• +95 (0)9 425 705 270
  • info@cdes.org.mm

အစိုးရနှင့် KNPP တရားဝင် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ပုံစံသုံးမျိုး တင်ပြပေးသွားမည်။

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP)ကိုယ်စားလှယ်အဖွဲ့တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး အတွက် ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံး အစည်း အဝေးခန်းမတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး တရားဝင် တွေ့ဆုံဆွေးနွေး ပွဲများ လုပ်ဆောင်ပါက ကယားပြည်နယ် မြို့တော် လွိုင်ကော် တွင် တရားဝင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် KNPP က အဆိုပြု ခဲ့ကြောင်း သိရသည်။


ဆွေးနွေးနိုင်ရန် ပြောကြားခဲ့။

ဆွေးနွေးပွဲတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (JMC)အနေဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အခင်းအကျင်း များကို မည်သည့်ပုံစံဖြင့် ဆက်သွားမည်၊ တပ်ဘက်ဆိုင်ရာ ကိစ္စရပ်များအား မည်သို့ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမည်၊ ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ မည်သည့်ပုံစံ ညှိနှိုင်းစီစဉ်ဆောင်ရွက်မည်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၏ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်လေ့လာသည့် ဖြစ်စဉ်တွင် KNPP အနေ ဖြင့် မည်သည့်ပုံစံမျိုးဖြင့် ပါဝင်စုဖွဲ့ရန်နှင့် နိုင်ငံတကာပါဝင်မှု အခန်းကဏ္ဍများနှင့် ပတ်သက်၍ တိကျသည့် အကန့်အသတ် ထားရှိရန်တို့ကို တရားဝင်ဆွေးနွေးပွဲများတွင် ဆွေးနွေးနိုင်ရန် ပြောကြားခဲ့ကြောင်း KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်ထံမှ သိရသည်။

ခူဦးရယ်က ''အထူးသဖြင့်ကတော့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ အခင်း အကျင်းတွေ ကို ကျွန်တော်တို့ ဘယ်လိုဆက် သွားမလဲ၊ တပ်ဘက်ဆိုင်ရာ ကိစ္စတွေကို ကျွန်တော်တို့ ဘယ်လို ဆက်လက် ညှိနှိုင်းဆောင်ရွက်မလဲ၊ နောက် ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လိုညှိနှိုင်းစီစဉ် ဆောင်ရွက်ကြမလဲ၊ JMC ဆိုတဲ့ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်လေ့လာတဲ့ ဖြစ်စဉ်မှာ ကျွန်တော်တို့ ဘယ်လိုစုဖွဲ့ကြ မလဲ၊ နိုင်ငံတကာပါဝင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ NCAမှာ ပြဋ္ဌာန်း ထားတာက လေ့လာသူများအဖြစ်ရော၊ အကြံပေးအဖြစ်ရော နောက် နည်းပညာအထောက်အကူပြု အဖြစ်ပါ ပါဝင်ခွင့်ပြုထားတာ ရှိပါ တယ်၊ ဒါပေမယ့် ဘယ်လို ပါဝင်ခွင့်ပြုမလဲဆိုတဲ့ အကန့်အသတ်ကို တိတိပပ ဆွေးနွေးဖို့ပါ၊ ဒါတွေက အဓိကအကြောင်းအရာအနေနဲ့ထားပြီး ဆွေးနွေး တာ ဖြစ်ပါတယ်၊ အဖြေထွက်မယ် မထွက်ဘူးက နောက် တရားဝင် တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပမှပဲ သိရမှာဖြစ်ပါတယ်''ဟု ပြောသည်။


နှစ်ဖက်လုံးက ရည်မှန်းချက်တူ။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ''ဒီနေ့က အလွတ်သဘော အစည်းအဝေးဖြစ်ပါတယ်၊ အခု NCA ထိုးဖို့အတွက် KNPP ရဲ့ အခက်အခဲတွေ ပြောတယ်၊NCA လေ့လာသူ၊ အကြံပေးတွေ ကတော့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) နဲ့ ဆွေးနွေးစဉ်က အကျယ်တဝင့် ဆွေးနွေးပြီးပြီ၊ ဘယ်လိုပုံစံစမလဲ၊ ဘယ်အချိန်မှာ ဘာလုပ်ကြမလဲ ဆိုတာတော့ ဆွေးနွေးဖို့ရှိမယ်၊ ကျန်တာတွေကတော့ NCA က ချမှတ်ထား တဲ့ ပုံစံတွေ အတိုင်းသွားဖို့ ကျွန်တော်တို့ဘက်က ဆွေးနွေးတယ်၊ ခြုံပြောရင် အလွတ်သဘောမို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်၊ စိုးရိမ်မှုတွေ လည်း ပွင့်ပွင့် လင်းဆွေးနွေးတယ်၊ အရင်ထက်စာရင် ပိုနီးစပ်မှု ရှိလာပြီ၊ တရားဝင်ဆွေးနွေးပွဲ အဖြေကို ကြည့်ပြီးမှပဲ တိတိကျကျ ပြောနိုင်မယ့် သဘော ရှိပါတယ်၊ တရားဝင် ဆွေးနွေးပွဲကျင်းပဖို့ အချိန်ထပ်ညှိမယ်၊ ကျင်းပနိုင်တဲ့ ဆွေးနွေးမှု ရလဒ်အပေါ်မူတည်ပြီးတော့ ကျန်တာတွေ ဆက်သွား မယ်၊ ကျွန်တော်တို့ နှစ်ဖက်လုံးက ရည်မှန်းချက်တူတယ်၊ ကြီးကြီး မားမား ကွဲလွဲတာမရှိဘူး၊ NCA ထိုးပြီး ငြိမ်းချမ်းရေးဖြစ်စဉ် မှာပါဖို့ သူတို့အနေနဲ့ တူညီတယ်၊ တရားဝင်ဆွေးနွေးပွဲပေါ် မူတည်ပြီး ရလဒ်ကောင်းတွေ ထွက်လာပြီဆို ကျွန်တော်တို့ မှန်းထားတဲ့ အနေအထားတွေ ထွက်လာနိုင်တယ်''ဟု ပြော သည်။

KNPP အနေဖြင့် အစိုးရနှင့် တရားဝင်ဆွေးနွေးပွဲများ ကျင်းပပြီး တရားဝင်တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ပါက ရန်ကုန်တွင် မဟုတ်ဘဲ ကယားပြည်နယ် မြို့တော် လွိုင်ကော်တွင် တရားဝင်တွေ့ဆုံဆွေးနွေး မှုလုပ်ရန် ယနေ့ဆွေးနွေးပွဲတွင် အဆို ပြုခဲ့ကြောင်း သိရသည်။

ခူဦးရယ်က ''တရားဝင် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်မယ် ဆိုရင် ရန်ကုန်မှာမဟုတ်ဘဲ ကယားပြည်နယ် မြို့တော် လွိုင်ကော် မှာပဲ တရားဝင်တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ အဆိုပြုခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုရင် ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်က အစိုးရအရာရှိတွေ၊ တပ်မတော် အကြီးအကဲတွေပါ ပါဝင်ပြီးတော့ ဆွေးနွေးခြင်း၊ နားထောင်ခြင်း၊ သိရှိခြင်း အနေနဲ့ ပါဝင်မှပဲ ဒီသဘောတူညီချက်တွေ ရလာမယ်ဆိုရင် ဘယ်လို အကောင် အထည်ဖော်မလဲဆိုတဲ့ အခင်းအကျင်းရောက်လာမယ်၊ ဒါဆိုရင် ဘာမှòန်ကြားနေစရာမလိုဘဲ အလိုလိုအဆင်ပြေပြေနဲ့ ဘယ်လို တာဝန် ယူရမယ်၊ ဘယ်လိုတာဝန်ခံရ မယ်ဆိုတဲ့ အရာရာကို သိနှင့်ပြီးသား ဖြစ်လိမ့် မယ်လို့ အမြင်ရှိလို့ လွိုင်ကော်မှာ ကျင်းပဖို့ ကျွန်တော်တို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်''ဟု ပြောသည်။

အစိုးရနှင့်KNPP တရားဝင်တွေဆုံဆွေးနွေးပွဲများ ပြုလုပ် နိုင်ရန်အတွက် (၁)လွိုင်ကော်၊ (၂)လွိုင်ကော်-ရန်ကုန်၊ (၃) ရန်ကုန်တွင်တစ်လှည့် ၊ လွိုင်ကော် တွင် တစ်လှည့် ပုံစံသုံးမျိုး အနက်မှ ကြိုက်သည့်ပုံစံတစ်ခုဖြင့် ဆွေးနွေးနိုင်ရန် ပုံစံသုံးမျိုး တင်ပြပေးသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးထံမှ သိရသည်။


ဆွေးနွေးပွဲတွေ အမြန်လုပ်သွားဖို့ရှိ။

''သူတို့ကတော့ လွိုင်ကော်မှာ အဆိုပြုတယ်၊ ကျွန်တော်တို့ ဘက်က တရားဝင်အစည်းအဝေးအတွက် နေရာသုံးခုကို လူကြီး တွေဆီတင်ပြပြီး ပြန်အကြောင်းပြန်ပါမယ် ပြောထားတယ်၊ လွိုင်ကော်မှာလည်း ဖြစ်နိုင်တယ်၊ ရန်ကုန်-လွိုင်ကော် နှစ်ဖက် ပုံစံ ဆွေးနွေးတာလည်း ဖြစ်ရင်ဖြစ် မယ်၊ နောက် ရန်ကုန် တစ်ခု လွိုင်ကော်တစ်ခုခွဲပြီး ဆွေးနွေးတာလည်း ဖြစ်နိုင်မယ်၊ လွိုင်ကော် မှာ တရားဝင်တွေ့ဆုံဆွေးနွေးမှု ရအောင် သူတို့ပြောတာတွေ ကိုလည်း လက်ခံတယ်၊ အဓိကက ဘာကြောင့်လဲဆိုတော့NCA ထိုးပြီးသွားရင် အကောင်အထည်ဖော်ရတဲ့ လက်တွေ့ အဆင့်က ပြည်နယ် အဆင့်မှာရှိတော့ ပြည်နယ်ကလူတွေ သိထားဖို့သင့်တယ်၊ ဒါကို လူကြီးတွေဆီ တင်ပြမယ်၊ ကြားထဲမှာ တရားဝင်ဆွေးနွေးပွဲတွေ အမြန်လုပ်သွားဖို့ရှိမယ်''ဟု ဦးဇော်ဌေး က ဖြေကြားသည်။

ယနေ့သည် KNPP အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ပြည်နယ်အဆင့် သဘောတူငြိမ်းချမ်းရေးလက်မှတ် (Bilateral Agreement) ရေးထိုးခဲ့သည့် ခြောက်နှစ် တင်းတင်း ပြည့်သည့်နေ့ဖြစ်ပြီး KNPP အနေဖြင့် အစိုးရသစ် ဖြင့် ပထမဆုံး တွေ့ဆုံညှိနှိုင်းခြင်းဖြစ်သည်။


ဖြစ်လာနိုင်ဖို့ မျှော်လင့်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ''အစိုးရ သစ်လက်ထက်မှာ KNPP အနေနဲ့ ပထမဆုံးတွေ့ဆုံတာ၊ ခါတိုင်းက DPNအနေနဲ့ပဲ တွေ့တာ၊ အစိုးရဘက်က NCA လက်မှတ်ရေးထိုးနိုင်ဖို့ကို ဆွေးနွေးတယ်၊ သူတို့ဘက်က နဂို ထိုးထားတဲ့ Bilateral ကိစ္စတွေ၊ လွိုင်ကော်မှာ တရားဝင် ဆွေးနွေးပွဲလုပ်ဖို့တွေ အဆိုပြုတယ်၊ ဆွေးနွေးတာတော့ ကောင်းပါတယ်၊ ယုံကြည်မှု ပိုရှိလာတယ်၊ ဒီလကုန် ဒါမှမဟုတ် လဆန်းလောက်မှာ တရားဝင်ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ဖို့ မျှော်လင့်ရတယ်''ဟု ပြောသည်။


တက်ရောက်။

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ(KNPP) ကိုယ်စားလှယ်အဖွဲ့တို့၏ တရားဝင် ဆွေးနွေးမှုသည် ယခု မတ်လအကုန် သို့မဟုတ် ဧပြီလဆန်းတွင် တွေ့ဆုံနိုင်ဖွယ်ရှိပြီး ယနေ့ကျင်းပ သည့် အလွတ်သဘောဆွေးနွေး ပွဲသို့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ငြိမ်းချမ်းရေးကော် မရှင် မှ တာဝန်ရှိ သူများ၊ KNPP မှ ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် နှစ်ဖက်ရုံးအဖွဲ့များ တက် ရောက်ခဲ့ကြသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် ယနေ့တွေ့ဆုံမှု အတွက် သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ကာ ညနေပိုင်းတွင် ဒုတိယဥက္ကဋ္ဌ ခူဦးရယ် သည် ရန်ကုန်မြို့ ပါရမီဟိုတယ်တွင် မီဒီယာများနှင့် တွေ့ဆုံ ခဲ့သည်။
သတင်း-ရဲခေါင်ညွန့် ၊ ဓာတ်ပုံ- Peace Commission 

Source - MOI 

Share:

Tags: အစိုးရနှင့်,KNPP,တရားဝင်,တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်နိုင်ရန်,ပုံစံသုံးမျိုး,တင်ပြပေးသွားမည်။

Author : Administrator
Comments
Leave a Comment