နိဒါန်း
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန် (Form of Federal Union) သည်
ဖက်ဒရယ်စနစ်ကို ကျင့် သုံးသော ပြည်ထောင်စုစနစ်တွင်
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဖွဲ့စည်းတည် ဆောက်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်ပင်ဖြစ်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စုအတွင်း အဖွဲ့ဝင် ပြည်နယ်ကို မည်သို့ဖွဲ့စည်းထူထောင်မည်နည်း။
ပြည်နယ်အရေအတွက် မည်မျှဖြင့် ဖွဲ့စည်းထူထောင် မည်နည်း။
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို လူမျိုးကို အခြေခံ၍ ဖွဲ့စည်းမည်လား။ သို့မဟုတ်
နယ်မြေ (ပထဝီ) ကို အခြေခံ၍ ဖွဲ့စည်းမည်လား။ သို့မဟုတ် ပြည်ထောင်စု၏ ထူးခြားသော
သမိုင်းကြောင်းနှင့် ပထဝီအခြေအနေတို့ကြောင့် လူမျိုးကို အခြေခံသော
ပြည်နယ်များနှင့် ပထဝီကို အခြေခံသော ပြည်နယ် နှစ်မျိုးလုံးကို ပေါင်းစပ်ကာ
ဖွဲ့စည်းမည်လားဆိုသော ကိစ္စရပ်များကို ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်ဖြင့်
ဖော်ပြဖြေရှင်းလေ့ရှိပါသည်။
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်၏
အရေးကြီးသော အခြားကိစ္စရပ်တခုမှာ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်အားလုံးကို
တန်းတူသောနိုင်ငံရေးအာဏာ အပ်နှင်းသည့် "အချိုးညီဖက်ဒရယ် စနစ်" (Symmetrical Federal System) နှင့် ကျင့်သုံးမည်လား။ တချို့ပြည်နယ်များကို အာဏာပို ပေး၍
တချို့ပြည်နယ်များကို အာဏာလျှော့ပေးသော "အချိုးမညီဖက်ဒရယ်စနစ်" (Asymmetrical Federal System) နှင့် ကျင့်သုံးမည်လားဟူသည့် ကိစ္စရပ်များကို
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန် (Form
of Federal Union) ဖြင့် အဆုံးအဖြတ်ပေးရပါသည်။
ထိုကဲ့သို့ ပြည်ထောင်စုဖွဲ့စည်းမှု ပုံသဏ္ဌာန်ဖြင့် ပြည်ထောင်စုဖွဲ့စည်းပုံကို
စနစ်တကျ ပြဋ္ဌာန်းနိုင်မှသာ ပြည်ထောင်စုနှင့် ပြည်နယ်များ အကြား
အာဏာခွဲဝေကျင့်သုံးခြင်း (Division
of Power) ပြဿနာများကိုလည်း
ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။
ဤတိုင်းပြည်တွင်
လွတ်လပ်ရေးရရှိသည့် အချိန်မှစ၍ ယနေ့တိုင် "ပြည်ထောင်စုဖွဲ့စည်းမှု
ပုံသဏ္ဌာန်" ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန် ပြဿနာကို မဖြေရှင်းနိုင်သောကြောင့်
ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေခြင်းကိုလည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်
နှင့်အညီ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ
ဖွဲ့စည်းခဲ့သော ပြည်ထောင်စုသည် "အချိုးမညီပြည်ထောင်စု" ဖြစ်ခဲ့ပါသည်။
ယခင် မြန်မာမင်းများ၏ ပိုင်နက်အားလုံးကို "ပြည်မ" ဟုခေါ်ဆို၍ ထို
"ပြည်မ" ကို ပြည်ထောင်စုအာဏာ တခုလုံး ပုံအပ်ပေးခဲ့ပါသည်။
၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
တို့သည်လည်း "ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ" များ မဟုတ်ကြပေ။
ထိုဖွဲ့စည်းပုံအခြေခံဥပဒေများအရ ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်ကို ဗမာမဟုတ်သော
လူမျိုးများ အများစုနေထိုင်ရာ ဒေသ (၇) ခုကို ပြည်နယ်များဟု ခေါ်တွင်ပြီး
ဗမာအများစုနှင့် အခြားတိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ရာ ဒေသများကို ၁၉၇၄
ဖွဲ့စည်းပုံအခြေခံဥပဒေအရ "တိုင်း" ဟု ခေါ်ဆိုပြီး ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ အရ "တိုင်းဒေသကြီး" များဟု ခေါ်တွင်ခဲ့ပါသည်။
ထိုပြည်နယ် (၇) ခုနှင့် တိုင်း (ဝါ) တိုင်းဒေသကြီး (၇) ခုကို နိုင်ငံရေးအာဏာများ
တန်းတူရည်တူ အပ်နှင်းခဲ့သောကြောင့် "အချိုးမညီဖက်ဒရယ်စနစ်" မှ
"အချိုးညီဖက်ဒရယ်စနစ်" သို့ ဦးတည်သွားသည်ဟု ဆိုနိုင်ပါသည်။ သို့ရာတွင်
သေချာစွာ ဆန်းစစ်လေ့လာကြည့်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်နှင့် တိုင်း
(ဝါ) တိုင်းဒေသကြီးများ ကို နိုင်ငံရေးအာဏာတန်းတူပေးသည်ဟု ဆိုသော်လည်း ၁၉၇၄
ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်တွင် မ.ဆ.လ တပါတီအာဏာရှင်စနစ်ရှိပြီး၊ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်တွင် စစ်အာဏာရှင်များ ရှိနေသည့်အတွက် ပြည်နယ်နှင့်
တိုင်း (ဝါ) တိုင်းဒေသကြီးများ လုပ်ပိုင်ခွင့်ညီတူညီမျှ ရရှိခွင့် အခွင့်အရေး
လုံးဝမရှိကြောင်း တွေ့ရှိနိုင်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိသည့်အချိန်မှ
ယနေ့တိုင် နိုင်ငံရေးပဋိပက္ခ မျိုးစုံနှင့် ရင်ဆိုင်ပြီး နှစ်ပေါင်း (၇၀) ကျော်
ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရခြင်းမှာ နိုင်ငံဖွဲ့စည်းမှုပုံ သဏ္ဌာန်နှင့်
ပတ်သက်သော ပြဿနာကို မဖြေရှင်းနိုင်သောကြောင့် ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာ နိုင်ငံရေးအကျပ်အတည်း (Constitutional
Crisis) ပင် ဖြစ်ပါသည်။
ဤတိုင်းပြည်ကို
ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းထူထောင်ရမည်ဟု သဘောတူ ပါက ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်သည်
ပြည်ထောင်စုတခုလုံးအတွက် ပုံစံတမျိုးတည်းသာ ရှိသင့်ပါသည်။ ထိုကဲ့သို့
ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်ကို တမျိုးတည်း ထားရှိမည်ဆိုပါက
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် (ဝါ) ဖက်ဒရယ်ယူနစ်အားလုံး၏ အမည်နာမသည်လည်း တမျိုးတည်း
သာ ရှိသင့်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုအဖွဲ့ဝင် ဖက်ဒရယ်ယူနစ်များ၏
အမည်နာမအားလုံးကို ပြည်နယ် သို့မဟုတ် အခြားအနည်နာမ တခုခုကို ယူ၍ ပုံစံတခုတည်းဖြင့်
မှည့်ခေါ်သင့်ပါသည်။
အချိုးညီ
(သို့မဟုတ်) အချိုးမညီ ဖက်ဒရယ်စနစ်
၁၉၆၁
တောင်ကြီးညီလာခံတွင် သော်လည်းကောင်း၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများက
သော်လည်းကောင်း အချိုးညီဖက်ဒရယ်ပုံစံကို တစိုက်မတ်မတ် တောင်းဆိုလာခဲ့ကြ သည်ကို
တွေ့ရှိရပါသည်။ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနှင့်
ညှိနှိုင်းရေး ကော်မတီ (FCDCC) က ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော
ဖက်ဒရယ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း)
ပုဒ်မ (၂) တွင် “ကိုယ်ပိုင်
ပြဌာန်းခွင့် အပြည့်အဝရှိ၍ တန်းတူသော နိုင်ငံရေးအာဏာများကို
ဤဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ အပ်နှင်းခြင်းခံရသည့် ပြည်နယ်များဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို
ဖွဲ့စည်းစေရမည်။” ဟူ၍ အချိုးညီဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် ပြဌာန်းခဲ့ပါသည်။ ၂၀၂၁
ခုနှစ် နွေဦးတော်လှန်ရေး နှင့်အတူ ပေါ်ပေါက်လာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်
အစိတ်အပိုင်း (၁) အခန်း (၄) အပိုင်း (၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ပုဒ်မ (၂) တွင် လည်း “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိသော ပြည်ထောင်စုအဖွဲ့ဝင်
ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ အားလုံး
(ဖက်ဒရယ်ယူနစ်အားလုံး) တို့သည် နိုင်ငံရေးအရတန်းတူသည်။” ဟူ၍ ပြဌာန်းပါရှိရာ
အနာဂတ်တွင် ဖော်ဆောင်ကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စုကို
အချိုးညီဖက်ဒရယ်စနစ်ဖြင့် ဖွဲ့စည်းထူထောင်ရန် ရွေးချယ်ထားကြပါသည်။
အချိုးညီဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်း၏ အားသာချက်တခုမှာ
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်များအကြား အာဏာခွဲဝေရေးကို
ပိုမိုလွယ်ကူရှင်းလင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အချိုးညီဖက်ဒရယ်စနစ် သို့မဟုတ် အချိုးမညီဖက်ဒရယ်စနစ်တို့အနက်
မည်သည့်စနစ်ကို ကျင့်သုံး သည်ဖြစ်စေ ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုတခုမှာ
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဖွဲ့စည်းခြင်း ဖြစ်ပါသည်။
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် အရေအတွက် မည်မျှဖြင့် ဖွဲ့စည်းမည်နည်း။ ပြည်ထောင်
စုအဖွဲ့ဝင်ပြည်နယ်များကို လူမျိုးကို အခြေခံ၍ ဖွဲ့စည်းမည်လော။ ပထဝီကို အခြေခံ၍
ဖွဲ့စည်းမည် လော။ သို့တည်းမဟုတ် နှစ်မျိုးစလုံးဖြင့် ဖွဲ့စည်းမည်လော ဟူသည့်
နိုင်ရေးဆိုင်ရာ သဘောတူညီ ချက်ကို ရရှိရန် လိုအပ်ပါသည်။
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ
ဖွဲ့စည်းခြင်း
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်တွင်
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို မည်သည့်အခြေခံ ဖြင့် ဖွဲ့စည်းရမည်၊ အရေအတွက်
မည်မျှဖြင့် ဖွဲ့စည်းရမည်ဟူ၍ သတ်မှတ်ဖော်ပြထားခြင်း မရှိပေ။ ပုံမှန်အားဖြင့်
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဖွဲ့စည်းခြင်းကို နိုင်ငံရေးအရ သဘောတူညီမှုများ
ရယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ သတ်မှတ်ဖွဲ့စည်းခြင်းကို ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ထည့်သွင်းပြဌာန်းခဲ့ကြသည်။
၁၉၄၇
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်း၊ ကချင်နှင့် ကရင်နီတို့ကို ပြည်နယ်များအဖြစ်
သတ်မှတ်ဖွဲ့စည်းပေးထားပြီး ချင်းကို ဝိသေသတိုင်းအဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ ကရင်ပြည်နယ် ဖွဲ့စည်းရေးဆိုင်ရာကို
သီးခြားပုဒ်မဖြင့် ပြဌာန်းထားသည်ကို တွေ့ရှိရပါသည်။ ကျန်နယ်မြေများ ဖွဲ့စည်းမှုကို
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းခြင်း မရှိခဲ့ဘဲ လွတ်လပ်ရေးရပြီးနောက် တွင်
ပြည်ထောင်စုအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် တိုင်းများအဖြစ်
ဖွဲ့စည်းထားခဲ့ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို
တိုင်းပြုပြည်ပြုလွှတ်တော်ကြီးတွင် ဆွေးနွေးအတည်ပြုပြဌာန်းခဲ့ ခြင်းဖြစ်သော်လည်း
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖွဲ့စည်းမှုမှာ ပီပြင်ခြင်း မရှိခဲ့ပေ။ ဖက်ဒရယ်
စနစ်အရ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက စုပေါင်း၍ ပြည်ထောင်စုအစိုးရကို
ဖွဲ့စည်းရမည် ဖြစ်သော်လည်း ဗမာမဟုတ်သော လူမျိုးများအတွက် ပြည်နယ်အချို့ကို
ဖွဲ့စည်းခဲ့ပြီး ဗမာလူမျိုး အများစုနေထိုင်သည့် ပြည်မကို ပြည်ထောင်စုအစိုးရ၏
လုပ်ပိုင်ခွင့်အာဏာများ ပုံအပ်ခဲ့သောကြောင့် အနှစ်သာရအားဖြင့် တပြည်ထောင်စနစ်
ဖြစ်ခဲ့ရပါသည်။
၁၉၇၄ နှင့် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် တိုင်း (ဝါ) တိုင်းဒေသကြီး (၇) နှင့် ပြည်နယ် (၇)
ခုတို့ဖြင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ဖွဲ့စည်းခဲ့သည်။ သို့သော်လည်း
နိုင်ငံရေးအရ ကျေလည်မှု မရှိခြင်း၊ စစ်အာဏာရှင်များက တဖက်သတ်
ဗိုလ်ကျစိုးမိုးခြင်းတို့ကြောင်း ပဋိပက္ခများ သာ ပိုမိုကြီးထွားလာခဲ့သည်။
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ
ဖွဲ့စည်းခြင်းဆိုင်ရာ တောင်းဆိုမှုများ
၁၉၆၁ ခုနှစ်
တောင်ကြီးညီလာခံတွင် ထိုအချိန်က တည်ရှိနေသော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊
ကယားပြည်နယ်နှင့် ကရင်ပြည်နယ် တို့အပြင် ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့်
ရခိုင်ပြည်နယ်များကို ဖွဲ့စည်းရန် တောင်းဆိုခဲ့ကြပါသည်။ ထို့အပြင် ပြည်မကိုလည်း
ပြည်နယ်တခု အဖြစ် ဖွဲ့စည်းရန် တောင်းဆိုခဲ့ကြသည်။ ယင်းတောင်းဆိုမှုများမှာ ၁၉၆၂
စစ်အာဏာသိမ်းမှု နှင့်အတူ တခန်းရပ်ခဲ့ပြီး ဆယ့်နှစ်နှစ်အကြာတွင် စစ်အာဏာရှင်များက
၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖက်သတ် ရေးဆွဲပြဌာန်းခဲ့ပါသည်။
FCDCC
၏ ဖွဲ့စည်းပုံအခြေခံဥပဒေ
(ဒုတိယမူကြမ်း) တွင် ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန် အား ပုဒ်မ (၄၉-က) တွင်
အောက်ပါအတိုင်း ပြဌာန်းထားပါသည်။
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ -
(၁) ကချင်အမျိုးသားပြည်နယ်
(၂) ကရင်အမျိုးသားပြည်နယ်
(၃) ကရင်နီအမျိုးသားပြည်နယ်
(၄) ချင်းအမျိုးသားပြည်နယ်
(၅) ဗမာအမျိုးသားပြည်နယ်
(၆) မွန်အမျိုးသားပြည်နယ်
(၇) တနင်္သာရီအမျိုးသားများပြည်နယ်
(၈) ရခိုင်အမျိုးသားများပြည်နယ်
(၉) ရှမ်းအမျိုးသားပြည်နယ်
(၁ဝ) ဧရာဝတီအမျိုးသားများပြည်နယ်
(၁၁) --------------
(၁၂) --------------
၂၀၂၁ ခုနှစ်မှ စတင်ခဲ့သည့် နွေဦးတော်လှန်ရေးကာလတွင်
ပြည်ထောင်စုဖွဲ့စည်းမှု ပုံသဏ္ဍာန်နှင့် ပတ်သက်၍ ဗမာပြည်နယ်ဖွဲ့စည်းရေးဆိုင်ရာ
ကိစ္စရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြသည်။ ဗမာပြည်နယ် ဖွဲ့စည်းရေး သာမက “ဝ” ပြည်နယ်၊
တအာင်း (ပလောင်) ပြည်နယ်၊ ပအိုဝ်းပြည်နယ် စသည့် ပြည်နယ်များကို ဖွဲ့စည်းရေးအတွက်
တောင်းဆိုမှုများကိုလည်း တွေ့ရှိရပါသည်။ အချို့သော တိုင်းဒေသကြီးများ အနေဖြင့်
ဗမာပြည်နယ်တွင် မပါဝင်ဘဲ သီးခြားပြည်နယ်တခုအဖြစ် ပြည်ထောင်စုတွင် ပါဝင်လိုကြောင်း
ပြောဆိုမှု၊ ပြင်ဆင်မှုများလည်း ရှိလာကြသည်။
ထို့ကြောင့်
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ပုံစံများဖြင့်
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ဆက်လက်ဖွဲ့စည်းပါက ပဋိပက္ခများကို ချုပ်ငြိမ်း နိုင်မည်
မဟုတ်ပေ။ သက်ဆိုင်ရာအစုအဖွဲ့များ စုံစုံညီညီပါဝင်၍ အကျေအလည်ဆွေးနွေးသဘောတူ ညီချက် ရယူပြီး
ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် များကို
သတ်မှတ်ဖွဲ့စည်းပြဌာန်းနိုင်ရေးသည် နှစ်ပေါင်း (၇၀) ကျော် ရင်ဆိုင်ကြုံတွေ့နေရသည့်
ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် အရေးအကြီးဆုံးသော လုပ်ငန်းစဉ်ဖြစ်ပါသည်။
ပြည်နယ်သစ်များ
ဖွဲ့စည်းပိုင်ခွင့်
ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့်တိုင်းပြည်များတွင် အချိန်ကာလ
ကြာမြင့်လာသည် နှင့်အမျှ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ အရေအတွက်လည်း
တိုးပွားလာကြသည်ကို တွေ့ရှိရသည်။ အမေရိကန်ပြည် ထောင်စုတွင် ပြည်နယ် (၁၃) ခုမှ
စတင်၍ ပြည်နယ် (၅၀) အထိ တိုးပွားလာသည်။ အိန္ဒိယနိုင်ငံတွင် ပြည်နယ် (၁၄) ခုဖြင့်
အစပြု၍ ပြည်နယ် (၂၉) ခုအထိ တိုးပွားလာခဲ့သည်။ ဂျာမဏီတွင် ပြည်နယ် (၁၁) ခုဖြင့်
စတင်ဖွဲ့စည်း၍ (၁၆) ပြည်နယ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ပြည်နယ်သစ်များ
ဖွဲ့စည်းပိုင်ခွင့်ကို ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေများတွင်
ထည့်သွင်းဖော်ပြလေ့ ရှိကြပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ပြဌာန်းချက်များ
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်တွင်
ပြည်နယ်သစ်များ ဖွဲ့စည်းခြင်းကို ဖော်ပြထားခြင်း မရှိပေ။ ၁၉၄၇
ဖွဲ့စည်းပုံအခြေခံတွင် ပြည်နယ်သစ်များဖွဲ့စည်းခြင်းကို ပုဒ်မ (၁၁၉) နှင့် (၂၀၀)
တို့တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။
၁၉၉။ ပါလီမန်သည် ပြည်နယ်သစ်က လိုက်နာရမည့် စည်းကမ်းချက်များ ပါဝင်သော
ဥပဒေဖြင့် ပြည်နယ်သစ်တခုကို ပြည်ထောင်စုနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုနိုင်သည်။
ထိုသတ်မှတ်ချက်များ တွင် ထိုပြည်နယ်မှ ပါလီမန်သို့ ကိုယ်စားလှယ် အမတ်ဦးရေ
မည်မျှရွေးကောက်တင်မြှောက် နိုင်သည်ဟူသော အချက်လည်း ပါဝင်ရမည်။
၂၀၀။ (က) ပြည်ထောင်စုအဖွဲ့ဝင်အသစ်တခု
တည်ထောင်ဖွဲ့စည်းခြင်း
(ခ) ပြည်ထောင်စုအဖွဲ့ဝင်
တခုခု၏ အကျယ်အဝန်းကို တိုးချဲ့ခြင်း
(ဂ) ပြည်ထောင်စုအဖွဲ့ဝင်
တခုခု၏ အကျယ်အဝန်းကို လျော့ခြင်း
(ဃ) ပြည်ထောင်စုအဖွဲ့ဝင်
တခုခု၏ နယ်နိမိတ်များကို ပြောင်းလဲခြင်း
တို့ကို ထိုသို့နယ်နိမိတ် ပြုပြင်ခြင်းခံရသော ပြည်နယ်တိုင်း၏
ကောင်စီက သဘောတူညီပါက ပါလီမန်သည် အက်ဥပဒေဖြင့် ပြုနိုင်သည်။ ထိုကဲ့သို့သော
သဘောတူညီချက်ရရှိပါက ပါလီမန်သည် လိုအပ်သည်ဟု သို့တည်းမဟုတ် သင့်လျော်သည်ဟု
ထင်မြင်ယူဆသော ထပ်ဖြည့်ပြဌာန်းချက်၊ အကြောင်းသင့်ပြဌာန်းချက်နှင့်
နှိုင်းညှိပြဌာန်းချက်များကို ပြုနိုင်သည်။
၁၉၄၇
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်သစ်များဖွဲ့စည်းရာတွင် သက်ဆိုင်ရာပြည်နယ် များ၏
သဘောတူညီချက်ကို ရယူရန် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂) နှင့် (၃) တွင်
ပြည်နယ်သစ်များ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်ကို ပြည်ထောင်စုလွှတ်တော်၏
လုပ်ပိုင်ခွင့်အဖြစ် ပြဌာန်းထားပါသည်။
ပုဒ်မ (၂) ပြည်နယ်သစ်များကို ပြည်ထောင်စုအတွင်းသို့
ထည့်သွင်းခြင်းနှင့် ပြည်နယ်သစ်များ ဖွဲ့စည်းခြင်းဆိုင်ရာ သင့်လျော်သော
လုပ်ထုံးလုပ်နည်းများကို ပါလီမန်မှ ဥပဒေပြု ပြဌာန်းရမည်။
ပုဒ်မ (၃) အောက်ပါကိစ္စရပ်များတွင် ပါလီမန်က
ဥပဒေပြဌာန်းရမည်။
(က) ပြည်နယ်တခုအတွင်းရှိ နယ်မြေများကို
ခွဲထုတ်ခြင်းဖြင့် သော်လည်းကောင်း၊ ပြည်နယ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော
ပြည်နယ်များကို စုစည်းခြင်းဖြင့် သော်လည်းကောင်း၊ ပြည်နယ်များ၏
နယ်မြေအစိတ်အပိုင်းတို့ကို စုစည်းခြင်းဖြင့် သော်လည်းကောင်း၊ အခြားနယ်မြေများကို
ပြည်နယ်တခုအတွင်းသို့ စုစည်းခြင်း
(ခ) ပြည်နယ်၏
အကျယ်အဝန်းကို တိုးချဲ့ခြင်း
(ဂ) ပြည်နယ်၏
အကျယ်အဝန်းကို လျော့ချခြင်း
(ဃ) ပြည်နယ်၏ နယ်နိမိတ်များကို
ပြင်ဆင်ပြောင်းလဲခြင်း
(င) ပြည်နယ်၏ အမည်ကို
ပြင်ဆင်ပြောင်းလဲခြင်း
အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄) အခန်း (၃)
အပိုဒ်ခွဲ (၁) တွင် ပြည်နယ်သစ်များ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း
ဖော်ပြထားပါသည်။ “ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်သစ်များအား ပြည်ထောင်စုတွင်းသို့
ထည့်သွင်းခြင်းကို ကွန်ဂရက် (ပြည်ထောင်စုလွှတ်တော်) မှ ဆောင်ရွက်ရမည်။ သို့ရာတွင်
ရှိရင်းစွဲ ပြည်နယ်တခုအတွင်း သို့မဟုတ် ပြည်နယ်နှစ်ခုနှင့်အထက် အတွင်းရှိ
နယ်မြေများအား ပြည်နယ်သစ်အဖြစ် ဖွဲ့စည်းလိုပါက သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်
သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ သဘောတူညီချက်ကို ရယူရမည်။”
FCDCC ၏
ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ပုဒ်မ (၅၅) နှင့် (၅၆) တို့တွင် ပြည်နယ်
သစ်များ ဖွဲ့စည်းခြင်းဆိုင်ရာကို လုပ်ထုံးလုပ်နည်းအသေးစိတ်ဖြင့် အောက်ပါအတိုင်း
ဖော်ပြထားပါ သည်။
ပုဒ်မ (၅၅) ပြည်နယ်သစ်များဖွဲ့စည်းပိုင်ခွင့်
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုအတွင်းရှိ
တဆက်တစပ်တည်းရှိသော ဒေသများကို အခြေခံ၍သော်လည်းကောင်း၊ ပြည်နယ်နှစ်ခု (သို့မဟုတ်)
နှစ်ခုထက် ပိုသည့် ပြည်နယ်များအတွင်းရှိ တဆက်တစပ်တည်းရှိသော ဒေသများကို ပေါင်းစပ်၍
သော်လည်းကောင်း ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များကို ဖွဲ့စည်းနိုင် သည်။
ပုဒ်မ (၅၆) ပြည်နယ်သစ်များဖွဲ့စည်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များကို ဖွဲ့စည်းသောအခါ
အောက်ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ဖြစ်စေရမည်။
(က) တိုင်းရင်းသားလူမျိုးတမျိုးမျိုးသည်
မိမိတို့၏ ကိုယ်ပိုင်ထင်ရှားချက်ဖြစ်သော ပထဝီဒေသနှင့် သမိုင်းကြောင်းအရ
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် သီးခြားပြည်နယ် တခုအဖြစ် နေထိုင်လိုသော ဆန္ဒရှိကြောင်း၊
ပြည်နယ်သစ်ဖွဲ့စည်းလိုသော တိုင်းရင်း သားလူမျိုးစုများ နေထိုင်ရာဒေသအတွင်းရှိ
ပြည်သူလူထု၏ (၃ဝ) ရာခိုင်နှုန်း ထောက်ခံမှုဖြင့် သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် (သို့မဟုတ်)
ပြည်နယ်များ၏ လွှတ်တော်များထံသို့ ပြည်နယ်သစ်ဖွဲ့စည်းရေးအဆိုကို တင်သွင်းရမည်။
(ခ) ထိုပြည်နယ်သစ်ဖွဲ့စည်းရေးအဆိုကို
သက်ဆိုင်ရာပြည်နယ်လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်များ၏
ထက်ဝက်ကျော် ထောက်ခံမှုဖြင့် အမျိုးသား လွှတ်တော်သို့ ပြည်နယ်သစ် ဖွဲ့စည်းရေးအဆိုကို တင်သွင်းရမည်။
(ဂ) အမျိုးသားလွှတ်တော်သည် ပုဒ်မ (၆၅) ပုဒ်မခွဲ (ခ) အရ
တင်ပြလာသော အဆိုအပေါ်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်များ၏
ကိုယ်စားလှယ်များပါဝင်သော ပြည်နယ်သစ်ဖွဲ့စည်းရေး ဆိုင်ရာ
စုံစမ်းရေးကော်မရှင်တရပ်ကို ဖွဲ့စည်းစေရမည်။
(ဃ) ပြည်နယ်သစ်ဖွဲ့စည်းရေးဆိုင်ရာ
စုံစမ်းရေးကော်မရှင်၏ တင်ပြချက်နှင့်အညီ ပြည်နယ်သစ် ဖွဲ့စည်းရန် အဆိုပြုထားသော
တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ဒေသအတွင်းရှိ ပြည်သူလူထု၏ ဆန္ဒခံယူပွဲကို
ကျင်းပပေးရမည်။
(င) ဆန္ဒခံယူပွဲတွင်
ပြည်နယ်သစ်ဖွဲ့စည်းလိုသော တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသ အတွင်းရှိ
ပြည်သူလူထု၏ (၆ဝ) ရာခိုင်နှုန်းကျော်သော ထောက်ခံ ဆန္ဒမဲကို ရရှိပါက
ပြည်နယ်သစ်ဖွဲ့စည်းခြင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ အတည်ဖြစ်စေရမည်။
(စ) ပုဒ်မ (၆၅) ပုဒ်မခွဲ (င)
နှင့်အညီ ပြည်နယ်သစ်ဖွဲ့စည်းရေးဆိုင်ရာ အတည် ပြုချက်ကို ရရှိပြီးပါက အမျိုးသားလွှတ်တော်သည်
ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက်တင်သွင်း၍ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေအဖြစ်
လိုအပ်သလို ပြဌာန်းပေးရမည်။
(ဆ) နိုင်ငံတော်သမ္မတသည် အဆိုပါဥပဒေကို
လက်မှတ်ရေးထိုး၍ ထုတ်ပြန်ပေး ရမည်။
(ဇ) အဆိုပါဥပဒေကို သက်ဆိုင်ရာပြည်နယ် (သို့မဟုတ်) ပြည်နယ်များက
လိုအပ်သလို ဆက်လက်အကောင်အထည်ဖော်ရန် သက်ဆိုင်ရာပြည်နယ်ဥပဒေပြု လွှတ်တော်အသီးသီးသို့
ပေးပို့ရမည်။
ဤတိုင်းပြည်သည် ပထဝီအနေအထားရ သော်လည်းကောင်း၊
တိုင်းရင်းသားလူမျိုးအရ သော်လည်းကောင်း မတူကွဲပြားစုံလင်မှု များပြားသောတိုင်းပြည်
ဖြစ်သည့်အတွက် အနာဂတ်တွင် လည်း ပြည်နယ်သစ်များ ဖွဲ့စည်းခွင့်ရှိရန် လိုအပ်ပါသည်။ ပြည်နယ်သစ်များ
ဖွဲ့စည်းရာတွင်လည်း ပြည်ထောင်စုအစိုးရကသာ ဥပဒေပြဌာန်းပြီး ဆောင်ရွက်ခြင်း မပြုဘဲ
သက်ဆိုင်ရာပြည်နယ်နှင့် ပြည်ထောင်စုအစိုးရအတို့အကြား ညှိနှိုင်း၍ အကောင်အထည်ဖောင်ဆောင်ရွက်ခြင်းက
ပိုမိုသင့် လျော်ပါမည်။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ
ရေးဆွဲပြဌာန်းသည့်အခါ ပြည်နယ်သစ်များ ဖွဲ့စည်းရာတွင် အခြေခံရမည့်
စံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများကို ထည့်သွင်း သတ်မှတ်ပြဌာန်းရန် လိုအပ်မည်ဖြစ်ပါသည်။