• +95 (0)9 425 705 270
  • info@cdes.org.mm

“တစ်ကျော့ပြန် ခြောက်လှန့်လာသော ဖက်ဒရယ်တစ္ဆေ”

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ခန်းမကြီး၏ စင်မြင့်ထက်သို့ ပန်းရောင် ရင်ဖုံးအင်္ကျီဖျော့ဖျော့ဝတ်ဆင်ထားသည့် အသက် (၇၀) ကျော်အရွယ်အမျိုးသမီးကြီးတစ်ဦး တည်ငြိမ်စွာ တက်လှမ်းလာသည်။သူသည် ဆံပင်ကို သေသပ်စွာဖြီးထားပြီး ခေါင်းစည်းအနီရောင်ကို စည်းထားကာ စံပယ်ပန်းများကိုလည်း ပန်ဆင်ထားလေသည်။ သူသည် မြန်မာနိုင်ငံ၏ လူထုခေါင်း ဆောင်လည်းဖြစ်သကဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။

သူသည် ခန့်ညားထည်ဝါလှသည့် ခန်းမကြီး၏ စင်မြင့်ထက်တွင် နေရာယူပြီးနောက် ခန်းမ တွင်းရှိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် မီဒီယာများအပါအ၀င် အခြားလေ့လာသူများနှင့် အခမ်းအနား တက်ရောက်လာ သူ ဧည့်ပရိတ်သတ်များအား မိန့်ခွန်းပြောကြားပါတော့သည်။ ထိုအခမ်းအနားကြီးသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံပင်ဖြစ်သည်။

ထိုညီလာခံကြီးသည် နှစ်ပေါင်း ၆၀ ကျော်အကြာ လက်နက်ကိုင် တော်လှန်ခဲ့ကြသည့် တိုင်းရင်းသားများ၏ စစ်ပွဲများရပ်တန့်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ တိုင်းရင်းသားများအားလုံး တန်းတူ အခွင့်အရေး ရရှိစေရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာစေရေးစသည်တို့အတွက် မျှော်လင့်ချက်များ ရောင်ခြည်သန်းလာမည့် ငြိမ်းချမ်းရေး ညီလာခံကြီးလည်း ဖြစ်သည်။ ထိုညီလာခံကြီးတွင် တိုင်းရင်းသားများ မျှော်လင့်နေသည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းလာပြီး ငြိမ်းချမ်းရေး မရှိမဖြစ် လိုအပ်ပုံကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေ စိတ်ကူးအိပ်မက်တွေကို ဖြည့်ဆည်းနိုင်မလား ဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေ အားလုံးအပေါ်မှာ မူတည်ပါတယ်”ဟု ပြောဆိုသွားသည်။

မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်အရ ပြည်ထောင်စုဆိုသည့် အဓိပ္ပာယ်ပေါ်လာခဲ့သည်။ ပင်လုံစာချုပ်ဆိုသည်မှာ ဗြိတိသျှကိုလိုနီတို့က တသီးတခြား ခွဲခြားသိမ်းပိုက်ခဲ့ပြီး ခြားနားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများဖြင့် အုပ်ချုပ်ခဲ့သော ချင်း၊ ကချင်နှင့် ရှမ်းလူမျိုးများက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာအစိုးရနှင့် ပူးပေါင်း၍ လွှတ်လပ်ရေးကို ရယူကာ ပြည်ထောင်စု နိုင်ငံတော်သစ်တစ်ခု ထူထောင်သည့် စာချုပ်ပင်ဖြစ်သည်။ ထိုပင်လုံ စာချုပ်ကို အကြောင်းပြု၍ ယခု ၂၁ ပင်လုံညီလာခံကြီး ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု တိုင်းရင်းသားများက ယုံကြည်နေကြသည်။ တိုင်းရင်းသား မျိုးနွယ်စုများက ယခုညီလာခံကြီးမှတစ်ဆင့် ၎င်းတို့ လိုလားလျှက်ရှိသော ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းလာမည်ဟု ယုံကြည်နေကြသည်။

တိုင်းရင်းသားတို့၏ ယုံကြည်ချက်ကို ပေါ်လွင်စေရန် ညီလာခံဖွင့်ပွဲနေ့တွင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို မိန့်ခွန်းပြော ကြားစေခြင်းဖြင့် ၎င်းတို့၏ သဘောထားကို ပေါ်လွင်စေခဲ့သည်။ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း မိန့် ခွန်းတွင် “ဟိုတုန်းက ကျွန်တော်တို့ပြောခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာ စုဖွဲ့ပြီး အေးအတူပူအမျှ ယှဉ်တွဲနေထိုင်ဖို့ ဖြစ်သလို အခု ကျွန်တော်တို့ပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဟာလည်း ခွဲထွက်ရေး မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်”ဟု ပြောဆိုသွားခဲ့သည်။

တိုင်းရင်းသားများ ပြောဆိုနေသည့် ဖက်ဒရယ်စနစ်သည်ဆိုသည်မှာ သီးခြားလွတ်လပ်ခွင့်ရှိ သော လူမျိုးများ(၀ါ) ပြည်ထောင်များက သီးခြား အမျိုးသားနိုင်ငံတော် ထူထောင်ခြင်းမပြုဘဲ မိမိတို့ပိုင် ဆိုင်ထားသည့် ပြည်ထောင်များကို မိမိတို့၏ သဘောဆန္ဒအလျောက် ပူးပေါင်း၍ ပြည်ထောင်များကို စုစည်းထားသည့် ပြည်ထောင်စု နိုင်ငံတော်သစ်ကို တည်ထောင်သော စနစ်ဖြစ်သည်။ ဖက်ဒရယ်ဟူ သော စကားရပ်သည် လက်တင်စကား Foedus နှင့် Fides ဟူသော စကားလုံးနှစ်ခုမှ ပေါင်းစပ်ဆင်း သက်လာပြီး ‘သဘောတူစာချုပ် ချုပ်ဆိုခြင်း’(၀ါ) ‘ပဋိညာဉ်ပြုခြင်း’ဟူ၍ အဓိပ္ပာယ်ရသည်။ ထိုစကားကို နိုင်ငံရေးစနစ်တွင် လက်တွေ့ကျင့်သုံးသောအခါ ပြည်ထောင်များ (၀ါ) အမျိုးသားပြည်နယ်များက မိမိ တို့ဆန္ဒအလျောက် ပူးပေါင်း၍ ‘ပြည်ထောင်စုနိုင်ငံတော်’ အတူတကွ ထူထောင်ခြင်းစနစ်ဟူသော ‘ပြည်ထောင်စုစနစ်’ (Fedration)ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပင်လုံ စာချုပ် သည် ရှမ်း၊ ကချင်နှင့် ချင်းပြည်ထောင်များ အပါအ၀င် ဗမာပြည်အစိုးရတို့က ပူးပေါင်းလက်မှတ်ရေး ထိုးခဲ့သော ပဋိညာဉ်စာချုပ်တစ်ခုဖြစ်ပြီး နိုင်ငံတော်သစ်ထူထောင်ရန် သဘောတူညီခဲ့သောကြောင့် ပင်လုံစာချုပ်သည် ဖက်ဒရယ်ဟူသော အဓိပ္ပာယ်ကို ပြည့်စုံစေသည်ဟု တိုင်းရင်းသားများကဆိုသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အင်္ဂါရပ်များသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပုံစံမျိုးစုံဖြင့် ကျင့် သုံးနေကြသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားနေသည်။ မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံး ဖက်ဒရယ်စနစ်မှာ (၁) မိမိတို့၏ လွတ်လပ်သောဆန္ဒအတိုင်း ပူးပေါင်းခြင်း(Voluntary Association)၊ (၂) ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်း (Self-rule and Shared-rule)၊ (၃) ကိုယ်ပိုင် အုပ်ချုပ်ခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ (၄) ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်း (၀ါ) ပြည်နယ် နှင့် ပြည်ထောင်အကြား ဆက်ဆံရေးနှင့် အာဏာသုံးစွဲရေး၊ (၅) စုပေါင်းအုပ်ချုပ်၍ ပြည်ထောင်စုကို စီမံခန့်ခွဲခြင်း၊ (၆) နိုင်ငံတော်လုံခြုံရေးကို စီမံခန့်ခွဲခြင်း၊ (၇) သဘာဝရင်းမြစ်များ ပိုင်ဆိုင်ခွင့်နှင့် မျှဝေ ခံစားခြင်း၊ (၈) ဘာသာတရားကို အခြေမခံသော နိုင်ငံဖြစ်ခြင်းတို့ပင် ဖြစ်သည်ဟု တိုင်းရင်းသားခေါင်း ဆောင်များက ဆိုသည်။

သို့သော် မြန်မာ့တပ်မတော်က တိုင်းရင်းသားတို့ လိုလားလျှက်ရှိသော ဖက်ဒရယ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လိုအပ်ချက်မရှိဟု တုန့်ပြန်သည်။ ၂၁ ရာစု ပင်လုံညီလာခံတွင် တပ်မ တော်က ၎င်းတို့ သဘောထားအား ဗိုလ်မှူးကြီးတင့်နိုင်အေးက ဖက်ကြားရာတွင် “ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံများဟာ တစ်ပြည်ထောင်စနစ်နဲ့ ပြည်ထောင်စုနိုင်ငံများဆိုပြီး ရှိပါတယ်။ တစ်ပြည်ထောင်စနစ် ဆိုတာကတော့ နိုင်ငံရဲ့ အာဏာတွေအားလုံးကို ဗဟိုအစိုးရက ချုပ်ကိုင်ထားတာဖြစ်ပြီးတော့ ပြည်ထောင်စုစနစ်ကတော့ ဗဟိုအစိုးရနဲ့ ပြည်ထောင်စုဝင် ပြည်နယ် အစုအဖွဲ့တွေကြားမှာ အခြေခံဥပဒေက သက်မှတ်ပေးထားတဲ့ စည်းဘောင်းအတွင်းကနေ အာဏာခွဲဝေ ကျင့်သုံးတဲ့စနစ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှာတော့ ဖက်ဒရယ်စနစ်ရဲ့ ၀ိသေသလက္ခဏာများ များစွာပါဝင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု တင်သွင်းခဲ့သည်။

ထို့အပြင် တပ်မတော်၏ သဘောထားကို ၎င်းက ဆက်လက်တင်ပြရာတွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပိုင်းခြားသတ်မှတ်ပေးထားခြင်း၊ ဘဏ္ဍာရေးနှင့် သဘာဝအရင်းမြစ်များကို ခွဲဝေသုံးစွဲခြင်း၊ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် လူမျိုးစုလွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော် တစ်ရပ်ထားရှိခြင်း၊ နိုင်ငံတော်တွင် အမြင့်ဆုံအခြေခံဥပဒေရှိခြင်း၊ အစိုး ရများအကြား အငြင်းပွားမှုများအား ဖြေရှင်းပေးနိုင်သည့် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ် ထားရှိခြင်းတို့ကြောင့် ဖက်ဒရယ်စနစ် မလိုဟု ဆိုသည်။

“ပြည်ထောင်စုစနစ် စစ်၊ မစစ်ဆိုတာကို ဆန်းစစ်ကြည့်ရမယ့် အခြေခံအချက်တွေကတော့ ပြည်ထောင်စုနဲ့ ပြည်နယ်များအကြားမှာ အာဏာခွဲဝေမှု အခြေခံဥပဒေရှိ၊ မရှိ၊ အုပ်ချုပ်ရေး၌ အစိုးရနှစ် မျိုးရှိ၊ မရှိ၊ ပြည်ထောင်စုတရားရုံးချုပ် ပြည်နယ်တရားရုံးချုပ်ရှိ၊ မရှိ ပြည်ထောင်စု အခြေခံဥပဒေရှိ မရှိ သို့အဟုတ် ပြည်ထောင်စု အခြေခံဥပဒေမှာ ပြည်နယ်များအတွက် အကျုံးဝင်တဲ့ အခြေခံဥပဒေမျိုး ရှိ၊ မရှိတို့ပဲ ဖြစ်ပါတယ်” ဟု တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတင့်နိုင်အေးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်(သို့) တိုင်းဒေသကြီးများဖြင့် ဖွဲ့စည်းထားရှိခြင်း၊ ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာများ ခွဲဝေထားရှိခြင်း၊ လူမျိုးစုလွှတ်တော်ဖြစ်သော အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ တွင် အာဏာတူညီမှုရှိပြီး ကိုယ်စားလှယ်စေလွှတ်မှုလည်း တူညီသောကြောင့် တိုင်းရင်းသားများတန်း တူညီမျှမှုရှိကြောင်း ၄င်းက ဖက်ကြားတင်သွင်းခဲ့သည်။ ထိုအချက်ကပင် တိုင်းရင်းသားများနှင့် တပ်မတော်အကြား သဘောထား ကွဲလွဲခဲ့ခြင်းပင်ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တပ်မတော်၏ သ ဘောထားကို တုန့်ပြန်ပြောဆိုရာတွင် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်အသွင်ဆောင်ပေ မယ့် အနှစ်သာရ ချည့်နဲ့အားနည်းမှုရှိနေတာကိုတော့ ၀န်ခံရမှာပါ”ဟု ပြောဆိုသည်။

တိုင်းရင်းသားတို့က ၁၉၄၇ ခုနှစ်တွင် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံခြေခံဥပဒေတွင် အဓိက အားနည်းချက် သုံးချက်ကြောင့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရသည်ဟု ဆိုသည်။

အဆိုပါအားနည်းချက်များမှာ (၁) ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နိုင်ငံရေးအာဏာများ အပြည့်အ၀ အပ်နှင်းခြင်းမရှိခြင်း၊ (၂) ပြည်ထောင်စုလွှတ်တော်ထဲမှ လူမျိုးစုလွှတ်တော်ခေါ် အထက်လွှတ်တော်တွင် အမျိုးသားပြည်နယ်များက ဦးရေတူညီသော လွှတ်တော်ကိုယ်စားလှယ်များကို အညီအမျှစေလွှတ်မှုမရှိခြင်း၊ (၃) ပြည်ထောင်စုစနစ်အရ အမျိုးသားပြည်နယ်များက ပြည်နယ်အစိုးရကို လွတ်လပ်စွာဖွဲ့စည်းပြီး ပြည်ထောင်စုအစိုးရကို ပူးပေါင်းဖွဲ့စည်းမှု မရှိခြင်းတို့ကြောင့် ပြည်ထောင်စုစနစ်မှ ကွဲထွက်သွားရခြင်းဖြစ်သည်ဟု ဆိုကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပြည်တွင်းစစ်မီး ငြှိမ်းဖို့အတွက် တပ်မတော်က ‘ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူလိုစိတ်’အခြေခံပြီး ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်နေသည်ဟု အတိအလင်း ပြောကြားသွားခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်များကကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါတယ်။ ချမှတ်ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများ ကွဲပြားခြားနားကြသော် လည်း ‘တစ်မျိုးသားလုံး ခိုင်မာတဲ့ စည်းလုံးညီညွှတ်မှု တည်ဆောက်နိုင်ရေး’အတွက် အစဉ်တစိုက် ဦးတည်ကြိုးပမ်း လုပ်ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြီးပြည့်စုံတဲ့ စုစည်း ညီညွှတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို မတည်ဆောက်နိုင်သော်လည်း ခေတ်ကာလအလိုက် ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွှတ်မှု တည်ဆောက်ရေး ကြိုးပမ်းမှု မှတ်တိုင်များကိုတော့ အသီးသီး စိုက်ထူနိုင်ခဲ့ ကြပါတယ်” ဟု ဆိုသည်။

တိုင်းရင်းသားများက ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေ၏ အားနည်းချက်သုံးချက်ကို ပြင်ဆင်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပြင်ဆင်ပြဋ္ဌာန်းရန် ၁၉၆၁ ခုနှစ် ဇွန်လတွင် တိုင်းရင်းသားအားလုံး တက်ရောက်နိုင်သော ညီလာခံတစ်ရပ်ကို တောင်ကြီးမြို့၌ ကျင်းပကာ ကြိုးစားခဲ့ကြသည်။ ထိုတောင်ကြီးညီလာခံ၏ ရည်ရွယ်ချက်များမှာ (၁) ပြည်ထောင်စုမြန်မာနိုင်ငံကို ပင်လုံညီလာခံတွင် မျှော်မှန်းခဲ့သည့်အတိုင်း စစ်မှန်သော ပြည်ထောင်စုစနစ်ဖြင့် ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန်၊ (၂) ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည် နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀အပ်နှင်းရန်၊ (၃) တိုင်းရင်းသားလူမျိုးများကို ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့် ပေးအပ်သည့်အနေဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထူထောင်ခဲ့သော အမျိုးသားပြည်နယ်များအပြင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်များကို တိုးချဲ့ဖွဲ့စည်းရန်၊ (၄) ပြည်ထောင်စုအာဏာနှင့် ဗမာပြည်နယ်၏ လုပ်ပိုင်ခွင့်အာဏာများကို ဥပဒေနှင့်အညီ ပိုင်းခြား ထားရန် စသည်တို့ ဖြစ်သည်။

ထိုညီလာခံတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ‘ပြည်နယ်များ ညီညွှတ်ရေးအဖွဲ့’ကို ဖွဲ့စည်းခဲ့ကြသည်။ ၎င်းအဖွဲ့က ‘ပြည်ထောင်စုစစ်စစ်မူ’ကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုထံသို့ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် တရားဝင် ပေးပို့ခဲ့ကြသည်။ ပြည်နယ်များညီညွှတ်ရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရန် တင်ပြခဲ့သည့် အချက်များ တွင် (၁) ပြည်မကို ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေးရေး၊ (၂) လွှတ်တော်နှစ်ရပ်အား အာဏာအ ညီအမျှပေးရေး၊ (၃) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များမှ တူညီသောကိုယ်စားလှယ် စေလွှတ်ရေး၊ (၄) ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သောအာဏာများကို ဗဟိုအစိုးရကန့်သတ်၍ ကျန် အာဏာများကို ပြည်နယ်များတွင် ထားရှိရေးစသည့်အချက်များ ပါဝင်သည်။

သို့ရာတွင် ပြည်နယ်များ ညီညွှတ်ရေးအဖွဲ့က တင်သွင်းသော ‘ပြည်ထောင်စုစစ်စစ်မူ’ကို ဗိုလ်ချုပ်ကြီးနေ၀င်းက ‘ပြည်ထောင်စုဖြိုခွဲရေးလမ်းစဉ်’ဖြစ်သည်ဟု ဆိုကာ ၁၉၆၂ခုနှစ်၊ မတ် ၂ ရက် တွင် နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းယူလိုက်လေသည်။ ထိုသို့ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်းက ၀န်ကြီးချုပ်ဟောင်းဦးနု ဦးဆောင်သော ‘ပြည်တွင်းညီညွှတ်ရေးအဖွဲ့’ကို ၁၉၆၈ ခုနှစ်တွင် ဖွဲ့စည်းစေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲနိုင်စေရန် တိုင်းရင်းသားပြည်သူများထံ အကြံဉာဏ်တောင်းခံစေခဲ့သည်။ ထို့ကြောင့် ချင်း၊ ကချင်နှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များက ‘ဖက်ဒရယ်စနစ်’ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသင့်ကြောင်း တင်ပြခဲ့ကြသည်။ သို့သော် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီဝင်များက ယင်းစနစ်ဖြင့် ပြည်ထောင်စု ပြန်လည်ဖွဲ့စည်းရေးကို လက်မခံသည့်အပြင် ထိုစနစ်ကို တင်သွင်းခဲ့သည့် ချင်းတိုင်းရင်းသား ခေါင်းဆောင် ၈၀ ကျော်၊ ကချင်နှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များကို ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်လေသည်။ ထိုအချိန်မှစ၍ ဖက်ဒရယ်စနစ်မှာ ရေစုန်မျောသွားခဲ့ရသည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ပြည်တွင်းစစ်သမိုင်း၌ အရှည်ကြာဆုံးသော နိုင်ငံများတွင် ထိပ်ဆုံးက ရပ်တည်နေသည်ဆိုသည်ကို လက်ခံကြရမည်ဖြစ်သည်။ ထိုစစ်မီးကို အပြီး တိုင် ငြှိမ်းသတ်နိုင်ရန် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအားလုံးက လိုလိုလား လားဆန္ဒရှိပြီး ငြှိမ်းသတ်နိုင်မှသာ ဖြစ်ပေလိမ့်မည်။ ပြည်တွင်းစစ်မီးကို တစ်ဖက်တည်းက ငြိမ်းသတ် ၍မရနိုင်သကဲ့သို့ တောင်းဆိုသည်ကို လက်မခံလျှင် အပြတ်ချေမှုန်းမည်ဆိုပါက မည်သို့မျှ စစ်မီးငြိမ်း နိုင်မည်လည်းမဟုတ်ပေ။

တည်ငြိမ်အေးချမ်းသော ဖယ်ဒရယ်ပြည်ထောင်စု အမှန်တကယ် တည်ဆောက်ချင်သည်ဆိုပါ က (၁) ဖယ်ဒရယ် ပြည်ထောင်စုများဖြစ်သည့် အမေရိကန်၊ ဂျာမနီ၊ ရုရှားစသည့် ကမ္ဘာ့ဖယ်ဒရယ်နိုင်ငံ များ၏ စနစ်များကို အရင်လေ့လာရန် လိုအပ်သည်။ (၂) ကမ္ဘာ့ဖယ်ဒရယ် ပြည်ထောင်စုများ၌ တပ်မ တော်မှာ တစ်ခုသာရှိသည်။ ပြည်နယ်များတွင် ကိုယ်ပိုင်တပ်ထားရှိခွင့်မရှိပေ။ ထို့ကြောင့် တိုင်းရင်း သားများက လက်နက်စွန့်ရန်လိုသည်။ (၃) ကမ္ဘာ့ဖယ်ဒရယ်နိုင်ငံများ၌ သယံဇာတအကျိုးကို မည်ကဲ့ သို့ ခွဲဝေနေကြပါသနည်း။ မြန်မာတိုင်းရင်းသား ပြည်နယ်များက သယံဇာတအကျိုးကို ရာခိုင်နှုန်း ၇၀ တောင်းဆိုနေကြသည်။ သယံဇာတအကျိုး ခံစားခွင့်ခွဲဝေရာတွင် ပြည်နယ်တိုင်းများ၏ လူဦးရေ အချိုးအစားအတိုင်းသာ ခွဲဝေသင့်သည်။ ထိုနေရာတွင် ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်ဆို၍ မရနိုင်ပေ။ (၄) တိုင်းရင်းသားများ လက်နက်မစွန့်နိုင်သရွေ့ ငြိမ်းချမ်းရေးမှာ မရနိုင်ပေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များလုပ်သော်လည်း ငွေကုန်လူပမ်းရုံဖြစ်မည်။ (၅) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသကဲ့သို့ ငြိမ်းချမ်းရေးရရန် အချိန်ကြာလာသည်နှင့်အမျှ အမေရိကန်၊ တရုတ်စသည့် နိုင်ငံကြီးများက သွေးထိုး မြှောက်ပင့်ပေး၍ သွေးချောင်းစီးတိုက်ပွဲများ ဖြစ်ရန်သာရှိသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက အကြံပြုပြောဆိုသည်။

ထိုကြောင့် ယခုညီလာခံအား အသုံးချ၍ တိုင်းရင်းသားများ လိုချင်သည့်အရာကို တောင်းဆို ရန် လိုအပ်ပုံကို “ဒီအခွင့်အရေးကြီးကို ကျွန်မတို့အားလုံး ပညာတတ်သိ၊ လုံ့လ၀ီရိယနဲ့ မိမိရရဆုပ် ကိုင်ပြီး အလင်းရောင်သန်းတဲ့ အနာဂတ်တစ်ရပ် ဖော်ထုတ်ကြပါစို့။ မတူညီတဲ့ အမြင်သဘောထား တွေကို ပြည်သူတွေ ကောင်းကျိုးအတွက် ညှိနှိုင်းစွမ်းဖြစ်စေတဲ့ ပညာ ၊ လက်ခံသင့်တဲ့ အတွေးအခေါ် အပြုအမူအသစ်တွေကို လက်ခံရဲတဲ့သတ္တိ၊ ခက်ခဲတဲ့လုပ်ငန်းတွေကို အောင်မြင်သည်ထိ ဆောင်ရွက် နိုင်တဲ့ ၀ီရိယတို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးမှာ ပါဝင်သူအားလုံးဟာ မိမိတို့ရဲ့ ကဏ္ဍ သေး သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုရင် ကျွန်မတို့ မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက အ ချင်းချင်းသင့်မြတ်ရေး၊ NCA လက်မှတ်ထိုးပြီးဖြစ်သည့် အဖွဲ့များနှင့် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များအကြား ၀ိဝါဒကွဲပြားမှုများ ဖြစ်ပေါ်နေမည်ဆိုပါက ငြိမ်းချမ်းရေးခရီးသည် နှောင့်နှေးကြန့်ကြာ မှုများ ဖြစ်လာနိုင်သည်။ တိုင်းရင်းသား အချင်းချင်းကြား နားလည်မှုလွဲမှားခြင်း၊ စိတ်ဝမ်းကွဲပြားမှုမရှိ စေရန် ဘုံသဘောတူညီချက်ဖြစ်သည့် NCA စာချုပ်အောက်သို့ တိုင်းရင်းသားအားလုံး ရောက်ရှိလာ ရန် အရေးကြီးပေသည်။

လက်နက်ကိုင်ပဋိပက္ခများ၏ မူလဇာစ်မြစ်ဖြစ်သည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန် အဓိကလိုအပ်ချက်မှာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းအဖြေရှာနိုင်မှုတို့ ပင်ဖြစ်သည်ဟု လေ့လာအကဲခတ်များက ဆိုသည်။ ပြည်သူလူထုအားလုံးသည် လွတ်လပ်ရေးအ တွက် မျှော်လင့်ချက်ကို ညီညွတ်ခြင်း၊ ပေါင်းစည်းခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် ပင်လုံစိတ်ဓာတ်သည် ယခုရောက်ရှိနေသည့် ၂၁ ရာစုအတွက် မရှိမဖြစ် လိုအပ်သည်ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ယနေ့ အချိန်အခါတွင် ကမ္ဘာ့နိုင်ငံရှိ အခြားနိုင်ငံများ၌ တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြခြင်းဖြင့်သာ စစ်မီးကို ငြှိမ်းသတ်နိုင်ကြောင်း သမိုင်းများက လက်တွေ့ပြခဲ့ပြီးဖြစ်သည်။ ပြည်တွင်းစစ်မီး ပြင်းထန် သည့် ဘောစနီးယားနှင့် လတ်တလောဖြစ်ပွားနေသည့် ကိုလံဘီယာ ပြည်တွင်းစစ်များကို အပြီးတိုင် ငြှိမ်းသတ်စေသည့်အရာမှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းပင်ဖြစ်သည်။ ထိုအရာထက် ကောင်းသည့်အ ရာ ကမ္ဘာတွင် မပေါ်သေးသလို အခြားနည်းလမ်းလည်း မရှိသေးပေ။

ထို့ကြောင့် နှစ်ပေါင်း ၇၀ နီးပါး ရှည်ကြာခဲ့ရသည့် စစ်ပွဲများရပ်သွားရန်ဆိုသည်မှာ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များက အခြေခံကျကျ တစ်စိုက်မတ်မတ် တောင်းဆိုခဲ့ကြသော တန်းတူရရှိ ရေးမူနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်မူကို တစ်ဖက်က အသိအမှတ်ပြု လက်ခံပေးရန် လိုအပ်လာသည်။ ပြည် ထောင်စုအစိုးရကလည်း ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်နိုင်မှသာ တိုင်းပြည်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက် လာမည်ဟူသော အဖြေတစ်ရပ်ကို သဘောထားကြီးကြီး လက်ခံတတ်ရန်လည်း လိုအပ်လာသည်။

တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ်စနစ်သည် ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှသာ လျှင် ဖြစ်နိုင်ပေလိမ့်မည်။ ထိုအချက်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ပြည်တွင်းငြိမ်းချမ်း ရေးရရှိရေးဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ ဆက် စပ်လျှက်ရှိပါတယ်”ဟု ပြောဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုသော အိမ် ကြီးတစ်လုံးပေါ်တွင် ဖက်ဒရယ်သည် တစ္ဆေတစ်ကောင်လို ခြောက်လှန့်ရန် အားယူကြိုးပမ်းနေဆဲပင် ဖြစ်သည်။

ကိုးကား- ဆလိုင်းလျန်မှုန်း၏ ဖက်ဒရယ်စနစ်၏ အင်္ဂါရပ်များ၊
၂၁ ရာစုပင်လုံမှ ပြောကြားသောမိန့်ခွန်းများ။


-       အောင်ထူးနိုင်

စက်တင်ဘာ ၈၊ ၂၀၁၆ တွင်ထုတ်ဝေသော ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၁၂) ၊ အမှတ် (၃၄)။

●——————————●

“ဖက်ဒရယ်စနစ်၏ အင်္ဂါရပ်များ” စာအုပ်ရယူရန် - http://cdes.org.mm/book_detail/67

 

 

Share:

Tags: “တစ်ကျော့ပြန်,ခြောက်လှန့်လာသော,ဖက်ဒရယ်တစ္ဆေ”

Author : Administrator
Comments
Leave a Comment