• +95 (0)9 425 705 270
  • info@cdes.org.mm

၂၁ရာစုပင်လုံ တတိယအစည်းအဝေးတွင် “နိုင်ငံရေးကဏ္ဍ” အဓိက ဆွေးနွေးမည်။

နေပြည်တော်(နိုဝင်ဘာ ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည့် ၂၁ရာစုပင်လုံ တတိယအစည်းဝေးတွင် ယခင်အစည်းအဝေးက မပြီးပြတ်သေးသည့် နိုင်ငံရေးကဏ္ဍကို အထူးအလေးပေးဆွေးနွေးသွားရန် နေပြည်တ်ေတွင် နှစ်ရက်ကြာကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

“အထူးသဖြင့် နိုင်ငံရေးကိစ္စကို ဒီညီလာခံမှာ ဆွေးနွေးမယ်။ နိုင်ငံရေးကိစ္စဆိုတာ ခုနပြောတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ခွဲမထွက်ခွင့် ဒါတွေကို အလေးထားပြီး ဆွေးနွေးမယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

၂၁ရာစုပင်လုံဒုတိယအစည်းအဝေးကို ပြီးခဲ့သည့် မေလက ကျင်းပရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ ငါးရပ်လုံးကို ဆွေးနွေးခဲ့ကြပြီး လုံခြုံရေးကဏ္ဍမှအပ အခြားကဏ္ဍ ၄ခုမှ အချက်ပေါင်း ၃၇ချက်ကိုသာ သဘောတူကာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)အဖြစ် သတ်မှတ်ခဲ့သည်။

“ပြီးခဲ့တဲ့ ညီလာခံမှာ သဘောတူညီချက် မရရှိလို့ ကျန်နေခဲ့တာ ဘာရှိလည်းဆိုတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ပေါ့နော် ခွဲမထွက်ရေးကိစ္စ ဒါတွေမှာ သဘောတူညီချက် မရသေးဘူး။ မရခဲ့တဲ့အပြင် တခြား စီးပွားရေးကဏ္ဍမှာလည်း သဘောတူညီချက်မရလို့ ချန်ထားခဲ့တာတွေ ရှိတယ်။ အဲ့ဒါတွေ ကျွန်တော်တို့ ပြန်ဆွေးနွေးမယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ထို့ပြင် နှစ်ရက်ကြာ ကျင်းပခဲ့သည့် UPDJC အစည်းအဝေးတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ညှိနှိုင်းခဲ့ကြသော်လည်း အဆင်ပြေမှု မရှိသေးပေ။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်ဘဲ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ကျင်းပမည်ဆိုပါက အကျိုးသက်ရောက်မှုအနေဖြင့် အားကောင်းမည်မဟုတ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

“ဆွေးနွေးမှုက အားကောင်းမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အဓိက စိုးရိမ်ထားတာကတော့ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ကျွန်တော်တို့ ဆွေးနွေးတော့ အဆင်မပြေတဲ့ အချက်တွေ ရှိပါတယ်။ ဒါကတော့ တိုင်းရင်းသားတွေဘက်က တင်လိုက်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်မူ။ အဲ့ဒါနဲ့ အစိုးရဘက်က တင်လိုက်တဲ့ ပြည်ထောင်စုထဲမှ ခွဲထွက်ခွင့်မရှိစေရ ဆိုတဲ့ အဲ့ဒါ အပေးအယူလုပ်ရမယ်ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တည်ရှိရာဒေသတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်သည်ဟု သတ်မှတ်ထားသော်လည်း RCSS နှင့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)တို့မှာ အစိုးရ၊ တပ်မတော်နှင့် ညှိနှိုင်းမှု မပြေလည်သေး၍ ဆွေးနွေးပွဲများ မကျင်းပနိုင်ခြင်း ဖြစ်သည်။

Credit to Mizzima

Share:

Tags: ၂၁ရာစုပင်လုံ,တတိယအစည်းအဝေးတွင်,“နိုင်ငံရေးကဏ္ဍ”,အဓိက,ဆွေးနွေးမည်။

Author : Administrator
Comments
Leave a Comment