားနှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသည်။ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင်  လူငယ်ကိုးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသည်။ 

-       စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဗိုလ်ချုပ်မြင်းစီးကျေးရုပ်အနီးဆိုင်ကယ်စီးလာသူ လူနှစ်ဦးကို စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးသည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ လုံးတော်ကျေးရွာတွင် ပြည်သူ (၁) ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီးနောက် နာရီပိုင်း အတွင်းမှာ ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းမီဒီယာများက ဖော်ပြသည်။

စက်တင်ဘာ (၄) ရက်

 

-       အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲတော်လှန်သွားမည်ဖြစ် ကြောင်း ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)က ကြေညာသည်။

-       ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ် အရှေ့ဘက်ရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာသားများ ထွက်ပြေးနေရကြောင်းဒေသခံများက မီဒီယာများကို ပြောကြား သည်။

-       စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မောက်လုပ်ကျေးရွာနှင့် အထက်ငနန်ကျေးရွာကြားရှိ  MYTEL TOWERတိုင် စက်မိုင်းခွဲဖျက်ဆီးခံရသည်။

-       မကွေးတိုင်း၊ မြို့သစ်မြို့  တောင်တွင်းကြီး-နတ်မောက် ကားလမ်းပေါ်ရှိ  မြို့သစ်မြို့နယ် စည်ပင် သာယာရေးရုံး ဗုံးခွဲတိုက်ခိုက်ခံရသည်။ 

-       စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ရွာနှင့်အင်းကျွန်းရွာအနီးတွင် ကလေး PDF နဲ့  အကြမ်းဖက်စစ် ကောင်စီတပ်  အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားသည်။

-       ပုလဲ-ဂန့်ဂေါ ကားလမ်းဘေး ၅၅ မိုင်အနီးက ကျေးရွာများအတွင်း စစ်တပ်က ဝင်ရောက်မီးရှို့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

-       စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ချောင်းဆုံရွာအနီးတွင် ဖလံချိုင်ရွာသားတစ်ဦးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောကြားသည်။

-       မွန်ပြည်နယ် ၊ရေးမြို့မ ရဲစခန်း ကင်းစခန်းတစ်ခုအား  ရေးမြို့ ဗိုလ်သမန်းကျား ပြောက်ကျားတပ်ဖွဲ့က ဗုံးခွဲ တိုက်ခိုက်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ 

-       ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ တပ်မတော် နို့ချက်စက်ရုံအနီးတွင်  ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။ ရန်ကုန်တိုင်း အင်းစိန်မြို့သစ်က ရဲသတင်းပေးသူဟု လူသိများသူ အမျိုးသားတစ်ဦး  ဆိုင်ကယ်စီးလာစဉ် ပစ်သတ်ခံရသည်။

-       မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းရွာက စစ်တပ်သတင်းပေးဟု အမည်ထွက်သူ အမျိုးသား နှစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးသည်ကို တွေ့ရကြောင်း မီဒီယာများက ဖော်ပြသည်။

-       ခင်ဦးမြို့တွင် ဆိုင်ကယ်ပြုပြင်သူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

-       တန့်ဆည်မြို့တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရသည်။

-       မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီများ ပထမအသုတ်အဖြစ် ချောချောမွေ့မွေ့ပေးနိုင်ရေး အတွက် ဘက်အားလုံးအနေဖြင့် ၄ လကြာ အပစ်အခတ်ရပ်စဲထားရန် အာဆီယံအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဧရာဝဏ်ယူဆော့ဖ်က ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာန နှင့်အင်တာဗျူးတွင်တိုက်တွန်း ပြောကြားသည်။

-       မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသား၏ အလောင်းကို ဒေသခံများကတွေ့ရှိသည်။ 

-       စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ဖန်ကားစင်ကျေးရွာသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။ 

-       မုံရွာမြို့နယ်၊ လယ်ဇင်စံပြကျေးရွာမှ အသက်မပြည့်သေးသည့် ကလေးတစ်ဦးအပါအဝင် ရှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသည်။ 

 

စက်တင်ဘာ (၅) ရက်

 

-       ထားဝယ်မြို့ပေါ်တွင် ပြည်သူ့စစ်သား ရပ်တပ်သားများအား ကြိုဆိုကြောင်း ကြွေးကြော်သံများနှင့် စစ်အာ ဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သည်။ 

-       ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုမင်းသုခကို စစ်ကောင်စီက ဖောက်ခွဲရေးလုပ်ငန်း များ လုပ်ကိုင်နေသူဟု စွပ်စွဲကာထောင်ဒဏ်ဆယ်နှစ် ချမှတ်လိုက်သည်။ 

-       အင်းစိန်မြို့ပတ် ရထားပေါ်တွင် ရဲတပ်ဖွဲ့ဝင်များကို ပစ်သတ်ပြီး လက်နက်ခဲယမ်းများ ယူသွားသည့် ဖြစ်စဉ်တွင်ပါဝင်ပတ်သက်သူ ငါးဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာ များတွင် ထုတ်ပြန်သည်။ 

-       စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် ယနေ့တရက်တည်း အရပ်သားနှစ်ဆယ်ကျော် ဖမ်းဆီးခံရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဒီဗွီဘီက ဖော်ပြသည်။ 

-       ရန်ကုန်မြို့၊ ဆိပ်ကြီးခနောင်တိုတွင် ကင်းလှည့်ရဲတစ်ဦး ဓားဖြင့်အထိုးခံရသည်။ 

-       မိတ္ထီလာမြို့ရှိ မိုင်တဲလ် ဆက်သွယ်ရေးတာဝါတိုင်မီးရှို့ခံရသည်။

-       စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အမြင့်မြို့ဟောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်း ခဲ့ပြီး လူငယ် ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

-       အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ကရင်ပြည်နယ်အတွင်းက ပအိုဝ်းတိုင်းရင်းသား များ စုပေါင်းကာပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒွမ်) PaO People's Defense Force (Kham Dom) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်သည်။ 

-       အင်းစိန်ထောင်ကို စစ်ကောင်စီက စက်တင်ဘာ (၁၀) ရက်အထိ Lock Down သက်တမ်း ထပ်တိုးထား ခြင်းကြောင့် ၅၀၅(က)နှင့် တရားစွဲခံထားရသူများ၏ အမှုများကို အဲ့ဒီနောက်ပိုင်းမှ ပြန်စစ်နိုင်လိမ့် မယ်လို့ ရှေ့နေအချို့က ထုတ်ဖော်ပြောကြားသည်။

-       မကွေးတိုင်း၊ မြို့သစ်မြို့ ရွှေလရောင်ကွက်သစ်တွင်ရှိသည့် ရဲဝန်ထမ်းအိမ်ရာ ဗုံးခွဲတိုက်ခိုက်ခံရသည်။

-       ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံး ခံစားခဲ့ရသည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ကုစား ရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အတိုးနှုန်း သက်သာစွာ ထုတ်ချေးပေးခဲ့သည့် ချေးငွေများကို အရင်းနှင့်အတိုး တပေါင်းတည်း ပြန်ဆပ်ရန် စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်သည်။

-       ရန်ကုန်မြို့က အလွတ်တန်းသတင်းထောက် မသူဇာ ဖမ်းဆီးခံထားရကြောင်း မိသားစုဝင်များ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။ 

-       မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမာန်အင်းပတ်လမ်းတွင် စစ်ကောင်စီတပ်၏ ကားတစ်စီးဗုံးခွဲ တိုက်ခိုက်ခံရသည်။

-       မြန်မာနိုင်ငံတွင်တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၈၀၀ ကျော်နှင့် ၉၆ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

-       စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ပြည်သူ့ဝန်ထမ်းသူရဲကောင်း CDM ဆရာ၊ ဆရာမ အယောက် ၁၀၀ အတွက်  ပီတိ CDM ထောက်ပံ့ရေးအဖွဲ့က စက်တင်ဘာလအတွက် တစ်ဦးကို ကျပ် ၄၀၀၀၀ နှုန်းဖြင့် ထောက်ပံ့သည်။

-       စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ချောင်းရှည်ကျေးရွာက အုပ်ချုပ်ရေးမှူးတစ်ဦး ဓားထိုးအသတ်ခံရသည်။

-       စစ်ကိုင်းတိုင်း၊မုံရွာတွင် စစ်ကောင်စီတပ်က ပြည်သူသုံးဦးကို ထပ်မံဖမ်းဆီးသည်။  

-       မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် CDM ဝန်ထမ်းတစ်ဦးအပါအဝင် ပြည်သူငါးဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဖမ်းဆီးကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။ 

-       ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြန်ဆက်ရုံးရှေ့တွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲသည်။ 

-       စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နှင့် ကံသာကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားသည်။

 

စက်တင်ဘာ (၆) ရက်

 

-       ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တနိုင်ငံလုံးတွင် တိုက်ပွဲနှင့် ပဋိပက္ခပေါင်း ၄၀၀ ကျော်ဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၈၀၀ ခန့် သေဆုံးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။ 

-       အမျိုးသားညီညွတ်ရေးအစိုးရက အောင်လံလွှင့်ချီနွေဦးထီကို ပြန်လည်ရောင်းချခဲ့ရာ နာရီဝက်အတွင်း သတ် မှတ်လက်မှတ်စောင်ရေ ရောင်းကုန်သွားသည်။ 

-       ဒီပဲယင်းမြို့နယ်က မိဘပြည်သူတွေအနေဖြင့် ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အကြောင်းမဲ့ သွားလာခြင်းများ မပြုလုပ်ရန် အရေးပေါ် သွားလာရပါက ထင်သာမြင်သာ သွားလာကြပါရန်နှင့် အိမ်စီးကားများ မှန်ချပြီး အတွင်းမီးဖွင့်မောင်းကြရန် ဒီပဲယင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ 

-       ရှမ်းပြည်နယ်မြောက်ပိုင်း၊ သနီမြို့အဝင် ၊ လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးဘေးတွင်  ပြင်းထန်ဗုံး နှစ်လုံး ပေါက်ကွဲရာ လူနေအိမ်၊ စျေးဆိုင် နှင့် ဆိုင်ကယ်အချို့ ဗုံးစ ထိမှန်သည်။ 

-       စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းတွင် ကလေး PDF နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ် ပွားမှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်ေးရှာင်နေရသည်။

-       ချင်းပြည်နယ်ထဲက စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့်  ဆောက်လုပ်ရေးနှင့် စီမံကိန်း လုပ်ငန်းများအားလုံး  စက်တင်ဘာလအတွင်း အပြီးသတ်ကြရန် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးစာ ထုတ်ပြန်သည်။

-       စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချောင်းဇင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပစ်ခတ်ကြောင်း ဒေသခံများ ကပြောသည်။

-       မန္တလေးမြို့၊ အမရပူရမြို့နယ် တောင်သမန်အင်းကန်ပတ်လမ်းတွင် စစ်ကားတစီး မိုင်းခွဲတိုက်ခိုက် ခံရပြီးနောက် ပြည်သူများကို စစ်ကောင်စီကရိုက်နှက်စစ်ဆေးမေးမြန်းကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဒီဗွီဘီက ဖော်ပြသည်။ 

-       ရန်ကုန်တိုင်းမှော်ဘီမြို့နယ်နှင့်တွံ့တေးမြို့နယ်များတွင် ပုဒ်မ ၁၄၄ အမိန့် စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီး ညမထွက်ရန်နှင့် လူငါးဦးထက် ပိုမစုရန် တားမြစ်ကန့်သတ်လိုက်သည်။ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မြန်မာပလာဇာအနီး မီးပွိုင့်ရှိ ယာဉ်ထိန်းရဲ အဆောက်အအုံအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည်။

-       ပဲခူးတိုင်း၊ ပြည်မြို့ရှိ မြို့တော်ခန်းမရှေ့တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားသည်။

-       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကတည်းက ဖမ်းဆီးတရားစွဲဆိုထားသည့် ဦးဝီရသူကို အကြမ်းဖက်စစ်ကောင်စီ တရားရုံးက ရုံးထုတ်ကာ ပြန်လွှတ်ပေးလိုက်သည်။

-       စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်လှုပ်ရှားမှုများ ပိုမိုအားကောင်းလာစေရန်နှင့် အခြား တော်လှန်ရေးကဏ္ဍအသီးသီး အရှိန်အဟုန်မြှင့်တင်ဖို့ရည်ရွယ်ကာ  အမျိုးသမီးမဟာမိတ်အင်အားစုကို စက်တင်ဘာ ၆ ရက်က ဖွဲ့စည်းကြောင်း ကြေညာသည်။

-       ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ပြည်ခိုင်ဖြိုးပါတီ၊  လွှတ်တော်ကိုယ်စားလှယ် လောင်း  ဦးမြင့်သိန်း၏ နေအိမ် ဗုံးပေါက်ကွဲသည်။

-       ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်မှာနေထိုင်တဲ့ လူငယ် ၂ ဦးကို ၎င်းတို့၏နေအိမ်တွင် စစ်ကာင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားရာ တစ်ဦးသည် ညတွင်းချင်းသေဆုံးသည်။

-       မုံရွာတွင် MATA အဖွဲ့ဝင်တစ်ဦးအပါအဝင် သုံးဦးဖမ်းဆီးခံရသည်။

-       ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ်းမားမြို့ ညောင်ပင်သာရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင်သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကြောင်းဒေသခံများက ပြောသည်။ 

-       ရာခိုင်နှုန်း အဆမတန်တောင်းနေသည့် ဖလမ်းမြို့က ခရိုင်ဘဏ် မန်နေဂျာကို CNDF တပ်ဖွဲ့က ကျည်ဆန်တတောင့်ဖြင့် သတိပေးထားသည်။

-       မန္တလေးတိုင်း မနော်ရမ္မံကစားကွင်းအနီးတွင် ဗုံးပေါက်ကွဲသည်။

-       ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဗဟိုလမ်းနှင့် ပါရမီလမ်းထောင့်ရှိ ယာဉ်ထိန်းရဲရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။

 

စက်တင်ဘာ (၇) ရက်

 

-       အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စက်တင်ဘာလ ၇ ရက်မှ စတင်ကာ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာလိုက်သည်။

-       အရေးပေါ်အခြေအနေ သက်ရောက်သည့် နယ်မြေသည်  ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာပြန်လည် ထူထောင်နိုင်သည့်အချိန်အထိ သတ်မှတ် ကြောင်းလည်း ထုတ်ပြန်သည်။

-       ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး စစ်မြေပြင်တွင် အထက်အမိန့် နာခံရန်၊ တပ်ဖွဲ့အပေါ် သစ္စာ ရှိရန် အပါအဝင် စည်းမျဉ်းစည်းကမ်းချက် ၇ ချက် တိကျစွာလိုက်နာကြရန် အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

-       ကရင်နီပြည်သူများ စိုးရိမ်ထိတ်လန့်ခြင်းမရှိကြရန်နှင့်  လုံခြုံရေးသတိရှိကြရန်  စစ်အာဏာရှင်ကို အမြစ်ပြတ်ခြေမှုန်းနိုင်ရေးအတွက်  တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ  ပူးပေါင်းတွန်းလှန်တိုက်ခိုက် ရန် KNDF က သတိပေး တိုက်တွန်းသည်။

-       စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ SMATH (သိန်းငှက်) အဖွဲ့နဲ့ ခင်ဦးမြို့ ကာကွယ်ရေးအဖွဲ့ ခင်ဦးစားချစ်ညို တို့နှစ်ဖွဲ့ မဟာမိတ်အဖြစ်ပူးပေါင်းပြီး ရွှေဘိုခရိုင်အတွင်းက စစ်ကောင်စီတပ်တွေကို ချေမှုန်းသွားမည်ဖြစ်ကြောင်း ပူးပေါင်းကြေညာလိုက်သည်။

-       အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ စစ်ကြေညာပြီးနောက် ရှမ်းပြည်နယ်ရှိ ကျောင်းသားများ သမဂ္ဂ၊ လူငယ်အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ခုခံတော်လှန်သွားမည့်အကြောင်း လူမှုကွန်ရက်မှာ အသီးသီးထုတ်ပြန် ကြေညာလိုက်သည်။

-       ပြည်သူများ အိမ်ပြင်မထွက်ကြရန်၊ စစ်အုပ်စုအနီးမနနေကြရန် ၊ စစ်တပ်နှင့် ရဲကင်းအနီး မှ ရှောင်ရှားကြရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရေးပေါ်ကြေညာအသိပေးသည်။ 

-       မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်နဲ့ နတ်မောက်မြို့နယ်တို့မှာ နေရာသုံးနေရာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံများက ပြောသည်။

-       ကျောင်းသားပြည်သူ တရပ်လုံးအနေဖြင့်ဖက်ဆစ်စစ်တပ် ဖြုတ်ရန်အတွက်  စစ်အုပ်စုထောက်တိုင် များကို ဖြိုချရန် တတ်နိုင်သည့်ကဏ္ဍမှ ပါဝင်တော်လှန်ကြရေးမန္တလေးအခြေစိုက် တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်တိုက်တွန်းသည်။

-       မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်မှာ စက်တင်ဘာလ (၇) ရက်နေ့မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၇) ကို ဆက်သွယ်ထားသည့်ဓာတ်တိုင် (၂) တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ကြေညာသည်။

-       ကလေးဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)မှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦးနဲ့ လွိုင်ကော်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှူးဗိုလ်မှူးချုပ် ထွန်းနိုင်ဦးတို့ကိုအာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ စစ်ကောင်စီထိပ်ပိုင်းနဲ့ နီးစပ်တဲ့သူက ဒီဗွီဘီကို ပြောကြောင်းဖော်ပြသည်။

-       ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်း ဆောမြို့နယ် နယ်စပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်များကိုချင်းပြည်ကာကွယ်ရေးတပ် ကန်ပက်လက်နှင့် ယောဒေသ ကာကွယ်ရေးတပ် ဆောတို့ ပူးပေါင်းတိုက်ခိုုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

-       ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ရဲစခန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ် PDFတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNDF ဘက်က ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

-       အမျိုးသားညီညွတ်ရေးအစိုးရ တွန်းလှန်စစ်ကြေညာပြီး နောက်ပိုင်းမြေပြင်မှာတိုက်ပွဲများမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြစ်နေကြောင်း စစ်တပ်ပိုင်မြဝတီရုပ်မြင်သံကြားကတဆင့် အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

-       ပေါင်းတည်မြို့တွင် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးလည်းဖြစ်သည့် ပေါင်းတည် ရာအိမ်မှူးအိမ်တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသည်။

-       စစ်အာဏာရှင်ကိုဆန့်ကျင်သည့် လူထုတော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာလိုက်ပြီး မကြာခင် နိုင်ငံအလိုက်မြို့ရွာများတွင် စစ်ကောင်စီတပ်များက လုံခြုံရေးတိုးမြှင့် ချထားလိုက်သည်။

-       စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီး ထိခိုက်ဆုံးရှုံးမှု မရှိသော်လည်း စစ်ကောင်စီ၏ ပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်သည်။

-       စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်   Mytel တာဝါတိုင် များကို အမည်မသိအဖွဲ့ကတပြိုင်နက် ဖျက်ဆီးသည်။

-       မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်မှုတွေ ရှိနေချိန်တွင် ရွှေစျေးနှင့် ဒေါ်လာစျေး များထိုးတက်သွားသည်။ 

-       မြန်မာနိုင်ငံတွင်လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါ နှင့်ရင်ဆိုင်နေရခြင်းကြောင့်  လူသားချင်းစာနာ ထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သုံးသန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။ 

-       မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်လာမယ့်ပဋိပက္ခများကြောင့် အကာအကွယ်မဲ့သူများ။ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး တို့အပေါ်တွင် ထိခိုက်နစ်နာစေလိမ့်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက သတိပေးပြောကြား ချက် ထုတ်ပြန်သည်။ 

-       အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကြေညာသည့်နေ့တွင်ပင် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင်  စစ်ကောင်စီနှင့်ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ KA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားသည်။

-       အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖျက်တွန်းလှန်ရန် ရှမ်းပြည်နယ်တောင်ပို်င်း ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (KLTPDF) ကိုစတင်ဖွဲ့စည်းလိုက်ကြောင်းကြေညာသည်။ 

 

စက်တင်ဘာ (၈) ရက်

 

-       နိုင်ငံတဝန်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားသည်။ ပေါက်ကွဲရာနေရာများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲလုံခြုံရေးရယူထားသည့် နေရာများဖြစ်သည်။  ရန်ကုန်မြို့၊ ကြည့်မြင်တိုင် မြို့နယ်ရှိ Asia World ဆိပ်ကမ်းအနီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ယာဉ်ထိန်းရုံး၊ တောင်ဒဂုံ စသည့် နေရာများတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး စုစုပေါင်း ငါးခုထက်မနည်းရှိခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်တွင်ပုသိမ်လမ်းမကြီး နည်းပညာကျောင်း လမ်းထိပ်ရှိ  ရဲတပ်ရင်း ရှေ့တွင် ဗုံးပေါက်ကွဲရာစစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရသည်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်  အကြမ်းဖက်အုပ်စု ယာဉ်တန်းအပါအဝင်  နေရာသုံးနေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်သည်။ ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံအတွင်းတွင်  ဗုံးပေါက်ကွဲမှုဖြစ်ပွားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်လည်း မိုင်တဲလ်တာဝါ တိုင်အနီးဗုံးပေါက်ကွဲသည်။ မန္တလေးမြို့ မြို့နယ်အချို့တွင်လည်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

 

(မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်သူတွေကို စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်ဖမ်းဆီးမှုတွေ ရှိခဲ့ပြီးတဲ့နောက် နိုင်ငံအတွင်းက နေရာအတော်များများမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ စစ်ကောင်စီသတင်းပေးအဖြစ် သံသယရှိခံရသူတွေ ပစ်ခတ်သတ်ဖြတ်ခံရတာ တွေလည်း မကြာခနဆိုသလို ဖြစ်ပေါ်လာခြင်းဖြစ်သည်) 

 

-       ရန်ကုန်အပါအဝင် မြို့အချို့တွင် စစ်ကောင်စီက စစ်ဆေးမှုများကို ပိုမိုတင်းကြပ် လုပ်ဆောင်လာ သည်။

-       မန္တလေးသံဃသမဂ္ဂအနေဖြင့် အရေးပေါ်ကာလ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်သွား မည်ဖြစ်ကြောင်း ကြေညာသည်။

-       အကြမ်းဖက်စစ်တပ်ပစ်ခတ်မှုကြောင့် ရလကျော်အတွင်း  အပြစ်မဲ့ကျဆုံးသူ ၁၀၅၁ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်သည်။

-       တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ် Tanintharyi Defense Force (TDF) ဟာ စစ်သည်အင်အား ၁ဝဝ ဖြင့် အမျိုးသားညီညွတ်​​ရေးအစိုးရ၊ကာကွယ်​​​ရေးဝန်ကြီးဌာန၊​ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို  ဝင်​ရောက်ပူး​ပေါင်းကြောင်းဒီဗွီဘီက ဖော်ပြသည်။

-       စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့က နေအိမ်တွေကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ (၇) ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံ မျက်မြင်သက်သေများ၏ ပြောကြား ချက်ကို ဗွီအိုအေက ဖော်ပြသည်။

-       ကချင်ပြည်နယ် တနိုင်းနှင့် ရှင်ဗွေယန်မြို့အကြားတွင် စစ်ကောင်စီတပ်နှင့်ကေအိုင်အေအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာမှုများ ရှိနေသည်။

-       ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က ရဲတပ်သားငါးဦး CDM ပြုလုပ်ပြီးပူးပေါင်းလာကြောင်း CDF တပ်ဖွဲ့က ကြေညာသည်။

-       စက်တင်ဘာလ (၇) ရက်နေ့က ထုတ်ပြန်တဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက တောင်းဆိုသည်။

-       စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဒိုးနွယ်ကျေးရွာအနီးမှာ အကြမ်းစစ်တပ်က ပစ်သတ်ခဲ့တဲ့ အလောင်း (၃) လောင်းကို စက်တင်ဘာ (၈) ရက် မနက်ပိုင်းက တွေ့ရှိခဲ့ရတယ်လို့ ဒေသခံများက ပြောသည်။

-       ရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်တပ်နဲ့ နောက်လိုက်လက်ပါးစေတွေကို တော်လှန်သွားဖို့ အောင်ပန်း၊ အေး သာယာ၊ ရွှေညောင်၊ တောင်ကြီး မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၄) ဖွဲ့ ပူးပေါင်းလိုက်ကြောင်း ထုတ်ပြန်သည်။ 

-       မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့မှာ စက်တင်ဘာ ၇ ရက်နေ့ ညက ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၉ ယောက်လောက် သေဆုံးခဲ့ကြောင်း YDF တပ်ဖွဲ့က ထုတ်ပြန်သည်။ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ မြစ်ဆုံနှင့် ကျောက်ရစ်ရွာတွေနားမှာ စက်တင်ဘာ (၈) ရက်က စစ်ကောင်စီတပ်နဲ့ မြောင် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီ ဘက်က (၁၂) ဦး ကျဆုံးခဲ့ကြောင်းလည်း မြောင် PDF က ထုတ်ပြန်သည်။ 

-       ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ စက်တင်ဘာလဆန်းပိုင်းကစတင်ကာ ရှေ့နေအမျိုးသမီး အပါဝင် လူငယ် (၄) ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်တပ်သတင်းပေးတွေကို အသက်အာမမခံကြောင်း အမှန်တရားမြတ်နိုးသူများအဖွဲ့က သတိပေးသည်။ 

-       ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသဘက်တွင် ရိက္ခာသယ်လာသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ကားတစ်စီး ပစ်ခတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဒီဗွီဘီက ဖော်ပြသည်။

-       စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၇) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရရှိတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) ကထုတ်ပြန်သည်။ 

-       မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၆) ရဲစခန်း  လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရသည်။

-       မြန်မာနိုင်ငံတွင် တရားမဝင်အာဏာသိမ်းထားသည့်၊ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်နေ တဲ့စစ်တပ်ကို ယူကရိန်းနိုင်ငံက လက်နက်ရောင်းချတာ ချက်ချင်းရပ်ရန်     Justice for Myanmar အဖွဲ့က ထုတ်ပြန် တောင်းဆိုသည်။ 

-       အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကြေညာပြီးနောက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရှောင်ကြဉ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ခွင့်ပြုဖို့ အာဆီယံနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံမှ အဖွဲ့ပေါင်းစုံကို တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

-       NUG အစိုးရအနေဖြင့် ခုခံစစ်ကြေညာလိုက်ခြင်းသည် အာဆီယံအဖွဲ့၏ အခန်းကဏ္ဍပျက်ကွက်မှု ရှုံးနိမ့်မှုကို ထင်ဟပ်နေခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဝေဖန်လိုက်ကြောင်း ဒီဗွီဘီက ဖော်ပြထားသည်။ ခုခံတွန်းလှန်စစ်ဆင်နွှဲဖို့ ကြေညာလိုက်ခြင်းသည် စိတ်မကောင်းစရာ ဖြစ်သော်လည်းဘဲ ၎င်းတို့အနေဖြင့် NUG နှင့် မြန်မာပြည်သူများ၏ နိုင်ငံတကာအပေါ် အားမလို အားမရဖြစ်မှုကို နားလည်သဘောပေါက်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကထုတ်ပြန်လိုက်သည်။ 

-       မြန်မာနိုင်ငံတွင် တရက်တည်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၂၇၀၀ ကျော်နှင့် ၉၁ ဦးထပ်မံ သေဆုံးကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

စက်တင်ဘာ (၉) ရက်

 

-       ရန်ကုန်မြို့ထဲက စမ်းချောင်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်များအပါအဝင် နေရာအချို့တွင် ပေါက်ကွဲမှု ငါးခုထက်မနည်း ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင်စစ်ဆေးမှုများအလွန်အ မင်းတင်းကြပ်နေကြောင်း ရန်ကုန်ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများကဖော်ပြသည်။

-       စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှာ မြောင်ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားသည်။   ဝက်လက်မြို့နယ်၊ ပုလဲမြို့နယ်အပါအဝင် မြို့နယ်အများ စုတွင် နှစ်ဘက်ပစ်ခတ်မှုများ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဝက်လက်မြို့ ပစ်ခတ်မှုတွင် ရဲနှစ်ဦး သေဆုံးကြောင်း PDF ဘက်က ထုတ်ပြန်သည်။ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများကြောင့် အနားမှာရှိတဲ့ ရွာက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြ သည်။ စစ်ကိုင်းတိုင်းတွင်မိုင်တဲလ်  တာဝါတိုင်များ မီးရှို့ဖျက်ဆီးခံရသည်။

-       မကွေးတိုင်း ဂန့်ဂေါမြို့ မြင်သားရွာတွင် စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် စက်တင်ဘာလ (၉) ရက်နေ့က သေဆုံးသူ ပြည်သူ ၂၀ ကျော်ထိရှိလာပြီဖြစ်ကြောင်း ယောဒေသ PDF က အဖွဲ့ဝင်တဦးက Burma VJ ကိုပြောသည်။ အသတ်ခံရသူများတွင် အသက်မပြည့်သေးသည့် လူငယ် (၃) ဦးခန့်ပါဝင်ကြောင်း ၎င်းတို့မှာ PDF များမဟုတ်ဘဲ ရွာလုံခြုံရေးဆောင်ရွက်နေသော လူငယ်များသာ ဖြစ်ကြောင်းဖော်ပြသည်။

-       အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရာကိစ္စရပ်များဆွေးနွေးကြသည့် သြစတြေးလျနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံနိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ဆွေးနွေးပွဲတွင် မြန်မာနှင့် အာဖဂန်နစ္စတန်အရေးကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေးကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ သည်။ 

-       မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ IIMM က ဓါတ်ပုံတွေ ဗီဒီယိုတွေပါတဲ့ သတင်းပေးမှုပေါင်း (၂) သိန်းလောက် ရရှိထားတယ်လို့ IIMM အကြီးအကဲ၏ ပြောကြားချက်ကိုဗွီအိုအေက ဖော်ပြသည်။

-       စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွေး-ကြေးမုံ တစ်ဝိုက်မှာ စက်တင်ဘာ ၈ ရက် မနက် ၄ နာရီလောက်ကစပြီး စစ်ကောင်စီတပ်တွေ ရွာထဲကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ဒေသခံ ရွာသားတချို့ သေဆုံးဒဏ်ရာရ ဖမ်းဆီးခံရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

-       စစ်ကောင်စီအကြမ်းဖက်အဖွဲ့၏အခြေစိုက်တပ်စခန်း ၂ ခုကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ KNDO တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ကေအန်ယူ ဗဟိုက ကြေညာသည်။

-       သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက တင်သွင်းလျှောက်ထားခြင်းကို ပြည်ခိုင်ဖြိုးပါတီနှင့်မဟာမိတ် ၂၃ ပါတီက အပြင်းအထန်ကန့်ကွက်လိုက်သည်။

-       မကွေးတိုင်းဒေသကြီး ကျောက်ထုဒေသတွင် PDF တပ်ဖွဲ့က စစ်ကောင်စီယာဉ်တန်းကို  မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး  အပြန်အလှန်တိုက်ပွဲဖြစ်ပွားကြောင်း  PDF ဘက်က ထုတ်ပြန်သည်။

-       မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် သာလင်းကျေးရွာကို အကြမ်းဖက်စစ်တပ်များက ဝင်ရောက်မီးရှို့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဒီဗွီဘီက ဖော်ပြသည်။

-       ပျူစောထီးအဖွဲ့က မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှ တောာင်သာမြို့နယ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည်။ 

-       တိုင်းပြည်၏အာဏာကို အရပ်သားကိုယ်စားလှယ်များအုပ်ချုပ်မှုနှင့် ဒီမိုကရေစီမူဘောင်ထဲသို့ အမြန် ပြန်လွှဲပြောင်းရေး ဝိုင်းဝန်းအဖြေရှာရေးအပါအဝင် ရည်မှန်းချက် ၇ ချက် ချမှတ်နိုင်ခဲ့ကြောင်း အန်စီအေ အပစ် ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)  က ကြေညာသည်။

-       မြန်မာနိုင်ငံတွင် တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၃ဝဝ ကျော်နှင့် သေဆုံးသူ ၉၂ ဦး ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာသည်။

-       ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးကြောင်း CDF တပ်ဖွဲ့က ထုတ်ပြန်သည်။

-       CRPH NUG PDF အဖွဲ့ဝင်များနှင့် ၎င်းတို့နှင့် ဆက်စပ်သူများကို နေအိမ်တိုက်ခန်းငှားရမ်းထားပါက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အိမ်ပိုင်ရှင်အား တရားစွဲဆိုမည်ဖြစ်ပြီးနေအိမ်အား သက်သေခံ အဖြစ်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့က သတင်း ထုတ်ပြန်ကြောင်း ဧရာဝတီ သတင်းဌာနတွင် ဖော်ပြသည်။

-       ၎င်း၏ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များနှင့် သတင်းများအား လူမှုကွန် ယက်တွင် အလျင်စလို မဖော်ပြကြခြင်းဖြင့် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ကေအဲန်ယူ၏ သတင်းနှင့် ပြန်ကြားရေး(ဗဟို)က ထုတ်ပြန်သည်။

 

စက်တင်ဘာ (၁၀) ရက်

 

-       စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် လူငယ်များက တော်လှန်စစ်ဆင်နွှဲရေး လူထုအားလုံးပါဝင်ပေး ဆိုင်းဘုတ် ကိုင်ဆောင်ကာ ရန်ကုန်မြို့တွင် ဆန္ဒပြသည်။ 

-       မြန်မာနိုင်ငံတွင် မတရားအာဏာသိမ်း (၇) လကျော် အကြာတွင် အကြမ်းဖက်စစ်တပ် သတ်ဖြတ်မှု ကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၅၈ ဦးအထိ ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်သည်။

-       မွန်ပြည်နယ်၊ ရေးမြို့ရှိ မြို့မရဲကင်းစခန်းကို ဒေသခံရေးကာကွယ်ရေးအထူးတပ်ဖွဲ့က လျှပ်တပြက် ဗုံးခွဲတိုက်ခိုက်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည် ။

-       စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ထောက်ခံ နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price ကထပ်မံပြောကြားသည်။

-       တရုတ်ကွန်မြူနစ်ပါတီက ကြီးမှူးကျင်းပသည့် အာရှနိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အပါအဝင် ပြည်တွင်းက နိုင်ငံရေးပါတီ ၄ ခု တက်ရောက်သည်။

-       မကွေးတိုင်း ဒေသကြီး မြို့သစ်မြို့တွင် ဒေသခံပြည်သူခုနစ်ဦးကို  စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

-       စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ရေဦးမြို့နယ်၊ ပုလဲမြို့နယ်အပါအဝင် မြို့နယ်အများစုတွင် မိုင်တဲလ် တာဝါတိုင်များ ဆက်လက်ဖျက်ဆီးခံရသည်။ အမျိုးသားညီညွတ်ရေးအစိုးရကနိုင်ငံကို အရေးပေါ် ကြေညာချက် ကြေညာပြီးနောက်ပိုင်းတွင် စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်ကို နည်းမျိုးစုံဖြင့် ကန့်ကွက်ဆန့်ကျင် ဆန္ဒထုတ်ဖော်မှုများကို ဆက်တိုက်ဆိုသလို အရှိန်အဟုန်မြင့် ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်း အတွင်းရှိ မြန်မာဝမ်ပေါင်နှင့်ယန်စီလုပ်ကွက်များသို့ ဆက်သွယ်ထားသည့် ရေပိုက်လိုင်းများလည်း မိုင်းခွဲခံရသည်။

-       နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်သူအဆိုတော်အီတိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၈ ရက်က ဖမ်းဆီးသွားကြောင်းနီးစပ်သူများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။ 

-       မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် နှစ်ရက်ဆက်တိုက် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် ဒေသခံပြည်သူ လေးဆယ်နီးပါးကျဆုံးကာ စစ်ကောင်စီဘက်ကလည်း အထိအခိုက်အကျ အဆုံးများကြောင်း မီဒီယာများက ဖော်ပြသည်။ 

-       ချင်းပြည်နယ် စစ်ကိုင်းတိုင်းနှင့် ရခိုင်သို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအပါအဝင် ရဲတပ်ဖွဲ့ဝင် (၃၅၀) ကို ပို့ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း Tachileik News Agency ကဖော်ပြထားသည်။ 

-       မြင်သာဖြစ်ရပ်အား လက်တုံ့ပြန်သည့်အနေဖြင့် ဂန့်ဂေါမြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းက ဂန့်ဂေါ PDF နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ ပူးပေါင်း၍ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ယောက်ခန့် သေဆုံးခဲ့ကြောင်း ပါဝင်ကူညီသော CNF တပ်သား ၁၀ ဦးအား ကျေးဇူးတင်ရှိကြောင်း ဂန့်ဂေါ PDF က ထုတ်ပြန်ထား သည်။

-       ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိ၍ နှမ်းစိုက်ပြည်သူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသည်။

-       စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူထားတယ်လို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ ပြည်ပနိုင်ငံတချို့က  စွပ်စွဲပြောကြားနေကြးည့်အကြောင်း နိုင်ငံတော်၏အာဏာအရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်ပြီး အာဏာသိမ်းတာမဟုတ်ကြောင်း မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်နေမှုအခြေအနေများနှင့် ပတ်သက်၍ မြန်မာအခြေစိုက် သံတမန်များ တွေ့ဆုံရှင်းလင်းပွဲ တွင်စစ်ကောင်စီအကြမ်းဖက်အဖွဲ့၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားချက်ကိုစစ်ကောင်စီလက်အောက်ခံသတင်းစာများတွင် ဖော်ပြ သည်။

-       လူမှုကွန်ယက်တွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် ဒူးထောက်လျက်အနေအထားဖြင့် ကြိုးတုပ် ဖမ်းဆီးခံရထားသူ လူငယ်နှစ်ဦး၏ ပုံများပြန့်နှံ့လာရာ ပြည်သူများ စိတ်မကောင်းကြီးစွာဖြစ်ကြရ ကြောင်း ထုတ်ဖော်ရေးသားသည်။ အဆိုပါ လူငယ်နှစ်ဦးမှာ အသက် ၁၇ နှစ်အရွယ် Fedele နှင့် ၁၈ နှစ်အရွယ် Pasquale ဟူသည့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်လူငယ် နှစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်ကို RiSE News က ဖော်ပြသည်။

-       CNF နှင့် CDF တို့ပူးပေါင်းပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် လုံလဲလ်ရွာရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား စက်တင်ဘာ ၁၀ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်မှ တိုက်လေယာဉ်အသုံးပြု၍ ခြောက်ကြိမ်တိုင်တိုင် ဗုံးလာကြဲခဲ့ကြောင်း CNF တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို မဇ္စျိမသတင်းဌာနက ဖော်ပြသည်။

-       ကိုဗစ်-၁၉ လူနာသစ် နှစ်ထောင်ကျော်တွေ့ရှိခဲ့ပြီး တရက်အတွင်း  ၈၈ ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ 

-       စစ်ကိုင်းတိုင်းတွင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးမှုများ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက် ပြုလုပ်နေသည်။ 

-       ကလေးမြို့၊ ရေစကြိုမြို့တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တပြိုင်နက် နှုတ်ထွက်စာ တင်ထားမှုများရှိကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဒီဗွီဘီက ဖော်ပြသည်။

 

စက်တင်ဘာ (၁၁) ရက်

 

-       နိုင်ငံတဝန်း အကြမ်းဖက်စစ်ကောင်စီကို နည်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ရှိနေသည်။ မန္တလေးမြို့၊ အဓိက လမ်းမကြီးဖြစ်သည့် ၆၂ လမ်းပေါ်ရှိ စည်ပင်ရုံးနားတွင်  သွေးကြွေးမှာ  ဆွေးနွေးစရာမရှိဘူးဟု စာတန်းချိတ်ဆွဲကာဆန္ဒပြခဲ့ကြသည်။ ရန်ကုန်မြို့လူစည်ကားရာ မြန်မာ ပလာဇာတွင်လည်း ပြည်သူ့တော်လှန်ရေးတွင်  ပြည်သူအားလုံး ပါဝင်ကြရန် ရန်ကုန်လူငယ်အချို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

-       မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းရှိ တန့်ဆည်၊ ခင်ဦး၊ ရေဦးမြို့နယ်တို့တွင် ရှိသည့် စစ်အုပ်စုပိုင် Mytel တာဝါတိုင်များ ဆက်လက်ဖျက်ဆီးခံနေရသည်။

-       ခုနစ်လတာအတွင်း ရောင်းအားရော ဆုငွေပါ ကျဆင်းခဲ့သည့် အောင်ဘာလေထီကို နွေဦးထီကဲ့သို့ အွန်လိုင်းက ရောင်းချရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်းအောင်ဘာလေထီရုံးက ထုတ်ပြန်သည်။

-       နေပြည်တော်၊စစ်ကို်င်းတိုင်း ကန့်ဘလူမြို့တို့မှ စစ်တပ်သတင်းပေးသူများ အသတ်ခံရသည်။

-       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ထုတ်ရေး အဖွဲ့အစည်းအစုံက မိမိတို့ အသွင်သဏ္ဍာန်မျိုးစုံဖြင့်နည်းလမ်းမျိုးစုံ သုံးတို်တ်ထုတ်နေကြရာက မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်ကြောင်း Myingyan Ranger (MGN Ranger) အဖွဲ့ က ထုတ်ပြန်သည်။ 

-       မြန်မာနိုင်ငံတွင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၂၆,၁၉၆ ခုကို စစ်ဆေးခဲ့ရာ ရောဂါကူးစက်သူ ၂,၃၆၄ ယောက် တွေ့ခဲ့ပြီး သေဆုံးသူ ၉၈ ယောက်ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာန၏ ည ၈ နာရီ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

-       PDF များကြောင့် ၇ လ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ အစိုးရဝန်ထမ်း ၁၄၀ ဦး အပါအဝင် သေဆုံးသူ ၉၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၁၂ ဦး ရှိခဲ့ကြောင်း စစ်ကောင်စီ၏ ပြည်ထဲရေးဒုဝန်ကြီးက နိုင်ငံတကာသံတမန်များအား စက်တင်ဘာ ၁၁ ရက်နေ့က ပြောသည်။

-       ကရင်နီ ဖယ်ခုံမြို့အခြေစိုက် ခမရ (၃၃၆) တပ်ရင်းအား ဖယ်ခုံ PDF က ၆၀ မမ စိန်ပြောင်းအပါအဝင် လက်နက်ငယ်များဖြင့်  တိုက်ခိုက်ခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်။

-       ကရင်ပြည်နယ် ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့်ကို စက်တင်ဘာလ ၉ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားကြောင်း သံလွင်တိုင်းမ် သတင်းဌာနက ဖော်ပြသည်။ 

-       အသတ်ခံရသူများတွင် အုပ်ချုပ်ရေးမှူး ၁၀၂ ဦးနှင့် သတင်းပေးအဖြစ် စွပ်စွဲခံရကာ အသတ်ခံရသော ပြည်သူ ၃၆၉ ဦးတို့ ပါဝင်ကြောင်းလည်း ထည့်သွင်းပြောသည်။

-       NUG က အရေးပေါ် ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း NUG အပေါ် ဂရုဏာထားရှိကြသော အနောက်နိုင်ငံများအနေဖြင့် NUG အပေါ်ထားရှိသော ၎င်းတို့၏မူဝါဒများအား ပြန်လည်းသုံးသပ်ဖို့ ရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်Christine Burgener က PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း ဘီဘီစီမီဒီယာက ဖော်ပြထားသည်။

-       ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် CDM ပြုလုပ်သောရဲတပ်ဖွဲ့ဝင်အများအပြားရှိနေပြီး ယနေ့တွင် ချင်းပြည်နယ်မှ ရဲ ၆ ဦး CDM ပြုလုပ်ခဲ့ကြောင်း ဟားခါးပို့စ်သတင်းဌာနက ဖော်ပြထားသည်။

-       စက်တင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ဖြစ်စဉ်တွင် ကျဆုံးခဲ့သည့် အပြစ်မဲ့ပြည်သူများအတွက် သွေးကြွေးဆပ်မည်ဖြစ်ကြောင်း PDF (TSG) ကထုတ်ပြန်သည်။

-       နိုင်ငံအတွင်းရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် အများအပြား ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် Mytel နှင့် MPT ဆက်သွယ်ရေးတာဝါတိုင်များကို လုံခြုံရေးတိုးမြှင့်ရန် စစ်ကောင်စီညွှန်ကြားစာတစောင် လူမှု ကွန်ရက်တွင် ပျံ့နှံ့လာသည်။

-       ရွှေဘိုမြို့မှ စစ်ကောင်စီသတင်းပေးတစ်ဦးနှင့် ဝက်လက်မြို့နယ်မှ ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်။

-       စစ်ကိုင်းတိုင်းတွင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးမှုများစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက် ပြုလုပ်နေရာ တရက်လျှင် ပြည်သူဆယ်ဦးထက်မနည်း ဖမ်းဆီးခံနေရကြောင်း မီဒီယာများက ဖော်ပြသည်။ 

-       ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကညနရုံးအနီးတွင်လည်းကောင်း၊ လှိုင်သာယာမြို့နယ် အနောင်ပိုင်း သောင်ကြီးရဲစခန်းအနီးတွင်လည်းကောင်း၊ မကွေးမြို့၊ မြသလွန်ဘုရားအာက်ခြေ မြို့ဟောင်းလမ်း တွင်လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားသည်။

-       မန္တလေးတွင် ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရသလို၊ Non CDM ဆရာမတစ်ဦး၏ နေအိမ် လည်း လက်လုပ်ဗုံးဖြင့် ပစ်ခံရသည်။ 

-       ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေသူ အမျိုးသမီးကို မတွေ့၍ မိသားစု ဝင်များကို ဖမ်းဆီးသွားကြောင်း ဒီဗွီဘီက ဖော်ပြသည်။ 


စက်တင်ဘာ (၁၂) ရက်

 

-       နိုင်ငံတဝန်း ဗုံးဖောက်ခွဲမှုတွေနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်ပေါ်သလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများလည်း မြို့နယ်တချို့တွင် ဆက်ရှိနေဆဲ ဖြစ်သည်။ ကမာရွတ်မြို့နယ်၊ ဆင်မလိုက် လူကူးတံတားအောက်မှာရှိတဲ့ ယာဉ်ထိန်းရဲကင်းအဆောင်မှာတွင်လည်းကောင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ်တွင်လည်းကောင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားသည်။ ထိခိုက်ဒဏ်ရာရသူမူမရှိကြောင်း မျက်မြေသက်သေများ၏ ပြောကြားချက်ကို ခေတ်သစ်မီဒီယာက ဖော်ပြသည်။ 

-       စစ်ကိုင်းတိုင်းရှိ မြို့နယ်များတွင် ဇွန် မှ သြဂုတ်လ သုံးလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့်  အနည်းဆုံးပြည်သူ ၂ဝဝ ကျော် သေဆုံးခဲ့ကြောင်း NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါအထောက်အထားများအား စက်တင်ဘာလအတွင်းကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တင်ပြနိုင်ရန် ကြိုးပမ်းနေကြောင်း ၎င်းကရေးသားထား သည်။

-       စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသူတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းဘေးတွင် ရိုက်နှက်စစ်ဆေးကာ သေနတ်ဖြင့် ပစ်သတ်လိုက်ပြီး ယနေ့တွင်  အလောင်းကို ခင်ဦးဆေးရုံတွင် လာယူရန် မိသားစုဝင်များကို အကြောင်းကြားခဲ့ကြောင်း နီးစပ်သူများ၏ ပြောကြားချက်ကို ဗွီအိုအေ သတင်းဌာနကဖော်ပြသည်။ 

-       စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ဂန့်ဂေါမြို့ကြား မော်တော်ကားများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် PDF (Kalay) က အရေးကြီးသတိပေးချက် ထုတ်ပြန်သည်။

-       မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာတော့ နေအိမ်အတွင်း ရှိနေသည့် အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦး စစ်ကောင်စီက ပစ်ခတ်သည့် သေနတ်ထိမှန်သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဒီဗွီဘီက ဖော်ပြသည်။ 

-       ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးအဖြစ် သံသယရှိခံရသူ ကျုံထူးကျေးရွာ အုပ်ချုပ်ရေးမှူးပစ်သတ်ခံလိုက်ရကြောင်း မီဒီယာများက ဖော်ပြသည်။ 

-       မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်သည့်လူ့အခွင့်အရေး ချိုးဖောက်မှု များကို ကုလလူ့အခွင့်အရေးကောင်စီမှာ အရေးယူမှုချမှတ်သွားနိုင်ရေးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာတွင် ပြည်သူများလိုလားသည့် သံအမတ်ကြီးကို လက်ခံပေးရန် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူများက ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဆန္ဒပြတောင်းဆိုသည်။

-       COVID-19 တတိယလှိုင်းဒဏ် ခံနေရဆဲဖြစ်သည့် မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်မှု ထိန်းချုပ်သည့်အနေဖြင့် စစ်ကောင်စီက အစိုးရရုံးများနှင့် စာသင်ကျောင်းတွေကို စက်တင်ဘာလ ၂၄ ရက်နေ့အထိ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။ အလုပ်ပိတ်ရက်အဖြစ် ရက်တိုးသတ်မှတ်ခြင်း ခုနစ်ကြိမ်မြောက်အဖြစ် ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။ စာသင်ကျောင်းတွေကိုလည်း စက်တင်ဘာ ၂၄ ရက်နေ့အထိ ပိတ်ပင်ကြောင်း စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်သည်။

-       စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဘက်အခြမ်းတွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အိန္ဒိယဘက်အခြမ်း မီဇိုရမ်ပြည်နယ်အတွင်းက ခရိုင် ၂ ခုအတွင်းသို့ လူ ၁၀၀ ကျော် ဝင်ရောက်လာကြောင်း မီဇိုရမ်ပြည်နယ် အစိုးရက ပြောသည်။ 

-       ထိုင်းနိုင်ငံမှာ ကိုဗစ်ကာလ ကန့်သတ်မှုတွေကြားကပင် ဆာမွန်ဆာခွန်းပြည်နယ် မဟာချိုင်ဒေသ အတွင်းက မြန်မာအလုပ်သမားအသင်းအဖွဲ့ ၇ ခုက မြန်မာလုပ်သား ၁၀၀ ခန့်က NUG အမျိုးသား ညီညွတ်ရေးအစိုးရကို ကုလသမဂ္ဂကအသိအမှတ်ပြုရေး စက်တင်ဘာ ၁၂ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

-       ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အခု စက်တင်ဘာ ၁၄ ရက်တွင် စတင်တော့မည့် ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စား လှယ်အဖြစ် ဆက်လက်ထားရှိဖို့ ပြည်တွင်းပြည်ပ မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြ သည်။ ရန်ကုန်၊ မန္တလေးနှင့် ပြည်တွင်းက မြို့ရွာများတွင် အဖမ်းအဆီးများကြားကပင် ဦးကျော်မိုးထွန်းကို ကုလက မြန်မာကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြရန် တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြသည်။  နယ်သာလန်နိုင်ငံရောက် မြန်မာတွေကလည်း Amsterdam မြို့မှာ တောင်းဆိုခဲ့ကြသည်။ 

-       မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားရွာ၊ ကုန်းရွာ၊ အလယ်ရွာ၊ ရွာမရွာ၊ သာလင်းရွာ၊ နှမ်းခါးရွာ၊ မွှေ့လယ်ရွာ၊ ရဲလှရွာ၊ ရေရှင်မရွာ၊ ချောင်းကောက်ရွာ၊ သာစည်ရွာ၊ တောဝင်ရွာနဲ့ တောင်ခရမ်းရွာတို့ အပါအဝင် ရွာ ၁၃ ရွာတွင် စစ်တပ်ကစီးနင်းဝင်ရောက်၍ ဒေသခံများ တောတောင်ထဲမှာ ထွက်ပြေးနေကြရကြောင်းဗွီအိုအေက ဖော်ပြသည်။ 

-       အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များအပါအဝင် ဝန်ထမ်း အကြီးအကဲအယောက် ၁၃ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာသည်။

-       ထန်တလန်မြို့နယ်အတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ်နှင့် လေးမိုင်ခန့်သာ ကွာဝေးသော လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီ၏ ဗျူဟာကျသော တပ်စခန်းတစ်ခုအား ချင်းအမျိုးသားတပ်မတော် CNA နှင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF တို့ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၁၁ ရက်နေ့ညက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းနှင့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးကြောင်း CDF က သတင်းထုတ်ပြန်ခဲ့သည်။ 

-       စစ်ကိုင်းတိုင်း ရေဦးမြို့နယ် နှင့် ဒီပဲယင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင် ခြောက်ဦးသည်  အာဏာဖီဆန်  CDM လုပ်ကာ ပြည်သူ့ဘက်ရပ်တည်လာကြောင်း မီဒီယာများက ဖော်ပြသည်။ 

-       စီးပွားရေးလုပ်ငန်းတွေအတွက် ကိုဗစ်ချေးငွေပြန်ဆပ်ရမယ့်ကာလကို ဒုတိယအကြိမ် ၆ လ သက်တမ်း ထပ်တိုးလိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်သည်။ အဆိုပါချေးငွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ထိခိုက်မှုအများ ဆုံး ခံစားခဲ့ရသည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ကုစားနိုင်ရန်တွက် ချေးငွေသက်တမ်း တစ်နှစ် အတိုးနှုန်း ၁ ရာခိုင်နှုန်း နဲ့ ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

-       မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂,၀၀၀ နီးပါးနှင့် ရောဂါကူးစက် ခံရသူပေါင်း ၄၃၀,၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်း  အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနက ကြေညာသည်။

 

စက်တင်ဘာ (၁၃) ရက်

 

-       မန္တလေးမြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်နှင့် ရဲစခန်းတစ်ခုတို့ ဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရပြီး ရာအိမ်မှူးအပါအဝင် ၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မဇ္စျိမ မီဒီယာက ဖော်ပြထားသည်။ စျေးသည် အမျိုးသမီးမှာ ဗုံးသံကြောင့် ကြောက်လန့်ပြီး နှလုံးရပ်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

-       စက်တင်ဘာလ ၁၀ ရက်က မီးရှို့ခံရသည့် မကွေးတိုင်း ဂန့်ဂေါခရိုင် နှမ်းခါးရွာကို စစ်ကောင်စီ တပ်များက ဒုတိယအကြိမ် လာရောက်မီးရှို့ခဲ့ကြောင်း ဒေသခံများက မီဒီယာများကို ထုတ်ဖော်ပြောကြားသည်။ မီးလောင်မှုအတွင်း နေအိမ်များအပြင် စစ်ဘေးဒုက္ခသည်တွေအတွက် စုဆောင်းထားသည့်ရိက္ခာများ မီးလောင်ကျွမ်းသွားကြောင်း ပြောသည်။

-       မြန်မာနိုင်ငံငွေကြေးဈေးကွက်တွင် ရောင်းဈေးနဲ့ ဝယ်ဈေးနှုန်းကြား အများဆုံး ထားရှိရမယ့် ကွာဟချက် (Spread) သတ်မှတ်ထားခြင်းကို ဗဟိုဘဏ်က ပယ်ဖျက်ပေးခဲ့ပြီးနောက် လက်ရှိအချိန်တွင် မြန်မာကျပ်ငွေတန်ဖိုးသည် အလွန်အမင်းကျဆင်းနေပြီး အမေရိကန် တစ်ဒေါ်လာ လျှင် ကျပ်ငွေ ၂၁၀၀ အထိ ရောက်ရှိနေသည်။

-       ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးဌာနက ငွေကြေးလဲလှယ်မှု လုပ်ငန်းရှင် ပေါင်း ၇၅ ဦးခန့်နှင့် သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင် ၂၀၀ ခန့်အား ဖမ်းဆီးခဲ့ကြောင်း RFA က ဖော်ပြထားသည်။

-       ၂လကြာပိတ်ထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးတွေဒီနေ့ပြန်ဖွင့်သည့်အတွက် လူအများ ကြိတ်ကြိတ်တိုးတန်းစီကာ နိုင်ငံကူးလက်မှတ်လာလုပ်ခဲ့ကြသည်။

-       ဖမ်းဆီး တရားစွဲခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိလိုက်စားမှုဖြင့် အမှု ၁ ခုထပ်တိုးလိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုဖွင့်ထားတဲ့ အဂတိလိုက်စားမှု စုစုပေါင်း ၅ မှုရှိသွားပြီဖြစ်ကြောင်း ရှေ့နေများက ပြောသည်။  ကိုဗစ်ကပ်ရောဂါကြောင့် ၂ လကြာရပ်ထားတဲ့ အမှုကြားနာစစ်ဆေးမှုများကိုနေပြည်တော်မှာ ပြန်စခဲ့သော်လည်း  ဒေါ်အောင်ဆန်းစုကြည် နေမကောင်းတဲ့အတွက် အမှုများကို မကြားနာနိုင်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။

-       အိန္ဒိယနိုင်ငံ အာသံပြည်နယ် Guwahati မြိုတွင်  မြန်မာနိုင်ငံသား ၂၆ ဦးကို  တရားမဝင် လာရောက်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ဟားခါးပိုစ့်သတင်းဌာနက ဖော်ပြသည်။ အမျိုးသမီး ၁ဝဦး အပါအဝင် မြန်မာနိုင်ငံသား ၂၆ ယောက်သည် ချင်းပြည်နယ်ကဖြစ်ကာ စစ်တပ်၏ အကြမ်းဖက်မှု များကြောင့် မီဇိုရမ်ပြည်နယ်ထဲသို့ ရှောင်ပြေးလာသူများဖြစ်ကြောင်း ဗွီအိုအေကဖော်ပြပေးထာသည်။

-       ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်ပြီးခန့်ထားရန် မြန်မာနှင့် နိုင်ငံတကာလူမှုလူ့အဖွဲ့အစည်း ၃၅၈ ဖွဲ့က ကုလသမဂ္ဂအထွေထွေညီလာခံသို့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ တောင်းဆိုသည်။

-       မြန်မာဆိုင်ရာ သီးခြား လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ IIMM က စုဆောင်းထားသည့် မြန်မာ့ ရာဇဝတ်မှု ဆိုင်ရာ သက်သေ အထောက်အထားများကို တရားရုံးများ၊ ခုံရုံးများတွင် အသုံးပြု တရားစီရင်နိုင်ရေး ဆောင်ရွက် နေကြောင်း ဂျီနီဗာ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပသည့် ၄၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင်းမှာ IIMM အဖွဲ့ ခေါင်းဆောင်က ပြောကြားကြောင်း ဗွီအိုအေက ဖော်ပြသည်။

-       စစ်ကောင်စီနှင့် CDF တို့၏ တိုက်ပွဲများကြောင့် ထန်ထလန်မြို့နယ်ရှိ ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၁၄၀၀ ဝန်းကျင်ခန့် စစ်ဘေးရှောင်နေရကြောင်းထန်တလန်နေရာချထားရေးကော်မတီ TPAC ၏ ပြောကြားချက်ကို ခေတ်သစ်မီဒီယာက ဖော်ပြသည်။ 

-       ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၈ ကြိမ်မြောက်ညီလာခံကို ဂျီနီဗာမြို့တွင် ယနေ့ စတင်ကျင်းပနေပြီး အဆိုပါအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်တက်ရောက်ခွင့် မရှိကြောင်း မီဒီယာများက ဖော်ပြသည်။

-       NUG ကလည်း ဒီမိုကရေစီလှုပ်ရှားမှုကိုယ်စား ကြားဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ရက်စက် ကြမ်းကြုတ်လှသော စစ်ကောင်စီ၏တိုက်ခိုက်မှုများမှ မြန်မာပြည်သူလူထုအား ကူညီကာကွယ်ပေး ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို အားကိုး၍မရတော့ကြောင်း ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ 


စက်တင်ဘာ (၁၄) ရက်

 

-       ယမန်နေ့က နေမကောင်း၍ ကြားနာပွဲမတက်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေပြည်တော်သီးသန့်တရားရုံးတွင် ပြုလုပ်သည့် စစ်ဆေးကြားနာပွဲသို့ လာရောက်ကြားနာသည်။

-       သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့အပေါ် စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ ဖြင့်အမှုတတွဲထဲ တရားစွဲထားသည့် အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော်၊ လုပ်ဆောင်မှုကို လာမည့်သတင်းပတ်တွင် စွဲချက်တင်သင့်မသင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ရှေ့နေ၏ ပြောကြားချက်ကို ဘီဘီစီကဖော်ပြသည်။ 

-       စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေသာ စစ်ကိုင်းတိုင်းအ တွင်းရှိ မြို့နယ် ၆ မြို့နယ်နှင့် မန္တလေးတိုင်း မြို့နယ် ၂ မြို့နယ်တို့တွင် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ကြောင်းခေတ်သစ်မီဒီယာက ဖော်ပြထားသည်။ 

-       ကယားပြည်နယ် ဖရူဆိုမြို့နယ် ကဒါးလာကျေးရွာအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့်စစ် ကောင်စီစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားသည်။ တိုက်ပွဲအတွင်း သေဆုံးသူများရှိသလို ပါတ်ဝန်းကျင်ကျေးရွာ ၆ ရွာခန့်က ပြည်သူများနေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ဒေသခံများက ပြောသည်။

-       ဖရူဆိုမြို့နယ် ကဒါးလာကျေးရွာအနီးတွင် KA၊ KNDF ပူးပေါင်းအဖွဲ့နှင့်စစ်ကောင်စီစစ်တပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွင် KNDF ဘက်က ၂ ဦးသေဆုံးသလို စစ်ကောင်စီဖက်ကလည်း ၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များဘက်က ထုတ်ပြန်သည်။

-       အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကြေညာပြီး တစ်ပတ်အတွင်းမှာပင် ချင်းပြည်နယ်အတွင်း စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့် CDM တွင်ပါဝင်လာကြောင်း CDF တာဝန်ရှိသူတစ်ဦးက DVB ကိုပြောဆိုခဲ့သည်။ CDF နှင့် ပူးပေါင်းလာသူများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအပြင် သစ်တောဝန်ထမ်းများလည်း ပါဝင်ကြောင်း ဖော်ပြသည်။ CDF များက လက်နက်အပြည့်အစုံဖြင့် စစ်တပ်အားစွန့်ခွာလာသူများအား ငွေသိန်း ၅၀ ပေးမည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။

-       နိုင်ငံတော်လုံခြုံရေးဥပေဒ ချိုးဖေါက်မှုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား Sean Turnell ကို ရန်ကုန်မှ နေပြည်တော်တရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးဖို့ရန် နိုင်ငံတော်တရားရုံးချုပ်က သဘောတူခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သည့် ဦးကြည်ဝင်း၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

-       စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ည ၈ နာရီမှာထုတ်ပြန်သည့် စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၂၄,၈၂၂ ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ထားသူ ၂,၄၂၁ ယောက်ရှိခဲ့ပြီး သေဆုံးသူက ၇၆ ဦးရှိကြောင်း ဖော်ပြသည်။ 

      စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက မကွေးမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးအနီးဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတွင် ငါးနှစ်အရွယ်ကလေးငယ် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဘီဘီစီကဖော်ပြသည်။ 

-       ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာကိုယ်စားလှယ်တစ်ချို့အပါအဝင် စစ်ကောင်စီ ကိုယ်စားလှယ်များ ကတွေ့ဆုံမှုရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်းဘဲ သူမအား ပြည်တွင်းပြည်ပက မည်သူမျှလာ ရောက် တွေ့ဆုံခြင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများကိုပြောဆိုခဲ့သည်ဟု Burma Associated Press က ဖော်ပြထားသည်။

-       လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မြန်မာဒုက္ခသည် ၁၀၀ ကျော် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြောင်း မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၉၅၀၀ ကျော်ထက်မနည်း ရှိနေကြောင်း RFA က ဖော်ပြထားသည်။ 

 

 

စက်တင်ဘာ (၁၅) ရက်

 

-       ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၂၄,၃၆၄ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ထားသူ ၂,၄၂၄ ယောက်ရှိခဲ့ပြီး သေဆုံးသူက ၉၁ ဦးရှိကြောင်းဖော်ပြသည်။

-       ချင်းပြည်နယ် ကန်ပက်လက် မြို့နှင့် မကွေးတိုင်း ဆောမြို့ကြားတွင် စစ်ကောင်စီနှင့် ကန်ပက်လက် CDF တို့ တိုက်ပွဲဖြစ်ပွားမှုများရှိသလို စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် လူနေအိမ်များအပေါ် ကျရောက်သည်များရှိကြောင်း ဗွီအိုအေကဖော်ပြသည်။

-       စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင်အင်တာနက်ဖြတ်တောက် ခံထားရ ဆဲဖြစ်သည်။ 

-       စစ်ကောင်စီ၏ ကိုယ်စားလှယ်အား ကုလသမဂ္ဂညီလာခံတွင် မိန့်ခွန်းပြောကြားခွင့်မပေးရန် အမေရိကန်နှင့် တရုတ်နိုင်ငံတို့က သဘောတူညီမှုရရှိခဲ့ကြောင်း Foreign Policy ကဖော်ပြထားသည်။ ကုလသမဂ္ဂကိုယ်စား လှယ်ဆုံးဖြတ်ရေးကော်မတီက မြန်မာကိုယ်စားလှယ်နေရာရွေးချယ်မှုအား ရက်ရွှေ့ဆိုင်းထားပြီး ဦးကျော်မိုး ထွန်းအား လက်ရှိနေရာတွင် နိုဝင်ဘာလအထိ ဆက်ထားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

-       မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်ဖော်ဆောင်ရမည်ဖြစ်ပြီး စစ်အာဏာရှင်၏ ဖိနှိပ်မှုအပေါ် မြန်မာပြည်သူလူထု၏ ခုခံဆန့်ကျင်မှု၊ စစ်တပ်အာဏာသိမ်းမှုနှင့်အခြေခံ ဒီမိုကရေစီအခွင့်အရေး ရရှိရန်အတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာလူထု၏ခွန်အားနှင့် ကြံ့ခိုင်မှုစွမ်းရည်ကို ထပ်လောင်း အသိအမှတ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 ခိုးနားထောင် စောင့်ကြည့်မည့် နည်းပညာကို အသက်သွင်းရန် စစ်ကောင်စီက “ဆက်တိုက် ဖိအား” ပေးလာခြင်းကြောင့် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူခြင်းကို ရှောင်နိုင်ရန်မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရောင်းလိုက်ရခြင်းဖြစ်ကြောင်း တယ်လီနော၏ အာရှဒေသ ဆိုင်ရာ အကြီးအကဲက ရိုက်တာသတင်းဌာနကို ပြောသည်။ မြန်မာလုပ်ငန်းခွဲကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် လက်ဘနွန်ရင်းနှီးမြှုပ်နှံရေးအုပ်စုကို ရောင်းချမည်ဖြစ်ကြောင်း တယ်လီနောက ဇူလိုင်လတွင်းက ကြေညာခဲ့ခြင်း ဖြစ်သည်။ 

-       စက်တင်ဘာ ၁၄ ရက်နေ့က နေပြည်တော် လယ်ဝေးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုအား နေပြည်တော် PDF မှ ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ဒုရဲအုပ်အဆင့်ရှိသူတစ်ဦး သေဆုံးသွားကြောင်း နေပြည်တော် PDF အဖွဲ့မှ ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရုံးစိုက်ရာ နေပြည် တော်နယ်မြေတွင် တတိယအကြိမ်မြောက်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု ဖြစ်သည်။

-       မြန်မာနိုင်ငံတွင်နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်ရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အထူးကိုယ်စားလှယ်ကို အမြန်ဆုံး စေလွှတ်ရေး အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai က တိုက်တွန်းသည်။

-       မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စစ်သားများ၏ အမျိုးသမီးများကိုပါ စစ်တိုက်ရန် စစ်ကောင်စီက ခိုင်းစေနေကြောင်း စက်တင်ဘာလ ၁၄ ရက် ရက်စွဲဖြင့် ပေါက်ကြားလာသော တပ်တွင်းကြေးနန်းစာ တစ်စောင်အရသိရကြောင်း CDM စစ်သားများဖြင့်ဖွဲ့စည်းထားသော ပြည်သူ့စစ်သားအဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

-       စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက မကွေးမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးအနီးဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအား ၎င်းတို့လုပ်ဆောင်ခြင်းမဟုတ်ကြောင်း မကွေးအခြေစိုက် PDF က ကြေညာခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုတွင် ငါးနှစ်အရွယ်ကလေးငယ် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဘီဘီစီကဖော်ပြထားသည်။

-       သုံးလအတွင်းမှာ တိုက်ပွဲများ ပစ်ခတ်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုပေါင်း ၁၁၇၁ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၁၀ ဦးခန့်သေဆုံးခဲ့ပြီး ၆၃၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။


စက်တင်ဘာ (၁၆) ရက်

 

-       ချင်းပြည်နယ် မတူပီမြို့တွင် တပ်စွဲထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကသာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၀၉) ၏ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးတစ်ယောက်နှင့် စစ်သည်တစ်ယောက်တို့ အချေအတင်စကားများကြပြီးနောက် အဆိုပါဗိုလ်မှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒီဗွီဘီကဖော်ပြထားသည်။ အဆိုပါဗိုလ်မှူးသည် စိတ်ကယောင်ချောက်ခြားဖြစ်ပြီးနောက် မိမိကိုယ်ကို သတ်သေခြင်းဖြစ်သည်ဟူ၍လည်း သတင်းများ ထွက်ပေါ်နေသည်။

-       ကိုဗစ်-၁၉ ရောဂါအတွက် ဓာတ်ခွဲစမ်းသပ်မူ ၂၀,၄၇၀ လုပ်ခဲ့ရာမှာ ကိုဗစ်ပိုးတွေ့သူသစ် ၁,၇၉၀ ဦးရှိပြီး ၂,၀၀၀ အောက် စကျဆင်းခဲ့ကြောင်း စစ်ကောင်စီ၏ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

-       စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ရှိ မယ်သဲကြိုးရွာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်ပါအသုံးပြုပြီးတိုက်ခိုက်ခဲ့သဖြင့် ချောင်းဦး PDF အဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး တစ်ဦးဖမ်းဆီးခံရကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင်၏ ပြောကြားချက်ကို မြန်မာနောင်းသတင်းဌာန က ဖော်ပြသည်။

-       Time မဂ္ဂဇင်းက နှစ်စဉ် ရွေးချယ်ဖော်ပြသည့် ကမ္ဘာတွင် ဩဇာသက်ရောက်မှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းထဲ တွင် မြန်မာအမျိုးသမီး သုံးဦးအသိအမှတ်ပြု ရွေးချယ်ခံခဲ့ရသည်။

-       အင်္ဂါဂြိုလ်ပေါ် ပျံသန်းနိုင်သည့် စူးစမ်းရေးရဟတ်ယာဉ်ငယ်ကို တီထွင်ခဲ့သူ မြန်မာအင်ဂျင်နီယာ တဦးနှင့် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေသည့်တိုင်းရင်းသူအမျိုးသမီး နှစ်ဦးတို့ဖြစ်ကြသည်။

-       မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေသော ငါးထောင်ကျပ်တန်နှင့် တစ်သောင်းကျပ်တန် ငွေစက္ကူများအား တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြေညာချက်အတု တစ်စောင် အင်တာနက်တွင် ပြန့်နှံလာခဲ့သည်။

-       မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်သုံးစွဲနေသည့် ငွေစက္ကူကြီးများ ဖျက်သိမ်းလိုက်ပြီဆိုကာ ပျံ့နေသည့် သတင်းမှာ ကောလာဟလသာဖြစ်ပြီး ဖျက်သိမ်းရန်မရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

-       စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ စစ်တပ်ပိုင် မြန်မာဘီယာရုံးကို ဒေသခံ PDF အဖွဲ့ဝင်များက ဗုံးဖောက်ခွဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မဇ္စျိမ သတင်းဌာနက ဖော်ပြထားသည်။

-       မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမာခံ ဦးမျိုးချစ်အား ဖမ်းဆီးရမိခြင်းမရှိသဖြင့် ကင်ဆာဝေဒနာ ခံစားနေရသော ၎င်း၏အမျိုးသမီးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။


စက်တင်ဘာ (၁၇) ရက်

 

-       စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့အနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေး PDF များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ််ပွားသည်။ မိုင်တဲလ်တာဝါတိုင်များ ဖျက်စီးခံရပြီးနောက် ထိုဒေသတဝိုက် စစ်တပ်က နယ်မြေရှင်း လင်းရေးလုပ်ရာတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်းဗွီအိုအေက ဖော်ပြသည်။ 

-       စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြိုနယ်အတွင်းက ရွာ ၄ ရွာထက် မနည်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်သည်။ ထိုသို့ရှာဖွေစဉ် အိမ်များတွင်ရှိသည့် ပစ္စည်းတွေကို ဖျက်ဆီး၊ တချို့ကို သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။ ကနီမြို့တဝိုက် စစ်တပ်က စစ်တင်အားဖြည့်တင်းကာ နယ်မြေရှင်းလင်းရေးလုပ်နေပုံသည့်အတွက် ဒေသခံတွေ ထွက်ပြေး ပုန်းရှောင်နေကြရကြောင်း ၎င်းတို့၏ ပြောကြားချက်ကိုမီဒီယာများက ဖော်ပြသည်။ 

-       ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိသည့် လိုင်ဇာမြို့ဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားများ နေထိုင်ရာနေရာပေါ် လက်နက်ကြီးကျည်တွေ ကျခဲ့ကြောင်းနှင့် စစ်ရေးလှုပ်ရှားမှု ရှိမနေချိန် စစ်တပ်ကပစ်ခတ်ခြင်းဖြစ်ကြောင်း ဗွီအိုအေ သတင်းတွင် ဖော်ပြသည်။ ကချင်ပြည်နယ်၊ တနိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကြူကုတ် (ပန်ဆိုင်း) ဘက်တွင်လည်းစစ်ရေးတင်းမာမှုများရှိနေကြောင်း ဖော်ပြသည်။ 

-       ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တခုတွင်  ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ 

-       ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိက ခိုင်ကမ်းမြို့ ကိုးမိုင်ရဲစခန်းအား CDF – KKG အဖွဲ့၊ Civil Defense Militia (CDM) အဖွဲ့နဲ့ PDF (Zoland) အဖွဲ့ ၃ ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း PDF-Zoland က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

-       မြန်မာနိုင်ငံတွင် သတင်းထောက်များကို ဖမ်းဆီးအကျဉ်းချကာ ပြင်ပနှင့်အဆက်အသွယ်မရအောင် ဖြတ်ထောက်ထားသည်များကိုကြည့်ခြင်းအားဖြင့် မြန်မာအာဏာသိမ်းစစ်ကောင်စီသည် သတင်း သမားများအပေါ် အပြင်းအထန်ဖိနှိပ်မှုများ လုပ်နေသည်မှာ ပေါ်လွင်ကြောင်းနှင့် မြန်မာစစ်ကောင်စီ ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် လိုအပ်ကြောင်း RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ဖော်ပြောကြားသည်။ ပြီးခဲ့သည့်ရက်ပိုင်းက သတင်းသမားနှစ်ဦး ထပ်မံဖမ်း ဆီးခံထားရသည်။ ဆွေမျိုးသားချင်းနှင့် မိသားစုများကို ဖိအားပေးအကြပ်ကိုင်ဖမ်းဆီးပြီး၊ ပြင်ပနဲ့အဆက်အသွယ်မရအောင် အကျဉ်းချဖမ်းဆီးထားခြင်းသည် သတင်းသမားများအပေါ် အပြင်းအထန်ဖိနှိပ်မှုပေါ်လွင်ကြောင်း RSF ၏ အာရှနဲ့ပစ္စဖိတ်ဒေသ အကြီးအကဲ Daniel Bastard ကပြောသည်။

-       ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်းအား ခရမ်း PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်  အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၎င်းတို့ဘက်မှ လူငယ်နှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြား လူငယ်တစ်ဦး လည်း ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားကြောင်း ခရမ်း PDF ဘက်က RFA ကို အတည်ပြုပြောဆိုခဲ့သည်။

 

စက်တင်ဘာ (၁၈) ရက်

 

-       မြန်မာနိုင်ငံတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြစ်ကြီးနားသို့ လာရောက်ချိန်တွင် စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲများကို ဒေသခံများက ပြုလုပ်ခဲ့ကြသည်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ကချင်ပြည်နယ် မြစ်ကြီးနားသို့ ရောက်ရှိစဉ်၎င်းအား ကချင်ရိုးရာဝတ်စုံအပါအဝင်ရိုးရာ လက်ဆောင်များပေးခဲ့သော ကချင်လူမျိုးဝန်ကြီးချုပ်အပါအဝင် မြို့ခံများ ဘာသာရေးဆရာများနှင့် ပွဲတက်ရောက်သူများအား အင်တာနက်အသုံးပြုသူများက ဝေဖန်ကြသည်။

-       မြန်မာနိုင်ငံတွင် အကြမ်းဖက် လုပ်ရပ်တွေကိုရပ်ရန်နှင့် ဥပဒေမဲ့ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေး ရန် အမေရိကန်နှင့်သြစတြေးလျနိုင်ငံတို့က တောင်းဆိုကြောင်း ဗွီအိုအေသတင်းဌာနတွင် ဖော်ပြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ကာကွယ်ရေးဝန်ကြီး Lloyd Austin နှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ကာကွယ်ရေးဝန်ကြီး Peter Dutton တို့ ဝါရှင်တန်တွင် တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်မိကြောင်းနှင့်  မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖေါ်ဆောင်ရေးကို ပြန်လည်လုပ်ဆောင်ရန်လည်း တိုက်တွန်း ထားသည်။

-       ချင်းပြည်နယ် ထန်တလန်မြို့လယ်ခေါင်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ချင်းအမျိုးသားတပ်ဦး CNF ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် CDF (ထန်တလန်) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း CNF တပ်ဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီက RFA က ဖော်ပြထားသည်။ စစ်ကောင်စီဘက်က လက်နက်ကြီးများပါအသုံးပြု၍ မြို့အတွင်းသို့ ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ထန်တလန်မြို့ပေါ်ရှိ နေအိမ် ၁၈ လုံးနှင့် ဟိုတယ်တစ်ခု မီးလောင်ပျက်စီးခဲ့ကြောင်း The Thantlang Times က ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း CDF-Thantlang က ဖော်ပြထားသည်။ ထန်တလန်မြို့တွင် မီးလောင်နေသောအိမ်များအား မီးသတ်ရန်သွားသော ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော် (TCBC) ၏ သင်းအုပ်ဆရာ ကျူံးဗျက်ဟုမ်း (Pastor Cung Biak Hum) သည် စစ်ကောင်စီများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ဖုန်းနှင့် ပိုက်ဆံအိတ်တို့အပြင် ၎င်း၏ လက်ချောင်းကိုဖြတ်၍ မင်္ဂလာဆောင်လက်စွပ်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း Chin Baptist Convention က ကြေညာချက် ထုတ်ပြန်သည်။ 

-       လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၂၁,၀၃၆ ခုကို စစ်ဆေးခဲ့ရာ ရောဂါကူးစက်သူ ၁,၉၄၃ ဦး တွေ့ခဲ့ပြီးသေဆုံးသူ ၇၂ ဦးရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်သည်။ 

 စက်တင်ဘာ ၁၆ မှစ၍ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ဖြည့်တင်းပြီး တပ်ဖြန့်နေကြောင်း မြန်မာနောင်းသတင်းဌာနက ဖော်ပြသည်။ PDF များအင်အားကောင်းသော ချင်းတွင်းမြစ်အနောက်ဘက်ဒေသများဖြစ်သည့် မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ မြိုင်စသည့် ဒေသများကို ထိုးစစ်ဆင်ရန်အတွက် စစ်ကောင်စီက ကုန်းကြောင်းအပြင် ရေကြောင်းလေကြောင်းတို့မှ လူသူလက်နက်အင်အားဖြည့်တင်းမှု အများအပြား ပြုလုပ်နေခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြထား သည်။

 

 စက်တင်ဘာ (၁၉) ရက်

 

-       အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကချင်ပြည်နယ်မြောက်ပိုင်းရှိ ပူတာအိုမြို့သို့ သွားရောက်ရန်စီစဉ်ထားသော်လည်း ၎င်း၏လုံခြုံရေးတပ်ဖွဲ့ဝင်များအား မြစ်ကြီးနား-ပူတာအိုလမ်းမကြီးမှ KIA က ဖြတ်သန်းခွင့်မပေးသဖြင့် ခရီးစဉ်ဖျက်သိမ်းလိုက်ရကြောင်း NBung Dat Kasa က ဖော်ပြသည်။

-       စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ အကြမ်းဖက် နှိပ်ကွပ်ခံရပြီးနောက် တုံ့ပြန်အကြမ်းဖက်မှု များ ပြန်ဖြစ်လာရာမှာ ဗုံးခွဲတိုက်ခိုက်မှုများ၊ စစ်ကောင်စီဝင်များနှင့်ပြည်သူများအား ဖမ်းဆီးရေး အတွက် သတင်းပေးသူများကို သတ်ဖြတ်မှုများရှိနေဆဲဖြစ်သည်။ လှိုင်မြို့နယ်အုတ်ကျင်း ဘူတာရုံလမ်းနှင့်ဗဟိုလမ်းထောင့်မှာ စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူတဦး သေနတ်နဲ့ ပစ်ခတ်ခံရသည်။

-       ရန်ကုန်မြို့ သာကေတမြို့နယ် မြင်တော်သာလမ်းမပေါ်က ကမ္ဘောဇဘဏ်ရှေ့တွင် အသေးစား ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး၊မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်အနီးတွင်လည်း အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ 

-       စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် လိပ်ခြံကျေးရွာအနီးတွင် စစ်ကောင်စီသတင်းပေးတယ်လို့ ယူဆရသော မိသားစုတစ်ခုအား အမည်မသိအဖွဲ့အစည်းတခုက လာရောက်ပစ်ခတ်စဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး မိသားစုဝင် ၅ ဦးစလုံး သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဒီဗွီဘီက ဖော်ပြသည်။ 

-       ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၄ ရက်အတွင်း လူငယ် ၃၅ ဦး ထက်မနည်း အဖမ်းခံရပြီး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူ ၁ ဦး ရှိကြောင်း မြန်မာနောင်းသတင်းဌာန ကဖော်ပြသည်။

-       စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ စစ်သား ၁ ဦးသည် သေနတ်နှစ်လက်နှင့်အတူ စက်တင်ဘာ ၁၉နေ့က ဟားခါး CDF ထံသို့ ရောက်ရှိခိုလှုံခဲ့ကြောင်း ၎င်း၏ ခရီးစဉ်အတွက်ဆောင်ရွက်ပေးခဲ့သော မုံရွာအခြေစိုက် PDF အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့နယ်များတွင်  စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေ အကြား တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး နှစ်ဘက်အကျဆုံးတွေရှိသလို ဒေသခံရွာများလည်း ဘေးလွတ်ရာထွက်ပြေး နေကြရကြောင်း ခေတ်သစ်မီဒီယာက ဖော်ပြသည်။ 

-       ဒီးမော့ဆိုမြို့နယ်က ဒေါပိုးစီးရွာအနီးတွင် ငါးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ဘက်က စစ်အင်အားအများအပြား နှင့်လက်နက်ကြီးများအသုံးပြုပြီးတိုက်ခဲ့ရာ နှစ်ဘက်စလုံး ထိခိုက်မှုများရှိကြောင်း KNDF တာဝန်ရှိသူတဦး၏ ပြောကြားချက်ကို ဖော်ပြသည်။

-       စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့တွင် အရပ်သားများအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်များက အကြမ်း ဖက်တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပနေသည့် လူ့အခွင့်အရေးကောင်စီတွင် အမျိုးသားညီညွတ်ရေးအစိုးရ  လူ့အခွင့်အရေးဝန်ကြီးဌာနက တင်သွင်းခဲ့သည်။ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလတွေအတွင်း ဒီတိုင်းဒေသကြီး နှစ်ခုတွင် အာဏာသိမ်းစစ်ကောင်စီတပ်များကထိုးစစ်ဆင် နယ်မြေရှင်းရေးများ ပြုလုပ်ခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အထောက်အထားများနဲ့တကွ တင်သွင်းခဲ့ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ကြေညာသည်။ 

-       မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည်မှာ ရှစ်လခန့်ရှိလာချိန်အထိ ပြည်တွင်းပြည်ပတွင် အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်မှုများဆက်ရှိနေဆဲဖြစ်သည်။ အမေရိကန်၊ ကနေဒါနှင့် နယ်သာလန်နိုင်ငံရောက် မြန်မာများက  မြန်မာ့အရေးကို ကုလသမဂ္ဂအနေဖြင့်အလေးထား ကိုင်တွယ်ဆောင်ရွက်ရန် တောင်းဆို သည်။ 

 

စက်တင်ဘာ (၂၀) ရက်

 

-       စစ်ကိုင်းတိုင်းအတွင်းက ကနီ ယင်းမာပင်နှင့် ပုလဲဒေသတွေမှာ ဒေသခံ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက်ဒေသတွင်းမှာလည်း ဖုန်းအင်တာနက်တွေ ဖြတ်တောက်ခံထားရဆဲ ဖြစ်သည်။

-       စက်တင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ လူငယ်တက်ကြွလှုပ်ရှားသူ ခုနစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၎င်းတို့အားသြဂုတ်လအတွင်း ရန်ကုန်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်နှစ်ခုအား ဓားပြတိုက်သူများအဖြစ် စစ်ကောင်စီ၏ သတင်းမီဒီယာကကြေညာသည်။ စစ်ကောင်စီသည် ရန်ကုန်မြို့တွင် လူငယ်များအား ကြုံသလိုဖမ်းဆီးနေပြီး PDF အဖွဲ့ဝင်များအဖြစ် ခေါင်းစဉ်တပ် စွပ်စွဲလေ့ရှိကြောင်း ပြည်သူများက ဝေဖန်သည်။ 

-       နေပြည်တော် လယ်ဝေးမြို့နယ်ရှိ မြို့ဝင်စစ်ဆေးရေးဂိတ်အား နေပြည်တော် PDF က ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် ရဲသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ၎င်းတို့က သတင်းထုတ်ပြန် ခဲ့သည်။

 

-       စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်စီးပွားရေးမြှုပ်နှံမှုတစ်ခုဖြစ်သော မြန်မာ-ဝမ်ပေါင် ကုမ္ပဏီ လုပ်ကွက်သို့ ဆက်သွယ်ထားသည့် ရေပိုက်လိုင်း ၁ ခုအား စက်တင်ဘာ ၂၀ ရက်က အမည်မသိအဖွဲ့တစ်ခုက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း  ဒီဗွီဘီက ဖော်ပြသည်။ 

-       NUG အနေဖြင့် PDF များအား လက်နက်တပ်ဆင်ပေးနေကြောင်း လက်နက်တပ်ဆင်ပေးမှုမှာ ၅၀၀၀ ကျော်ပြီ ဟူ၍ NUG ၏ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်း၏လှုမှုကွန်ယက်စာမျက်နှာတွင် ရေးသား သည်။

-       ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ Oldenburg နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ  ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ “What happened to the wolf” မြန်မာရုပ်ရှင်ဇာတ်ကားဖြင့် မင်းသမီး အိန္ဒြာကျော်ဇင်က အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု ဆုရရှိသည်။ စစ်ကောင်စီဖမ်းဆီးအကျဉ်းချထား၍ အင်းစိန်ထောင်တွင်ထောင်သွင်းအကျဉ်းကျခံနေရသည့် မင်းသမီးအိန္ဒြာကျော်ဇင်ကို ဂုဏ်ပြုသည့် အနေဖြင့် အဆိုပါရုပ်ရှင်ပွဲတော်ကိုစီစဉ်သည့် ရုပ်ရှပ်ထုတ်လုပ်သူ Torsten Neumann အပါအဝင် ပွဲတော်စီစဉ်သူများက အင်္ဂလိပ်လို Eaindra Kyaw Zin ဟူသည့် စာတန်းရေးသားထားသည့် အင်္ကျီများကို ပွဲတော်ဖွင့်ပွဲနေ့တွင် ဝတ်ဆင်ထားခဲ့ကြသည်။ အဆိုပါဇာတ်ကား၏ ဒါရိုက်တာနဲ့ အခြားမင်းသမီးတစ်ဦးဖြစ်သည့် ပိုင်ဖြိုးသုကိုလည်း စစ်ကောင်စီက ဝရမ်းထုတ်ပြန် ထားသည်။ 

-       အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ခုခံတော်လှန်စစ်ကြေညာပြီးနောက် နေရာအနှံ့ ခုခံတိုက်ခိုက်မှုများ မြှင့်တက်လာသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘောမတူကြောင်း ကောလဟလများ ထွက်ပေါ်လာသည်။ သို့သော် စက်တင်ဘာလ ၂၀ ရက်နေ့က သူမ၏ ရုံးချိန်းတွင် သူမအနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်ပတ်သက်၍ ဘယ်တော့မှဆန့်ကျင်မည်မဟုတ်ဟု သူမ၏ ရှေ့နေအဖွဲ့အားပြောဆိုခဲ့ကြောင်း ဧရာဝတီသတင်းဌာနကဖော်ပြသည်။ 

-       စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ထန်ထလန်မြို့တွင် သင်းအုပ်ဆရာ ကျည်ထိမှန် သေဆုံးခဲ့ခြင်းသည် သတင်းမီဒီယာများ၏ တစ်ဖက်သတ်လုပ်ကြံ သတင်းလွှင့်ခြင်းသာဖြစ်ပြီး ၎င်းတို့အနေဖြင့် ထပ်မံစုံစမ်း စစ်ဆေးနေကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်း၏ ပြောကြားချက်ကို စစ်ကောင်စီ လက်အောက်ခံမီဒီယာ မြဝတီက ထုတ်လွှင့်သည်။  

 

 

 

 

 

 

 

 

စက်တင်ဘာ (၂၁) ရက်

 

-       စစ်ကောင်စီ၏ပစ်ခတ်မှု၊ မတရားဖမ်းဆီးမှုနှင့် ပေါက်ကွဲမှုများရှိနေသည့်ကြားကပင်  စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နိုင်ငံတစ်ဝန်းမှာ ဆက်ရှိနေသည်။ကလေး၊ လောင်းလုံ၊ မြိုင်၊ ကံပေါက်၊ မတ္တရာ၊ ဒီပဲယင်း၊ ကြို့ပင်ကောက်၊ ရွေဘို စသည့် ဒေသများတွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများကို နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေဆဲဖြစ်သည်။ရန်ကုန်နှင့်မန္တလေးတွင် ‘ခွပ်ဒေါင်းတွံသံ မိုးသို့ညံ အဆုံးသတ်တိုက်ပွဲ တို့ဆင်နွဲ’ ဆိုတဲ့ခေါင်းစဉ်ဖြင့်တကသ ကျောင်းသားတွေ ဦးဆောင် စသည့်စ်အာဏာရှင် ဆန့်ကျင်ရေး လျှပ်တပြတ်သပိတ်လုပ်ခဲ့ကြသည်။ မန္တလေးမြို့တွင် သံဃာ့ သပိတ်စစ်ကြောင်း၊ ဖမ်းဆီးခံ ပြည်သူများ ကိုယ်စားပြု သပိတ်စစ်ကြောင်း၊ အောင်မြေသာစံ ပညာရေး သပိတ်စစ်ကြောင်း စသည့်နာမည်များဖြင့် လျှပ်တပြတ်ဆန္ဒပြ မှုများရှိခဲ့သည်။

-       မကွေးမြို့အခြေစိုက် တင့်ကားတပ်ဖွဲ့မှ စစ်သား ၁၀ ယောက်သည် စက်တင်ဘာလ အစောပိုင်းက CDM ပြုလုပ်ခဲ့ပြီး NUG နှင့် ချိတ်ဆက်နိုင်အောင် ၎င်းတို့မှ ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်သူ့ တော်လှန်ရေးအင်အားစု PRA တပ်ဖွဲ့၏ ပြောကြားချက်ကို ဒီဗွီဘီက ဖော်ပြသည်။ 

-       ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ဗုံး ၄ လုံးပေါက်ကွဲပြီး စစ်ကောင်စီဖက်က တပ်သားများ သေဆုံးမှုနှင့် ထိခိုက်မှုများရှိခဲ့သည်။  ရိုးကြီး၊ ရိုးလေး ကားဂိတ်အနီးတွင်လည်း ဗုံးလေးလုံးပေါက်ကွဲရာ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူရှိခဲ့တယ်လို့ အဲဒီဖြစ်စဉ်အနီးမှာ ရှိနေသူတဦး၏ ပြောကြားချက်ကို မီဒီယာများ ကဖော်ပြသည်။ 

-       ရခိုင်ပြည်နယ်အတွင်း တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆိုင်နိုဖန်းဖြင့် ကာကွယ်ဆေး ထိုးပေးရာတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Arakan Army ကိုလည်း ကာကွယ်ဆေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခန့်အပ်ထားသော ပြည်နယ်ကောင် စီဝင်၏ ပြောကြားချက်ကို ဘီဘီစီ မီဒီယာက ဖော်ပြသည်။

-       မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်မှာ မှတ်တမ်းတင်ခဲ့ဖူးသမျှ အနိမ့်ဆုံးအဆင့်ကို ရောက်နေကြောင်း Freedom House အဖွဲ့ကပြောသည်။ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ကို စောင့်ကြည့်လေ့လာပြီး နှစ်စဉ် အစီရင်ခံစာထုတ်ပြန်နေသည့် ဝါရှင်တန် ဒီစီအခြေစိုက် Freedom House အဖွဲ့၏ အစီရင်ခံစာတွင် ယင်းအခြေအနေကို အပြင်းအထန်ဝေဖန်ထားသည်။ 

-       ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင်လုပ်ဆောင်မှုဟူသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခနဲ့ တရားရုံးကစွဲချက် တင်လိုက်သည်။ အဆိုပါစွဲချက်တင်ခြင်းနှင့် ပတ်သက်၍အဆင့်ဆင့် အယူခံဝင် ပယ်ဖျက်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ရှေ့နေများက ထုတ်ဖော်ပြောကြားသသည်။ 

-       စစ်ကိုင်းတိုင်းထဲတွင်ရှိသည့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်နှင့် မြန်မာစစ်ကောင်စီတပ်များ ပုလဲမြိုနယ် နွယ်အင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားကြောင်း ခေတ်သစ်မီဒီယာက ဖော်ပြသည်။ 

 

 

စက်တင်ဘာ (၂၂) ရက်

 

-       မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအနေဖြင့်အတူပူးပေါင်းပြီး ပြင်းထန်သည့် အရေးယူ ဒဏ်ခတ်မှုများလုပ်သွားရန် မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် တိုက်တွန်းသွားသည်။ မြန်မာပြည်တွင် လူများသေဆုံးရသည်မှာလည်း များပြားလာနေသည့်အတွက်အချိန်ဆွဲနေလို့ မရတော့ဘဲ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုနေပြီဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

-       အမေရိကန်ဒေါ်လာငွေ လိုအပ်ချက် တနေတခြားများလာကာ မြန်မာငွေတန်ဖိုးလည်း တဒေါ်လာကို ကျပ် ၂၀၀၀ ကျော်အထိဆက်လက် ကျဆင်းနေသည်။

-       ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွန်ဘုန်းခကျေးရွာနားတွင် တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းများကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လှန်ပစ်ခတ် ခဲ့ကြောင်း ဒေသခံများက ပြောသည်။ မိုးကောင်းမှ တနိုင်းဘက်သို့တက်လာသည့် စစ်ကူများကို တိုက်ခိုက်ခဲ့သည်မှာ  ဟုတ်မှန်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောကြားသည်။

 

စက်တင်ဘာ (၂၃) ရက်

 

-       နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နှင့် အစိုးရအဖွဲ့ဝင်ဟောင်း သုံးဦးတို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)/ဂ နှင့်ရန်ကုန်တိုင်းဒေသကြီးတွင် စွဲဆိုထားတဲ့အမှုကို  နေပြည်တော် ဒက္ခိဏသီရိတရားရုံး တွင် ပြောင်းရွှေ့စစ်ဆေးသည်။ 

-       မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် စစ်ကောင်စီကို အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကိုသာ အပြည့်အဝ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံမှာ အာဏာရ ကိုရီးယား ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌ မစ္စတာ ဆုန်ယောင်ဂီးက ဗွီအိုအေ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားသည်။ 

-       စစ်ကောင်စီနဲ့နီးစပ်သည့်သူများ အသတ်ခံရပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ကျီးကုန်းရွာကို စစ်တပ်က သေနတ်ပစ်ဖောက်ဝင်လာပြီးတဲ့နောက် နေအိမ်တချို့ကို စစ်တပ်နဲ့ရဲက မီးရှို့သွားကြောင်း ဒေသခံများကထုတ်ဖော်ပြောကြားသည်။ မင်းကင်းမြို့နယ်တွင်လည်း စစ်တပ်က အင်အားတိုးချဲ့ပြီး နယ်မြေရှင်းလင်းနေကြောင်းမီဒီယာများက ဖော်ပြသည်။ 

 

 

-       မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်သည့် အခြေအနေမရောက်အောင် အရေးတကြီး တားဆီးဆောင် ရွက်ရန် လိုအပ်နေကြောင်းလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet က ပြောကြားသည်။ 

-       စက်တင်ဘာလ ၂၃ ရက်နေ့ညနေမှစတင်၍ စစ်ကောင်စီသည် ချင်းပြည်နယ်ရှိ ဟားခါးမှလွဲ၍ မြို့နယ် ၈ နှင့်မကွေးတိုင်းရှိ ဂန့်ဂေါ၊ မြိုင်၊ ထီးလင်းမြို့နယ်၊ စုစုပေါင်း မြို့နယ်ပေါင်း ၁၁ ခုတွင် အင်တာနက်ဆက်သွယ်မှုအား ဖြတ်တောက်လိုက်သည်။ အဆိုပါဒေသအများစုတွင် အင်တာနက် ပြတ်တောက်သွားပြီး အချို့နေရာတွင် 2G သာရရှိတော့ကြောင်း လူမှုကွန်ယက်အသုံးပြုသူတချို့က ရေးသားထားသည်။ မြန်မာနိုင်ငံမှာ အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ထားတဲ့မြို့နယ်တွေ ပိုတိုးလာနေခြင်းဖြစ်သည်။ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသော ကရင်နီပြည်နယ် ဒီမောဆို မြို့နယ်တွင်လည်း ယနေ့ညနေမှစ၍ အင်တာနက်ပြတ်တောက်သွားပြီဖြစ်ကြောင်း အင်တာနက် စာမျက်နှာအချို့တွင် ဖော်ပြထားသည်။

-       အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet က မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထွန်းကားရေး နှင့်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးဖို့ အကူအညီပေးရေးတို့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်များနှင့် ဆွေးနွေးသည်။ 

-       မန္တလေးတွင် လုံခြုံရေးကင်းစောင့်နေသော စစ်ကောင်စီရဲဘော်တစ်ဦးသည် မိမိကိုယ်ကို သေနတ်ဖြင့် အဆုံး စီရင်ခဲ့ကြောင်း  မဇ္စျိမမီဒီယာက ဖော်ပြသည်။

-       ရဲမိသားစုအသတ်ခံခဲ့ရသော စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ရှိ ကျီကုန်းကျေးရွာအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယနေ့တွင် ထပ်မံမီးရှို့ခဲ့သဖြင့် အဆိုပါရွာနှင့်အနီးနားရှိရွာများမှ ပြည်သူ ထောင်ချီနေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။

-       မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနှင့်ပတ်သက်၍  ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေး ဝန်ကြီးများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ဆွေးနွေးကြောင်း ဗွီအိုအေသတင်းဌာနတွင် ဖော်ပြသည်။ 

 

 

 

 

 

 

 

 

စက်တင်ဘာ (၂၄) ရက်

 

-       ချင်းပြည်နယ်မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်များနှင့် ဒေသခံများအား အခမဲ့ ဆေးကုသပေးနေ သော ဒေါက်တာအေးငြိမ်းကိုလည်း CDF များအတွက် လက်နက်ဝယ်ယူပေးသည်ဟု စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်လိုက်သည်။

-       ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာနားတွင် ကရင်နီအမျိုးသားကာကွယ် ရေးတပ် (KNDF) နဲ့ ကရင်နီတပ်မတော် (KA) ပူးပေါင်းအဖွဲ့နှင့်စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားသည်။

-       ရင်နီပြည်နယ်တွင် Karenni State Police ဖွဲ့စည်းပြီးနောက် ဒုတိယတစ်ခုအနေဖြင့် ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် Civil Disobedience Movement တွင်ပါဝင်ကြသော ရဲတပ်ဖွဲ့ဝင်များမှ People’s Police Force - Zoland ကို စတင်ဖွဲ့စည်းကြောင်း ကြေညာသည်။

-       ဝတပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေသို့ ကုန်စီးဆင်းမှုများအား စစ်ကောင်စီက ပိုမိုတင်းကြပ်လာနေ ကြောင်း Shwe Phee Myay News က ဖော်ပြသည်။ 

-       စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ်တွင် ဒေသခံ PDF သုံးဖွဲ့သည် KIA တပ်ဖွဲ့၏ ကြီးကြပ်မှုဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သောကြောင့် SAC ဘက်မှ ၂၅ နှင့်အထက် သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း မီဒီယာများကဖော်ပြထားသည်။ ပင်လယ်ဘူးတွင် SAC က လေကြောင်းတိုက်ခိုက်မှု များပြုလုပ်နေေ ကြာင်းလည်း ထည့်သွင်းဖော်ပြသည်။

-       ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်တာဝန်ထမ်းဆောင်ခဲ့သော ဒုရဲအုပ် ချယ်ရီထက်အား စက်တင်ဘာ ၂၃ ရက်က နေပြည်တော်တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားကြောင်း ဒီဗွီဘီက ဖော်ပြသည်။သူမသည် NUG နှင့်အဆက်အသွယ်ရှိကြောင်း သူမ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်ကို သတိရသည်ဟုရေးထားကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။ 

 

 

 

 

 

 

 

 

စက်တင်ဘာ (၂၅) ရက်

 

-       ရန်ကုန်၊မန္တလေးအပါအဝင် မြို့ကြီးအချို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ များပြန်လည် ထွက်ပေါ်လာသည်။ ၂၀၀၇ ခုနှစ်က သံဃာတော်များ ဦးဆောင်လှုပ်ရှားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး ၁၄ နှစ် ပြည့်မြောက်တဲ့နေ့အဖြစ်မန္တလေးက လမ်းမကြီးပေါ်တွင် သံဃာတော်များနှင့် အများပြည်သူ ပူးပေါင်းပြီး စုဝေး ဆန္ဒပြခဲ့ကြသည်။ 

-       ရန်ကုန်မြို့တွင်လည်း လူငယ်တချို့ စုပေါင်းကာ စမ်းချောင်းသပိတ်စစ်ကြောင်းအနေဖြင့် ဆန္ဒပြ ခဲ့သလို တက်ကြွလှုပ်ရှား ရန်ကုန်အမျိုးသမီးများအဖွဲ့နှင့် တကသကျောင်းသူဟောင်းများ စုပေါင်း၍ “စနစ်ဆိုးကို အမြစ်ချိုးမယ့် သူပုန်အမျိုးသမီးသပိတ်” ဆိုတဲ့ခေါင်းစဉ်ဖြင့် စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ 

-       ကချင်၊ စစ်ကိုင်းနဲ့ မကွေးတိုင်း မြို့နယ်တချို့တွင် ဒေသခံ PDF တပ်များနှင့် မြန်မာစစ်ကောင်စီအကြား တိုက်ပွဲများဆက်လက်ရှိနေသည်။ 

-       ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ၈ နာရီကြာ စစ်ကောင်စီတပ်နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF တပ်စုမှူးတဦးက မီဒီယာများကို ဖြေကြားသည်။ 

-       ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Air ကမ္ဘောဇလေကြောင်းလိုင်းမှ ဝန်ထမ်းများသည် လေယာဉ်များစက်ချို့ယွင်းပြီး ပျံသန်းနိုင်ခြင်းမရှိစေရန် (သို့မဟုတ်) ပျက်ကျစေရန် ဆောင်ရွက်ခဲ့သဖြင့် ဖမ်းဆီးထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ Line Maintenance Manager တစ်ဦး CDM ပြုလုပ်ထားသော ဝန်ထမ်းတစ်ဦးနှင့် အခြားသောဝန်ထမ်း ၃ ဦးတို့ပူးပေါင်းကြံစဉ်၍ လေယာဉ်နှစ်စင်း၏ Pitot Tube တွင် သစ်ရွက်များထည့်သွင်းထားခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

-       ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ တင်ပြဆွေးနွေးချက်များ မှန်ကန်မှုမရှိ ကြောင်းအာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာချက်တစောင် ထုတ်ပြန်၍ ငြင်းဆိုသည်။

-       စက်တင်ဘာ ၂၅ ရက်နေ့က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအနီးတွင် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးလိုက်ပြီး လမ်းမပေါ်တွင်ပင် သေနတ်ဖြင့်တေ့၍ ပစ်ခတ် သတ်ဖြတ်လိုက်သည့် သက်သေအထောက်အထားများ ဒေသခံများဆီမှ ရရှိထားကြောင်း ခေတ်သစ် မီဒီယာ ကဖော်ပြသည်။

 

 

 

 

 

စက်တင်ဘာ (၂၆) ရက်

 

-       ရန်ကုန်နှင့် မြို့တချို့တွင် လုံခြုံရေး တင်းကျပ်နေသည့် ကြားကပင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် လျှပ်တပြက် ဆန္ဒပြမှုတချို့ရှိခဲ့သည်။ ရန်ကုန်မြို့ရှိ  လူငယ်ဆယ်ဂဏန်းလောက်ဟာ ရွှေဝါရောင်စိတ် ဓာတ်ကိုင်စွဲပြီး အဆုံးသတ်တိုက်ပွဲ ဝင်ကြဆိုတဲ့ စာတန်းဖြင့် ဆန္ဒပြခဲ့ကြသည်။မုံရွာမြို့တွင်လည်း ဖမ်းဆီးခံထားရသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်မွေးနေ့အထိမ်းအမှတ်အဖြစ် ဖမ်းဆီးထား သူများ ပြန်လွှတ်ပေးရေး တောင်းဆို ဆန္ဒပြခဲ့ကြသည်။

-       မန္တလေးမြို့တွင် ပရဟိတသမားလည်းဖြစ် တတ်ကြွလှုပ်ရှားသူတဦးလည်းဖြစ်သူ ကိုမင်းကိုသိန်း (ခေါ်) ကိုသန်းထွန်းဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မနေ့ကဖမ်းဆီးသွားပြီး  ထိန်းသိမ်းထားစဉ် ကွယ်လွန်သွား သည်ဟု မိသားစုများကို အကြောင်းကြားလာကြောင်း မိသားစု အသိုင်းအဝိုင်း၏ပြော ကြားချက်ကို မီဒီယာများက ဖော်ပြသည်။

-       NLD ခေါင်းဆောင်များဖမ်းဆီးခံရသော်လည်းဘဲ NLD ခန့်အပ်ထားသော ဒုတိယသမ္မတ (၂) ဦးဟင်န ရီဗန်ထီးယူနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည် ဖမ်းဆီးခံရခြင်းမရှိဘဲ နေပြည်တော်ရှိ ၎င်းတို့၏ အစိုးရအိမ်တော်များတွင်ပင် နေထိုင်လျက်ရှိကြောင်း ဘီဘီစီမီဒီယာက ဖော်ပြသည်။ 

-       ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ စစ်ကောင်စီတပ်များနှင့် ကရင်နီပူး ပေါင်းတပ်ဖွဲ့များအပြင်းအထန်တိုက်ပွဲဖြစ်ပွားနေကြောင်း KNDF က သတင်းထုတ်ပြန် သည်။

-       စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်းအတွင်းက ပုလဲနဲ့ ခင်ဦးမြို့နယ်များအတွင်း  စစ်ယာဉ်တန်း တချို့ တိုက်ခိုက်ခံရသည်။

 

စက်တင်ဘာ (၂၇) ရက်

 

-       ပြည်တွင်းတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း ဆက်တိုက်တက်နေရာ အမေရိကန်တဒေါ်လာကို မြန်မာငွေ ကျပ် ၂,၂၀၀ ကျော်အထိ ပြင်ပပေါက်ဈေးရှိနေသည်။ နိုင်ငံခြားငွေဈေးကွက်တွင် ရောင်းဈေးနဲ့ ဝယ်ဈေးအကြား အများဆုံးထားရမည့် ကွာဟချက်သတ်မှတ်ခြင်းကို ဗဟိုဘဏ်က ပယ်ဖျက်ပေးခဲ့ပြီးနောက်တွင် တရားဝင်ငွေလဲကောင်တာများတွင်လည်း နိုင်ငံခြားငွေလဲနှုန်းများ ၂,၀၀၀ ကျော်အထိ တရိပ်ရိပ်တက်လာနေသည်။

 

 

 

 

-       စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့်မုံရွာဒေသတဝိုက်တွင် စစ်ကောင်စီတပ်နဲ့ ဒေသခံ လက်နက်ကိုင်ပြည်သူ များကြား ပစ်ခတ်မှုတွေ ပြင်းထန်လာခြင်းကြောင့် ကျေးရွာအတော်များများက ဒေသခံများစစ်ဘေး တိမ်းရှောင် နေရသည်။

-       ၅ လတာ အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီက ဒီလ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ပြီး လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ၂၈ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြသည်။ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှအပ စစ်ရေး လှုပ်ရှားမှုအားလုံးကို ၅ လကြာတိုးမြှင့် ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

-       အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenနှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan တို့  ဝါရှင်တန်မြို့တော်တွင် တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံအရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဗွီအိုအေက ဖော်ပြသည်။

-       စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ရောဂါသင့်နေသည့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ကူမှု  အကူအညီ ပေးရန်လိုအပ်သည့်ရန်ပုံငွေ၏ထက်ဝက်နီးပါးသာ ရရှိနေသေးကြောင်းကုလသမဂ္ဂက  ပြောသည်။ မြန်မာနိုင်ငံမှာ လူ ၃ သန်းကျော်ကို ကူညီပေးနိုင်ရေး အတွက် ဒေါ်လာ ၂၇၆ သန်းကျော် လိုအပ်နေခြင်း ဖြစ်သည်။

 

 

စက်တင်ဘာ (၂၈) ရက်

 

-       နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅- က နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေကို မကြာခင် ပြန်လွှတ်ပေးမယဟူသည့် သတင်းများထွက်ပေါ်သော်လည်း အချို့မှာပြင်းထန်သည့် ဥပဒေပုဒ်မ များဖြင့် အမှုထပ်တိုးခံနေရကြောင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသူများ၏ မိသားစုဝင်များနှင့် ရှေ့နေများကပြော ကြားသည်။

-       မန္တလေးတိုင်း ၊ မဟာအောင်မြေမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီတပ်များက အရပ်ဝတ်နှင့် ဝင်ရောက်ကာ သံဃာတော်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးသံဃ သမဂ္ဂသပိတ်စစ်ကြောင်းတွင် ပါဝင်သည့် သံဃာတော်များက မိန့်ကြားသည်။ 

-       စက်တင်ဘာလ ၂၅ ရက်နေ့ မနက်က ရန်ကုန်မြို့ မြေနီကုန်းတံတားအနီးတွင် စစ်ကောင်စီတပ်များက အနီးကပ်သေနတ်ဖြင့် ပစ်သတ်လိုက်သော လူငယ် ၄ ဦးအနက် CDM စေတနာ့ဝန်ထမ်း ဆရာဝန် ဒေါက်တာဇင်လင်းနှင့် ရန်ကုန်ကုတင် ၅၀၀ ဆေးရုံကြီးမှ သူနာပြု မခင်ခင်ကြွယ်တို့ ပါဝင်ကြောင်း ခေတ်သစ်မီဒီယာက ဖော်ပြသည်။ ၎င်းတို့သည် ရန်ကုန်မြို့ရှိ ဆန္ဒပြသည့် သပိတ်များတွင် ပါဝင်ကြသူ များဖြစ်ပြီး အာဏာသိမ်းမှုမတိုင်ခင်က ကိုဗစ်ရောဂါကုသရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်သူများဖြစ်ကြောင်းနှင့် အသတ်ခံရသူ ဒေါက်တာဇင်လင်း၏ဇနီးကို စစ်ကောင်စီတပ်က ယနေ့တွင်ဖမ်းဆီးခဲ့ကြောင်း ဆွေမျိုးတဦးက ဧရာဝတီသတင်းဌာနကို ပြောသည်။ ဒေါက်တာဇင်လင်း  

 

သေဆုံးချိန်တွင် လသားအရွယ် ရင်သွေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်းလည်း ယင်းသတင်း ဖော်ပြချက်တွင် ပါရှိသည်။ 

-       ပြည်တွင်းမှာ ရွှေစျေးနဲ့ဒေါ်လာစျေးများ အဆမတန် တက်လာနေသည်။ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားကို ၂၂ သိန်းကျော်အထိ ရှိခဲ့ပြီး ဒေါ်လာစျေးကလည်း မြန်မာငွေ ကျပ် ၂,၄၅၀ အထိ ပေါက်စျေးရှိနေသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုးသည် စံချိန်တွင်ကျဆင်းခဲ့ပြီး စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၂၇၀၀ အထိ ရောက်ရှိနေပြီဖြစ်ပြီး တရားမ ဝင်စျေးကွက်တွင် ၃၀၀၀ ကျပ်အထိပင် ပေါက်စျေးရှိနေကြောင်း RFA က ဖော်ပြထားသည်။ ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများ နေ့စဉ်ရက်ဆက် သန်းချီရောင်းချနေ သော်လည်းဘဲ ကျပ်ငွေစျေးနှုန်းများဆိုးဆိုးရွားရွားကျဆင်းနေခြင်းဖြစ်သည်။ 

-       အရှေ့အာရှနဲ့ Pacific ဒေသတွင်ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးပြန်လည် ဦးမော့လာနိုင်ရေးမှာ ကူးစက်မြန် Delta ကိုဗစ်ရောဂါပိုးကြောင့်ထိခိုက်နေကြောင်း ကမ္ဘာ့ဘဏ်က ပြောကြား လိုက်သည်။  Delta ရောဂါပိုး ကူးစက် ပျံ့နှံ့မှုကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးနေပြီး ဒေသတွင်း မညီမျှမှုအခြေအနေ ပိုဆိုးနေပုံရကြောင်း  ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနှင့် Pacific ဒေသအတွက် ၂၀၂၁ ခုနှစ် ဆောင်းဦး ပေါက်ကာလ ခန့်မှန်းချက် အစီရင်ခံစာတွင် ဖော်ပြသည်။

-       ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့အပတ်က စွဲချက်တင်ထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ တို့ကို တရားရုံးတွင် ကြားနာစစ်ဆေးသည်။ ၅၀၅ (ခ) အမှုအတွက် တရားပြိုင်သက်သေအမည်စာရင်း ရှေ့အပတ်ထဲ တင်သွင်းရန်လည်း တရားရုံးက တောင်းခံ သည်။

-       ပါမောက္ခ Sean Turnell ကို ပြီးခဲ့တဲ့သီတင်းပတ်က ရုံးထုတ်စစ်ဆေးခဲ့သော်လည်းရန်ကုန် သြစတြေးလျသံရုံးက အရာရှိများနှင့် တွေ့ခွင့်မပေးခဲ့သည့်အတွက် မျှတသည့်တရားစီရင်မှု ရနိုင်ခြေရှိ မရှိ သံသယဖြစ်ရကြောင်း  သြစတြေးလျအစိုးရက ထုတ်ဖော်ပြောကြားသည်။

-       စက်တင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်အတွင်း မြန်မာအနှံ့ဖြစ်ပွားသော တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် စစ်ကောင်စီတပ်သား ၂၂၄ ဦး သေဆုံးခဲ့သဖြင့် ရှေ့အပတ်နှင့်နှိုင်းယှဉ်ပါက သေဆုံးသူ နှစ်ဆတိုးလာကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

စက်တင်ဘာ (၂၉) ရက်

 

-       ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှာစစ်ကောင်စီဘက်က ဝင်ရောက်ရှာဖွေစဉ်  အပြန် အလှန်ပစ်ခတ်ရင်းနဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီးတဦးတို့ သေဆုံးပြီး စစ်ကောင်စီဘက်က လုံခြုံရေးတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မှုခင်းရဲတပ်ဖွဲ့အစီရင်ခံစာ လူမူ့ကွန်ယက်မှာ ပြန့်နှံလာသည်။ 

 

 

-       ခေတ်သစ် သတင်းမီဒီယာက ဖော်ပြသည့် ရုပ်သံဖိုင်တခုတွင်မူလမ်းမပေါ် ပစ်ခတ်သံတွေကြားရပြီး လမ်းမပေါ် လဲကျနေတဲ့လူငယ်များကို လုံခြုံရေးတပ်သားများက ကန်ကျောက်နေသည်ကို တွေ့ရသဖြင့် ယင်းဖြစ်စဉ်အပေါ် စစ်ကောင်စီတပ်သားများက တဖက်သတ်ဖမ်းဆီးသတ်ဖြတ်သည် ဟု အများပြည်သူက ယူဆကြသည်။ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက်၊ သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့တွင်မူ အရပ်သားသေဆုံးသူ ၄ ဦးထဲ ဒေါက်တာဇင်လင်း နှင့် သူနာပြုမခင်ခင်ကြွယ်တို့ပါဝင်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြသည်။  

-       မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ဖေ့စ်ဘုတ်ဆီကနေ တောင်းခံတဲ့ အချက်အလက်အကုန်လုံးကို ဖေ့စ်ဘုတ်ကမပေးသော်လည်း  တချို့အချက်အလက် များကို ပေးရန်သဘောတူထားကြောင်း IIMM အကြီးအကဲ Nicholas Koumjian ၏ ပြောကြားချက်ကို ဗွီအိုအေက ဖော်ပြသည်။

-       နေပြည်တော် ပျဉ်းမနားမြို့တွင် ရိက္ခာဝယ်ရန်လာသော စစ်ကောင်စီကားတစ်စီးအား နေပြည်တော် PDF က ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

-       ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာတဝိုက်တွင် ဒီကနေ့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တောက်လျှောက်ပစ်ခတ်နေတယ်လို့ ဒေသခံများက ပြောသည်။ 

-       ကရင်နီပြည်နယ် လွိုင်ကော်မြို့သို့ ရိက္ခာဝယ်ရန်သွားသော ရွာသား ၂ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ပြီး ၎င်းတို့၏အလောင်းများအား ကျင်းများထဲတွင် မြှပ်နှံခဲ့ကြောင်း ဘီဘီစီမီဒီယာက ဖော်ပြသည်။ 

-       ဒလန်ရှင်းလင်းရေးအမည်တပ်၍ ဒေသခံများအား လုယက်သတ်ဖြတ်နေသော အဖွဲ့တစ်ဖွဲ့အား ၎င်းတို့အဖွဲ့မှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရှင်းလင်းလိုက်ကြောင်း စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် PDF (Kalay) က သတင်းထုတ်ပြန််သည်။ 

-       မကွေးတိုင်း နှမ်းခါးကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်များ တိုက်ပွဲဖြစ်ပွား ရာ စစ်ကောင်စီဘက်က ကျေးရွာနေအိမ်တချို့ကို မီးရှိုမှုကြောင့်ကျေးရွာသားများလည်း ထွက်ပြေး နေရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများကဖော်ပြသည်။ 

-       စက်တင်ဘာလ ၂၉ ရက်နေ့က တပ်မ ၆၆ ၏ စစ်ကား ၄၀ ကျော်ပါသော စစ်ကြောင်းနှင့် ကရင်နီပြည်နယ်ရှိ PDF နှင့် KNPP ပူးပေါင်းတပ်များသည် မိုးဗြဲနှင့် လွိုင်ကော်အကြား ကုန်းသာကျေးရွာအနီးတွင် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေပြီး ဖယ်ခုံ PDF မှ ၄ ဦး သေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်သည်။

-       မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျလာတဲ့နောက် ပြည်တွင်းစီးပွားရေးကို အဓိက မောင်းနှင်နေတဲ့ အသေးစား၊ အလတ်စားကုန်ထုတ်လုပ်ငန်းများအောက်ခြေ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလုနီးနီး ဖြစ်နေကြောင်း မီဒီယာများတွင်ဖော်ပြသည်။ 

   EU မူဝါဒရေးရာ အကြီးအကဲ Josep Borrell နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ အင်္ဂါနေ့က ဗွီဒီယိုကတဆင့်တွေ့ဆုံရာတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းများ ပေါ်ပေါက်နေသည့် မြန်မာနိုင်ငံအရေးအပါအဝင် နိုင်ငံတကာနှင့်ဒေသတွင်း ကိစ္စများကို ဆွေးနွေး ကြောင်း  EU က ကြေညာချက် ထုတ်ပြန်သည်။ 

 

စက်တင်ဘာ (၃၀) ရက်

 

-       သြစတြေးလျနိုင်ငံသား Sean Turnell နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၅ ဦးပေါ် စွဲဆိုထားသည့် အမှုအတွက် ရှေ့နေများနှင့် အမှုသည်များ သီးခြားစီတွေ့ဆုံဆွေးနွေးခွင့်ရရန် လျှောက်လှဲချက် ပေးကြောင်း ဘီဘီစီက ဖော်ပြသည်။ 

-       စက်တင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ထန်တလန်မြို့၏ မြို့မိမြို့ဖ ဦးရာလ်သူးနှင့် ဦးဟရာမ်ကျုံးတို့ သေဆုံးခဲ့ကြောင်း The Chin Journal က ဖော်ပြထားသည်။ ၎င်းတို့သည် စစ်ဘေးရှောင်နေရသော ထန်ထလန်ဒေသခံများအရေးကိစ္စအတွက် ဟားခါးမြို့သို့ သွားရောက်ခဲ့ပြီးနောက် အစည်းအဝေးမှအပြန် ထန်ထလန်မြို့အနီးတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ စက်တင်ဘာလ ၃၀ ရက်နေ့က ထန်တလန်မြို့နယ် ဝမ်သူးကျေးရွာရှိ တပ်စခန်းမှ တပ်သား ၈ ဦးသည် ၎င်းတို့၏ တပ်စခန်းအား စွန့်ခွာသွားကြကြောင်း The Chin Journal က ဖော်ပြထားသည်။ ထို့အပြင် ဖလမ်းမြို့နယ်ရှိ CNDF ထံသို့ တပ်သားနှစ်ဦးနှင့် ရဲတစ်ဦး လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ကြောင်း CNDF က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

-       NUG တာဝန်ရှိသူများအား ကိုယ်တိုင်ထွက်လာရန် စက်တင်ဘာလ ၃၀ ရက်နေ့ကပြုလုပ်သော စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စိန်ခေါ်စကားပြောဆိုပြီးနောက်  နာရီပိုင်းအကြာတွင် စစ်တပ်ရုံးစိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ကြည်းတပ်အတွက် ကာကွယ်ရေးလက်နက်များဝယ်ယူပေးသော ကက(ဝယ်) ညွှန်ကြားရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ ရသည်။ အဆိုပါတိုက်ခိုက်မှုသည် ၎င်းတို့နှင့် အမည်မဖော်လိုသောအဖွဲ့တစ်ဖွဲ့တို့၏ လက်ချက် ဖြစ်ကြောင်း နေပြည်တော် PDF က ထုတ်ပြန်ခဲ့သည်။ ပေါက်ကြားလာသော စစ်တပ်၏ ရုံးတွင်းစာ တစ်စောင်အရ ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံး သူမရှိကြောင်း ဖော်ပြထားသည်။ 

-       ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အာရှလမ်းမတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးခရီးစဉ်အတွက် သွားလာနေသောလုံခြုံရေးစစ်ယာဉ်တန်းကို ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး စစ်ဦးစီးပထမတန်း (G1) အဆင့်အရာရှိ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း Klo FM က ဖော်ပြထားသည်။ ထို့အပြင် စစ်ကိုင်းတိုင်း ကျွန်းလှမြို့လယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးဗိုလ်မှူးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူး နှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများက ဖော်ပြထားသည်။ 

-       ကယားပြည်နယ်အတွင်း စစ်ကောင်စီအတွက် သတင်းပေးပြုလုပ်ပေးနေသူဟု သံသယရှိသူ ၁၀ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ၅ ဦးအား သက်သေခိုင်လုံသဖြင့် ဆက်လက်ဖမ်းဆီးထားပြီး အရေးယူရန်ပြင်ဆင်နေကြောင်း ကရင်နီပြည်ရဲဌာနက စက်တင်ဘာလ ၃၀ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။ 

-       ပြည်တွင်းတွင် စက်သုံးဆီဈေးများ တက်လာနေပြီး လိုသလောက်ဝယ်ယူနိုင်ရန် အခက်အခဲရှိနေသလို ဒေသ တချို့တွင် ဆီဆိုင်များပိတ်ထားရသည့်အခြေအနေတွင် ရှိနေသည်။

-       စစ်ကောင်စီက အပစ်ရပ် ၅ လ သက်တမ်းတိုး ကြေညာထားသော်လည်း ကချင်ပြည်နယ်ဘက်တွင် ပစ်ခတ်မှု များဆက်ဖြစ်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။

Download PDF