Books

  • Home/
  • Books

ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု အတွဲ (၄)

Author: ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု
Publish Date: 4 Feb, 2019
Category: Books

Book Review

အမှာစာ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇၊ မေလ (၂၄) ရက်မှ (၂၉) အထိ (၆) ရက်တိုင်တိုင် နေပြည်တော်တွင် ကျင်းပခဲ့ ပါသည်။ ထိုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် ယခင်ကျင်းပသော ညီလာခံ (၂) ကြိမ်ထက် နိုင်ငံရေးအရ ပို၍ အနှစ်သာရပြည့်ဝပြီး ထူးခြားလေးနက်မှုလည်း ရှိပါသည်။

ပထမထူးခြားချက်များမှာ- ထိုညီလာခံကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး  သဘောတူစာချုပ် (NCA) တွင် ပါရှိသည့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆောင်ရွက် နိုင်ခြင်းဖြစ်ပါသည်။ ယခင်ကျင်းပခဲ့သော ညီလာခံ (၂) ကြိမ်စလုံးကို နိုင်ငံရေးလမ်းပြ မြေပုံအဆင့် (၄) တွင် ပါရှိသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပ နိုင်ခြင်းမရှိဘဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။ ယခု ကျင်းပသော ညီလာခံတွင်မူ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ဦးဆောင် မှုဖြင့် လူမျိုးကို အခြေခံသော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကိုသော်လည်း ကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရ- အထူးသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ ပူးပေါင်း၍ ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲ များကိုသော်လည်းကောင်း စုစုပေါင်း (၆) နေရတွင် ကျင်းပနိုင်ခဲ့ပါသည်။ သို့ရာတွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALO) နှင့် သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) တို့ဒေသများတွင်မူ အခြေအနေအမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်း မရှိခဲ့ချေ။

ဒုတိယထူးခြားချက်မှာ NCA စာချုပ်တွင် ပါရှိသော နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၅) ဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ်၏အစိတ်အပိုင်း (၁) ကို လက်မှတ်ရေး ထိုးနိုင်ခြင်းဖြစ်ပြီး၊ ထိုညီလာခံ၏နောက်ဆက်တွဲအဖြစ် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) ကို ၂၀၁၈၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ၌ ကန့်ကွက်သူမရှိ အတည်ပြနိုင်သဖြင့်၊ NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံအဆင့် (၆) ကို တက်လှမ်းနိုင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး၍ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကျင်းပနေရခြင်း၏ ပထမရည်ရွယ်ချက် သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပ၍ ထိုညီလာခံကြီးတွင် ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုရေးပင်ဖြစ်ပါသည်။ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆို ရခြင်း၏ရည်ရွယ်သည်လည်း ထိုစာချုပ်ကို အခြေခံ၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေအားလုံးကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေးပင် ဖြစ်ပါသည်။ ယင်းကို NCA စာချုပ်အပိုဒ် (၂၂) (ဃ) အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁) တွင် နိုင်ငံရေးအရ အထူး လေးနက်၍ အဓိပ္ပာယ်ပြည့်ဝသော သဘောတူညီချက်မှာ- ထိုစာချုပ် အပိုဒ် (၄) (က) တွင် ဖော်ပြထားသည့်-

"နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမည်" ဟူသောအချက်ပင် ဖြစ်ပါသည်။ ယင်းသည် ပင်လုံ စာချုပ် အပိုဒ် (၅) နှင့် (၇) တို့ကို ပြန်လည်အကောင်အထည်ဖော်ရန် လမ်းစ ပြုခြင်းပင်ဖြစ်ပါသည်။ ပင်လုံစာချုပ် အပိုဒ် (၅) ကို အကောင်အထည်မဖော် နိုင်ခဲ့သောကြောင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) အတွင်း အကောင်မထည်မဖော်နိုင်ခဲ့ချေ။ ပင်လုံစာချုပ်အပိုဒ် (၇) ကို အကောင်အထည်မဖော်နိုင်ခဲ့ခြင်းကြောင့် ဒီမိုကရေစီ စနစ်ဆိတ်သုဉ်း ပြီး တပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်များ ပေါ်ထွန်းခဲ့ရပါသည်။ ထိုသမိုင်းသင်ခန်းစာများကို ရယူ၍ ဤ "ပြည်ထောင်စုသဘောတူစာချုပ်" အတိုင်း နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုစနစ်အဖြစ် ပြန်လည်ထူထောင်ရမည်ဖြစ်ပါသည်။

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁) တွင် နိုင်ငံတော်ကို ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဟု သဘောတူ နိုင်ခဲ့ပါသော်လည်း ထိုညီလာခံ၌ ကံမကောင်း၊ အကြောင်းမလှ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများကို အသေးစိတ်သဘောတူနိုင်ခြင်း မရှိသေးပေ။ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို (၆) နေရာတွင် ကျင်းပပြီး၊ ထိုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ တင်ပြလာကြသောအဆိုပြုချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏လုပ်ငန်းကော်မတီအဆင့်ဆင့် အစည်းအဝေးများတွင် စနစ်တကျစုစည်းမှုများကို ပြုလုပ်ခဲ့ပါသည်။ ယင်းလုပ်ငန်း ကော်မတီ၏စုစည်းချက်များကို အတွင်းရေးမှူးအဖွဲ့က UPDJC အစည်းအဝေးများတွင် တင်သွင်း၍ အတည်ပြုချက်များ ရယူနိုင်ခဲ့ပါသည်။ ထိုကြောင့် ၂၀၁၇ မေလ (၁၂) ရက်နေ့တွင် ကျင်းပခဲ့သော UPDJC အစည်းအဝေးတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ဖက်ဒရယ်အခြေခံမူများကို သဘောတူညီနိုင်ခဲ့ပါသည်။ ယင်းသဘောတူညီချက်များကို ညီလာခံသို့ စနစ်တကျတင် သွင်းခဲ့ပါသည်။ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ UPDJC ၏အတွင်းရေးမှူးအဖွဲ့ မှ တင်သွင်းသော နိုင်ငံရေးကဏ္ဍအဆိုပြုချက်ကို အသေးစိတ်ကြည့်ရှုပါ။)

UPDJC မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တင်သွင်းသော နိုင်ငံရေးကဏ္ဍ အဆိုပြုလွှာများတွင်- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တစိုက်မတ်မတ် တောင်းဆိုခဲ့ကြသော အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်အခြေခံ မူများ အပါအဝင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခွင့်လည်း ပါရှိပါသည်။ သို့ရာတွင် တဖက်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (၆) နေရာအနက် (၄) နေရာမှ အဆိုပြုတင်သွင်းခဲ့ကြသော "နိုင်ငံတော်၏ နယ်မြေအပိုင်း အခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ"ဟူသောအချက်ကိုလည်း ထည့်သွင်းပေးခဲ့ရပါသည်။

ယင်းကိစ္စကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးတွင် အကြိတ်အနယ် ဆွေးနွေးသောအခါ တချို့သောတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများက (အထူးသဖြင့် RCSS အနေဖြင့်) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း မရှိ သေးသောကြောင့် လူထု၏သဘောထားဆန္ဒကို တောင်းခံခြင်းမရှိဘဲ "ခွဲမထွက်ရ" ဟူ သော အဆိုပြုချက်ကို လက်ခံရန် အခက်အ ခဲရှိကြောင်း တင်ပြခဲ့ကြပါသည်။ ထို့ကြောင့် "ခွဲမထွက်ရ" ဟူသော အဆိုနှင့် အခြားတဖက်တွင် "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်"ဟူသော အဆိုတို့ သည် အပြန်အလှန်အပေးအယူလုပ်ရမည့်ကိစ္စဖြစ်လာပါသည်။ ယင်းကို နောက်ပိုင်း အထုပ်လိုက်အပေးအယူလုပ်ခြင်း (Package Deal) ဟူ၍ အများက ခေါ်ဆို ကြပါသည်။ ဤသို့ဖြင့် "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်"နှင့် "ခွဲမထွက်ရ"တို့သည် ညှိနှိုင်းမရသေးဘဲ ကျန်ရှိပါသဖြင့် ဖက်ဒရယ်စနစ်၏အရေးကြီးသော အခြေခံမူများလည်း ထိုညီလာခံတွင် သဘောတူညီချက် မရရှိသေးဘဲ ကျန်ရစ်ခဲ့သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့၏ အခြေခံမူများကို အသေးစိတ်ထပ်မံညှိနှိုင်းရန် လွဲနေဦးမည် ဖြစ်ပါသည်။ ထိုသို့ အသေး စိတ်အခြေခံမူများကို မချမှတ်နိုင်သော်လည်း အခြေခံအုတ်မြစ်ကြီးဖြစ်သော "နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်"ဟူသော သမိုင်းဝင်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ ဒုတိယအစည်း အဝေးမှတ်တမ်းများကို တင်ပြထုတ်ဝေခွင့်ရရှိသောကြောင့် ဝမ်းသာ ဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

လေးစားစွာဖြင့်

ဆလိုင်းလျန်မှုန်း

ထုတ်ဝေသူ (Centre for Development and Ethnic Studies)


Download PDF